အီရတ်နိုင်ငံအပေါ် ဩဇာလွှမ်းမိုးနိုင်ရေးအတွက် အမေရိကန်နဲ့ အီရန်တို့ ယှဉ်ပြိုင် အားထုတ် နေကြတယ်လို့ နိုင်ငံတကာ အကဲခတ်သူတွေက သုံးသပ်ထားကြတာတွေ့ရတယ်။
စာရှုသူ အားလုံး သိကြတဲ့အတိုင်း အမေရိကန်နဲ့ အီရန်တို့ဟာ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် ယှဉ်ပြိုင်နေကြပါတယ်။ တစ်ချိန်တည်းမှာ အီရတ်နိုင်ငံ ပိုင်နက်အတွင်းမှာ နှစ်နိုင်ငံအကြား နောက်ထပ် ပြိုင်ဆိုင်မှုတစ်ခု ပေါ်ပေါက်လာနေတာ တွေ့ရတယ်။ စာရွက်စာတမ်းတွေအရတော့ အမေရိကန်က အသာစီးရနေပုံပဲ။

အီရတ်ဝန်ကြီးချုပ်အသစ် ‘အလီ အယ်လ်-ဇိုင်ဒီ’ ဟာ သူ့ရဲ့ ပထမဆုံးနိုင်ငံခြားခရီးစဉ်အတွက် အီရန်ထက် ဝါရှင်တန်ကို သွားဖို့ ဦးစားပေး ရွေးချယ်ခဲ့တာတွေ့ရတယ်။ အရင်က ရှီအာ ဝန်ကြီးချုပ်တွေ နဲ့ မတူဘဲ မစ္စတာ ဇိုင်ဒီဟာ အစ္စလာမ် ဘာသာဝင် တစ်ဦးမဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရနဲ့ ကန်ထရိုက်စာချုပ်တွေ ချုပ်ဆိုပြီး စီးပွား ဖြစ်လုပ်ငန်းတွေ လုပ်ရင်း ချမ်းသာ ကြွယ်ဝလာသူ ဖြစ်ပါတယ်။ နောက်ပြီး သူဟာ နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ စီးပွားရေးသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အီရတ်မှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပြုပေးထားတဲ့ စစ်သွေးကြွတွေကို လက်နက်ဖြုတ်သိမ်းဖို့နဲ့ အီရန်နိုင်ငံဆီ အီရတ်ရဲ့ ရေနံကရတဲ့ ဒေါ်လာငွေတွေ စီးဆင်းမှုကို ရပ်တန့်စေဖို့ဆိုတဲ့ ကတိကဝတ်တွေနဲ့ ဇူလိုင် ၁၃ ရက်နေ့မှာ ဝါရှင်တန်ကို ရောက်ရှိလာခဲ့တယ်။ ဒါတင်မက မစ္စတာ ဇိုင်ဒီဟာ အလားအလာကောင်းတွေရှိတဲ့ လုပ်ငန်းတွေအတွက် သဘောတူညီချက် အများအပြားကို ကမ်းလှမ်း နိုင်တဲ့ စီးပွားရေး လုပ်ငန်းကြီးများရဲ့ ကိုယ်စားလှယ်အဖွဲ့ကိုလည်း တစ်ပါတည်း ခေါ်ဆောင် လာခဲ့တယ်လို့ သိရတယ်။
ဒီပွဲမှာ ‘မစ္စတာ ဇိုင်ဒီ’ ဟာ သမ္မတ ထရမ့် သဘောတွေ့စေမယ့် သတင်းတွေကို ဖြည်းဖြည်း မှန်မှန် ပေးနိုင်ခဲ့ပုံရပါတယ်။ ဇူလိုင် ၁၄ ရက်နေ့က သူတို့ချင်းတွေ့ဆုံမှုအပြီးမှာ ဒေါ်နယ်ထရမ့်က သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုကို “အလွန်ကြီးမားလေးနက်တဲ့ တွေ့ဆုံမှု” အဖြစ် အမွှမ်းတင် ချီးကျူးခဲ့ပါတယ်။ ဒီ့အပြင် ထရမ့်က မစ္စတာ ဇိုင်ဒီဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ ကြီးကျယ်ထူးခြားတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မယ်လို့လည်း ဟောကိန်းထုတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာတော့ ဝန်ကြီးချုပ်သစ် အနေနဲ့ အမေရိကန်တို့ မျှော်လင့်ထားသလောက် အီရတ်နိုင်ငံအပေါ် အီရန်ရဲ့ ဩဇာလွှမ်းမိုးမှုကို လျှော့ချ နိုင်မယ့် အရိပ်လက္ခဏာ မတွေ့ရသေးဘူးလို့ သုံးသပ်သူတွေက ဆိုကြတယ်။
မစ္စတာ ဇိုင်ဒီဟာ အမေရိကန်ရဲ့ မိတ်ဆွေကောင်း စာရင်းထဲမှာ ဆက်ရှိနေဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိနေပါတယ်။ သူ့အရင် အီရတ်ဝန်ကြီးချုပ်ဟောင်း ‘နူရီ အယ်လ် မာလီကီ’ အာဏာပြန်ရလာမှာကို အမေရိကန်က မလိုလားဘူး။ မာကီလီက အီရန်နဲ့ နီးစပ်သူ တစ်ဦး ဖြစ်တာကြောင့်ပါ။ ဒါကြောင့် ‘မာလီကီ’ ပြန်ပြီး အာဏာ ရမလာနိုင်အောင် အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချထားပါတယ်။ အကယ်၍ အီရတ်နိုင်ငံက အာဏာပွဲစားတွေက ‘မာလီကီ’ အာဏာပြန်ရရေး လုပ်လာခဲ့မယ်ဆိုရင် ဒဏ်ခတ်အရေးယူမှုတွေ လုပ်ရလိမ့်မယ်လို့လည်း ခြိမ်းခြောက် ထားသေးတယ်။ အဲဒီလို အခြေအနေတွေ ဖြစ်ပြီးတဲ့နောက်မှာ မစ္စတာ ဇိုင်ဒီ ဝန်ကြီးချုပ် ဖြစ်လာတာ လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ထရမ့်က ဇိုင်ဒီရဲ့ အစိုးရ အဖွဲ့ဝင်တွေကို မရွေးချယ်ခင် ဧပြီလမှာ မစ္စတာ ဇိုင်ဒီကို ဝါရှင်တန်ကို ဖိတ်ကြားခဲ့တာဖြစ်တယ်။ “အကြမ်းဖက်မှုကင်းတဲ့ အစိုးရသစ် တစ်ရပ် ဖွဲ့စည်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ လည်း ထရမ့် က ဇိုင်ဒီကို ပြောခဲ့ကြောင်း သိရတယ်။ စီးပွားရေးပဲလုပ်ပေါ့ဆိုတာမျိုးပေါ့။
တကယ်တော့ မစ္စတာ ဇိုင်ဒီဟာ ရေနံက ရရှိတဲ့ အခွန်ငွေတွေအပေါ် အားပြုနေရတာဖြစ်တယ်။ ဒါပေမဲ့ ဟော်မုဇ်မြို့ တစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရေနံကရရှိမယ့် ဝင်ငွေ အတော် လျော့နည်း လာနေ ပါတယ်။ သူ့အနေနဲ့ ရေနံငွေကို အားကိုးပြီး အီရတ်ရဲ့ ဖောင်းပွနေတဲ့ အစိုးရ ကဏ္ဍက ဝန်ထမ်းတွေရဲ့ လစာတွေကို ပေးချေနေရတာဖြစ်တယ်။ အဲဒီနည်းနဲ့ အစိုးရကို ဝန်ထမ်းတွေက ကလန်ကဆန် လုပ်မလာနိုင်အောင် ဆောင်ရွက်ထားတာဖြစ်တယ်လို့ ဆိုတယ်။
“အမေရိကန်က ဒေါ်လာနဲ့ အုပ်ချုပ်တယ်၊ အီရန်က ဘာသာရေးနဲ့ အုပ်ချုပ်တယ်”
