ဘောလုံး ဝါသနာအိုးများဟာ ဘောလုံးပွဲကိုသာ အရူးအမူး စိတ်ဝင်စားကြတာပါ။ ကျန်တဲ့ နိုင်ငံရေး၊ ကမ္ဘာ့အရေးတွေကိုလည်း စိတ်ဝင်စားကောင်းဝင်စား ကြပါလိမ့်မယ်၊ ဘောလုံးနဲ့တော့ လာမရောနဲ့လို့ အများစုက ဆိုကြပါ လိမ့်မယ်။ ကမ္ဘာ့စင်မြင့်ထက်မှာ လတ်တလော နေရာယူထားတဲ့ အမေရိကန်နဲ့ အီရန် စစ်ရေး အခြေအနေတွေ ကြောင့် အမေရိကန် သမ္မတ ထရမ့်က ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) ကို ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်ခဲ့တဲ့ အီရန် အသင်းနေရာမှာ ခြေစစ်ပွဲ မအောင်ခဲ့တဲ့ အီတလီ အသင်းကို အစားထိုးဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီလို အစားထိုးဖို့ အကြံပြုချက်အပေါ် အီတလီပရိသတ်တွေကြားမှာတော့ ရှက်ကိုးရှက်ကန်းဖြစ်တာနဲ့ စိတ်မဝင်စားတာ မျိုးတွေ ရောထွေးနေပါတယ်။ အီတလီ မီဒီယာတွေကလည်း ဒီလိုအကြံပြုချက်မျိုးက အရင်ကလည်း ကြုံဖူးနေကျ ပုံစံမျိုးပဲလို့ ထောက်ပြကြပါတယ်။
သမ္မတ ထရမ့်ရဲ့ အမေရိကန် အထူးသံတမန် Paolo Zampolli က သူဟာ ဒီအကြံပြုချက်ကို အမေရိကန် သမ္မတနဲ့ ဖီဖာ (FIFA) ဥက္ကဋ္ဌ Gianni Infantino တို့ဆီ တင်ပြခဲ့တယ်လို့ Financial Times ကို ပြောကြားခဲ့ပါတယ်။
“ကျွန်တော်က အီတလီမှာ မွေးဖွားသူတစ်ယောက် ဖြစ်တာကြောင့် အမေရိကန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပြိုင်ပွဲမှာ အီတလီအသင်း (Azzurri) ကို မြင်ရဖို့က အိပ်မက်တစ်ခုပါပဲ။ ကမ္ဘာ့ဖလား လေးကြိမ်ရထားတဲ့ အသင်းဖြစ်လို့ ပါဝင်ဖို့အတွက်လည်း အဆင့်အတန်း ပြည့်မီပါတယ်” လို့ Zampolli က ဆိုပါတယ်။ သူဟာ ထရမ့်ရဲ့ “ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဖြစ်မှု” ဆိုင်ရာ သံတမန် ဖြစ်ပေမယ့် ကမ္ဘာ့ဖလား ဒါမှမဟုတ် အီတလီ ဘောလုံးလောကနဲ့တော့ တရားဝင် ပတ်သက်မှု လုံးဝမရှိသူပါ။
ဒီအစီအစဉ်ဟာ သမ္မတ ထရမ့်နဲ့ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီတို့ကြားက ပျက်စီးနေတဲ့ ဆက်ဆံရေးကို ပြန်လည်ကုစားဖို့ ကြိုးပမ်းချက်တစ်ခုလို့ ယူဆရပါတယ်။ သူတို့နှစ်ဦးဟာ အီရန်စစ်ပွဲ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်က ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ကို တိုက်ခိုက်ပြောဆိုခဲ့ရာကနေ ဆက်ဆံရေး ပျက်ပြားခဲ့တာ ဖြစ်ပါတယ်။
အီတလီရဲ့ အဓိက အားကစားသတင်း ဝက်ဘ်ဆိုက်တွေကတော့ ဒီသတင်းကို အနည်းငယ်သာ ဖော်ပြခဲ့ကြပေမယ့် နိုင်ငံရေးသမားတွေနဲ့ တာဝန်ရှိသူတွေကတော့ ဒီအကြံပြုချက်ကို ချက်ချင်းပဲ ပယ်ချ လိုက်ကြ ပါတယ်။
“ပထမဆုံးအနေနဲ့ ပြောရရင် ဒါက လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ၊ ဒုတိယအချက်ကတော့ ဒီလိုလုပ်တာဟာ ကျွန်တော်တို့ သိက္ခာကို စော်ကားရာရောက်ပါတယ်။ ကမ္ဘာ့ဖလားကို သွားချင်ရင် ကိုယ့်အရည်အချင်းနဲ့ ကိုယ် ရအောင်ယူရမှာပါ” လို့ အီတလီ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Luciano Buonfiglio က ပြောပါတယ်။
အားကစားဝန်ကြီး Andrea Abodi ကလည်း အီတလီသတင်းဌာန La Presse ကို အခုလို ပြောခဲ့ ပါတယ် – “ပထမတစ်ချက်က ဒါဟာ မဖြစ်နိုင်ဘူး၊ ဒုတိယတစ်ချက်ကတော့ ဒါဟာ မသင့်တော်တဲ့ ကိစ္စပါ။ ကမ္ဘာ့ဖလားဆိုတာ ဘောလုံးကွင်းထဲမှာပဲ ခြေစွမ်းပြပြီး ဝင်ခွင့်ရအောင် လုပ်ရတာမျိုးပါ”
