The Corner

The Corner

cropped-Logo_round_grey-background.png

ကားဟွန်းသံစဲလို့ မရတဲ့ အိန္ဒိယ 

Share မယ်

ဒေလီမြို့ဟောင်းရဲ့ လူစည်ကားလှတဲ့ ချောင်ဒနီချောက် (Chandni Chowk) ရပ်ကွက်ထဲမှာရှိတဲ့ Diamond Horn Palace ဟာ နန်းတော်လို့ အမည်ပေးထားပေမယ့် တကယ့်လက်တွေ့မှာတော့ နန်းတော်နဲ့ တူတာဘာမှမရှိပါဘူး။ ပစ္စည်းတွေ ပြည့်နှက်နေတဲ့ အဲဒီဆိုင်လေးဟာ ကားဟွန်းတွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို ရောင်းချတာပါ။ ဒါပေမဲ့ သူတို့ရဲ့ ပစ္စည်းတွေကတော့ အလွန်ပဲ အရောင်းသွက်နေပါတယ်။

ဆိုင်ပိုင်ရှင် မူစတာဖာ အာမက် (Mustafa Ahmed) က “လူတွေဟာ ဈေးကြီးတဲ့ ဆိုင်ကယ်တွေ၊ ကားတွေကို ဝယ်ကြတယ်။ ဒါပေမဲ့ နှစ်လသုံးလလောက်ကြာရင် ဟွန်းသံက ယာဉ်ရဲ့ ခံ့ညားထည်ဝါမှုနဲ့ မလိုက်ဖက်တော့ဘူးလို့ ခံစားကြရတယ်။ ကျွန်တော်ကတော့ အဲဒါတွေကို ဈေးအသက်သာဆုံးနဲ့ ပြန်ပြင်ပေးပါတယ်။ တချို့ကဆိုရင် ကျွန်တော့်လက်မှာ မှော်စွမ်းအင်ရှိတယ်လို့တောင် ပြောကြတယ်” လို့ ဆိုပါတယ်။

မစ္စတာ အာမက်ရဲ့ အောင်မြင်မှုဟာ အိန္ဒိယနိုင်ငံအတွက် သတိပေးခေါင်းလောင်းသံ တစ်ခုလို ဖြစ်နေပါပြီ။ လမ်းပေါ်ကို ခြေချလိုက်တာနဲ့ ဘာကြောင့်လဲဆိုတာကို အလွယ်တကူ သိနိုင်ပါတယ်။ ၂၀၂၂ ခုနှစ်က စုစည်းထားတဲ့ ကုလသမဂ္ဂ အချက်အလက်တွေအရ အိန္ဒိယ မြို့ကြီးတွေဟာ ကမ္ဘာပေါ်မှာ ဆူညံသံအများဆုံး မြို့တွေစာရင်းမှာ ပါဝင်နေပါတယ်။ ဒေလီမြို့ လမ်းမတွေပေါ်က ဆူညံမှုအဆင့်ဟာ ပျမ်းမျှအားဖြင့် 75dB ဝန်းကျင်မှာ ရှိနေပြီး ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ အဆင့်ထက် လေးဆလောက် ပိုမိုဆူညံနေတာ ဖြစ်ပါတယ်။ ဒီဆူညံသံ အများစုဟာ လမ်းပေါ်က ယာဉ်ကြောတွေဆီက လာတာဖြစ်ပြီး အထူးသဖြင့်တော့ မရပ်မနား တီးနေကြတဲ့ ဟွန်းသံတွေပဲ ဖြစ်ပါတယ်။

ဆူညံသံဆိုတာကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာ သက်သက်သာ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံသား သန်း ၆၀ ကျော်သည် အကြားအာရုံ ချို့ယွင်းမှု ဝေဒနာကို ခံစားနေကြရပြီး အကြောင်းရင်း တစ်ခုကတော့ ဆူညံသံ ညစ်ညမ်းမှုကြောင့်လည်း တစ်စိတ်တစ်ပိုင်းကြောင့်လို့ သုတေသီများက ယူဆကြပါတယ်။ သို့သော် ကျန်းမာရေး ထိခိုက်မှုများကလည်း မနည်းပေ။ ၂၀၂၀ ခုနှစ်က လေ့လာမှုတစ်ခုအရ လမ်းပေါ်က ယာဉ်ကြောပိတ်ဆို့မှု ဆူညံသံများသည် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို မြင့်တက်စေကြောင်း ကောက်ချက်ချခဲ့သည်။ ဤဆူညံသံများကြောင့် အိန္ဒိယနိုင်ငံအတွက် မည်မျှ ကုန်ကျစရိတ်ရှိသည်ကို မည်သူမျှ အတိအကျ မတွက်ချက်နိုင်သေးသော်လည်း၊ ဥရောပမှ ခန့်မှန်းချက်များအရ ဆူညံသံညစ်ညမ်းမှုသည် နှစ်စဉ် ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ၏ ၀.၆ ရာခိုင်နှုန်း ခန့်ကို ဆုံးရှုံးစေနိုင်ကြောင်း သိရသည်။

