The Corner

The Corner

cropped-Logo_round_grey-background.png

ခေတ်သစ်တရုတ်ပြည်ရဲ့ စားနပ်ရိက္ခာတိုက်ပွဲ – ငရိန်းချမ်း

Share မယ်

စားနပ်ရိက္ခာ အကျပ်အတည်းမှနေ နိုင်ငံရေး အသာစီးရမှုရအောင် တရုတ်ဘာလုပ်ခဲ့သနည်း

(August 11, 2026 နေ့ထုတ် Foreign Affairs တွင် ဖော်ပြခဲ့တဲ့ China Hunger Games ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။)

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ရောင်းဝယ် ဖောက်ကားတဲ့ စီးပွားရေး မဟာဗျူဟာတွေထဲမှာ စိုက်ပျိုးရေးနဲ့  စားနပ်ရိက္ခာ ကဏ္ဍဟာ တရုတ်နိုင်ငံရဲ့ အရေးအကြီးဆုံး ကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စိုက်ပျိုးရေးထုတ်ကုန် အများဆုံး တင်သွင်းတဲ့ နိုင်ငံတစ်ခုဖြစ်သလို ရိုးရှင်းတဲ့ ကုန်သွယ်ရေး လိုအပ်ချက်ထက် ကျော်လွန်ပြီး တရုတ်ဈေးကွက်ရဲ့ ကြီးမားမှုကို အသုံးချပြီး နိုင်ငံတကာ ကုန်သွယ်ရေး ညှိနှိုင်း ဆွေးနွေးမှုတွေ၊ သံတမန်ရေးရာတွေမှာ မဟာဗျူဟာမြောက် အားသာချက်တစ်ခုအဖြစ်  အသုံးချ နေပါတယ်။

နမူနာတစ်ခုအနေနဲ့ ပြရရင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Liberation Day အခွန် တိုးကောက်မှု တွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံမှ တင်ပိုတဲ့ ပဲပိစပ်တင်သွင်းမှုကို လအနည်းငယ်ကြာ ပိတ်ပင် လိုက်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ အမေရိကန်တောင်သူတွေ အတွက် ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်လာခဲ့ပါတယ်။

ဒီနှစ်အတောအတွင်း (မတ်လ) မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖိန်တို့ဟာ နှစ်ဦးနှစ်ဖက်စလုံးကို ထိခိုက်ပျက်စီးစေတဲ့ ကုန်သွယ်ရေးတိုက်ပွဲကို ရပ်ဆိုင်းပြီး၊ ကုန်သွယ်ရေး သဘောတူညီချက်တွေ ကို လုပ်ဆောင်ခဲ့ကြပါတယ်။ တရုတ် အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်ထဲမှာ တရုတ်နိုင်ငံဟာ ထရမ့်ရဲ့ ကျန်ရှိတဲ့ သမ္မတသက်တမ်းတလျှောက် အမေရိကန် စိုက်ပျိုးရေးထုတ်ကုန်တွေကို တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာ ၁၇ ဘီလီယံဖိုးအထိ ဝယ်ယူဖို့ သဘောတူခဲ့ရပြီးတော့ အမေရိကန်ပြည်နယ် အချို့က အမဲသားနဲ့ ကြက်ဘဲ ငှက်အသားတွေကိုလည်း တရုတ်ကို ပြန်တင်သွင်းဖို့ ခွင့်ပြုခဲ့ပါတယ်။

တရုတ်ရဲ့ မဟာဗျူဟာထဲမှာ အမေရိကန်နိုင်ငံတစ် နိုင်ငံတည်း ပစ်မှတ်မဟုတ်ခဲ့ပါဘူး။ အခြားနိုင်ငံတွေလည်း ကျန်ရှိ ပါသေးတယ်။ ၂၀၂၆ ခုနှစ်မှာ ကနေဒါနိုင်ငံဟာ တရုတ်နိုင်ငံက တင်ပို့တဲ့ လျှပ်စစ်ကားတွေကို အခွန်တိုးမြှင့် ကောက်ခံ လိုက်ပါ တယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်ဟာ ကနေဒါနိုင်ငံက တင်ပို့တဲ့ စိုက်ပျိုးရေးထုတ်ကုန် တင်သွင်းမှု အားလုံးကို ရပ်ဆိုင်း လိုက်ပါတယ်။

အခြားသော ကိစ္စရပ်တွေမှာလည်း ပေကျင်းဟာ အစားအသောက် ထုတ်ကုန်ဈေးကွက်ကို  နိုင်ငံရေးလက်နက် တစ်ခုအဖြစ်နဲ့ ပို အသုံးချ လာပါတယ်။  ၂၀၂၅ ခုနှစ် ကုန်ခါနီးမှာ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိက ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့ ဝင်ရောက် စွက်ဖက်တဲ့ ပြောဆိုချက်တွေ အပေါ်မှာ တုံ့ပြန်တဲ့အနေနဲ့ တရုတ်ဟာ ဒေါ်လာ ၈၆ သန်းကျော်ရှိတဲ့ ဂျပန်ပင်လယ်စာတွေ ဂျပန်ဆာကေး အရက်ဝယ်ယူမှုတွေကို ရပ်ဆိုင်း လိုက်ပါတယ်။

ပကတိအရှိတရားမှာတော့ တရုတ်ပြည်တွင်းရဲ့ စားနပ်ရိက္ခာဈေးကွက်ဟာ ပြည်ပတင်ပို့ကုန်တွေ အပေါ်မှာ အလွန်အကျွံ မှီခိုနေရတာကြောင့်  ထိလွယ်ရှလွယ်ဖြစ်နေပါတယ်။ တရုတ်ပြည်သူတွေရဲ့ ဝင်ငွေမြင့်လာတာနဲ့ အတူ စားနပ်ရိက္ခာ စားသုံးမှု ဟာလည်း သိသိသာသာ မြင့်တက် လာပါတယ်။ ပြည်တွင်း စားနပ်ရိက္ခာ ထုတ်လုပ်မှုကို မြှင့်တင်ဖို့ စီမံကိန်းကြီးတွေနဲ့ ပြုလုပ်ခဲ့ပေမယ့်လည်း  စားနပ်ရိက္ခာထုတ်လုပ်ရေး လုပ်ငန်းတွေဖြစ်တဲ့ မွေးမြူရေးကဏ္ဍနဲ့ တိရစ္ဆာန် အစားအစာအတွက်ပါ ပြည်ပတင်သွင်းမှုကို ပိုမှီခိုနေရဆဲပါ။

၂၀၂၃ ခုနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ စားနပ်ရိက္ခာတင်သွင်းမှုဟာ ကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့ပြီးတော့ ဒေါ်လာ ၂၁၅ ဘီလီယံထိ ရှိခဲ့ပါတယ်။ တရုတ်ပြည်တွင်း စားနပ် ရိက္ခာသုံးစွဲမှုရဲ့ ပဲပိစပ်စေ့ ၈၅ ရာခိုင်နှုန်း၊ ဆီထွက်သီးနှံ ၆၅ ရာခိုင်နှုန်းကျော်၊ အမဲသား ၂၅ ရာခိုင်နှုန်းခန့်ကို ပြည်ပကနေ တင်သွင်းခဲ့ရပါတယ်။ ဒီနှစ်ပိုင်း အတောအတွင်းမှာတော့ တရုတ်နိုင်ငံဟာ ပြည်ပ ကနေ တင်သွင်းတဲ့ စားနပ်ရိက္ခာတင်သွင်းမှု စရိတ်ဟာ အနည်းငယ် လျော့ကျသွားပေမယ့်လည်း ဒေါ်လာဘီလီယံ ၂၀၀ အထက်မှာတော့ ဆက်ပြီး တော့ ရှိနေဆဲပါ။ ဒီကိန်းဂဏန်းဟာ နိုင်ငံအများစုရဲ့ စုစုပေါင်း ကုန်ပစ္စည်းတင်သွင်းမှု စရိတ်ထက်တောင် များနေပါသေးတယ်။