စီးပွားရေးဝန်ကြီး Giancarlo Giorgetti ကတော့ ဒီအကြံပြုချက်ဟာ “ရှက်ဖို့ကောင်းလှပါတယ်” လို့အထိ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။
အီတလီ နည်းပြကျော် Gianni De Biasi ကတော့ ဒါဟာ ဖြစ်နိုင်ခြေမရှိတဲ့ အဆိုပြုချက်ဖြစ်ပြီး တကယ်လို့ အီရန်သာ ပြိုင်ပွဲကနေ နုတ်ထွက်သွားမယ်ဆိုရင်လည်း စည်းမျဥ်း စည်းကမ်းအရ သူတို့အသင်း ပြိုင်ခဲ့တဲ့ ခြေစစ်ပွဲအုပ်စုက နောက်ထပ်အသင်းတစ်သင်းကိုပဲ အစားထိုးရမှာဖြစ်တယ်လို့ ပြောပါတယ်။
“နောက်ပြီး အခုလိုကိစ္စမျိုးမှာ အီတလီအနေနဲ့ ထရမ့်ရဲ့ အကြံပေးချက်ကို လိုအပ်နေမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ဖြေရှင်းနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။
စပိန်ဘောလုံးသမားများအသင်း ဥက္ကဋ္ဌနဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးသမားများသမဂ္ဂ (FIFPro) ဥက္ကဋ္ဌဟောင်းဖြစ်သူ David Aganzo ကတော့ အနည်းငယ် ပိုမိုသတိထားပြီး မှတ်ချက်ပေးခဲ့ပါတယ်။ “ကမ္ဘာ့ဖလားသွားချင်တဲ့သူတွေဟာ အားကစားအရည်အချင်းနဲ့ပဲ ဝင်ခွင့်ရအောင် လုပ်ရမယ်ဆိုတာကို ကျွန်တော်တို့အားလုံး သဘောတူပြီးသားပါ။ ဒါကိုလည်း ဖီဖာ (FIFA) ဆီမှာ ရှင်းရှင်းလင်းလင်း တင်ပြသွားမှာပါ” လို့ သူက ပြောပါတယ်။
“ဒါပေမဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ အကြောင်းအရာတွေကိုတော့ လေ့လာကြည့်ရမှာပါ။ ကျွန်တော်တို့ မသိသေးတဲ့ ရှုထောင့်တွေ ဒါမှမဟုတ် အခြေအနေတွေ ရှိနေနိုင်လို့ပါ” လို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကတော့ အီရန်နိုင်ငံ ပါဝင်မှုနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌ Infantino ရဲ့ အရင်က ပြောကြားချက်တွေကိုပဲ ပြန်လည်ညွှန်းဆိုခဲ့ပါတယ်။
“အီရန်အသင်းကတော့ သေချာပေါက် လာမှာပါ” လို့ သူက ပြီးခဲ့တဲ့အပတ်က CNBC ရဲ့ ‘Invest in America’ ဖိုရမ်မှာ ပြောခဲ့ပါတယ်။ “အီရန်အနေနဲ့ သူတို့ရဲ့ ပြည်သူတွေကို ကိုယ်စားပြုဖို့အတွက် လာရောက်ယှဉ်ပြိုင်ရမှာပါ။ သူတို့ကိုယ်တိုင်ကလည်း တကယ်ကစားချင်နေကြသလို ကစားလည်း ကစားသင့်ပါတယ်။ အားကစားဟာ နိုင်ငံရေးနဲ့ ကင်းရှင်းရပါမယ်” လို့ ဆိုပါတယ်။
အိမ်ဖြူတော်၊ အီတလီ ဘောလုံးအဖွဲ့ချုပ်နဲ့ အာရှဘောလုံးအဖွဲ့ချုပ်တို့ကတော့ Reuters သတင်းဌာနရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါဘူး။
လက်ရှိအချိန်မှာတော့ အီရန်နိုင်ငံ ပြိုင်ပွဲကနေ နုတ်ထွက်မှာ ဒါမှမဟုတ် ပိတ်ပင်ခံရမှာမျိုးနဲ့ ပတ်သက်လို့ ဘာအရိပ်အယောင်မှ မရှိသေးပါဘူး။ အီတလီအသင်းကတော့ ခြေစစ်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့် သုံးကြိမ်ဆက်တိုက်လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
အီရန်ဟာ ပြီးခဲ့တဲ့နှစ်က လေးကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားဝင်ခွင့်ကို ရရှိခဲ့တာဖြစ်ပေမယ့် စစ်ပွဲ စတင်ပြီးနောက်မှာတော့ သူတို့ရဲ့ အုပ်စုပွဲစဉ် သုံးပွဲကို အမေရိကန်ကနေ မက္ကဆီကိုနိုင်ငံဆီ ရွှေ့ပေးဖို့ ဖီဖာဆီ တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီတောင်းဆိုချက်ကတော့ ပယ်ချခံခဲ့ရပါတယ်။