ဆူညံသံ တိုင်းတာချက်မှာ အမြင့်ဆုံး အိန္ဒိယ
Credit: WPR-Newsletter

မြို့ပြစီမံကိန်း အားနည်းမှုကြောင့် အိန္ဒိယ၏ ယာဉ်ကြောစနစ်မှာ ထရပ်ကားများ၊ ဆိုက်ကားများ၊ ဆိုင်ကယ်များနှင့် လမ်းသွားလမ်းလာ များကြား နေရာလုနေကြရသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေ ရသည်။ ဤသို့သော အခြေအနေတွင် “ဟွန်း” သည် ဘက်စုံသုံး ဆက်သွယ်ရေး ကိရိယာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည် – ကွေ့တော့မည်ဟု အချက်ပြရန်၊ ရှေ့က နှေးကွေးနေသူကို တိုက်တွန်းရန် သို့မဟုတ် မိမိ ရှိနေကြောင်း အသိပေးရန်အတွက်သာ ဖြစ်လာသည်။ ဂျာမနီကားကုမ္ပဏီ Mercedes-Benz သည်ပင် အိန္ဒိယတွင် ၎င်းတို့၏ ကားဟွန်းများကို ပိုမိုအကြမ်းခံနိုင်အောင် ပြုပြင်ခဲ့ရသည်။ စကူတာ ထောင်ပေါင်းများစွာမှ အချက်အလက်များအရ အရှေ့ပိုင်း မြို့ကြီးတစ်မြို့ဖြစ်သော ကာလကတ္တားမြို့မှ ယာဉ်မောင်းများသည် တစ်နာရီလျှင် ပျမ်းမျှ ၁၃၁ ကြိမ်ခန့် ဟွန်းတီးကြသည်ဟု သိရသည်။ 

အိန္ဒိယမှာ ဟွန်းတီးတာဟာ ရိုင်းစိုင်းတဲ့ အပြုအမူထက် “ဆက်သွယ်ရေး နည်းလမ်း” တစ်ခုလို ဖြစ်နေပါတယ်။ “Horn OK Please” ဆိုတဲ့ စာသားကို အိန္ဒိယက ထရပ်ကားတိုင်းလိုလိုရဲ့ အနောက်တွေမှာ အမြဲလိုလို တွေ့ရတတ်ပါတယ်။ ဒါဟာ အနောက်က ကားကို “ကျော်တက်တော့မယ်ဆိုရင် ဟွန်းတီးပြီး အသိပေးပါ” လို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ဆူညံသံနဲ့ ပတ်သက်ပြီး ဥပဒေတွေ ရှိပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ ခက်ခဲနေပါသေးတယ်။ လတ်တလောမှာတော့ တိတ်ဆိတ်ဇုန်တွေ သတ်မှတ်ပေးထားတာ။ “တိတ်ဆိတ်ဇုန်” ဆိုတာ ဆေးရုံ၊ စာသင်ကျောင်းနဲ့ တရားရုံးတွေရဲ့ ပတ်ဝန်းကျင် မီတာ ၁၀၀ အတွင်းကို သတ်မှတ်ထားပြီး အဆိုပါဇုန်အတွင်း ဟွန်းတီးခြင်းကို ပိတ်ပင်ထားပါတယ်။ နောက်တစ်မျိုးကတော့ ဒဏ်ရိုက်ခြင်းပါ။ မလိုအပ်ဘဲ ဟွန်းတီးရင် ဒဏ်ရိုက်နိုင်တဲ့ ဥပဒေ ရှိနေသော်လည်းပဲ လူဦးရေနဲ့ ယာဉ်အစီးရေ များပြားလွန်းတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အားလုံးကို ထိန်းချုပ်ဖို့ မဖြစ်နိုင်သလောက်ပါဘဲ။

တီထွင် ဆန်းသစ်တဲ့ စမ်းသပ်မှု တစ်ခုကတော့ မွန်ဘိုင်း ရဲတပ်ဖွဲ့ဟာ “The Punishing Signal” ဆိုတဲ့ စနစ်တစ်ခုကို စမ်းသပ်ခဲ့ဖူးပါတယ်။ အဲဒါကတော့ မီးပွိုင့်မှာ စောင့်နေတဲ့ ကားတွေက ဆူညံအောင် ဟွန်းတီးရင် အသံတိုင်းကိရိယာကနေ သိရှိပြီး မီးနီစောင့်ဆိုင်းရမယ့် အချိန်ကို ပိုတိုး လိုက်တာမျိုး ဖြစ်ပါတယ်။

ဆရာဝန်များနှင့် ပြည်သူ့ကျန်းမာရေး အရာရှိများကတော့ လေထုညစ်ညမ်းမှု၏ အန္တရာယ်ကို သတိပေးသကဲ့သို့ ဆူညံသံရဲ့ အန္တရာယ်ကိုလည်း လူများအကြား ကျယ်ကျယ်လောင်လောင် သတိပေးသင့်ပါတယ်။ တရုတ်နိုင်ငံမှာတော့ အသံလုံတံတိုင်းများ၊ ဆူညံသံလျှော့ချပေးသည့် လမ်းမျက်နှာပြင်များ၊ လျှပ်စစ်ကားများ (EV) နှင့် အသံဗလံ လျှော့ချရန် အစိုးရရဲ့ တွန်းအားပေးမှုများကြောင့် မြို့ပြများမှာ ဆူညံသံ ပိုမို နည်းလာခဲ့ပါတယ်။ အိန္ဒိယမှာတော့ အများပြည်သူက အလေးအနက် တောင်းဆိုမှသာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာပါလိမ့်မယ်။ လောလောဆယ်မှာတော့ အိန္ဒိယ ပြည်သူလူထုရဲ့ တောင်းဆိုသံများကတော့ ကားဟွန်းသံများအကြား နစ်မြုပ်ပျောက်ကွယ်နေဆဲ…

ကိုးကား – The Economist, WHO, UNEP, Awaaz foundation

Click to rate this post!
[Total: 0 Average: 0]