ဟိုး အတိတ်တစ်ချိန်ကတော့ စျေးကြီးတော့ အသားချည်း သီးသန့်ဝယ်မစားနိုင်ဘဲ အသားနဲ့အရိုး မျှပြီး မိသားတစ်စုလုံးစားရတာ၊ အဲဒါတောင် မတတ်နိုင်လို့ အားရှိအောင် ရာသီဥတု အေးအေးမှာ နွေးနွေး ထွေးထွေးရှိအောင်ဆိုပြီး အရိုး စွပ်ပြုတ်ကလေးကို ငရုတ်ကောင်းမှုန့်ဖြူးပြီး သောက်လိုက် ရရင် သိပ်ကောင်းတာ ပဲတဲ့။ ဒါပေမဲ့ အခုဆိုရင် ငွေကြေး တတ်နိုင်သူတွေကပါ အရိုးစွပ်ပြုတ်ဘက်ကို လှည့်လာကြပါပြီ။ ဘာဖြစ်လို့ပါလဲ။
အသားနွှင်ထားတဲ့ အရိုးတွေကို တွယ်ဆက်တစ်ရှူးတွေ အရည်ပျော်သွားပြီး အရိုးတွေ အာဟာရ ကုန်ခန်း၊ လက်နဲ့ဖိလိုက်ရုံနဲ့ ကြေမွသွားတဲ့ အထိ ပြုတ်လိုက်ပါ။ ရလာတဲ့ ရလဒ်ကတော့ ဈေးကြီးပေး ဝယ်ရတဲ့ ကျန်းမာရေးအတွက် သောက်စရာ “အရိုးပြုတ်ရည်” (Bone broth) ပါပဲ။ နာမည်ကျော် အနုပညာရှင်တွေရဲ့ ထောက်ခံချက်တွေကြောင့်လည်း ဒီအရာက အတော်လေး ခေတ်စား လာတာပါ။ အရိုးပြုတ်ရည်ဟာ အစားအသောက် အလွန်အကျွံစားတာကို ထိန်းပေးတယ်၊ အရေပြား၊ အရိုးနဲ့ အူလမ်းကြောင်းအတွက်လည်း ကောင်းတယ်လို့ ကြိုက်နှစ်သက်သူ တွေက ဆိုကြတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျ သုတေသနတွေကရော နည်းလမ်းကျကျ ကောင်းတယ်လို့ ပြောထားသလား။
အရင်ဆုံး ဝိတ်ကျဖို့ကိစ္စက စကြည့်ရအောင်။ အရိုးပြုတ်ရည်မှာ ပရိုတင်းဓာတ် ပါဝင်ပြီး အဲဒါက ဗိုက်ပြည့်တယ်လို့ ခံစားရစေတဲ့ Cholecystokinin၊ Peptide YY နဲ့ Glucagon-like peptide-1 (GLP-1) လို “ဗိုက်ပြည့်ဟိုမုန်း” တွေကို ထွက်လာအောင် လှုံ့ဆော် ပေးနိုင်ပါတယ်။ ပရိုတင်းက ဗိုက်ဆာစေတဲ့ Ghrelin ဟိုမုန်း ထွက်ရှိမှုကိုလည်း လျှော့ချပေးတယ်လို့ လေ့လာမှုတွေက ပြထားပါတယ်။ ဒါပေမဲ့ အရိုးပြုတ်ရည်က တကယ်တမ်း ဝိတ်ကျစေဖို့အတွက် အဲဒီဓာတ်တွေကို လုံလုံလောက်လောက် ပေးနိုင်တယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံပြဖို့ ကတော့ အားနည်းနေလျက် ရှိပါသေးတယ်။
Clinical Nutrition Open Science မဂ္ဂဇင်းမှာ ၂၀၂၅ ခုနှစ်၊ ဇွန်လက ဖော်ပြခဲ့တဲ့ စမ်းသပ်ချက် တစ်ခုအရ အဝလွန်နေတဲ့ လူကြီး ၆၄ ဦးဟာ အရိုးပြုတ်ရည် အဓိကပါတဲ့ အစားအသောက်တွေကို သုံးပတ်ကြာ နှစ်ကြိမ် စားသောက်ပြီးနောက်မှာ ပျမ်းမျှ ကိုယ်အလေးချိန် ၇.