ရှုံးနိမ့်သူ လူလာရဲ့ ပြိုင်ဖက်ကတော့ အမေရိကန်ပြည်ထောင်စုသို့ ထွက်ပြေးသွားခဲ့လေပြီ။
ဘရာဇီးနိုင်ငံရဲ့ စံညွန်းနဲ့ ဆိုရရင်တောင် အတော်ကိုထူးခြားအံ့ဖွယ်ကောင်းတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ ကြုံခဲ့ရတဲ့ ရက်သတ္တပတ် လို့ ဆိုရမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၅ရက်မှာ ရွေးကောက်ပွဲ အကဲခတ် အများစုက ပထမအကျော့ မဲဆန္ဒပေးပွဲအပြီးမှာ နိုင်ငံရေးလောက ကနေ အသေထွက်ပြီး အပြီးတိုင် သင်္ဂြိုလ် လိုက်ရတော့မယ်လို့ လက်ခံယူဆထားကြတဲ့ လူအစ်ဇ် အင်နာစီယို လူလာ ဒါ ဆီလ်ဗားဟာ ဘရာဇီးလ်နိုင်ငံသမ္မတ ရွေးကောက်ပွဲမှာ အောင်ပွဲခံအနိုင်ရရှိခဲ့ပါတယ်။ အသက် ၈၁ နှစ်အရွယ် လက်ဝဲယိမ်း ခေါင်းဆောင်အဖြစ် လူသိများတဲ့လူလာရဲ့ ဒီလို အံ့အားသင့်ဖွယ်ပြန်ပြီး အနိုင်ရလာတာဟာ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲမှာ လေးကြိမ်တိုင် အနိုင်ရရှိခဲ့တဲ့သမ္မတတွေရဲ့ သီးသန့်အုပ်စုထဲကို ထိုးဖောက် ဝင်ရောက်စေနိုင်ခဲ့ပါတယ်။

နှစ်ရက် အကြာမှာတော့ အာဏာသိမ်းရန် ကြိုးပမ်းမှုနဲ့ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ လက်ယာစွန်း သမ္မတဟောင်း ဂျာယာ ဘိုလ်ဆိုနာရို (Jair Bolsonaro) ရဲ့သားဖြစ်သူ ရှုံးနိမ့်သွားတဲ့ ပြိုင်ဖက် ဖလာဗီယို ဘိုလ်ဆိုနာရို (Flávio Bolsonaro) ဟာ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတဲ့တရားလွှတ်တော်ချုပ် တရားသူကြီးက သူ့ရဲ့ နိုင်ငံကူးလက်မှတ်တွေ ကို အပ်နှံဖို့ အမိန့်ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ ဘရာဇီးနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုဆီကို ထွက်ပြေး လွတ်မြောက် သွားခဲ့ပါတယ်။ ထွက်ပြေးချိန်မှာ သူ့ မိသားစုကို လည်း တစ်ပါ တည်းခေါ်သွားခဲ့တယ်။
