ပုပ်ရဟန်းမင်း လီယို ၁၄ ဟာ ပုံစံဟောင်းတွေကို ထားရစ်ခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကို ပြစ်တင်ရှုတ်ချခဲ့သလို သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဝေဖန်ချက်ကိုလည်း ယုံကြည်မှုအပြည့်နဲ့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
ပုပ်ရဟန်းမင်း လီယို ၁၄ ဟာ အာဖရိကတိုက်ကို သွားရောက်တဲ့ ၁၁ ရက်ကြာ ခရီးစဉ်အပြီး ဧပြီလ ၂၃ ရက်၊ ကြာသပတေးနေ့မှာ ဗာတီကန်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့ သာသနာပိုင် သက်တမ်းမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိလာပုံရပြီး၊ အရင်တုန်းက ထိန်းထိန်း သိမ်းသိမ်း ရှိလှတဲ့အပြင် တစ်ခါတစ်ရံမှာ အမှားမခံနိုင်လောက်အောင် အလွန်ဂရုစိုက်တတ်တယ်လို့ လူသိများတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အခုအချိန်မှာ ပြတ်ပြတ်သားသားနဲ့ အာဏာရှိရှိ တုံ့ပြန် ပြောဆိုနိုင်စွမ်း ရှိတယ်ဆိုတာကို ရုတ်တရက် ထုတ်ဖော်ပြသလိုက်တာပဲ ဖြစ်ပါတယ်။
သူဆက်ခံခဲ့ရတဲ့ ပြီးခဲ့တဲ့နှစ် အခုလို ရက်သတ္တပတ်မှာ ပျံတော်မူသွားတဲ့ သူ့အရင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထက် ပိုပြီး အေးဆေးတည်ငြိမ်မှု ရှိတဲ့အပြင် အစစအရာရာ ပိုပြီးတော့ ဆင်ခြင် သတိထားတတ်သူ၊ စေ့စပ်သေချာသူ ရှီကာဂိုဇာတိဖွား ပုပ်လီယို ၁၄ (ကက်သလစ် ခရစ်ယာန် ဘာသာဝင် ၁ ဒသမ ၄ ဘီလီယံရဲ့ ခေါင်းဆောင်) ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မမျှမတ ပြောဆိုဝေဖန်မှုကို တုံ့ပြန်ရာမှာ အရှိန်မြှင့်ဖို့ စိတ်မဝင်စားဘူး ဆိုတာကို ပြသခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို အမေရိကန် သမ္မတရုံးစိုက်ရာ အိမ်ဖြူတော်မှာပဲဖြစ်စေ၊ ဒါမှမဟုတ် သူအခု သွားရောက်လည်ပတ်ခဲ့တဲ့ အာဖရိကတိုက်က ဘေးဒုက္ခမျိုးစုံကို ရင်ဆိုင်နေရတဲ့ နိုင်ငံတွေမှာပဲဖြစ်စေ၊ အမှန်တရားအတွက် မိမိရဲ့ ရပ်တည်ချက်ကို ရင်ဆိုင်ပြောဆိုဖို့ ဝန်မလေးသလို တွန့်ဆုတ်နေမှာလည်း မဟုတ်ပါဘူး။