အမှန်တော့ အီရတ်ဟာ ပုဂ္ဂလိက အကျိုးအမြတ်တွေကို ခဏ ဘေးဖယ်ထားပြီး အမေရိကန်ဘက်ကို ရပ်တည်မယ်ဆိုရင်လည်း ပြတ်ပြတ်သားသား ဖြစ်ဖို့လိုပါမယ်။ ဒါမှသာ အီရတ်အတွက် ပိုမို ကျယ်ပြန့်တဲ့ စီးပွားရေး အကျိုး ကျေးဇူးတွေကို ခံစားနိုင်မယ့် အလားအလာကောင်းတွေ ရှိနေတာဖြစ်ပါတယ်။ အီရတ်နိုင်ငံ အနေနဲ့လည်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်ပြီး ရေနံ ပိုက်လိုင်းတွေ တည် ဆောက်ရာမှာ ပါဝင်ကူညီနိုင်တဲ့ အခွင့်အလမ်းတွေ ရမှာဖြစ်တယ်။ ဒီ့အပြင် ရေနံမြေဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်ဖို့ အမေရိကန်ကုမ္ပဏီတွေနဲ့လည်း ဆွေးနွေး ညှိနှိုင်းခွင့် ရမှာ ဖြစ်ပါတယ်။ အီရတ် တောင်ပိုင်း ကမ်းရိုးတန်းဒေသမှာ သဘာဝ ဓာတ်ငွေ့ရည် (LNG) ထုတ်လုပ်ရေးအတွက် အခြေခံ ဆိပ်ကမ်းတစ်ခု တည်ဆောက်ရေး အတွက်လည်း ဆွေးနွေး နေကြပြီ လို့ဆိုတယ်။ ဒီလို ဆောင်ရွက် နိုင်ခြင်းကြောင့် အီရန်မှ ရေနံတင်ပို့မှုတွေ အပေါ် အီရတ်အနေနဲ့ မှီခိုနေရမှုကို လျှော့ချပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုတယ်။ အပြန်အလှန်အားဖြင့် မစ္စတာ ဇိုင်ဒီအနေနဲ့ ရေနံပိုက်လိုင်းတွေနဲ့ အင်တာနက် ကေဘယ်လ်တွေ ချိတ်ဆက်ရေးလုပ်ငန်းဆိုင်ရာ စာချုပ်တွေ ချုပ်ဆိုခြင်းအားဖြင့် အမေရိကန်နဲ့ ဆီးရီးယားနိုင်ငံတို့ရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး အကူအညီ ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
အီရတ်နိုင်ငံမှာ ကာလကြာရှည်စွာ ယိုယွင်းပျက်စီးစေခဲ့တဲ့ အဂတိလိုက်စားမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို အခုတော့ မစ္စတာ ဇိုင်ဒီ ကိုင်တွယ် ဖြေရှင်း နေရပြီလို့ သူ့ကို ထောက်ခံသူတွေက ပြောကြပါတယ်။ အီရန်ကို ရေနံမှောင်ခိုတင်သွင်းမှုအတွက် ပါဝင်ပတ်သက် ကူညီပေးခဲ့တယ်လို့ အမေရိကန်က စွပ်စွဲထားသူ အရာရှိ ၅၀ ခန့်ကို မစ္စတာ ဇိုင်ဒီက ဖမ်းဆီးစေခဲ့တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ ရေနံဒုတိယဝန်ကြီးနှင့် လွှတ်တော်အမတ် ဆယ်ဂဏန်းခန့်ပါဝင်တယ်။ အဲဒီဖမ်းဆီးမှုဟာ လူသိများတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအတွင်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။