၄ ကီလိုဂရမ် ကျသွားပြီး ကြွက်သားထုလည်း တက်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ စမ်းသပ်ခံရသူတွေဟာ စမ်းသပ်ကာလ တစ်လျှောက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ခဲ့ကြတာရယ်၊ နှိုင်းယှဉ်စရာ တခြာအရိုးပြုတ်ရည်ကို စွဲစွဲမြဲမြဲ သောက်သုံးသူတွေ ပြောသလိုပဲ ဒါကိုသောက်လိုက်ရင် ဗိုက်ပြည့်သလို ခံစားရတာကြောင့် အစားစားချင်စိတ်ကို လျှော့ချပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်။ ၂၀၀၇ ခုနှစ်က Appetite မဂ္ဂဇင်းမှာ ပါတဲ့ စာတမ်းတစ်ခုအရ နေ့လယ်စာ အဓိကဟင်းလျာ မစားခင်မှာ စွပ်ပြုတ် တစ်ခွက် အရင်သောက်ထားတာဟာ စုစုပေါင်း ကယ်လိုရီ စားသုံးမှုကို ငါးပုံတစ်ပုံလောက် လျှော့ချ ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီစမ်းသပ်ချက်မှာ အရိုးပြုတ်ရည်ကို သုံးပြီး စမ်းသပ်ခဲ့တာ မဟုတ်တဲ့အတွက် အရည်ရွှမ်းတဲ့ ဘယ်လိုအစားအစာမျိုးမဆို ဒီလို “ဖြတ်လမ်းနည်း” တစ်ခု အဖြစ် သုံးလို့ရနိုင်တယ်ဆိုတာ အရင်ကတည်းက ရှိပြီးသား။
အရေပြားနဲ့ အရိုးတွေအတွက်ကကော ဘယ်လိုလဲ။ အရိုးပြုတ်ရည်ကို အားပေးသူတွေကတော့ အဲဒီတစ်ရှူးတွေရဲ့ အဓိက တည်ဆောက်ပုံ ပရိုတင်းဖြစ်တဲ့ ကော်လာဂျင် (Collagen) တွေ ဒီပြုတ်ရည်မှာ ပါတယ်လို့ ထောက်ပြကြပါတယ်။ တချို့သော ဆေးဘက်ဆိုင်ရာ စမ်းသပ်ချက်တွေအရ ကော်လာဂျင် ဖြည့်စွက်စာတွေဟာ သွေးဆုံးပြီး အမျိုးသမီးတွေမှာ အရိုးသိပ်သည်းဆကို တက်စေ နိုင်တယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ အရိုးပြုတ်ရည်မှာပါတဲ့ ကော်လာဂျင် ပမာဏဟာ အဲဒီ စမ်းသပ်ချက်တွေမှာ သုံးခဲ့တဲ့ ဖြည့်စွက်စာ ပမာဏထက် အများကြီး နည်းနေလေ့ ရှိပါတယ်။
အရိုးပြုတ်ရည်ဟာ ကယ်လ်စီယမ်၊ သံဓာတ် ဒါမှမဟုတ် မဂ္ဂနီစီယမ်တို့အတွက် အရင်းအမြစ်ကောင်း တစ်ခုလည်း မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ်က European Food Research and Technology မှာ ဖော်ပြခဲ့တဲ့ အရိုးပြုတ်ရည် ပုံစံ ၃၀ ကို ခွဲခြမ်းစိတ်ဖြာ လေ့လာမှုမှာတော့ – သူတို့ရဲ့ တွေ့ရှိချက်တွေဟာ အရိုးပြုတ်ရည်ရဲ့ အကျိုးကျေးဇူးတွေအပေါ် လူတွေအပြောများနေတဲ့ “စိတ်ကူးယဥ်ဇာတ်လမ်းမျိုး” တွေနဲ့ “ယေဘုယျအားဖြင့် ဆန့်ကျင်ဘက် ဖြစ်နေတယ်” လို့ ရေးသားခဲ့ကြပါတယ်။
