The Corner

The Corner

cropped-Logo_round_grey-background.png

လမ်းမှန်ရင် ပန်းပန်နိုင်မယ် – ခြိမ့်သဲ

Share မယ်

နှစ်ယောက်တည်းဆိုရင်မောင်ရယ် ××× ဧဝရက်တောင်ထိပ် – – နေချင်ရင်ခုသွား

ရေရှားတဲ့ သဲကန္တာရ   ဆာဟာရမရှောင်တယ်××× နေမမြင်ရေပြင်ခဲတဲ့- –

မြောက်ဝန်ရိုးစွန်းကိုပဲ  ခေါ်ခေါ် ပျော်တယ်မောင်ရယ် ×××××××

ဆရာမြို့မငြိမ်းရဲ့ သဲသဲမဲမဲဇွဲနဲ့  နှစ်ယောက်တည်းနေချင်တဲ့ တေးသီချင်းသံလေးကို ကြားရတိုင်း ကြည်နူးမိပါတယ်။ လူဆိုတာ အနေချောင်ချင်တယ်၊ အစားချောင်ချင်တယ်၊ အရချောင် ချင်တယ်။ တကယ်ကော အနေချောင်ပါရဲ့လား၊ အစားချောင်ပါရဲ့လား၊ အရချောင်ပါရဲ့လား။ အခက်အခဲမှန်သမျှ နံ့သာလိမ်းကျံလို့ အကျပ်အတည်းမှန်သမျှ ပန်းလိုပန်မှသာ  လူရာဝင်နိုင်ပါတယ်။ လူတန်းစေ့ နေထိုင်နိုင်ပါတယ်။

Ships are safer at the harbour, but they  are not built for that purpose.

“သင်္ဘောတွေကို  ဆိပ်ကမ်းမှာကပ်ထားရင် လုံခြုံစိတ်အချရဆုံးပါပဲ၊ ဒါပေမဲ့ ဒီအတွက် ဆောက်လုပ် ထားတာတော့ မဟုတ်ဘူး” ဆိုတဲ့ စကားလေးကို သဘောကျမိပါတယ်။ သင်္ဘောဆိုတာ ပင်လယ်ကို ဖြတ်ကျော်ဖို့၊ မုန်တိုင်းနှင့် လှိုင်းကြမ်းလေကြမ်းကို ရင်ဆိုင်ဖြတ်သန်းဖို့ တည်ဆောက်ထား တာပါ။ ဒါပေမဲ့ မုန်တိုင်းနှင့် လှိုင်း‌တံပိုးကြားမှာ ပဲ့ကိုင်ဖြတ်သန်းရဲတဲ့ မာလိန်မှူး (ဦးစီး ပဲ့ကိုင်သူ) တော့ လိုတာပေါ့။ ဒီနေရာမှာ ဂျင်မီဒင်းရဲ့ ဆိုစကားကို သတိရမိပါတယ်။

I can’t change the direction of the wind, but I can adjust my sail to always reach my destination.
(Jimmy Dean)

“လေတိုက်ရာလမ်းကြောင်းကို မပြောင်းလဲနိုင်ပေမယ့် ရွက်များကို လိုသလို ထိန်းသိမ်းပြီး လိုရာခရီးရောက် အောင် အမြဲတမ်း နှင်နိုင်ပါတယ်” တဲ့။ ဒါကလည်း

The best way out of  difficulty is through it.

“အခက်အခဲထဲက အကောင်းဆုံး ထွက်တဲ့နည်းကတော့   ဖြတ်သန်းခြင်းပဲ” လို့ ဆိုပါတယ်။ အခက်အခဲ ဖြတ်သန်းခြင်းရဲ့ ထွက်ပေါက်က အတွေ့အကြုံပဲ ဖြစ်ပါတယ်။

Experience is the hardest kind of  teacher, it gives you the test  first and the lesson afterwards.  

“အတွေ့အကြုံဟာ အခက်ထန်ဆုံး ဆရာသမား၊ စာမေးပွဲကို အရင်စစ်ပြီးမှ သင်ခန်းစာကို နောက်မှ ပေးတယ်” လို့ဆိုပါတယ်။ ကြမ်းတမ်းတဲ့ အတွေ့အကြုံကို ကြုံတွေ့ရရင် အကောင်းဆုံး ပညာပေးတာလို့ မှတ်ယူရပါမယ်။

Experience is a jewel, for it is often purchased  at an infinite rate.
(Plutarch)

“အတွေ့အကြုံဟာ ရတနာတစ်ပါးပါ၊ အတိုင်းမသိတဲ့ အဖိုးအခနဲ့ ဝယ်ယူကြရတာလေ” လို့ဆိုပါတယ်။ အတွေ့အကြုံထဲမှာ အလွဲအချော်တွေ အမှားအယွင်းတွေလည်း ပါမှာပဲ။ ဒါပေမဲ့

An error does not become a mistake unless you refuse to correct.