အယ်လ်ဂျီးရီးယား၊ ကင်မရွန်း၊ အင်ဂိုလာနဲ့ အီကွေတိုရီရယ်ဂီနီ နိုင်ငံတွေဆီ သွားရောက်ခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်နဲ့ အတူ အီရန်စစ်ပွဲကို ဆန့်ကျင်တဲ့ သူ့သဘောထားနဲ့ ဝေဖန်မှုတွေဟာ တွဲဖက်ပါဝင်လာပါတယ်။ ပုပ်ရဟန်းမင်းရဲ့ နိုင်ငံတော်ကို လေ့လာစောင့်ကြည့်နေကြသူတွေကတော့ ဒါကို အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ရပ်လို့ အဓိပ္ပာယ်ကောက်ယူကြပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တုန်းက မပြောခဲ့တဲ့ ပုံစံမျိုးနဲ့ အခု ပုပ်ရဟန်းမင်း လီယို ၁၄ ကတော့ ခပ်ပြတ်ပြတ် ခပ်ရှင်းရှင်းနဲ့ အတော်ကို တိကျပြီး အင်တိုက်အားတိုက် ပြောဆိုခဲ့ပါတယ်။ သူဟာ စစ်လက်နက်တွေ ထုတ်လုပ်တဲ့ စက်မှု လုပ်ငန်း (တစ်နည်း) စစ်အခြေခံစက်မှုလုပ်ငန်းတွေ၊ နိုင်ငံရေးအရ အာဏာရှင်ဆန်တဲ့ ဖိနှိပ် အုပ်ချုပ်တဲ့စနစ်နဲ့ အကျင့်ပျက်ခြစားမှုတွေ၊ ကိုလိုနီလက်သစ်ဝါဒ၊ တန်းတူညီမျှမှု မရှိတာနဲ့ သဘာဝအရင်းအမြစ်တွေကို ဖျက်ဆီးရာရောက်စေတဲ့ အလွန်အကျွံ ထုတ်ယူတာမျိုးတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ပုပ်လီယိုဟာ အရင်တုန်းကလည်း သူ့အမြင်ကို ဒီလိုပဲ ပြင်းပြင်းထန်ထန်၊ တင်းတင်းမာမာ ပြောခဲ့ဖူး ပါတယ်။ ဒါ့ပြင် အားလုံးခြုံပြောရရင်တော့ သူ့ရဲ့အမြင်တွေမှာ အဓိက အကြောင်းအရာတွေနဲ့ စပ်လျဉ်းလို့ ပြောင်းလဲမှု မရှိသေးပါဘူး။ အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့ စပ်လျဉ်းတဲ့ သူ့ရဲ့ သတင်း စကားပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗာတီကန်က တာဝန်ရှိသူတချို့ကတော့ ပုပ်လီယိုဟာ အခုအခါမှာ ပိုပြီး ရှင်းလင်းတိကျအောင် ပြောဆိုလာနေတယ်ဆိုတာကို ဝန်ခံခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ပိုပြီးပြင်းထန်လာတဲ့ သတင်းစကားတွေကို ဒီကနေ့ခေတ် ပေါ်ပေါက်နေတဲ့ နိုင်ငံတကာ အရေးအခင်း တွေအပေါ် တုံ့ပြန်မှုတစ်ရပ်လို့ သတင်းမီဒီယာတွေက ရေးသားဖော်ပြကြပြီး ပြန်လည် ဆန်းသစ်လာတဲ့ မီဒီယာတွေရဲ့ အာရုံစိုက်မှု တိုးလာတာကို ထင်ဟပ်တဲ့ အချက်တစ်ခုလို့လည်း ရှုမြင်ကြပါတယ်။
အာဖရိကတိုက်မှာဆိုရင် “အေးဆေးတည်ငြိမ်ပြီး နှုတ်ဆိတ်တဲ့ ပုပ်ရဟန်းမင်း” လီယိုဟာ သူ့ရဲ့ သက်တမ်းတစ်လျှောက် အသံအကျယ်ဆုံး မိန့်ခွန်းတချို့ကို ပြောကြားခဲ့ပါတယ်။ ကင်မရွန်းနိုင်ငံကို ရောက်တဲ့အချိန်မှာ ကမ္ဘာကြီးကို မြေလှန်ဖျက်ဆီးခဲ့တဲ့ “အာဏာရှင် လက်တစ်ဆုပ်စာ” နဲ့ “စစ်ပွဲတွေရဲ့ အရှင်သခင်” တွေကို အဓိက ပစ်မှတ်ထားပြီး ထိထိရောက်ရောက် ဝေဖန်ခဲ့ပါတယ်။ ကမ္ဘာကြီးကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖျက်ဆီးခဲ့ကြတဲ့ ဒီလူတွေဟာ ဖျက်ဆီးပစ်ဖို့ကတော့ ခဏတာမျှသာ ကြာပေမယ့် ပြန်လည်တည်ဆောက်ဖို့ ယေဘုယျအားဖြင့် ဘဝ တစ်သက်လုံးတောင် အချိန်မလုံ လောက်ဘူး ဆိုတာကို သိလျက်သားနဲ့ မသိချင်ယောင်ဆောင်နေကြတယ်လို့ ပုပ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ကနဦးတုန်းကတော့ တချို့က ဒီမိန့်ခွန်းဟာ ထရမ့်ကို ရည်ညွှန်းတာလို့ အဓိပ္ပာယ် ကောက်ယူခဲ့ ကြပါတယ်။ မစ္စတာ ထရမ့်ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက လူမှုကွန်ရက် စာမျက်နှာကနေ ပုပ်ရဟန်းမင်းကြီးကို ပြင်းပြင်းထန်ထန် ပုတ်ခတ်စွပ်စွဲချက်တွေနဲ့ တိုက်ခိုက်ခဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ ထရမ့်ရဲ့စာ မထွက်လာမီကတည်းက ဒီမိန့်ခွန်းကို ရေးသားထားတာဖြစ်ပြီး အမေရိကန်ကို ရည်ရွယ်တာ မဟုတ်ဘူးလို့ ပုပ်လီယိုက နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် သမ္မတ ထရမ့်နဲ့ အငြင်းပွားရတာဟာ သူ့ရဲ့ အကျိုးစီးပွားမဟုတ်ပါဘူးဆိုပြီး သူတို့နှစ်ဦး အချေအတင် ဖြစ်ရတာကို လျှော့ချဖို့ ကြိုးပမ်းခဲ့ပါတယ်။
အာဖရိကခရီးစဉ် ထွက်မယ့်မနက်မှာပဲ ပုပ်ရဟန်းမင်း လီယိုက လူထုအတွက် အသစ်အဆန်း ဖြစ်နေတဲ့ တင်းမာပြတ်သားတဲ့ အသွင်ကို ပြသခဲ့ပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ ရဟန်းမင်း တစ်ပါးမှာ တွေ့ရခဲတဲ့ အသုံးအနှုန်းတွေနဲ့ လီယိုက ထရမ့်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ခဲ့ပါတယ်။ အဲဒီမှာ သူဟာ အမေရိကန်အစိုးရအဖွဲ့ကို ကြောက်ရွံ့မှု မရှိတဲ့အကြောင်းနဲ့ ဧဝံဂေလိတရားတော်ကို အလွဲသုံးစား လုပ်တဲ့သူတွေကို ဆက်ပြီး ဝေဖန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဧပြီလ ၂၃ ရက် အိမ်ပြန်ခရီးမှာလည်း ပုပ်လီယိုက အီရန်စစ်ပွဲကို ကန့်ကွက်ကြောင်း ထပ်မံအတည်ပြုခဲ့ပြီး သဘောထားသစ်နဲ့ ငြိမ်းချမ်းရေးယဉ်ကျေးမှုကို မြှင့်တင်ရမယ်လို့ ဆိုခဲ့ပါတယ်။