၁၉၈၅ ခုနှစ် ဒီမိုကရေစီစနစ်သို့ ပြန်လည်ကူးပြောင်းခဲ့ချိန်ကစပြီးဘယ် သမ္မတလောင်းမှ ပထမအကြိမ် မဲပေးပွဲမှာရှုံးနိမ့်ပြီး ဒုတိယအကြိမ် အဆုံးအဖြတ်မဲပေးတဲ့ပွဲ မှာအနိုင်တဲ့ဖြစ် ရပ်မျိုးမရှိခဲ့ဖူးပါဘူး။ အောက်တိုဘာ ၄ ရက်နေ့ ပထမအကြိမ် မဲပေးပွဲမှာ လူလာ ဟာ ဖလာဗီယို နောက်မဲအရေအတွက် နှစ်သန်းအကွာနဲ့ လိုက်ခဲ့ရတာပါ။အဲဒီအဆင့်မှာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီး စုစုပေါင်းမဲ ရှစ်ရာခိုင်နှုန်း ရရှိခဲ့ကြတဲ့တခြားသမ္မတလောင်းတွေကလည်း ဖလာဗီယိုကိုပဲ ထောက်ခံ ရွေးချယ် ခဲ့ကြတယ်။ ဒါပေမဲ့ ရက်သတ္တ သုံးပတ်တောင် မပြည့်တဲ့ အချိန်အတွင်း မှာလူလာဟာ မဲပေါင်း ၁ဝ သန်း အထိ ပိုမို ရရှိ လာခဲ့တယ်။ အဲဒီမဲအများစုဟာ ပထမအကြိမ် မဲပေးပွဲတုန်းက မဲလာမပေးခဲ့သူ တွေ ဒါမှ မဟုတ် မဲဆန္ဒပေးရာမှာ ပယ်မဲဖြစ်ခဲ့သူတွေဆီကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။
အခုလို အခြေအနေ အလှည့်အပြောင်း ဖြစ်သွားရတာမှာ အကြောင်းရင်း သုံး ရပ်ရှိပါတယ်။ ပထမ အချက်ကတော့ မဟာဗျူဟာ ပြောင်းလဲ လိုက်တာပဲ ဖြစ်တယ်။ ပထမအကြိမ် မဲပေးပွဲ မတိုင်ခင်က လူလာ ရဲ့ မဲဆွယ်စည်းရုံးရေးမှာ စနစ်မကျဘဲ ခေတ်နောက်ကျ နေခဲ့တယ်။ လူလာဟာ လတ်တလော ခွဲစိတ်ကုသထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဖုံးကွယ်ဖို့ ပနားမား ဦးထုပ်ကို ဆောင်းထားခဲ့ရတယ်။ အဲဒီအချက်က မဲဆန္ဒရှင်တွေကို သူအသက်အရွယ် အိုမင်းသွားပြီဆိုတာမျိုး သတိရသွား စေခဲ့တယ်။
လူလာရဲ့ အဖွဲ့ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ငွေကြေး အကုန်အကျ မခံသလောက်ပါပဲ။ ဒါ့ပြင်လူလာရဲ့ မျက်နှာပုံနဲ့ လက်ကမ်း ကြော်ငြာကိုသာအမြောက်အမြား ဝေငှခဲ့ကြပါတယ်။ ဒါပေမဲ့ မဲပေးပွဲ နှစ်ကြိမ်ကြား ကာလမှာလူလာဟာ သူ့ရဲ့ ဆွဲဆောင်မှု စွမ်းအားနဲ့ အင်တာနက်ရဲ့ အသုံးဝင်ပုံကို စပြီးတွေ့ရှိ သွားခဲ့တယ်။ အဲဒီကစပြီး ဦးထုပ်ချွတ်လျက်ပုံနဲ့ အင်စတာဂရမ် (Instagram)မှာ ဆယ်လ်ဖီ ဗီဒီယိုတွေကိုစပြီး တင်ပါတော့တယ်။ မဲဆန္ဒရှင်အပြောင်းအလဲများတဲ့ အဓိကပြည်နယ်တစ်ခုဖြစ်တဲ့ မီနာ့စ်ဂျာရာစ်(Minas Gerais )က လွှတ်တော်အမတ် အန်ဒရေး ဂျာနိုးနက်စ် (André Janones) ထံကနေလူလာရဲ့မဲဆွယ်ပွဲဟာ အားကောင်းတဲ့အထောက်အပံ့တွေ ရရှိခဲ့တယ်။ ဂျာနိုးနက်စ်ဟာ လူလာရဲ့ တပ်မတော် (Lula’s Army) လို့ခေါ်တဲ့ WhatsApp ချန်နယ် တစ်ခုကို