“လွဲချော်မှု တစ်ခုဟာ ပြင်ဆင်ဖို့ မငြင်းဆန်သေးသမျှ အမှားအယွင်း မဖြစ်သေးဘူး” လို့ ဆိုပါတယ်။ ကိုယ့်ချွတ်ယွင်းချက်ကို သိလို့ပြင်နိုင်ရင် လမ်းမှန်ကို ဦးတည်မိပြီပေါ့။

Image credit: magnific

စာရေးဆရာကြီး အော်စကာဝိုင်း ကလည်း

Experience is the name everyone gives to their mistakes.
(Oscar Wilde)

“အတွေ့အကြုံဆိုတာ လူတိုင်းက သူတို့အမှားတွေကို ပေးထားတဲ့ နာမည်ပါ”တဲ့။ ဂျိုးဇက် အက်ဒီဆင် ဆိုသူကလည်း

There is nothing truly valuable which can be purchased without pain and labour.

“နာကျင်ခံစားမှုနဲ့  ရင်းနှီးပေးဆပ်ပြီး  ဝယ်ယူရတာလောက်  အမှန်တကယ် တန်ဘိုးမြင့်တာ ဘာမှမရှိဘူး”လို့ ဆိုပါတယ်။ ဒီနေရာမှာ “No pain no gain “ဆိုတဲ့ စကားရပ်ကို အမှတ်ရစရာပါပဲ။ “အနာမခံက အသာမစံရ” နိုင်ပါ။ အမေရိကန် သမ္မတကြီး ရုစဗက်ရဲ့ အဆိုအမိန့်ကလည်း

The only man who never mistake is a man  who never does anything.

“ဘယ်တော့မှအမှား မလုပ်ဖူးတဲ့သူဟာ ဘာတစ်ခုမှ မလုပ်တဲ့သူ ဖြစ်လိမ့်မယ်” တဲ့။ ဒီနေရာမှာ အမေရိကန်သမ္မတ အီဘရာဟင် လင်ကွန်းကလည်း ပြောဖူးပါတယ်။ “လူတစ်ယောက် လဲကျသွားမှာ ကို မစိုးရိမ်ဘူး၊ ပြန်ထမလာမှာကိုပဲ စိုးရိမ်တယ်” တဲ့။ ကျရှုံးရတာကို  စိတ်ပျက်လက်လျှော့လိုက်ရင်  အောင်မြင်မှုနဲ့ ဝေးတာပဲ အဖတ်တင်လိမ့်မယ်။

You are not the road to success when you realise that failure is merely a detour.

“ဆုံးရှုံးမှုဟာ လမ်းလွဲတစ်ခုသာဖြစ်ကြောင်း ရိပ်စားနားလည်မိရင် အောင်မြင်မှု လမ်းကြောင်းပေါ်သို့  သင်ရောက်နေပါပြီ” တဲ့။ ဆုံးရှုံးမှုဟာ လမ်းလွဲသာဖြစ်ပြီး လမ်းလွဲကိုရှောင် လမ်းမှန်ကိုလျှောက်မှ အောင်မြင်မှုကို ရရှိ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Men learns little from victory; but more from defeat.

“လူတွေဟာ အောင်မြင်မှုဆီက သင်ယူရတာ နည်းနည်းပါ၊ ဆုံးရှုံးမှုဆီက ပိုပြီး ယူရတယ်” တဲ့။ ဒါကလည်း  အထိနာမှ အသိသာ တဲ့ သဘောလက္ခဏာပါ။ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီရဲ့-

Kites rise higher against the wind not with it.

“စွန်တွေဟာ လေကိုစုန်ပြီး အထက်ကိုတက်တာ မဟုတ်ပါ၊ လေကိုဆန်ပြီး တက်ရတာ” ဆိုတဲ့ အဆိုအမိန့်ဟာလည်း မှတ်သားစရာပါ။ လေစုန်မလိုက်၊ လေဆန်တိုက်မှ အမြင့်ကို ရောက်နိုင် ပါလိမ့်မယ်။

ဒီလို နိုင်ငံတကာရဲ့ အတွေးအခေါ် အယူအဆတွေကို တသီတတန်းကြီး ပြောပြနေတာက အနေချောင်၊ အစားချောင်၊ အရချောင်တာကို မမက်မောဖို့ပါ။ တကယ်တမ်းသာ

“နှစ်ယောက်တည်းဆိုရင် မောင်ရယ်××× ဧဝရက်တောင်ထိပ် နေချင်ရင်ခုသွား××ရေရှားတဲ့ သဲကန္တာရ ဆာဟာရမရှောင်တယ်××× နေမမြင် ရေပြင်ခဲတဲ့ – မြောက်ဝင်ရိုးစွန်းကိုလည်း ခေါ်ခေါ်ပျော်တယ်မောင်ရယ်” တဲ့။ သဲသဲမဲမဲဇွဲနဲ့ နှစ်ယောက်တည်းနေချင်တဲ့ ဆန္ဒ ရှေ့ဆောင်ရင် ဘယ်ကိုသွားသွား၊ ဘယ်နားရောက်ရောက်၊  စိတ်နှလုံးကို တုန်းတုန်းချတဲ့ သတ္တိသွေးကို မွေးရပါလိမ့်မယ်။

အလွယ်လမ်းလိုက်ရင် အခက်တွေ့မြဲ၊ အချောင်လမ်းလိုက်ရင် အကျပ်တွေ့မြဲပါ။  အခက်အခဲကို နံ့သာ လိမ်းကျံလို့  အကျပ်အတည်းကို ပန်းလိုပန်နိုင်ကြပါစေ။

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *