နာဇီဆိုသည့် ဝေါဟာရမှာ ကမ္ဘာကြီး၏ သမိုင်းတွင် ယနေ့တိုင်အသည်း တဆတ်ဆတ်ခါသူများ အတွက် နှိုင်းပြစရာ အသုံးအနှုန်းအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ ယနေ့တိုင် ရိုက်ကူးခဲ့သောရုပ်ရှင်များ၊ ရေးသားခဲ့ကြသော စာအုပ်များက ထိုအချက်ကိုကောင်းစွာသက်သေခံနေဆဲဖြစ်သည်။ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများစွာထဲမှ ဒုတိယကမ္ဘာ စစ်အတွင်း ဂျာမနီနာဇီတို့ တည်ဆောက်ခဲ့သည့် အော့စဝှစ်-ဘီရကင်နော (Auschwitz-Birkenau) သေမင်းတမန် အကျဉ်းစခန်းသည် လူသားတို့၏ စိတ်ကူးစိတ်သန်းဖြင့် ဖန်တီးနိုင်သမျှသော ငရဲခန်းများတွင်အဆိုးဝါးဆုံးဖြစ်သည်။
လူပေါင်း ၁ ဒသမ ၃ သန်းကျော် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ၁ ဒသမ ၁ သန်းကျော်သည် ဂတ်စ်ဓာတ်ငွေ့ခန်းများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ ရောဂါဘယနှင့် ငတ်မွတ်မှုများကြောင့် မြေမှုန်ဖြစ်ခဲ့ရသည်။ ရထားပေါ်မှ ဆင်းဆင်းချင်း နာဇီအစောင့် (SS) တို့၏ လက်ညှိုးတစ်ချက် အောက်တွင် ကလေးသူငယ်များ၊ အသက်ကြီးသည်ဟု ယူဆရသောသူများကို သေလူအဖြစ် ဘယ်ဘက်တန်းသို့ ပို့ဆောင်ခံရပြီး နာရီပိုင်းအတွင်း လူသားအဖြစ်မှပြာမှုန်အဖြစ် ပြောင်းလဲသွားကြသည်။ ကျန်ရှိသော အလုပ်လုပ်နိုင်သူ လေးသိန်းခန့်မှာလည်း ခန္ဓာကိုယ်ပေါ်တွင် နံပါတ်များ ရိုက်နှိပ်ခံရပြီး လူသားအဖြစ်မှ တိရစ္ဆာန်ကဲ့သို့ အဆင့်အတန်းသို့ ရုတ်ခြည်း ရောက်ရှိသွားခဲ့ကြသည်။ သို့သော် ဤကဲ့သို့ ငရဲခန်းကြီး အတွင်း၌ပင် နေခဲ့ရသော်လည်း ကြံ့ကြံ့ခံ ရှင်သန်နိုင်စွမ်းရှိကြောင်း၏ နောက်ကွယ်တွင် ခိုင်မာသော ဘဝအဓိပ္ပာယ်နှင့် လေးနက်လှသော မေတ္တာတရား ရှိကြောင်းကို သူရဲကောင်းနှစ်ဦးက သက်သေပြ သွားခဲ့သည်။ ၎င်းတို့မှာ ဩစတြီးယားလူမျိုး စိတ်ပညာရှင် ဗစ်တာ ဖရန့်ကယ်လ် (Viktor Frankl) နှင့် ပိုလန် တော်လှန်ရေး ရဲဘော် ဝစ်တိုးလ် ပီလက်ခီ (Witold Pilecki) တို့ ဖြစ်ကြသည်။


ဝစ်တိုးလ် ပီလက်ခီကို “အော့စဝှစ်ထဲသို့ မိမိသဘောဆန္ဒအလျောက် ဝင်ရောက်သွားခဲ့သည့် တစ်ဦးတည်းသောလူ” အဖြစ် သမိုင်းမှတ်တမ်းတင်ထားကြသည်။ ၁၉၄၀ ခုနှစ်တွင် နာဇီ တို့၏ အော့စဝှစ် စခန်းအတွင်း၌ မည်သို့သော ရက်စက်မှုများ ဖြစ်ပျက်နေသည်ကို ကမ္ဘာက မသိသေးချိန် တွင် ပီလက်ခီသည် ထိုစခန်းအတွင်းမှ အဖြစ်အပျက် များကို သိနိုင်ရန်နှင့် လျှို့ဝှက် တော်လှန်ရေးအဖွဲ့ ဖွဲ့စည်းရန်နိုင်ရန်ရည်ရွယ်၍ အရပ်သား မှတ်ပုံတင် အတုတစ်ခုကို အသုံးပြုကာ နာဇီတို့ထံ တမင်သက် သက် အဖမ်းခံခဲ့သည်။ ၁၉၄၃ ခုနှစ် ဧပြီလတွင် သူ၏ လျှို့ဝှက်ချက် ပေါက်ကြား တော့မည့် အန္တရာယ် နှင့် ရင်ဆိုင်ရသောအခါ စခန်းပြင်ပရှိ မုန့်တိုက် တစ်ခုတွင် ညဆိုင်း အလုပ်ဆင်းရသည့် အခွင့်အရေးကို အသုံးချလျက် သံတံခါးကို သော့တုဖြင့်ဖွင့်ကာ နာဇီ အစောင့်များကို လုံးထွေးသတ်ပုတ်၍ သေနတ် သံများကြားမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ဤသို့ဖြင့်ပီလက်ခီသည် အော့စဝှစ် အကျဉ်းထောင် အတွင်း၌ ၉၄၇ ရက် (နှစ်နှစ်ခွဲကျော်) ကြာအောင်နေထိုင်ခဲ့ပြီး ရဲဘော်ပေါင်းရာချီကို လျှို့ဝှက်အဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သလို ရက်စက်မှု မှတ်တမ်းများကို မဟာမိတ်တပ်များ သိရှိစေရန် အသက်နှင့်လဲ၍ ခိုးထုတ် ပေးခဲ့သည်။
နောက်တစ်ဦးမှာ “အခြေအနေတစ်ခုကို ကျွန်ုပ်တို့ မပြောင်း လဲနိုင်တော့တဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ စိန်ခေါ်ခြင်း ခံရတာ ဖြစ်ပါတယ်” ဟုဆိုခဲ့သည့် ဗစ်တာဖရန့်ကယ် ဖြစ်သည်။ ဗစ်တာဖရန့်ကယ်လ်သည် ၁၉၄၂ ခုနှစ်တွင် သူ၏ဇနီး၊ မိဘများနှင့်အတူ နာဇီတို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး စုစုပေါင်း အကျဉ်းစခန်း လေးခု (အော့စဝှစ် အပါအဝင်) တွင် သုံးနှစ်ကြာ အလုပ်ကြမ်း လုပ်ခဲ့ရ သည်။ သူ၏ မိခင်သည် ရောက်စမှာပင် ဂတ်စ်ငွေ့ပေးကာ အသတ်ခံ ခဲ့ရပြီး၊ ဖခင်နှင့် ညီ ဖြစ်သူတို့မှာ လည်း စခန်းထဲ၌ပင် ကွယ်လွန်ခဲ့ကြသလို ကိုယ်ဝန်ရှိနေသည့် သူ၏ ဇနီးသည် Tilly မှာ အခြား စခန်း တစ်ခုတွင် ရောဂါဖြင့် သေဆုံးသွားခဲ့ရှာသည်။ သို့နှင့်ဖရန့်ကယ်တွင် အကျဉ်းသား နံပါတ် ၁၁၉၁၀၄သာ ကိုယ်ပိုင်အဖြစ် ကျန်ရှိတော့သည်။ ဖရန့်ကယ်လ်သည် ဆောင်းတွင်းနှင်းတောထဲ၌ ရထားလမ်း ဖောက်လုပ်ရန် လမ်းလျှောက်သွားနေစဉ် အလှည့်အပြောင်းတစ်ခု ကြုံခဲ့ရသည်။ အစောင့်ရဲသားများ ၏ ရိုက်နှက်သံများ၊ အအေးဒဏ်ကြောင့် ခြေချောင်းများ နာကျင်နေမှုများ ကြားထဲမှ သူသည် စိတ်ထဲ၌ သူ၏ ချစ်လှစွာသော ဇနီးသည်မျက်နှာကို မြင်ယောင်ကာ စကားပြောနေမိသည်။ ထိုအချိန်တွင် ဖရန့် ကယ်လ်သည် လူသားတို့၏ စိတ်ပညာသမိုင်းတွင် အလွန် လေးနက်လှသော အမှန်တရား တစ်ခုကို ရုတ်တရက် သဘောပေါက် သွားခဲ့သည်။
ထိုအကြောင်းကို သူ၏ စာအုပ်ထဲတွင် -“လူသား တစ်ယောက် အတွက် အမြင့်ဆုံးနှင့် အဆုံးစွန်သော ပန်းတိုင်သည် ‘ချစ်ခြင်းမေတ္တာ’ ဟုရေးသားခဲ့သည်။ လူတစ်ယောက်သည် မည်သည့်ပစ္စည်းဥစ္စာမျှ မကျန်တော့ သည့်တိုင်အောင်၊ ခဏတာမျှ ဖြစ်စေ မိမိချစ်ရသူကို တမ်းတအောက်မေ့ခြင်းအားဖြင့် စိတ်ချမ်းသာမှုနှင့် ဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေနိုင်ဆဲဖြစ်သည်။ ဖရန့်ကယ်လ်သည် ဇနီးသည် အသက်ရှင်နေသလား၊ သေဆုံးသွားပြီလား ဆိုသည်ကို မသိရသော် လည်း ၎င်းအချက်က အရေးမကြီးတော့ပေ။ သူ၏ နှလုံးသားထဲတွင် ရှိနေသော ချစ်ခြင်း မေတ္တာ၏ ဖြစ်တည်မှု (The presence of love) သည် ရက်စက်မှု အားလုံးထက် ပိုမို အားကောင်းပြီး သူ့ကို ဆက်လက်ရှင်သန်ရန် တွန်းအားပေးခဲ့သည်။ စိတ်လျှော့လိုက်သည်နှင့် ချက်ချင်း သေဆုံးနိုင်သည့် ဒုက္ခပေါင်း များစွာရှိသည့်အကျဉ်းစခန်းတွင်း၌ ဤမေတ္တာတရားသည်ပင် ဖရန့်ကယ်လ်ကို သေမင်း လက်မှ လွတ်မြောက်ခြင်း၏ အဓိကအချက် ဖြစ်ခဲ့သည်။
ဖရန့်ကယ်လ်သည် လွတ်မြောက်လာပြီးနောက် သူ၏ အတွေ့အကြုံများကို အခြေခံ၍ Logotherapy (ဘဝအဓိပ္ပာယ် ရှာဖွေခြင်းကုထုံး) ကို တင်ပြခဲ့သည်။
ဤသီအိုရီတွင် စိတ်ဝင် စားစရာ အကောင်းဆုံး အချက်တစ်ခုမှာ Hyper-reflection (မိမိကိုယ်ကိုယ် အလွန်အကျွံ အာရုံစိုက်ခြင်း) ၏ ဆိုးကျိုးပင်ဖြစ်သည်။ ဖရန့်ကယ်လ်က လူတစ်ဦးသည် မိမိ၏ တုံ့ပြန်မှု၊ မိမိ၏ ခံစားချက်၊ မိမိ၏ စိတ်ဒဏ်ရာနှင့် ပြဿနာများကိုသာ ထိုင်ပြီး အာရုံစိုက် နေပါက ထိုသူသည် ပတ်ဝန်းကျင်နှင့် ကင်းကွာ ၍ ပိုမိုအထီးကျန်လာပြီး စိတ္တဇဖြစ်လာလိမ့်မည်ဟု ထောက်ပြခဲ့သည်။ သူက ဤဖြစ်စဉ်ကို “မျက်လုံး” ၏ သဘာဝဖြင့် ဥပမာပေးခဲ့သည်။ ကျန်းမာသော မျက်လုံးသည် မိမိမှလွဲ၍ ပြင်ပအရာများကို မြင်ရပြီး မိမိကိုယ်ကို ပြန်ကြည့်ရန်သတိမထားမိပေ။ အကယ်၍ မျက်လုံးသည် အပြင်ကို မမြင်ရတော့ဘဲ မိမိအတွင်းပိုင်းကို ပြန်မြင်နေရပြီဆိုလျှင် ထိုမျက်လုံးသည် ချို့ယွင်းနေပြီ ဖြစ်သည်။ ယနေ့မျက် မှောက်ခေတ် လူ့အဖွဲ့အစည်းကို ပြန်လည်ကြည့်ရှုလျှင် ဤ Hyper-reflection ပြဿနာကို အတိုင်း သား မြင်တွေ့နိုင်သည်။ လူမှု ကွန်ရက် စာမျက်နှာများ၊ တစ်ကိုယ်ကောင်းဆန်မှုများ ထွန်းကားလာ သောခေတ်တွင် လူများသည် “ငါ ဘာဖြစ်နေလဲ၊ ငါ့ကို ဘယ်သူတွေက ဘာပြောလဲ၊ ငါ့ဘာတွေ ဖြစ်လာမလည်းဆိုသည့်” ဆိုသည့် မိမိကိုယ်ကိုယ် အာရုံစိုက်လွန်ခြင်း ထဲတွင်ပိတ်မိနေကြသည်။ ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်လွန်းသည့် အတွက် အခြားသူများကို စာနာရန် မေ့လျော့ လာပြီး လူမှု ဆက်ဆံရေးတွင် သံသယစိတ်များကြီးထွားလာကာ သောကရောက်ခြင်း ဝေဒနာများကို ပိုမိုခံစား လာရသည်။