တစ်ဖက်မှာတော့ တရုတ်နိုင်ငံဟာ စိုက်ပျိုးရေး လုပ်သားအင်အား လျော့နည်း လာတာနဲ့အတူ အလွန်အကျွံစိုက်ပျိုး ထုတ်လုပ်မှု၊ စိုက်ပျိုးမြေတွေ ပျက်စီးမှု၊ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု အကျိုးဆက်တွေကြောင့် လာမယ့်နှစ်တွေ မှာလည်း ပြည်ပ စားနပ်ရိက္ခာ ထုတ်ကုန်တွေအပေါ်မှာ ဆက်ပြီးတော့ မှီခိုရမယ့် အနေအထားမှာ ရှိပါတယ်။

တရုတ်အစိုးရဟာ ပထဝီဝင်နိုင်ငံရေး ဩဇာလွှမ်းမိုးမူအတွက် ပြည်ပတင်သွင်းကုန်ဈေးကွက်ကို အားသာချက်တစ်ခု အဖြစ် အသုံးချနေတဲ့ မဟာဗျူဟာမှာ လက်ရှိမှာတော့ အလုပ်ဖြစ်နေပေမယ့်လည်း ကြီးမားတဲ့ အားနည်းချက် တစ်ခုဖြစ်နေတယ် ဆိုတာ ကိုတော့ နားလည်ထားပါတယ်။

ဒါကြောင့်ပဲ တရုတ်ဟာ ကျယ်ပြန်တဲ့ အစားအစာတင်သွင်းမှု ဈေးကွက်တစ်ခုတည်းမကဘဲ နိုင်ငံရေး အကျိုးအမြတ်တွေ အတွက် ရွေးချယ်ထားတဲ့ စိုက်ပျိုးရေးပို့ကုန်တွေ၊ ဇီဝစိုက်ပျိုးရေး နည်းပညာလုပ်ငန်းတွေမှာပါ ဦးဆောင်သူဖြစ်လာဖို့ ပြင်ဆင် လာပါတယ်။

တရုတ်ပြည်သူနဲ့ အစားအစာ

တရုတ်ကွန်မြူနစ်ပါတီအရာရှိတွေရဲ့ စိတ်ထဲမှာ စားနပ်ရိက္ခာမဖူလုံမှု (Food Insecurity)နဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်မှုဟာ အမြဲတမ်းလို ခြောက်လှန့်နေတဲ့ အိမ်မက်ဆိုးကြီးတစ်ခုလို ဖြစ်နေခဲ့တာပါ။ တရုတ်ပြည်ရဲ့ သမိုင်း တစ်လျှောက်ကို ပြန်ကြည့် ရင်လည်း စားနပ်ရိက္ခာမဖူလုံမှု၊ အငတ်ဘေးတွေကြောင့်ပဲ ပုန်ကန်မှုတွေ၊ တော်လှန်ရေးတွေ ဖြစ်လာပြီးတော့ တရုတ်နိုင်ငံရေး အပြောင်းအလဲတွေကို ဖြစ်စေခဲ့တာကို တွေ့ရပါတယ်။

၁၉၀၆-၁၉၀၇ မှာ ဖြစ်ခဲ့တဲ့ အငတ်ဘေးကြောင့် တရုတ်ပြည်သူ ၂၅ သန်းခန့် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံခဲ့ရပါတယ်။ ဒီအငတ်ဘေးရဲ့ နောက်ဆက်တွဲမှာ တရုတ်ရဲ့ နောက်ဆုံးဧကရာဇ်မင်းဆက်ဖြစ်တဲ့ ချင် (Qing) မင်းဆက်ကို ဖြုတ်ချတဲ့ တော်လှန်ရေးဟာ လျှင်လျှင်မြန်မြန်နဲ့ အောင်မြင်ခဲ့တာပါ။ 

၁၉၅၉-၆၁ ခုနှစ်မှာလည်း မော်စီတုန်းရဲ့ တော်လှန်ရေးကာလ စီမံခန့်ခွဲမှု အမှားကြောင့် ပိုမိုဆိုးရွားတဲ့ အငတ်ဘေးကို တရုတ် ပြည်သူတွေ ကြုံခဲ့ရပါတယ်။ ဒီအငတ်ဘေးကြောင့်ပဲ တရုတ်ပြည်သူ သန်း ၃၀ ခန့် သေဆုံးခဲ့ရပြီးတော့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အငတ်ဘေး အဖြစ် ကနေ့ထက်တိုင် မှတ်တမ်းတင်ထားဆဲပါ။

၁၉၈၀ အလွန်ကာလတွေမှာလည်း စားနပ်ရိက္ခာစျေးနှုန်းတွေ စံချိန်တင် မြှင့်တက်လာတာကြောင့် တရုတ် ပြည်သူတွေဟာ အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်မှာ တီယန်အန်မင်ရင်ပြင် အရေးခင်းလို ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေက တရုတ် ပြည်သူလူထုရဲ့ မကျေနပ်မှုကို ပိုဆိုးရွားစေခဲ့ပါတယ်။

အတိတ်ကာလမှာ ဖြစ်ခဲ့တဲ့ ဆိုးရွားလှတဲ့ သမိုင်းကြောင်းတွေကြောင့်ပဲ ပေကျင်းအစိုးရဟာ အမျိုးသား စားနပ်ရိက္ခာ ထောက်ပံ့ရေး အစီအစဉ်တွေကို တိုးမြှင့်ဖို့ နှစ်အကြာကြီး ကြိုးစားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာတော့ တရုတ်အစိုးရဟာ ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့နိုင်စွမ်းမှာ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။

၁၉၇၀ နှောင်းပိုင်းနှစ်တွေမှာ တရုတ်ခေါင်းဆောင် တိန်ရှောက်ဖိန်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဟာ ဈေးကွက် စီးပွားရေးစနစ်ကို ဦးတည်ခဲ့ပြီးတော့ ယခင်ကရှိခဲ့တဲ့ စားနပ်ရိက္ခာခွဲတမ်းစနစ် (food rationing system) တွေကို ပယ်ဖျက် ခဲ့ပါတယ်။  စိုက်ပျိုးရေးမှာလည်း အထွက်နှုန်းတိုးဖို့အတွက် ဆောင်ပုဒ်အသစ်တွေနဲ့ ပြုပြင်ပြောင်းလဲမှု အသစ်တွေကို လုပ်ခဲ့ပါတယ်။

တိန်ရှောက်ဖိန်ရဲ့ လက်ထက်မှာ စုပေါင်းထုတ်လုပ်မှုစနစ် (collective production) ကို ဖျက်သိမ်းပြီး “တစ်အိမ်ထောင်ချင်း တာဝန်ယူမှုစနစ်” (household responsibility system) ကို ကူးပြောင်းခဲ့ပါတယ်။ ဒီအပြောင်းအလဲကြောင့်ပဲ လျင်မြန်တဲ့ ဈေးကွက်စီးပွားရေး စနစ် အားကောင်းလာပြီးတော့ စားသောက်မှုပုံစံ အပြောင်းအလဲတွေပါ တရုတ်နိုင်ငံမှာ မြင်တွေ့ လာရ ပါတယ်။ ၂၀၀၁ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ဝင်ရောက်လာပါတယ်။ WTO တရုတ်နိုင်ငံ ဝင်ရောက်အပြီးမှာ ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်နှင့် စိုက်ပျိုးရေး ကုန်သွယ်မှုတွေမှာ နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက်ပြီး ကူးသန်းရောင်းဝယ်မှုတွေ ပြုလုပ်လာနိုင်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း တရုတ်နိုင်ငံဟာ စိုက်ပျိုးရေးထုတ်လုပ်မှုကို မြှင့်တင်ဖို့၊ ကာကွယ်ဖို့နဲ့ စားသုံးမှုကို စီမံခန့်ခွဲဖို့ စတဲ့ ဆောင်ပုဒ်နဲ့ ဥပဒေ အများအပြားကို ပြဋ္ဌာန်းခဲ့ပါတယ်။ နမူနာတစ်ခုအနေနဲ့ ပြရရင် ၁၉၉၆ ခုနှစ်မှာ တရုတ်အစိုးရဟာ အခြေခံကျတဲ့ ကောက်ပဲ သီးနှံတွေရဲ့ ၉၅ ရာခိုင်နှုန်းကို ပြည်တွင်းဖူလုံရေးအတွက် ထားရှိရမည်လို့ ပြဋ္ဌာန်းခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာလည်း စိုက်ပျိုးရေး အတွက် မဖြစ်မနေ ထွန်ယက်စိုက်ပျိုးရမဲ့ လယ်ယာမြေ ပမာဏကို ဥပဒေဘောင် အတွင်းမှနေ သတ်မှတ်ခဲ့ပါတယ်။

ရှီကျင်းဖိန် လက်ထက်မှာတော့ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့ စီမံကိန်းတွေဟာ ပိုကျယ်ပြန့်လာပါတယ်။ ရှီဟာ မော်စီတုန်းရဲ့ ယဥ်ကျေးမှုတော်လှန်ရေးကာလအတွင်းမှာ ကျေးလက်ပို့ခဲ့ရတဲ့ လူငယ်တွေ (sent down youth) ထဲက တစ်ဦးဖြစ်ပြီးတော့ အစာရေစာ ငတ်မွတ်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။ ရှီကျင့်ဖျင်ရဲ့ ငယ်ဘဝမှာ ဆာလောင်မွတ်သိပ်မှုဒဏ်ကြောင့် အစားအသောက်တောင်းဖို့ ကျောင်းကနေ ညဘက် ခိုးပြီး ထွက်ပြေးခဲ့ဖူးပါတယ်။ ဆာလောင်မှုကြောင့် ထွက်ပြေးလာတဲ့ ရှီ ကို သူ့အမေရင်း ကိုယ်တိုင် အာဏာပိုင်တွေဆီမှာ အပ်နှံခဲ့တာကတော့ ရှီရဲ့ ငယ်ဘဝ အိမ်မက်ဆိုးကြီး တစ်ခုပါ။

ကွန်မြူနစ်ပါတီရဲ့ အရာရှိငယ်တစ်ဦးဖြစ်လာတဲ့ ရှီဟာ ၁၉၈၅ ခုနှစ်မှာ ဟီဘေးပြည်နယ် (Hebei Province) ရဲ့ စိုက်ပျိုးရေး ကိုယ်စားလှယ် အဖွဲ့နဲ့အတူ အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်ကို လေ့လာခရီး သွားရောက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ရှီဟာ ဒုတိယသမ္မတရာထူးနဲ့ တာဝန်ထမ်းဆောင်နေတုန်းကလည်း အိုင်အိုဝါပြည်နယ်ကို ထပ်သွား ခဲ့ပြီးတော့ အမေရိကန်ရဲ့ အဆင့်မြင့်စားနပ်ရိက္ခာ ထုတ်လုပ်မှု နည်းပညာအကြောင်းတွေကို လေ့လာခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ရှီဟာ တရုတ်ပြည်ရဲ့ အာဏာရခေါင်းဆောင်ဖြစ်လာပြီး တရုတ်နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်းတစ်ခုမှာ “ပြည်သူတွေကို မငတ်အောင် ကျွေးမွေးစောင့်ရှောက်ခြင်းဟာ အမျိုးသား အုပ်ချုပ်ရေးမှာ အမြဲတမ်း အရေးအကြီးဆုံးအရာဖြစ်တယ်” (feeding the people has always mattered most in national governance) လို့ အလေးအနက်ထား ပြောဖူးပါတယ်။

ရှီဟာ ပြည်တွင်းမှာ စားနပ်ရိက္ခာဖူလုံဖို့အတွက် သူကိုယ်တိုင် ဦးဆောင်ပြီး ကြီးကြပ်ခဲ့ပါတယ်။ နမူနာတစ်ခုအနေနဲ့ ပြရရင်  ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ ChemChina ဟာ တရုတ်ပြည်တွင်းစိုက်ပျိုးရေးမှာ အဆင့်မြင့် နည်းပညာသုံးပြီး အထွက်နှုန်း မြှင့်တင်ဖို့အတွက် ဆွစ်ဇာလန် စိုက်ပျိုးရေး မျိုးစေ့နှင့် ပိုးသတ်ဆေး ကုမ္ပဏီ Syngenta ကို အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံနဲ့ ဝယ်ယူ ခဲ့ပါတယ်။ ဒီဝယ်ယူမှုဟာ တရုတ်နိုင်ငံတွင်းမှာ အကြီးမား ဆုံးသော ပြည်ပလုပ်ငန်းဝယ်ယူမှုအဖြစ် ယခုထက်ထိ ရှိနေဆဲပါ။

၂၀၁၉ ခုနှစ်အရောက်မှာတော့ ရှီဟာ ပြည်တွင်း ဆန်စပါး၊ ဂျုံထုတ်လုပ်မှုမှာ  မဖြစ်မနေ စိုက်ပျိုးရေး မူဝါဒေ၊ ၉၅ ရာခိုင်နှုန်း အထက် ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေး (absolute security) လို တင်းကျပ်တဲ့ မူဝါဒတွေကို ပြဌာန်း ခဲ့ပါတယ်။ တစ်ဖက်မှာလည်း သတ်မှတ်ထားတဲ့ စိုက်ပျိုးမြေပမာဏ ပြည့်မီအောင် စိုက်ပျိုးဖို့နဲ့ သတ်မှတ်ထားတဲ့ စိုက်ပျိုးမြေ ဧက ပြည့်မီအောင် မစိုက်ပျိုးနိုင်တဲ့ အစိုးရအရာရှိတွေ၊ လယ်သမားတွေနဲ့ ဒေသခံတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမည်လို့ ရှီက သတိပေးခဲ့ပါတယ်။

တရုတ်အစိုးရဟာ စက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေဆီက မြေတွေကိုလည်း သိမ်းယူပြီးတော့ စိုက်ပျိုးရေး အတွက် သီးသန့် အသုံးပြုခဲ့ပါသေးတယ်။ ၂၀၂၁ ခုနှစ်ရောက်မှာတော့ တရုတ်နိုင်ငံဟာ မျိုးဗီဇပြုပြင်ထားတဲ့ သီးနှံ (genetically modified staple crops) တွေကို စမ်းသပ်စိုက်ပျိုးမဲ့ စီမံကိန်းတွေကို ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရဟာ  ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် ဇီဝနည်းပညာသုံးပြီးတော့ စားနပ်ရိက္ခာ ထုတ်လုပ်ရေးကို ပိုအရှိန်မြင့် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ 

မြင့်တက်လာတဲ့ စားသုံးမှု လိုအပ်ချက်

တရုတ် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးနဲ့ ပတ်သက်ရင် တရုတ်အစိုးရဲ့ ကြိုးစားမှုတွေဟာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ကိန်းဂဏန်းတွေ တိုးတက်လာတာကို တွေ့ရပါတယ်။ နမူနာ အနေနဲ့ ပြရရင် ၂၀၀၀ ပြည့်နှစ်တွေကနေ ၂၀၂၅ ကာလထိ တရုတ် ပြည်တွင်း စားသုံးမှုရဲ့  ဝက်သား၊ ကြက်သား၊ ငှက်သား နဲ့ အမဲသား ထုတ်လုပ်မှုနှုန်းဟာ ၅၅ ရာခိုင်နှုန်းထိ မြှင့်တက် လာပါတယ်။ သစ်သီးဝလံတွေဆိုရင်လည်း ၂၅၈ ရာခိုင်နှုန်း၊ နို့ထွက်ပစ္စည်းဆို ၃၄၂ ရာခိုင်နှုန်း အထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ ပြောင်းဖူး၊ ဆန်စပါး၊ ဂျုံထုတ်လုပ်မှုဟာလည်း ပြည်တွင်းစားသုံးမှု ပမာဏရဲ့ ရာနှုန်းပြည့်နီးပါး ဖူလုံစေခဲ့ပါတယ်။ အာဟာရ ချို့တဲ့မှု ရာခိုင်နှုန်းကို ကြည့်ရင်လည်း သိသိသာသာ လျော့ကျ သွားပြီးတော့ ၂၀၀၁ ခုနှစ်မှာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၀၁၀ ပြည့်နှစ်ကနေ လက်ရှိအချိန်ထိ သုံးရာခိုင်နှုန်း အောက် ရောက်ရှိသွားတာကို တွေ့ရပါတယ်။

စားနပ်ရိက္ခာဖူလုံရေးနဲ့ ကုန်ထုတ်လုပ်ရေးတွေမှာ တိုးတက်မှုတွေ အများကြီးရှိပေမယ့်လည်း တရုတ်ပြည်တွင်းမှာတော့ ထုတ်လုပ်မှုဟာ စားသုံးမှုနှုန်းကို မမီဘဲ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး ထုတ်ကုန် တင်သွင်းမှုဟာ ပိုပြီးတော့ အရှိန်အဟုန် မြင့်တက်လာပါတယ်။

တရုတ်ဟာ ဒီကနေ့ ကမ္ဘာမှာ အသားနဲ့ ငါးအများဆုံး စားသုံးတဲ့ နိုင်ငံတစ်ခုဖြစ်ပြီးတော့ ကမ္ဘာ့ သားငါးဈေးကွက် တစ်ခုလုံးရဲ့ ၃၀ ရာခိုင်နှုန်း ကျော်ကို စားသုံးလျက်ရှိပါတယ်။ ၂၀၀၀ ပြည့်နှစ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ၂၀၂၅ ခုနှစ်မှာ သံပုရာ၊ လိမ္မော်စတဲ့ သီးနှံ တင်သွင်းမှုဟာ ၂၄၃ ရာခိုင်းနှုန်းထိ မြင့်တက်လာသလို အသားတင်သွင်းမှုဟာ ၆၆၉ ရာခိုင်နှုန်း၊ နို့ထွက်ပစ္စည်းတင်သွင်းမှုဟာ ၁၇၅၁ ရာခိုင်နှုန်းထိ မြင့်တက်လာတာကို တွေ့ရပါတယ်။

အထက်မှာ ပြောခဲ့သလို တရုတ်ပြည်တွင်းစားသောက်မှု ကိန်းဂဏန်းအချက်အလက်တွေကို ပြန်ကြည့်ရင် တရုတ်နိုင်ငံ အနေနဲ့ ပြည်တွင်း ထုတ်လုပ်မှုကို ပိုပြီးတော့ မြှင့်တင်ရုံလောက်နဲ့ စားနပ်ရိက္ခာ လိုအပ်ချက်အပေါ်မှာ ဖြည့်ဆည်းနိုင်တဲ့ အနေအထားမှာ ရှိမနေပါဘူး။ ပေကျင်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ရေတိုစားနပ်ရိက္ခာဖူလုံရေးအတွက် တိုးတက်မှုတွေ ရှိခဲ့တာ မှန်ပေမယ့် လည်း ရေရှည် စားနပ်ရိက္ခာ ဖူလုံရေးနဲ့ စိုက်ပျိုးရေး ကဏ္ဍတွေမှာတော့ ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဖြစ်လာစေ ခဲ့ပါတယ်။

Photo credit: Foreign Affairs

နမူနာအနေနဲ့ ပြရရင် တရုတ်ပြည်တွင်းမှာ အကန့်အသတ်ရှိတဲ့  စိုက်ပျိုးမြေပေါ်မှာ အလွန်အကျွံစိုက်ပျိုးမှု၊ ဓာတု ဓာတ်မြေဩဇာ တွေ အလွန်အကျွံသုံးစွဲလာတာကြောင့် မြေဆီလွှာတွေ ပျက်စီးလာပါတယ်။ တရုတ်နိုင်ငံရဲ့ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး ဒေသတွေမှာလည်း ရေရှားပါးမှုနဲ့ ရေညစ်ညမ်းမှုတွေက စိုက်ပျိုးရေးလုပ်ငန်းခွင်ကို ခြိမ်းခြောက်လျက်ရှိပါတယ်။ တစ်ဖက်မှာလည်း ရာသီဥတု ပြောင်းလဲမှု ဒဏ်ကြောင့် မိုသည်းထန်စွာရွာသွန်းမှု ရေကြီး ရေလျှံမှုတွေက တရုတ်ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုနဲ့ သီးနှံတွေကို မကြာခဏဆိုသလို ပျက်စီးစေပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းသုံးသပ်ချက်တွေအရ ၂၀၅၀ ပြည့်နှစ်မှာ တရုတ်ပြည်တွင်း မြို့ပြပြုပြင်ပြောင်းလဲမှုနဲ့ မြေဆီလွှာ ပြုန်းတီးမှုတွေ ကြောင့် စိုက်ပျိုးမြေပမာဏ ဆုံးရှုံးမှုဟာ ပိုများလာနိုင်ပြီးတော့၊ တရုတ်နိုင်ငံရဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှု နှုန်းမှာလည်း ၁၈ ရာခိုင်နှုန်းကျော်အထိ လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်းထား ကြပါတယ်။