အရိုးပြုတ်ရည်ဟာ အာဟာရဓာတ် ပါဝင်မှု အပိုင်းမှာတော့ ကော်လာဂျင် ဖြည့်စွက်စာတွေထက် ပိုသာပါတယ်။ ဥပမာ – အရိုးကို မီးအေးအေးနဲ့ အကြာကြီးပြုတ်တဲ့အခါ Glucosamine နဲ့ Chondroitin Sulphate လို ဒြပ်ပေါင်းတွေ ထွက်လာပါတယ်။ တချို့ သုတေသနတွေအရ ဒီဓာတ်တွေဟာ အရိုးနုတွေ ပျက်စီးစေတဲ့ အရိုးအဆစ်ရောင် ရောဂါ (Osteoarthritis) ဝေဒနာရှင်တွေမှာ အဆစ်အမြစ် ကိုက်ခဲတာကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရလဒ်တွေကတော့ တစ်သမတ်တည်း မရှိလှပါဘူး။
အရိုးပြုတ်ရည်မှာပါတဲ့ အမိုင်နိုအက်ဆစ် (Amino acids) တွေကလည်း အကျိုးကျေးဇူး ရှိနိုင် ပါသေးတယ်။ ၂၀၂၁ ခုနှစ်က Medicina မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ စမ်းသပ်ချက်လေးတစ်ခုကို ကြည့်ရအောင်။ မက္ကဆီကိုက သုတေသီတွေဟာ ကြွက် ၆ ကောင်ကို အမဲရိုးပြုတ်ရည် ၁၀ ရက်တိုက်ပြီး၊ နောက်ထပ် ကြွက် ၆ ကောင်ကိုတော့ ရေသန့်ပဲ တိုက်ခဲ့ပါတယ်။ ပြီးတော့ အူမကြီးမှာ အနာဖြစ်စေမယ့် အက်ဆစ်တစ်မျိုးကို သူတို့ရဲ့ စအိုကနေတစ်ဆင့် ထည့်သွင်းခဲ့ပါတယ်။ ရေသန့်ပဲသောက်တဲ့ အုပ်စုရဲ့ အူမကြီးတွေဟာ အပြင်းအထန် ရောင်ရမ်းပြီး ပုံသဏ္ဌာန်တွေပါ ပျက်စီးသွားခဲ့ပေမဲ့ အရိုးပြုတ်ရည်သောက်တဲ့ ကြွက်တွေမှာတော့ ရောင်ရမ်းမှုနဲ့ ထိခိုက်မှုက အသင့်အတင့်ပဲ ရှိပါတော့တယ်။ ဒါဟာ အရိုးပြုတ်ရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်တွေက ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တာကြောင့် ကြွက်တွေရဲ့ ထိခိုက်မှုကို သက်သာစေတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ လူတွေမှာရော ဒီလိုမျိုး အလုပ်လုပ်သလား ဆိုတာကိုတော့ ဆက်လက် လေ့လာဖို့ အချိန်ယူရဦးမှာပါ။

အချုပ်အားဖြင့် ပြောရရင်တော့ အရိုးပြုတ်ရည်ရဲ့ အကျိုးကျေးဇူးတွေဟာ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆလို့ရပေမယ့် ခိုင်မာတဲ့ အထောက်အထားကတော့ နည်းနေပါသေးတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ဒါဟာ အာဟာရဖြစ်စေပြီး လူအများစုအတွက် စိတ်ကိုကြည်လင် လန်းဆန်း စေတာပါပဲ။ ဒါကြောင့် စိတ်ကြိုက်သာ သောက်သုံးနိုင်ပါလေ – အဲ တစ်ခုပဲ အားလုံး အရိုးပြုတ်ရည် လုပ်ကုန်ကြရင် အရိုးတွေပါ စျေးကြီးကုန်မလား စိုးရိမ်စရာ တစ်ခုတော့ ရှိပါလိမ့်မယ်။
ကိုးကား – The Economist