တောင်ပိုင်းအာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရေနံအကြီးအကျယ် ကြွယ်ဝလှပေမယ့် ဆင်းရဲမွဲတေမှု နက်ရှိုင်းတဲ့အပြင် အကျင့်ပျက်ခြစားမှု သမိုင်းစဉ်ရှိတဲ့ အင်ဂိုလာနိုင်ငံမှာတော့ ပုပ်လီယိုက အပြောင်းအလဲကို မလိုလားဘဲ တုံ့ဆိုင်းထိုင်းမှိုင်းနေတတ်ပြီး အုပ်စိုးသူတွေရဲ့ အာဏာစက်အောက်မှာ နာခံလွယ်ကာ အညံ့ခံတတ်တဲ့ လူထုကို အုပ်စိုးနေကြတဲ့ အာဏာရှင်တွေအကြောင်းကို မိန့်ခွန်းမှာ ထည့်ပြောခဲ့ ပါတယ်။ အင်ဂိုလာသမ္မတ ဟွာအို လိုရန်ကိုရဲ့ အိမ်တော်မှာကျင်းပပြီး သမ္မတနဲ့ အရပ်ဘက် အဖွဲ့အစည်းဝင်တွေ တက်ရောက်တဲ့ အစည်းအဝေးမှာ ပုပ်လီယိုက သယံဇာတ တူးဖော်ရေး လုပ်ငန်း တွေကို အဓိက ပစ်မှတ်ထား ဝေဖန်ခဲ့ပါတယ်။ အခုလို သယံဇာတ ပစ္စည်းတွေကို အလွန်အကျွံ ထုတ်ယူ သုံးစွဲလိုတဲ့ ဝါဒကြောင့် ဆင်းရဲဒုက္ခတွေ၊ လူတွေအပါအဝင် သက်ရှိသတ္တဝါတွေ သေဆုံးနေရမှု၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်တွေ ဘယ်လောက်တောင် ဖြစ်ပွား နေရသလဲ ဆိုတာကို ထောက်ပြခဲ့ပါတယ်။
ဒါ့ပြင် သူက အင်ဂိုလာခေါင်းဆောင်တွေကို အထူးတလည် ရည်ညွှန်းပြောကြားခဲ့ပြီး “မိမိတို့ရဲ့ တစ်ဦးချင်းအကျိုးစီးပွား ဖြစ်ထွန်းရေးထက် အများအကျိုး၊ တိုင်းသူပြည်သားတွေရဲ့ ဘုံအကျိုး စီးပွားကို ရှေ့တန်းတင် စဉ်းစားဆောင်ရွက်ကြဖို့၊ မိမိတို့ရဲ့ အခန်းကဏ္ဍကို နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ ဘယ်တော့မှ ရောထွေးမှုမရှိစေဖို့” တိုက်တွန်းခဲ့ပါတယ်။
ပုပ်ရဟန်းမင်း လီယိုဟာ အီကွေတိုရီယယ်ဂီနီနိုင်ငံက သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးကြားထဲမှာ သူ့မိန့်ခွန်းကို နားထောင်နေကြတဲ့ အကျဉ်းသားတွေကို မိန့်ကြားရာမှာ “ဘုရားသခင်ရဲ့ မေတ္တာတော်ကနေ ဘယ်သူ့ကိုမှ ဖယ်ထုတ်မထားပါဘူး” ဆိုတဲ့ မိန့်ကြားချက်မျိုးနဲ့ တစ်စတစ်စ ပိုမိုပြတ်သားလာတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ရပ်တည်ချက်တွေကို နက်နဲတဲ့ ကိုယ်ချင်းစာတရားတွေနဲ့ ပေါင်းစပ် ဖော်ပြခဲ့ပါတယ်။
ဒီအချက်တွေကြောင့်ပဲ အချို့သူတွေက “ငြိမ်းချမ်းရေး သာသနာပိုင်ကာလ” လို့တောင် စတင် ခေါ်ဝေါ်နေကြပါတယ်။ မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ သာသနာပိုင် ရာထူးသက်တမ်းဟာ ငြင်းမရနိုင်လောက်အောင် တိုးတက် ကျယ်ပြန့် လာခဲ့တယ်လို့ သုံးသပ်ကြကြောင်း ဖော်ပြလိုက်ရပါတယ်။
ရည်ညွန်း – The Washington Post, April 24th, 2026.