အခြားတစ်ဖက်မှာတော့ တောင်သူလယ်သမားတွေအများစုဟာ မြို့ပြနဲ့ စက်မှုဇုန်တွေဘက်ကို ပိုရွေ့ပြောင်း လာကြ တာကြောင့် စိုက်ပျိုးရေး လုပ်သားအင်အား လျှော့နည်းလာမှုဟာ စားနပ်ရိက္ခာထုတ်လုပ်မှု စွမ်းရည်ကို လျော့ကျ သွားစေနိုင်ပါတယ်။ လက်ရှိ တရုတ်နိုင်ငံမှာ လူဦးရေ အချိုးအစား ပြောင်းလဲမှုနဲ့ အတူ တရုတ်လူမှုအဖွဲ့အစည်းရဲ့ စားသောက်မှုဆိုင်ရာ ထုံးတမ်း စဉ်လာတွေဟာ စားနပ်ရိက္ခာ အလေအလွင့်နဲ့ ပြုန်းတီးမှုကို အလွန်အကျွံ ဖြစ်စေခဲ့ ပါတယ်။

ရှီကျင့်ဖျင်ဟာ စားနပ်ရိက္ခာအလေအလွင့်ဖြစ်တာကို ကာကွယ်ဖို့ “Clean Plate” လို နိုင်ငံတော်အဆင့် ကမ်ပိန်းကြီး တွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ တရုတ်ဥပဒေပြု လွှတ်တော်ကလည်း ၂၀၂၁ ခုနှစ်မှာ စားနပ်ရိက္ခာ အလေအလွင့် ဖြစ်မှုကို ဆန့်ကျင်တဲ့ Anti Food Waste Law ပြဋ္ဌာန်းခဲ့ပေမယ့်လည်း တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာစွန့်ပစ်မှု အများဆုံး နိုင်ငံဖြစ်နေဆဲပါ။ ဒါကြောင့်လည်း လာမည့်နှစ်တွေမှာ တရုတ်နိုင်ငံဟာ ပြည်တွင်းထုတ်လုပ်မှုနဲ့ စားသုံးမှုကို ညီတူမျှတ ဖြစ်စေဖို့အတွက် စားနပ်ရိက္ခာတင်သွင်းမှု အပေါ်မှာ ဆက်လက်ပြီးတော့ မှီခိုနေရအုံးမှာပါ။ 

စားနပ်ရိက္ခာဖူလုံရေးအတွက် အောက်အခြေအဆင့်မှနေ ပြင်ဆင််ခြင်း

လက်ရှိတင်းမာနေတဲ့ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကြောင့် နိုင်ငံတကာကုန်သွယ်မှုတွေအပေါ်မှာ မှီခိုနေရတဲ့ တရုတ်နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံရေးကဏ္ဍအတွက် သမ္မတ ရှီကျင့်ဖျင်ဟာ ခေါင်းကိုက်စ ပြုလာပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားကနေ ယူကရိန်းကို ကျူးကျော်မှုအပြီးမှာ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်ထိ မြင့်တက်ခဲ့ပါတယ်။ ရုရှားယူကရိန်းစစ်ပွဲရဲ့ နောက်ဆက်တွဲမှာ တရုတ်နိုင်ငံကို ယူကရိန်းကနေ နှစ်စဉ်တင်ပို့တဲ့ ပြောင်းဖူးလို အဓိကကျတဲ့ ကုန်စည်တွေဟာ ရပ်ဆိုင်းကုန်ပါတယ်။

၂၀၂၂ ခုနှစ် တရုတ်နိုင်ငံအတွင်းမှာ အစိုးရရဲ့ ကိုဗစ်နဲ့ ပတ်သက်နဲ့ တင်းကျပ်တဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေမှာ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး တောင်းဆိုမှုတွေဟာ ပိုကျယ်ပြန့်လာပါတယ်။  တရုတ်အစိုးရရဲ့ တင်းကျပ်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြတဲ့ ဖြစ်စဉ်တစ်ခုမှာ  “ကျွန်တော်တို့ စားနပ်ရိက္ခာပဲ လိုချင်တယ်၊ ကိုဗစ် စစ်ဆေးမှုတွေ မလိုချင်ဘူး” လို့ စာတန်းကို ဆန္ဒပြသူတစ်ဦးက  ပေကျင်းရဲ့ တံတားတစ်ခုပေါ်မှာ  ချိတ်ဆွဲခဲ့ပါတယ်။ 

စားနပ်ရိက္ခာတောင်းဆိုမှုရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရ အရေးကြီးတဲ့ တွန်းအားတွေ၊ တင်းမာမှုတွေ ရှိတာကြောင့် ရှီကျင့်ဖျင်ဟာ ပြည်သူလူထုနဲ့ တွေ့ဆုံတဲ့ ပွဲပေါင်း ၇၁ ပွဲမှာ စားနပ်ရိက္ခာဖူလုံရေး (Food security) စကားလုံးကို အကြိမ်ပေါင်းများစွာ ထည့်သွင်းပြီးတော့ ပြောခဲ့ပါတယ်။ ရှီဟာ “စားနပ်ရိက္ခာ ဖူလုံရေးဟာ နိုင်ငံရဲ့ အခြေခံကျဆုံး အကျိုးစီးပွားတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်” ဆိုတဲ့ စကားကို အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။ 

ဝါရှင်တန်နဲ့ တင်းမာတဲ့ နိုင်ငံရေး ဆက်ဆံရေးဟာ ပေကျင်းအတွက် စိုးရိမ်မှုတွေကို မြင့်တက်လာစေခဲ့ပါတယ်။ ထရမ့်နဲ့ ပထမအကြိမ် အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲအပြီးမှာ တရုတ်နိုင်ငံဟာ အမေရိကန်က ဝယ်ယူနေတဲ့ ပဲပိစပ် ဝယ်ယူမှုတွေကို ဘရာဇီးအပါအဝင် အခြားနိုင်ငံတွေကနေ ပြောင်းလဲပြီးတော့ ဝယ်ယူခဲ့ပါတဘ်။ ပဲပိစပ်ကို အခြားနိုင်ငံ တစ်ခုကနေ  ပြောင်းလဲပြီးတော့ ဝယ်ယူလိုက်တာဟာ အမေရိကန်အပေါ် မှီခိုနေရတဲ့ ဈေးကွက်ကို တုန့်ပြန်တဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်ပေမယ့်လည်း ဘရာဇီးနိုင်ငံရဲ့ မိုးခေါ်ရေရှားမှုနဲ့ ဈေးကွက် မတည်ငြိမ်မှုဟာ တရုတ်ရဲ့ စားနပ်ရိက္ခာဈေးကွက်ကို ပိုပြီးတော့ ထိခိုက်စေခဲ့ပါတယ်။

တရုတ်ဟာ အမေရိကန်ကနေ တင်သွင်းတဲ့ စားနပ်ရိက္ခာပမာဏကို လျှော့ချပြီးတော့ အခြားနိုင်ငံတွေဆီကနေ ခွဲဝေဝယ်ယူဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း ၂၀၂၃ ခုနှစ် အချက်အလက်တွေမှာ ပြန်ကြည်ံ့ရင် အမေရိကန်နဲ့ NATO အဖွဲ့ဝင် နိုင်ငံတွေ၊ အာရှ-ပစိဖိတ်က အမေရိကန် မဟာမိတ်နိုင်ငံတွေဟာ တရုတ်စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာထုတ်ကုန် တင်သွင်းမှု ပမာဏရဲ့ ၄၆ ရာခိုင်နှုန်းခန့်ကို ဆက်ပြီးတော့ ချုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးအပေါ်မှာ အလေးထားတဲ့ ရှီကျင့်ဖျင်ဟာ စားနပ်ရိက္ခာအရေးနဲ့  ပတ်သက်ပြီး အဆိုးရွားဆုံး အခြေအနေ (extreme case situation) ထိ ရောက်လာရင် တရုတ်ကွန်မြူနစ်ပါတီ အရာရှိတွေကို အခြေခံကျတဲ့ နည်းလမ်းတွေ  (bottom-line thinking) ကို ပြင်ဆင်ထားဖို့  အကြိမ်ကြိမ် ညွှန်ကြားထားပါတယ်။

