လာရီက နောက်တက်လာမယ့် ဝန်ကြီးချုပ်သစ် အန်ဒီ ဘန်ဟန်ကို သင်ခန်းစာ တစ်ခု နှစ်ခုလောက်တော့ သင်ပေးနိုင်ပါလိမ့်မယ်။
ဝက်စ်မင်စတာ နိုင်ငံရေးလောကထဲမှာတော့ သူ့ကို အတ္တကြီးပြီး နယ်မြေလုတတ်သူလို့ လူသိ များကြတယ်။ ဝန်ကြီး တစ်ယောက်က ဆိုရင် သူ့ကို “ကောင်ရှုပ်ကလေး” လို့တောင် ခေါ်ခဲ့ ဖူးတယ်။

ဗြိတိသျှ ဝန်ကြီးချုပ်ရဲ့ အမှတ် (၁၀) ဒေါင်းနင်းလမ်း နေအိမ်မှာ”ဝန်ကြီးချုပ်ရုံးရဲ့ ကြွက်ဖမ်းအရာရှိချုပ်” ဆိုတဲ့ တရားဝင်ဘွဲ့ထူးကို ပိုင်ဆိုင်ထားတဲ့ လာရီ (Larry) ဆိုတဲ့ ကြောင်ကြီးဟာ အခုဆိုရင် ဒီရာထူးမှာ တာဝန်ထမ်းဆောင်နေတာ သက်တမ်း ၁၅ နှစ်ရှိနေပြီ။ အခုဆိုရင် ခြောက်ယောက်မြောက် ဝန်ကြီးချုပ် နဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ အခုလည်း ခုနစ်ယောက်မြောက် ဝန်ကြီးချုပ်ကို ကြောင်တို့ရဲ့ ထုံးစံနဲ့ အညီ ကြိုဆိုဖို့ ပြင်ဆင်နေရင်း အိမ်ကြီးရှင် အသစ်ကြီးအတွက် လာရီ့မှာ သင်ခန်းစာပေးစရာတွေ တစ်ပုံတပင်ကြီး ရှိနေပုံရပါတယ်။
လာရီ့ရဲ့ နောက်ခံသမိုင်းကြောင်းလေးက ဒီလိုပါ။ တကယ့် ဝါရင့်နိုင်ငံရေးသမားကြီးတွေလိုပဲ လာရီဟာလည်း ဆင်းရဲသား ရပ်ကွက်ကနေ ဘဝကို ကြမ်းတမ်းစွာ စခဲ့ရသူလို့ ပြောရင် မမှားပါဘူး။ ဒါပေမဲ့ ဒေးဗစ် ကင်မရွန် ဝန်ကြီးချုပ်ဖြစ်နေတဲ့အချိန် ဘက်တာဆီး (Battersea) ခွေးနဲ့ကြောင် ထိန်းသိမ်းရေး ဂေဟာ နေရတဲ့ ချို့ချို့တဲ့တဲ့ ဘဝကနေ ဝန်ကြီးချုပ်ရုံးအတွက် ရာထူးကြီးကြီး တစ်ခုအတွက် ရွေးချယ် ခံလိုက်ရချိန်မှာတော့ သူ့ဘဝကြီး တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။ အခု သူရထားတဲ့ ရာထူး ဘွဲ့အမည်ကို ပထမဆုံး ရခဲ့တော့တာပေါ့။
နောက်တစ်ချက်ကတော့ သူ့ရဲ့ တကယ့်အလုပ်ကို ကောင်းကောင်းလုပ်နေတာလား ဒါမှမဟုတ် ခပ်တည်တည်နဲ့ လာရီ အလုပ်လုပ် နေပါတယ်ဆိုတဲ့ ပုံရိပ်က ထိန်းထားနိုင်သလား ဆိုတာပါပဲ။ လာရီက လမ်းပေါ်ကို ထွက်လာတဲ့ အခါအတိုင်း လူတွေကို ထီ မထင်လို့ “ခပ်တင်းတင်းပဲ” လို့တောင် လူအများကြားမှာ ပြောစမှတ်ပြုပါတယ်။ သူ့ရဲ့ ကြွက်ဖမ်းတဲ့ အရည်အသွေး အပေါ်မှာ တော့ လူတွေက ငြင်းခုံစရာရှိကြတုန်း၊ သံသယတွေနဲ့ ပြောဆိုနေကြတုန်းပဲ။
ဗြိတိန် ဝန်ကြီးချုပ်တွေရဲ့ စံအိမ်ဖြစ်တဲ့ ကမ္ဘာကျော် အမှတ် (၁၀) ဒေါင်းနင်းလမ်းရဲ့ တံခါးမည်းကြီးရဲ့ အပြင်ဘက်မှာ အမြဲလိုလို စောင့်နေကြတဲ့ မီဒီယာ သတင်းသမားတွေ ရဲ့ အဆိုအရ လောလောလတ်လတ်မှာ လယ်ရီဟာ ကြွက်နှစ်ကောင်ကို ဇီဝိန်ချုပ်ပေးလိုက်တာကို အတည်ပြုနိုင်ခဲ့ပေမယ့် တံခါးကြီးရဲ့ နောက်ကွယ်မှာတော့ သို့လော သို့လော သံသယတွေ ရှိနေကြတုန်းပါပဲ။ အစိုးရရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာတော့ ကြွက်ပြဿနာဖြေရှင်းရေး လာရီ့ရဲ့ ကြွက်နှိမ်နင်းရေး ဗျူဟာဟာ “အစီအစဉ် ရေးဆွဲနေဆဲ အဆင့်” မှာပဲ ရှိသေးကြောင်းနဲ့ သူဟာ “အိမ်ကြီးထဲက ရှေးဟောင်း ပရိဘောဂတွေပေါ်မှာသာ ကျကျနန အိပ်မယ်ဆိုရင် ဘယ်လောက် အိပ်လို့ ကောင်းလဲဆိုတာကိုပဲ မကြာခဏ စမ်းသပ် စစ်ဆေး နေတာနဲ့ပဲ အချိန်ကုန်နေတယ်” လို့ ရေးသား ဖော်ပြပါတယ်။