တည်ထောင်ခဲ့ပြီး အဲဒီမှာ သုံးပတ်အတွင်း အဖွဲ့ဝင် ၁ဝ သန်းကျော် ရရှိခဲ့တယ်။ မစ္စတာ ဂျာနိုးနက်စ်ဟာ အဲဒီအဖွဲ့ဝင်တွေကို မဲဆွယ်ပွဲ နောက်ဆုံးအဆင့်မှာ လူလာရဲ့ သတင်းစကား တွေပျံ့ နှံ့သွားစေဖို့လူမှုကွန်ရက်ပေါ်မှာလူလာရဲ့ ဓာတ်ပုံကို ပြန်ပြီး မျှဝေတာမျိုးတွေလို “တာဝန်တွေ” ပေးအပ်ခဲ့တယ်။
ဒုတိယအချက် ကတော့အစိုးရက ဘဏ္ဍာငွေသုံးစွဲမှု အဆမတန် တိုးမြှင့်လိုက်တာပဲ ဖြစ်တယ်။ လူလာဟာ ဘရာဇီးနိုင်ငံရဲ့ အဓိက လူမှုဖူလုံရေး အစီအစဉ်မှာ ထောက်ပံ့ကြေးတွေကို ၁၅% အထိ တိုးမြှင့်ပေးခဲ့တယ်။ လူလာဟာ အလုပ်သမားများတွေရဲ့ လုပ်ခလစာ မလျှော့ဘဲ ရက်သတ္တတစ်ပတ် အလုပ်လုပ်ရတဲ့ရက် တစ်ရက် လျှော့ချပေးမည့် ဥပဒေကို လွှတ်တော်မှ အတည်ပြုပေးဖို့ တိုက်တွန်း ခဲ့သည်။ ရုံးပိတ်ရက်တွေမှာလည်းအများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို အခမဲ့ ပြုလုပ်ပေးဖို့နဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ကိုင်သူတွေရဲ့ ပြည်ထောင်စု ကြွေးမြီတွေကို လျှော်ပစ်ပေးမည်လို့ ကတိပြုခဲ့တဲ့အပြင် အဲဒီအမျိုးအစား အုပ်စုဝင် လူပေါင်း တစ်သန်းကို အမေရိကန်ဒေါ်လာ ၁ဝဝဝ စီ ထောက်ပံ့ပေးမယ်လို့လည်း ကြေငြာခဲ့တယ်။ ဘရာဇီးနိုင်ငံမှာ ရာထူးလက်ရှိ ရွေးကောက်ခံ ခေါင်း ဆောင်တွေဟာ ရွေးကောက်ပွဲ မတိုင်ခင် ပေးကမ်းစွန့်ကြဲမှုတွေ အမြဲလိုလို အများအပြား လုပ်လေ့ ရှိကြပေမဲ့ ယခု လူလာ ရဲ့ ပေးကမ်းစွန့်ကြဲမှုတွေကတော့ ပိုလို့တောင် ရက်ရောလွန်းနေပါတယ် ။
လူလာရဲ့အဖွဲ့ဟာ လာမယ့် နှစ်ကုန်မှာ ပြည်တွင်း ထွက်ကုန်တန်ဖိုး (GDP) ရဲ့ နှစ်ရာခိုင်နှုန်းလောက် ကုန်ကျမည်လို့ ခန့်မှန်းရတဲ့ အခုလို အခမဲ့ပေးကမ်းမှုတွေနဲ့ တခြားအခမဲ့ အစီအစဉ်တွေအတွက် ဘဏ္ဍာငွေ ဘယ်လို ရှာဖွေသွားမယ် ဆိုတာကိုတော့ ရှင်းပြတာမျိုး မရှိပါဘူး။