ဤဆိုးကျိုးကို ကျော်လွှားရန် အတွက် Logotherapy က တင်ပြသည့် အချက်တစ်ခုမှာ Self-Transcendence (မိမိကိုယ်ကိုယ်ထက် ကျော်လွန်ခြင်း) ဖြစ်သည်။ လူသားတစ်ဦးသည် မိမိကိုယ် ထက် ကြီးမြတ်သောအရာများ၊ အပြင်လောကရှိ တန်ဖိုးများနှင့် အခြားသူများ၏ လိုအပ်ချက်များ ဆီသို့ အတွေးကို လွှဲပြောင်းပေးရမည်။ ဖရန့်ကယ်လ်က စာအုပ်ထဲတွင် အကျဉ်းစခန်း တွင်းမှ ပေါင်မုန့် တစ်ဖဲ့၏ ဥပမာကို တင်ပြခဲ့သည်။ စခန်းထဲ၌ အကျဉ်းသားအများစုသည် မိမိတို့ အစာငတ် မသေရေး အတွက် ပေါင်မုန့်အစအနလေးများကိုပင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ဝှက်သိမ်းစားသောက်ကြသည်။ သို့သော် အချို့သော အကျဉ်းသားများသည် မိမိတို့တွင်ရှိသည့် နောက်ဆုံး ပေါင်မုန့်တစ်ဖဲ့ကိုပင် မိမိ ထက် ပိုမိုဆာလောင်မွတ်သိပ်နေသည့် အခြားအကျဉ်းသားတစ်ဦးအား ပေးကမ်းကာ နှစ်သိမ့်စကား ပြောခဲ့ကြသည်။ ထိုပေါင်မုန့် ပေးခဲ့သူများသည် သေဆုံးရန် ရာခိုင်နှုန်း ပိုများသော်လည်း သူတို့၏ အတွင်းစိတ်ဝိညာဉ်တွင် နာဇီများက မည်သို့မျှ လုယူ၍ မရသော “လူသားဆန်မှုနှင့် မေတ္တာတရား” ကို အောင်မြင်စွာ ထိန်းသိမ်းသွားနိုင်ခဲ့ကြသည်။ သူတို့သည် မိမိ၏ ဆာလောင်မှုကို ကျော်လွန်၍ အခြား သူကို ငဲ့ညှာခဲ့ကြသည်။ ဖရန့်ကယ်လ်က ဆိုသည်မှာ “စစ်မှန်သော ပျော်ရွှင်မှုနှင့် အောင်မြင်မှု ဆိုသည်မှာ မိမိကိုယ်မှာသာ ရှာဖွေနေ၍ မရနိုင်ပါ။ အခြားသူများကို မေတ္တာပေးခြင်း၊ အလုပ်တစ်ခုကို ပြည့်ပြည့်ဝဝ လုပ်ဆောင်ခြင်း စသည့် ဘဝအဓိပ္ပာယ် နောက်သို့ လိုက်သည့်အခါမှသာ ပျော်ရွှင်မှုသည် ဘေးထွက်အဖြစ် အလိုအလျောက် လိုက်ပါလာခြင်းဟုဆိုသည်။
အော့စဝှစ် အကျဉ်းစခန်းကြီးသည် ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် ဆိုဗီယက် တပ်များ၏ ကယ်တင်မှုဖြင့် သမိုင်းတစ်ခန်းရပ်ခဲ့ပြီဖြစ်သော်လည်း ၎င်းပေးခဲ့သည့် သင်ခန်းစာများက ယနေ့တိုင် ရှင်သန်နေဆဲဖြစ်သည်။ ကျွန်တော်တို့သည် ယနေ့ခေတ်တွင် နာဇီအကျဉ်းစခန်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ပိတ်လှောင်မှုမျိုး