တကယ်လို့သာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြား ထိပ်တိုက်တွေ့ရင် နိုင်ငံတကာ ကုန်သွယ်ရေး လမ်းကြောင်း တွေဟာလည်း ပိတ်ဆို့သွားနိုင်ပါတယ်။ အနောက်နိုင်ငံတွေဟာ တရုတ်ပြည်သူတွေရဲ့ စားနပ်ရိက္ခာစားသုံးမှု ပုံစံကို အခွင့်အကောင်းယူပြီး နိုင်ငံရေးအရ ဖိအားပေးလာခဲ့ရင် တရုတ်အစိုးရရဲ့ ပြည်တွင်း တည်ငြိမ်ရေးနဲ့ အုပ်ချုပ်ရေးမှာ အခက်အခဲ ဖြစ်လာနိုင်စေပါတယ်။  ဒီလို ဖြစ်လာခဲ့ရင် ရေရှည်စစ်မှာလည်း တရုတ်ရဲ့  စွမ်းဆောင်ရည်ကို လျော့ကျ လာစေနိုင်တယ်လို့ သုတေသီ သုံးသပ်ကြပါတယ်။

ဝါရှင်တန်အနေနဲ့ တရုတ်နိုင်ငံကို တင်ပို့တဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို ကန့်သတ်ဖို့ လုပ်ဆောင်ရင် အမေရိကန် တောင်သူတွေ အနေနဲ့လည်း ဆိုးကျိုးရှိလာအောင် တရုတ်က လုပ်ဆောင်လိုတာပါ။ ဒါပေမဲ့လည်း တရုတ်ရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု ကွင်းဆက်တစ်ခုလုံး ကမောက်ကမ ဖြစ်လာရင် ကြုံတွေ့လာရနိုင်တဲ့ ဘေးအန္တရာယ်နဲ့ နိုင်ငံရေးဆိုးကျိုးရလဒ်တွေကိုတော့ ရှီကျင့်ဖျင်အနေနဲ့ အသေးစိတ်သိရှိထားပြီး ဖြစ်ပါတယ်။

ဒါကြောင့်ပဲ တရုတ်နိုင်ငံဟာ နိုင်ငံတော်အဆင့် အရေးပေါ်စားနပ်ရိက္ခာအဖြစ်နဲ့ ဓာတ်မြေဩဇာ၊ ကောက်ပဲသီးနှံနဲ့ အသားငါး (ဝက်သား) တွေကို ကြိုတင်စုဆောင်းထားတာဟာ အဆန်းတကြယ်ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ စားနပ်ရိက္ခာသိုလှောင်မှုဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အဆင့် လျှို့ဝှက်ချက်ဖြစ်ပြီးတော့ (သိုလှောင်ထားတဲ့ ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးဟာ အငြင်းပွားစရာ ဖြစ်နေသည့်တိုင်အောင်၊ အမေရိကန် စိုက်ပျိုးရေးဌာနရဲ့ ခန့်မှန်းချက်တွေအရ တရုတ်နိုင်ငံဟာ ကမ္ဘာ့ဂျုံ သိုလှောင်မှုရဲ့ ၄၄ ရာခိုင်နှုန်း၊ ကမ္ဘာ့ဆန် သိုလှောင်မှုရဲ့ ၅၃ ရာခိုင်နှုန်းနဲ့၊ ကမ္ဘာ့ပြောင်းဖူး သိုလှောင်မှုရဲ့ ၅၉ ရာခိုင်နှုန်း အပါအဝင် ကမ္ဘာ့သီးနှံတွေရဲ့ မျိုးစေ့တွေကို ထိပ်တန်းအဆင့် သိုလှောင် ထားတယ်လို့ ခန့်မှန်းထားကြပါတယ်။

ဩဇာအာဏာရဲ့ မျိုးစေ့များ

တရုတ်ပြည်သူတွေအတွက် လုံလောက်တဲ့ စားနပ်ရိက္ခာကို ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်းမရှိတာက ပေကျင်း အစိုးရ အတွက် ထိခိုက်လွယ်တဲ့ အားနည်းချက်ကို ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း တရုတ်အစိုးရဟာ စားနပ်ရိက္ခာ လိုအပ်ချက်ကို အင်အားတစ်ခု အဖြစ်နဲ့ အသုံးချဖို့ နည်းလမ်း တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

တရုတ်ဟာ ၂၀၂၅ ခုနှစ်မှာ စိုက်ပျိုးရေးနဲ့ ပင်လယ်စာ တင်သွင်းမှု စုစုပေါင်း ၂၀၇ ဘီလီယံကျော်ထိ ရှိခဲ့တာကြောင့် တရုတ်နိုင်ငံဟာ စီးပွားရေး အင်အားတောင့်တင်းတဲ့ နိုင်ငံ ၃၂ နိုင်ငံရဲ့ ထိပ်တန်းစိုက်ပျိုးရေး ထုတ်ကုန် တင်ပို့ရာ ဈေးကွက်ကြီး တစ်ခုဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်က ကိန်းဂဏန်းအချက်အလက်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် စားနပ်ရိက္ခာတင်ပို့မှု ဈေးကွက်မှာ ကြီးမားတဲ့ အပြောင်းအလဲ တွေကို မြင်ရပါတယ်။ Trade Data Monitor ရဲ့ အချက်အလက်တွေအရ ၂၀၀၅ ခုနှစ်မှာ ဘရာဇီးနိုင်ငံဟာ စိုက်ပျိုးရေးထုတ်ကုန် ရှစ်ရာခိုင်နှုန်း အောက်သာ တရုတ်ကို တင်ပို့ခဲ့ပါတယ်။ ၂၀၂၅ အရောက်မှာတော့ ၃၃ ရာခိုင်နှုန်းအထိ တိုးလာပါတယ်။ ဩစတြေးလျ နိုင်ငံဟာလည်း ၂၀၀၅ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်းသာရှိခဲ့ပြီးတော့ ၂၀၂၅ ခုနှစ်မှာ ၂၂ ရာခိုင်နှုန်းအထိ တိုးလာပါတယ်။ ထိုင်းနိုင်ငံဆိုရင်လည်း တရုတ်ကို စားနပ်ရိက္ခာ တင်ပို့မှုဟာ ၂၀၁၀ ပြည့်နှစ်တွေမှာ  ကိုးရာခိုင်နှုန်းကနေ ၂၀၂၅ ခုနှစ်မှာ ၂၄ ရာခိုင်နှုန်းကျော်ထိ အချိန်တိုကာလအတွင်း နှစ်ဆကျော် မြင့်တက် လာတာကို တွေ့ရပါတယ်။