မစ္စတာဇိုင်ဒီနဲ့ သူ့ကို ထောက်ခံသူတွေအတွက် အန္တရာယ်အများဆုံးစိန်ခေါ်မှုကတော့ အီရန်က ကျောထောက် နောက်ခံ ပေးထားတဲ့ ‘ရှီအာစစ်သွေးကြွတွေ’ ကို လက်နက်ဖြုတ်သိမ်းရေး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းက အစ္စလာမ္မစ်နိုင်ငံတော်ကို တိုက်ဖျက်ဖို့ ဖြန့်ကြက်ထားတဲ့ အမေရိကန်တပ်တွေ လာမယ့် စက်တင်ဘာလကုန်မှာ အီရတ်ကနေ ထွက်ခွာဖို့ စီစဉ်ထားပါတယ်။ အမေရိကန်တပ်တွေ ထွက်ခွာချိန် မှာ ‘ရှီအာစစ်သွေးကြွတွေ’ ကို လက်နက်ဖြုတ်သိမ်းဖို့ ကတိပြုထားတာ ဖြစ်တယ်။ စစ်သွေးကြွ အဖွဲ့တချို့က သူတို့ရဲ့လက်နက်တွေကို စွန့်လွှတ်ဖို့ ကတိပြုထားပါတယ်။ ဒါပေမဲ့ အမာခံ စစ်သွေးကြွ အုပ်စုတွေကတော့ လက်နက်စွန့်လွှတ်ဖို့ အလားအလာ အနည်းဆုံးဖြစ်နေပါတယ်။

လူ ၃,၀၀၀ လောက်က ‘မစ္စတာဇိုင်ဒီ’ ရဲ့ လက်နက်ဖြုတ်သိမ်းရေး တောင်းဆိုချက်ကို ဆန့်ကျင် နေကြပါတယ်။ မကြာသေးမီလ တွေအတွင်းက သူတို့ဟာ အီရန်နဲ့ ပူးပေါင်းပြီး အာရပ်ပင်လယ်ကွေ့ နိုင်ငံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ အီရန်ရဲ့ ကွယ်လွန်သူ အမြင့်ဆုံး ခေါင်းဆောင် ‘အလီခါမေနီ’ ရဲ့ ဈာပနအခမ်းအနား ကို အသုံးပြုပြီး အီရတ်ရဲ့ အဓိက ရှီအာ ဘုရားကျောင်းမြို့တွေကို ဖြတ်သွားတဲ့အခါ စစ်သွေးကြွတပ်ဖွဲ့တွေကို မြေပြင်မှာ ဖြန့်ကြက်ချထား အသုံးပြုခဲ့ကြပါတယ်။ သံချပ်ကာ ကားတွေ၊ စစ်သည်တွေနဲ့ အီရန်အလံတွေက လမ်းကြောင်း တစ်လျှောက်မှာ စီတန်း လွှင့်ထူထားပါတယ်။ “ဘုရားသခင်အတွက် နိုးထကြ” လို့ သူတို့ရဲ့ နီနီရဲရဲအလံပေါ်် မှာ ရေးထိုးထားတယ်။ လက်စားချေလိုတဲ့ သဘောထင်ဟပ်တဲ့ လက်သီးဆုပ် သင်္ကေတကို သူတို့ရဲ့ အလံနီနီတွေပေါ် မှာ အလေးအနက်ပြုပြီး ရေးထိုးဖော််ပြထားတယ်။
“ကျွန်တော်တို့ဟာ ‘ယာဇစ်’ ကို ဆန့်ကျင်တဲ့ ‘ဟူစိန်’ လိုပဲ ရပ်တည်ပါမယ်” လို့ ဝမ်းနည်း ကြေကွဲနေသူ တစ်ဦးက ပြောကြားခဲ့တယ်။ အဲဒီလို ပြောကြားခဲ့ခြင်းဟာ “မင်းဆိုးမင်းညစ်တွေကို တော်လှန် ပုန်ကန်ခဲ့တဲ့ ‘ရှီအာတော်လှန်ရေး’ ဖြစ်ရပ်တွေထဲက နှိုးဆော်ချက်တစ်ခုကို ဖော်ညွှန်း ထားတာ ဖြစ်တယ်လို့ ဆိုတယ်။ အဲဒီလို ပြောခဲ့သူတွေထဲမှာ ‘မစ္စတာဇိုင်ဒီ’ လည်း ပါဝင်ပါတယ်။
အီရတ်က လူထုစိတ်ဓာတ်က အီရန်ကို အထောက်အကူပေးနေပုံရပါတယ်။ အီရတ်လူမျိုးတွေက အီရန် ကောင်စစ်ဝန်ရုံးကို မီးရှို့ခဲ့တဲ့အချိန်ကာလတွေက အတိတ်မှာကုန်ဆုံးခဲ့ပါပြီ။ မစ္စတာ ထရမ့်ရဲ့ အီရန်စစ်ပွဲ စတင်ကတည်းက အီရတ်ဆန္ဒပြ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဝါရင့် ဆန္ဒပြသူတွေကတောင် အီရန်အပေါ် စာနာမှုသဘောထားကို ဖော်ပြခဲ့ကြပါတယ်။