မကြုံရသော်လည်း လုပ်ငန်းခွင် အကျပ်အတည်း၊ လူမှုရေးသောကများနှင့် စိတ်ပိုင်း ဆိုင်ရာ ပိတ်လှောင်မှု ငရဲခန်းငယ်လေးများကိုယ်စီကို နေ့စဉ် ဖြတ်သန်းနေကြရသည်။ ထိုအခါမျိုးတွင် ဗစ်တာ ဖရန့်ကယ်လ်နှင့် ဝစ်တိုးလ် ပီလက်ခီတို့၏ သမိုင်းဝင် ရှင်သန်မှုများကို ပြန်လည် သတိရသင့်သည်။ လူတစ်ယောက်ထံမှ စည်းစိမ်ဥစ္စာ၊ အဆင့်အတန်းနှင့် လွတ်လပ်ခွင့် အားလုံးကို လုယူနိုင် သော်လည်း မိမိကြုံတွေ့ရသည့် အခြေအနေဆိုးအပေါ် “မည်သို့ တုံ့ပြန်မည်၊ မည်သို့သော စိတ်ထားမျိုး ထားရှိမည်” ဆိုသည့် လူသား၏ နောက်ဆုံးလွတ်လပ်ခွင့် (The last of the human freedoms) ကိုမူ မည်သူမျှ လုယူ၍မရနိုင်ပါ။ မှန် (Mirror) ထဲမှာ ကိုယ့်မျက်နှာကိုယ်ပဲ ထိုင်ကြည့်ပြီး သောက ရောက် နေမည့်အစား ပြတင်းပေါက် (Window) အပြင်က ပတ်ဝန်းကျင်ကို ကြည့်ကာ မိမိတတ်နိုင် သည့် မေတ္တာတရား၊ စာနာမှုနှင့် တာဝန်သိစိတ်တို့ဖြင့် အခြားသူများကို ကူညီဖေးမခြင်းဖြင့်သာ ကျွန်တော်တို့၏ မည်သည့်ဒုက္ခဆင်းရဲကိုမဆို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်မည့် စစ်မှန်သော ဘဝအဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိနိုင်မည်။ ဖရန့်ကယ်လ်က ဂျာမန် အတွေးအခေါ် ပညာရှင် နီချေး (Nietzsche) ၏ စကား ကို ကိုးကား၍ “အသက်ရှင်ရန်အတွက် ခိုင်မာသော အကြောင်းပြချက် (Why) ရှိသူသည် မည်သို့သော ခက်ခဲသည့် အခြေအနေ (How) ကိုမဆို ကြံ့ကြံ့ခံနိုင်သည်” ဟု ဆိုခဲ့သည်။ ပီလက်ခီအတွက် ရှင်သန်ရ ခြင်း အကြောင်းပြချက်သည် မိမိကိုယ်ကျိုးအတွက် မဟုတ်ဘဲ စခန်းထဲ၌ ဒုက္ခခံစားနေသူများအပေါ် လူသားဆန်သောစိတ်နှင့် ကယ်တင်လိုသော မေတ္တာတရား (Altruistic Love) ဖြစ်သည်။ ထိုကြီးမြတ်သော ရည်ရွယ်ချက်က သူ့တို့ကို ငရဲခန်းထဲတွင် စိတ်ဓာတ် ပြိုလဲမသွားအောင် သံမဏိသဖွယ် မတ်မတ် ရပ်တည် ပေးထားခဲ့ခြင်းဖြစ်သည်။
ပီလက်ခီ၏ လူသားဆန်မှုနှင့် ဖရန့်ကယ်၏ မေတ္တာတရားတို့သည် ယနေ့တိုင် ကမ္ဘာကြီး၏ မီးရှုးတန်ဆောင်အဖြစ် ထွန်းလင်း နေသည်မှာ ငြင်းဆန်၍ မရသော အလင်းတန်းကြီးများ (သို့မဟုတ်) ဒုက္ခလမ်းများ ပေါ်မှ ပွင့်ဖူးလာသည့် ပန်းများ ဆိုခဲ့လျှင်လည်း မှားနိုင်မည်မထင်ချေ။
- စာပြီးရက် – စက်တင်ဘာလ ၂၈ ရက်
- စာပြီးချိန် – ည ၉ နာရီ ၄၅ မိနစ်