တတိယအချက် အနေနဲ့ လယ်ရီဟာ မီဒီယာသမားတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတဲ့ နေရာမှာ သူမတူအောင် ကျွမ်းကျင် ပါတယ်။ လာရီဟာ သတင်းထောက်တွေကိုတော့ သူ့အနား အကပ်မခံဘဲ ခပ်လှမ်းလှမ်းကပဲ အကဲခတ်နေလေ့ရှိပြီး သူ့အနားကို ရောက်လာရင်တော့ လှစ်ခနဲ ရှောင်ထွက် သွားတတ်ပါတယ်။ ဒါပေမဲ့ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ဘယ်လို အခွင့်ကောင်း ယူရမလဲ ဆိုတာကိုတော့ သူ ကောင်းကောင်းကြီး သိပါတယ်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကို ဗြိတိသျှ ဝန်ကြီးချုပ် ကီရာစတာမာက ဒေါင်းနင်းလမ်းနေအိမ်မှာ ကြိုဆိုနေတဲ့ ဓာတ်ပုံမှာ ခေါင်းဆောင်တွေနောက်မှာ ရိုက်ကွင်းတွေထဲကို မဖိတ်ဘဲနဲ့ ဝင်ပြီး ခပ်တည်တည်နဲ့ နောက်ကျောပေးထားပုံ ဓာတ်ပုံထဲ ပါခဲ့သေးတယ်။ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကတော့ ကသိကအောက် ဖြစ်ခဲ့ပေမယ့် လာရီကတော့ အေးအေးဆေးဆေးပဲ။ ၂၀၁၉ ခုနှစ် ဒေါ်နယ်ထရမ့် လန်ဒန်ကို အလည်အပတ်လာတော့ ရဲ့ “The Beast” လို့ခေါ်တဲ့ သမ္မတ စီးတော်ယာဥ် ကားကြီးအောက်မှာ ဝပ်ရင်း မိုးခိုရင်း နေလိုက်သေးတယ်လို့ မီဒီယာတွေက ခေါင်းကြီးပိုင်း တွေမှာ သတင်း အဖြစ်လည်း ရေးခဲ့ကြသေးတယ်။

နောက်ဆုံးတစ်ချက်ကတော့ ပြိုင်ဘက်ဆိုရင် ဗိုလ်မထားရေး၊ လုံးဝ မညှာတာရေးပါပဲ။ နိုင်ငံခြားရေးရုံး ရဲ့ ကြွက်ဖမ်း အရာရှိ ချုပ်ဟောင်း ‘ပါမာစတန်’ နဲ့ ကျောင်းတော်က ရန်စဟာ နောက်ဆုံးမှာတော့ အကြီးအကျယ် ကိုက်ခဲကြတဲ့အထိဖြစ်ပြီး သွားခဲ့ပါတယ်။ အဲဒီပွဲမှာ လာရီရဲ့ လည်ပတ်ကြိုး ပြုတ်ထွက်သွားခဲ့ပြီး ပါမာစတန်ကတော့ နားရွက်မှာ ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုကြပါတယ်။
ဒီလိုမျိုး ပါးနပ်လွန်းတဲ့ နိုင်ငံရေးအကွက်တွေကြောင့်ပဲ လာရီဟာ ပြည်သူတွေရဲ့ တစ်ခဲနက် ထောက်ခံမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးသမားအများစု အရူးအမူး မက်မောနေကြမယ့် အခြေအနေမျိုးပါ။ လာရီရဲ့ X (Twitter) အကောင့်မှာ follower ပေါင်း ကိုးသိန်း ကျော် ရှိနေပြီး အဲဒီ ပရိသတ်တွေက မကြာခဏဆိုသလို့ လာရီ့ထံ လက်ဆောင်တွေ ပို့ပေးလေ့ ရှိပါတယ်။
လာရီဟာ အသက်ကြီးလွန်းနေတော့ သူ့ရဲ့ နှုတ်ခမ်းမွေး ဖြူဖြူတွေကတောင် ရင့်ကျက်မှု အပြည့်နဲ့ ဖြစ်နေပါပြီ။ ကြောင်သက်တမ်းနဲ့ တွက်မယ်ဆိုရင် လာရီဟာ အသက် ၉၂ နှစ်ဝန်းကျင် ရှိနေပြီ ဖြစ်တယ်။ တစ်ချိန်က ဗြိတိသျှ ဝန်ကြီးချုပ် ဟောင်း ဝင်စတန် ချာချီဟာ ရာထူးက ထွက်ခွာချိန်မှာ အသက် ၈၀ ပဲ ရှိပါသေးတယ်။ ဗြိတိန်ခေါင်းဆောင် အတော်များများနဲ့ မတူတာကတော့ ဒီ ကြွက်ဖမ်း အရာရှိချုပ်ကြီးဟာ ရာထူးကနေ အနားယူတဲ့အခါမှာ သူသွားချင်တဲ့ ပုံစံအတိုင်းပဲ ဂုဏ်သိက္ခာရှိရှိနဲ့ လက်ရှိရာထူးကနေ ဣန္ဒြေရရ ထွက်ခွာသွားမယ့်ပုံပဲ။
မောင်ကောင်း (SG)
မူရင်း The Economist မဂ္ဂဇင်းပါ Lessons from a cat about to outlast yet another prime minister ဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုထားပါသည်။