“အီရန်ကို ရန်လိုခဲ့တဲ့ အီရတ်မျိုးဆက်တွေက အခုအချိန်မှာ အမေရိကန်ကို ရင်ဆိုင်ရပ်တည်ပြီး အီရန်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အခိုင်အမာ ခုခံပြောဆိုခဲ့တဲ့အတွက် ဝန်းရံ အားပေး နေကြပါတယ်” လို့ မြို့တော်ဘဂ္ဂဒက်က လေ့လာ သုံးသပ်သူ တစ်ဦးက ပြောပါတယ်။
‘မစ္စတာဇိုင်ဒီ’ နဲ့ အတူ ဝါရှင်တန်ကို ခရီးသွားနေတဲ့ စီးပွားရေးသမားတစ်ဦးကလည်း သဘောတူ တယ်လို့ ဆိုပါတယ်။ “အမေရိကန်နိုင်ငံက ကောင်းကင်ကို စိုးမိုးထိန်းချုပ်ထားတယ်။ အီရန်က မြေပြင်ကို စိုးမိုးအုပ်ချုပ်ထားတယ်” လို့ သူက ပြောပါတယ်။
“အီရတ်လူမျိုးအများစုအတွက် အရေးကြီးတာကတော့ မြေပြင်ပဲဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။ ထရမ့်နဲ့ ဆက်စပ် ပတ်သက်တဲ့ သဘောတူညီချက်တွေနဲ့ ကတိကဝတ်တွေကို ပြည်သူအများက သံသယနဲ့ ရှုမြင်ကြပါတယ်။ “အမေရိကန်က ဒေါ်လာနဲ့ အုပ်ချုပ်တယ်၊ အီရန်က ဘာသာရေးနဲ့ အုပ်ချုပ်တယ်” လို့ ဘဂ္ဂဒက်က အီရတ်တရားသူကြီး တစ်ဦးက ပြောပါတယ်။ “ကမ္ဘာ့ရဲ့ ဒီဒေသမှာ ဘာသာရေးကသာ အနိုင်ရတယ်”
အမေရိကန်က စစ်သွေးကြွတွေ လက်နက်ဖျက်သိမ်းရေးအတွက် ရက်အတိအကျ သတ်မှတ်ထားခြင်း မရှိပါဘူး။ မစ္စတာထရမ့်ရဲ့ ဝါရှင်တန်အစိုးရအဖွဲ့ က အီရတ်ဝန်ကြီးချုပ်အသစ်ရဲ့ စီးပွားရေးဆိုင်ရာ အရည်အချင်းတွေကို အတည်ပြုပေးတဲ့ ကိစ္စကတော့ စိတ်ပျက်စရာကောင်းပါတယ်။ မစ္စတာ ‘ဇိုင်ဒီ’ ကို ရာထူးတိုးမြှင့်ပေးခဲ့သူတွေထဲမှာ အီရန်နဲ့ ခင်မင်ရင်းနှီးတဲ့ အုပ်စုတွေ ပါဝင် ပါတယ်။ ဒါကြောင့် သူ့ရဲ့ တစ်ဆင့်ခံ ကိုယ်စားလှယ်တွေအပေါ် ထိန်းချုပ်နိုင်ခွင့်အာဏာကို ကန့်သတ်ထားမှာ ဖြစ်ပါတယ်။ သူ့ လုပ်ဆောင်ချက်တွေအောင်မြင်မှု မရခဲ့ရင် အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ် လာနိုင်ပါ တယ်။ ဒါမှမဟုတ် အီရတ်ရဲ့ ရေနံဝင်ငွေတွေ လွှဲပြောင်းပေးနိုင်ခွင့်ကို ရပ်တန့်ပစ်နိုင်ပါတယ်။
အမေရိကန်အနေနဲ့ သူ့ရဲ့ ငွေကြေးအပြင် စစ်သားတွေကိုပါ ရုပ်သိမ်းသွားစေဖို့အတွက် အီရန်က တိုက်ပွဲဝင်ဖို့ အသင့် ဖြစ်နေတာ ကြောင့် လူအများက သွေးထွက်သံယိုမှုတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။
ဘာပဲပြောပြော အီရတ်အနေနဲ့ ဘာသာရေးအတွက် အီရန်ဘက်ကနေ ရပ်မလား၊ ဒေါ်လာ (စီးပွားရေး) အတွက် အမေရိကန် ဘက်ကနေ ရပ်မလား။ တစ်ခုခုတော့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
Reference: America’s other battle with Iran, 18 July 2026, The Economist