စားနပ်ရိက္ခာထုတ်လုပ်တဲ့ နိုင်ငံတွေအတွက် တရုတ်နိုင်ငံ (ဈေးကွက်) ရဲ့ အရေးပါမှုကို အကျိုးရှိရှိ အသုံးချခြင်းဟာ ပေကျင်းအစိုးရအတွက် ပြိုင်ဘက်နိုင်ငံတွေအပေါ်မှာ ဖိအားပေးဖို့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာစေခဲ့ပါတယ်။ Center for Strategic and International Studies (CSIS) ရဲ့ သုံးသပ်ချက်တွေအရ ပေကျင်းအစိုးရဟာ ၂၀၁၀ ခုနှစ်ကနေ စလို့ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ ကုန်သွယ်မှုကို အကြောင်းပြ ပြီးတော့ အခြားနိုင်ငံတွေအပေါ် ဖိအားပေး ကန့်သတ်ချက်၊ အကျပ်ကိုင်မှုတွေကို ၂၆ ကြိမ်အထိ ကျင့်သုံးခဲ့ပါတယ်။  ၂၀၂၅ ခုနှစ် တစ်နှစ်တည်း အတွင်းမှာတင်  ငါးကြိမ်အထိ အခြားနိုင်ငံတွေကို ဖိအားပေး အကျပ်ကိုင်မှုတွေကို လုပ်ခဲ့တယ်လို့ CSIS က ဆိုပါတယ်။

အခြားနိုင်ငံတွေအပေါ်မှာ ကုန်သွယ်ရေးအရ အကျပ်ကိုင်မှုဟာ တရုတ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေးကို စော်ကားခံရတယ်လို့ ယူဆတဲ့ ဖြစ်စဉ်တွေ အပေါ် တရုတ်အစိုးရက တုံံ့ပြန်တာဖြစ်ပါတယ်။ တရုတ်မူဝါဒချမှတ်သူတွေဟာ တရုတ်အပေါ်အထားရှိတဲ့ အခြား နိုင်ငံတွေရဲ့ သီးခြားမူဝါဒ ဆုံးဖြတ်ချက်တွေကို ပြန်ရုပ်သိမ်းဖို့အတွက် လုပ်ဆောင်တာဖြစ်သလို နောက်နိုင်ငံတွေ အနေနဲ့လည်း တရုတ်နိုင်ငံအပေါ်မှာ တင်းကျပ်တဲ့ မူဝါဒတွေ လိုက်မလုပ်လာနိုင်အောင် တားဆီးဖို့အတွက် ကုန်သွယ်ရေး ဆိုင်ရာ ဖိအားပေးမှုကို မကြာခဏ အသုံးချခြင်း ဖြစ်ပါတယ်။

ကနေဒါနဲ့ အမေရိကန်အပေါ်မှာ ကုန်သွယ်ရေးအကျပ်ကိုင်မှုတွေကို လုပ်ခဲ့တဲ့အပြင် ပေကျင်းအစိုးရဟာ တရုတ် လျှပ်စစ်ကားတွေ အပေါ် တင်သွင်းမှု တန်ပြန်အခွန်တိုးကောက်ခံတဲ့ ဥရောပသမဂ္ဂကိုလည်း ၂၀၂၄ ခုနှစ်မှနေ ဝက်သား၊ နို့ထွက်ပစ္စည်း၊ ဘရန်ဒီနှင့် ကော့ညက် အရက် တင်ပို့မှုတွေကို ကန့်သတ် ခဲ့ပါတယ်။ ဒီကန့်သတ်ချက်ကြောင့်ပဲ ဥရောပ သမဂ္ဂဟာ ဒေါ်လာ လေးဘီလီယံနီးပါး ဆုံးရှုံးနစ်နာခဲ့ရပါတယ်။

ဩစတြေးလျ နိုင်ငံဟာလည်း တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးအကျပ်ကိုင်မှုခံရတဲ့ နောက်ထပ် ပစ်မှတ်နိုင်ငံတစ်ခု ဖြစ်လာပါတယ်။ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ကိုဗစ်ဖြစ်လာတာနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေ အပေါ်  ဩစတြေးလျရဲ့ စုံစမ်းစစ်ဆေးမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံဟာ ဩစတြေးလျမှ အသား၊ အစေ့အဆန်၊ ပင်လယ်စာ၊ ဝိုင်နှင့် အခြား ထုတ်ကုန် ဝယ်ယူမှုတွေကို ကန့်သတ် လိုက်တာကြောင့် ဒေါ်လာ လေး ဘီလီယံကျော်အထိ ဩစတြေးလျ ဆုံးရှုံးနစ်နာ ခဲ့ရပါတယ်။

တရုတ် အစိုးရအရာရှိတွေဟာ ကုန်သွယ်ရေးအရ အကျပ်ကိုင်တဲ့ ဗျူဟာကို ပွင့်ပွင့်လင်းလင်း ကျင့်သုံး ခဲ့ကြတာ ဖြစ်ပါတယ်။ ဩစတြေးလျစိုက်ပျိုးရေး ထုတ်ကုန်တွေ တရုတ်နိုင်ငံကို တင်ပို့မှု လျှော့ဆင်းသွားတာနဲ့ ပတ်သက်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “တရုတ်နိုင်ငံကို အခြေအမြစ်မရှိ စွပ်စွဲပုတ်ခတ်ရင်း တရုတ်နဲ့ စီးပွားရေး လုပ်ပြီး အကျိုးအမြတ် ရယူတာမျိုးကို မည်သည့်နိုင်ငံကိုမျှ ကျွန်ုပ်တို့ ခွင့်ပြုမည် မဟုတ်ပါ” လို့ ဖြေကြား ခဲ့ပါတယ်။

တရုတ်အစိုးရဟာ စိုက်ပျိုးရေး တင်ပို့တဲ့နိုင်ငံတွေနဲ့ ပတ်သက်ရင် သူရဲ့ ကြီးမားတဲ့ဈေးကွက်ကို အသုံးချပြီးတော့ Sword of Damocles လို ဘယ်အချိန်တွင် ကျရောက်လာမှန်းမသိသည့် ကြီးမားသော အန္တရာယ် ခြိမ်းခြောက်မှု ဗျူဟာကို ဆက်ပြီးတော့ သုံးသွားဖို့ ရှိပါတယ်။ တစ်ဖက်မှာလည်း တရုတ်အစိုးရဟာ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံတွေအပေါ်မှာ မှီခိုနေရတဲ့ ကိုယ်ရဲ့ အားနည်းချက်တွေကို သတိထားမိပြီးတော့ ကမ္ဘာ့စိုက်ပျိုးရေး ဈေးကွက်မှာ အသာစီးရဖို့အတွက် နည်းလမ်းအသစ် တွေကို ရှာဖွေလျက်ရှိပါတယ်။