အီရန်ဘက်ကတော့ စီစဉ်ထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်နေပုံရပါတယ်။ “ကျွန်တော်တို့ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှုတွေ၊ စီစဉ်မှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ အထက်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကိုပဲ နာခံသွားမှာပါ” လို့ အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Mehdi Taj က ဗုဒ္ဓဟူးနေ့က တီဟီရန်မှာလုပ်တဲ့ အစိုးရထောက်ခံပွဲတစ်ခုမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“လောလောဆယ်မှာတော့ လက်ရွေးစင်အသင်းအနေနဲ့ ကမ္ဘာ့ဖလားအတွက် အပြည့်အဝ ပြင်ဆင်ထား ဖို့ပဲ ဆုံးဖြတ်ထားပါတယ်” လို့ သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်တုန်းကလည်း Zampolli ဟာ ကုလသမဂ္ဂ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ ဖီဖာဥက္ကဋ္ဌ Infantino ဆီ စာရေးသားပေးပို့ခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း အီရန်ရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မှတ်တမ်းဆိုးတွေကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ “ကမ္ဘာကြီးက တောင်းဆိုနေပါတယ်” လို့ ဆိုခဲ့ပြီး အီတလီနဲ့ အစားထိုးဖို့ ပြောခဲ့တာပါ။
ဒါပေမဲ့ အဲဒီတောင်းဆိုချက်ဟာ ပယ်ချခံခဲ့ရပြီး အီရန်ဟာ ကမ္ဘာ့ဖလားမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ပါတယ်။ အဲဒီပြိုင်ပွဲမှာ အီရန်ဟာ အင်္ဂလန်နဲ့ အမေရိကန်ကို ရှုံးနိမ့်ပြီး ဝေးလ်ကို အနိုင်ရရှိခဲ့ပေမဲ့ အုပ်စုအဆင့်နဲ့တင် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
တကယ်လို့ အီရန်အသင်းသာ ပြိုင်ပွဲကနေ ဖယ်ထုတ်ခံရမယ်ဆိုတဲ့ ဖြစ်နိုင်ခြေနည်းပါးတဲ့ အခြေအနေမျိုး ပေါ်ပေါက်လာခဲ့ရင် ဘယ်အသင်းနဲ့ အစားထိုးမလဲဆိုတဲ့ ဆုံးဖြတ်ချက်က FIFA ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ကမ္ဘာ့ဖလား စည်းမျဉ်းအပိုဒ် (၆) အရ FIFA ဟာ လစ်လပ်သွားတဲ့နေရာမှာ သူတို့စိတ်ကြိုက် ဘယ်နိုင်ငံကိုမဆို အစားထိုးခေါ်ယူပိုင်ခွင့် ရှိနေလို့ပါ။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဘက်ကတော့ အစားထိုးမယ့်အသင်းဟာ အာရှကပဲ ဖြစ်လာဖို့အတွက် အပြင်းအထန် တိုက်တွန်းလာနိုင်ခြေ ရှိပါတယ်။ အဲဒီလိုဆိုရင်တော့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ခြေစစ်ပွဲ ရှုံးထွက်အဆင့်မှာ အီရတ်ကို ရှုံးနိမ့်ခဲ့တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အသင်းဟာ အထင်ရှားဆုံး အစားထိုးဖို့ အသင်းတစ်သင်း ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။
မက္ကဆီကိုနဲ့ ကနေဒါတို့ကလည်း အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပမယ့် ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ဇွန်လ ၁၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး အီရန်အသင်းကတော့ နောက် လေးရက် အကြာမှာ လော့စ်အိန်ဂျလိစ်မြို့၌ နယူးဇီလန်အသင်းနဲ့ စတင်ယှဉ်ပြိုင်ဖို့ အချိန်ဇယား ဆွဲထားပြီးသား ဖြစ်ပါတယ်။
ဒီကိစ္စဟာ ၂၀၂၆ ကမ္ဘာ့ဖလားကို စောင့်ကြည့်ကြမယ့် မြန်မာ့ ဘောလုံးဝါသနာရှင်များအတွက် ပွဲစဥ် အရည်အသွေးကို ထိခိုက်လာစေနိုင်တာကြောင့် လတ်တလော အခြေအနေများကို တင်ပြလိုက်ရပါတယ်။
ကိုးကား – The South China Morning Post