နမူနာ တစ်ခုအနေနဲ့ ပြရရင် တရုတ်နိုင်ငံစိုက်ပျိုးရေးနဲ့ ကျေးလက်ရေးရာဝန်ကြီးဌာနက မျိုးစေ့တွေကို စိုက်ပျိုးရေးရဲ့ “မိုက်ခရို ချပ်စ်များ” လို့ ခေါ်ပါတယ်။ ဆိုလိုတာက အခြားစိုက်ပျိုးရေး ထုတ်လုပ်မှု အားလုံးအတွက် မျိုးစေ့တွေဟာ အခြေခံကျတဲ့ နည်းပညာဖြစ်တယ်ဆိုတာကို ညွှန်းဆိုထားတာပါ။  တရုတ်အစိုးရဟာ ဆွစ်ဇာလန် စိုက်ပျိုးရေး မျိုးစေ့နှင့် ပိုးသတ်ဆေး ကုမ္ပဏီ Syngenta ကို စံချိန်တင်ငွေကြေးနဲ့ ဝယ်ယူခဲ့တဲ့အပြင် AI သုံးပြီး မျိုးဗီဇပြုပြင်မှု နည်းပညာတွေနဲ့ အဆင်မြင့် မျိုးစေ့ထုတ်လုပ်မှု နည်းပညာတွေမှာ ရင်းနှီး မြှုပ်နှံမှုတွေကို တိုးမြှင့်ထားပါတယ်။

၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံဟာ နိုင်ငံတကာမျိုးစေ့မူပိုင်ခွင့်တွေ လျှောက်ထားမှုမှာ အမေရိကန်အပါအဝင် ဥရောပ သမဂ္ဂ နိုင်ငံတွေကို ကျော်တက်သွားပါတယ်။ တရုတ်နိုင်ငံဟာ အဆင့်မြင့် ဇီဝနည်းပညာသုံးပြီး မျိုးဗီဇ ပြုပြင်ထားတဲ့ မျိုးစေ့တွေ (Biotech Seed)ကို အဓိက ဦးစားပေးကာ စိုက်ပျိုးရေး မူပိုင်ခွင့်တင်လာပြီးတော့ စိုက်ပျိုးရေး သုတေသန ဖွံ့ဖြိုးရေးမှာ ကမ္ဘာ့အကြီးဆုံး ရန်ပုံငွေထောက်ပံ့သူ ဖြစ်လာပါတယ်။

၂၀၂၂ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ဇီဝနည်းပညာသုံးပြီး မျိုးဗီဇပြုပြင်ထားတဲ့ ပထမမျိုးဆက် ပြောင်းဖူးမျိုးစေ့တွေကို (biotech corn seeds) စီးပွားဖြစ် ထုတ်လုပ်နိုင်ခဲ့ပြီးတော့ ပြောင်းဖူးအထွက်နှုန်းမှာလည်း ၁၀ ရာခိုင်နှုန်းကျော်အထိ တိုးလာပါတယ်။ အကျိုးဆက် အနေနဲ့ တရုတ်နိုင်ငံရဲ့ ပြောင်းဖူးတင်သွင်းမှုဟာ ၂၀၂၃ ခုနှစ်မှာ မတ်ထရစ်တန် ၂၃ သန်းမှနေ မတ်ထရစ်တန် ခြောက်သန်းထိ လျော့ကျခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့  Syngenta ကုမ္ပဏီက မျိုးစေ့သစ် ၁၁၁ မျိုးကို တီထွင်နိုင်ခဲ့ပြီးတော့ တရုတ် အာဏာပိုင်တွေကနေ တီထွင်ထားတဲ့ မျိုးစေ့တွေကို စီးပွားဖြစ် သုံးစွဲဖို့ အတည်ပြုပေးခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ တိရစ္ဆာန်အစာအတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေနဲ့ အမိုင်နို အက်ဆစ် (amino acids) ထုတ်လုပ်မှုကိုလည်း လွှမ်းမိုးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ မွေးမြူရေးနဲ့ ကြက်ငှက် အစာတွေ အတွက် ကုန်ကြမ်း ၈၀ ရာခိုင်နှုန်းမှနေ ၁၀၀ ရာခိုင်နှုန်းအထိ လက်ရှိမှာ ထုတ်လုပ်နိုင်ပြီး ဖြစ်ပါတယ်။ အမေရိကန် တိရစ္ဆာန်အစာ ထုတ်လုပ်ရေး လုပ်ငန်းဟာ ကန့်သတ်ထားတဲ့ ရင်းမြစ်အတွေအပေါ် အလွန်အကျွံ မှီခိုနေရတာကြောင့် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်း ပြတ်တောက်သွားရင် တိရစ္ဆာန်အစာ ထုတ်လုပ်မှုအတွက် ထိခိုက်လွယ်တဲ့ အားနည်းချက် ဖြစ်လာနိုင်ပါတယ်။

အမေရိကန်မွေးမြူရေးအတွက် အရေးပါတဲ့ စက်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ တိရစ္ဆာန်အစာ ထုတ်လုပ်မှု အပေါ် တရုတ်လွှမ်းမိုးမှုဟာ တရုတ်နိုင်ငံအပေါ် အမေရိကန်ရဲ့ စားနပ်ရိက္ခာတင်ပို့မှု ကန့်သတ်ချက်၊  ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်တဲ့ အင်အားတစ်ခုအဖြစ် တရုတ်က ရှုမြင်ပါတယ်။ တကယ်လို့ အမေရိကန်ကသာ တရုတ်နိုင်ငံအပေါ် စားနပ်ရိက္ခာကန့်သတ်ချက် လုပ်ခဲ့ရင်လည်း ပေကျင်း ကလည်း ထိုနည်းအတိုင်း ပြန်လက်စားချေ တုံ့ပြန်နိုင်ပြီးတော့ အမေရိကန်ရဲ့ စိုက်ပျိုးမွေးမြူရေး စီးပွားရေးနဲ့ စားသုံးသူ နှစ်ဦးစလုံးကို ထိခိုက်နစ်နာစေမှာ ဖြစ်ပါတယ်။

အရေးပါတဲ့ ကုန်စည် အနည်းငယ်ကိုပဲ အသားတင် တင်ပို့နေတဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာ့စိုက်ပျိုးရေးဈေးကွက် အတွက် စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ပေကျင်းဟာ သူ့တင်သွင်းမှုတွေအပေါ် မှီခိုနေရတဲ့ နိုင်ငံတွေနဲ့ သူ့နိုင်ငံအပေါ် ကုန်စည်တင်ပို့တဲ့ နိုင်ငံတွေ အထိပါ ဩဇာလွှမ်းမိုးဖို့ ကြိုးစားနေတာပါ။

စားနပ်ရိက္ခာတင်ပို့တာကို လျှော့ချတာ၊ ကုန်ပစ္စည်းတင်ပို့တာကို ကန့်သတ်တာတွေကို တစ်ပြိုင်နက်တည်း ပြုလုပ် နိုင်တာကြောင့် ပေကျင်းဟာ ပထဝီနိုင်ငံရေး ဩဇာလွှမ်းမိုးမှုအတွက် စိုက်ပျိုးရေးကဏ္ဍကို ဆက်ပြီးတော့ အသုံးချ လာနိုင်ခြေရှိပါတယ်။

တရုတ်ဟာ အမေရိကန်ကိုကျော်လွန်ပြီး ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာမှာ အားသာချက်ရရှိနိုင်ဖို့အတွက်ဆို ဖြစ်နိုင်တဲ့ လမ်းကြောင်း အားလုံးကို သုံးလာနိုင်တာကြောင့် စားနပ်ရိက္ခာတင်ပို့မှုနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အမေရိကန်နဲ့ တရုတ် အားပြိုင်မှုတွေကို ပိုမြင် တွေ့ရလာနိုင်ပါတယ်။

Click to rate this post!
[Total: 2 Average: 3.5]

Leave a Comment

Your email address will not be published. Required fields are marked *