နောက်ဆုံးအချက်ကတော့ ဘရာဇီးနိုင်ငံသူနိုင်ငံသားများက ဖလာဗီယိုကို လူမှုအသိုက်အဝန်းက လက်ခံထားတဲ့ ကျင့်ဝတ်စည်းကမ်း အတိုင်းအတာထက် ကျော်လွန်သွားပြီမို့ လုံးဝလက်ခံနိုင်စရာ မရှိတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတာပဲ ဖြစ်ပါတယ်။ ရုပ်မြင်သံကြားမှ လွှင့်ထုတ်ခဲ့သော စကားစစ်ထိုးပွဲနှစ်ခုမှာ ဖလာဗီယိုရဲ့ သံသယဖြစ်စရာ အတိတ်အကြောင်းတွေ၊ အထူးသဖြင့် ရီယိုဒီဂျာနေရို ပြည်သူ့စစ်တွေ (ငွေညှစ်တာနဲ့ အငှားလိုက်ံလူသတ်သမားများအဖြစ် လုပ်ကိုင်ကြတဲ့ အကျင့်ပျက် ခြစားရဲတပ်ဖွဲ့ဝင် အုပ်စုများ) နဲ့ ဆက်နွှယ်နေတယ်လို့ စွပ်စွဲချက်တွေကို ပြန်လည် ဖော်ထုတ်ပေးခဲ့တယ်။ (ပထမအကြိမ် မဲပေးပွဲပြီးပြီးချင်း ရက်သတ္တနှစ်ပတ်အကြာမှာ ရီရိုမြို့မှာရှိ တဲ့ဖလာဗီယိုရဲ့ မဟာမိတ်တစ်ယောက်ဟာ အဲဒီ ပြည်သူ့စစ်တွေ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စွပ်စွဲချက်တွေနဲ့ပဲ ဖမ်းဆီးခံခဲ့ရတယ်)။ စကားစစ်ထိုးပွဲတွေက အနိုင်အရှုံးကို အဓိကအဆုံးအဖြတ် ပေးသွားခဲ့တာမျိုးလည်း ဖြစ်နိုင် ဖွယ်ရှိ ပါတယ်။ စကားစစ်ထိုးပွဲ တစ်ခုမှာ ရှေ့နေတစ်ဦးဖြစ်တဲ့ ဖလာဗီယိုဟာ ကြည့်ရှုသူအများအပြား သတိမမူ မိခဲ့ကြတဲ့အသက် ငါးနှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို သတ်ဖြတ်မှုနဲ့ စွဲဆိုခံထားရတဲ့ ရဲအရာရှိ တစ်ဦးဘက် ကနေ ရှေ့နေလိုက် ပေးခဲ့တဲ့ အမှုတစ်ခုအကြောင်း မေးမြန်း ခံခဲ့ရတယ်။ လက်ချောင်း ကိုးချောင်းသာရှိတဲ့ လူလာ ကို လှောင်ပြောင်လိုက်တဲ့အခါ သူရဲ့ စိတ်ကြီးဝင်မာနကြီးမော်ကြွားမှုကို မဲဆန္ဒရှင်တွေကပိုပြီးတော့ စိတ်ပျက်သွားခဲ့ကြတယ်။ (လူလာဟာ ဆယ်ကျော်သက်အရွယ်ကတည်းက စက်ရုံတစ်ရုံမှာ အလုပ်သမားအဖြစ် ဝင်လုပ်ပြီး လုပ်ငန်းခွင် ထိခိုက်မှုကြောင့်လက်ချောင်းကလေး တစ်ချောင်း ပြတ်သွားခဲ့ရတာပါ) “ကျနော် အသက်မပြည့်သေးဘဲ ညဘက်မှာ အလုပ်ဆင်းခဲ့ရတာပါ။ ဘာလို့လဲ ဆိုတော့ အလုပ်မလုပ်ရင် ထမင်းငတ်မှာမို့လို့ပဲ” လို့ လူလာက ပြန်ပြီးတော့ ချေပခဲ့ပါတယ်။ အဲဒီအချက်က ဖလာဗီယိုရဲ့ ချမ်းသာကြွယ်ဝတဲ့ နောက်ခံအသိုင်းအဝိုင်းနဲ့ သူရဲ့ နိုင်ငံရေး ခြေလှမ်းဟာ ဖခင်ဖြစ်သူရဲ့ အရှိန်အဝါကြောင့် စတင်နိုင်ခဲ့တာဖြစ်တယ်ဆိုတာကို ပေါ်လွင်ထင်ရှားသွားစေခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက်နေ့က သူမဲရှုံးသွားတာကို ကြေညာတဲ့ အခါမျိုးမှာတောင် ဖလာဗီယိုက ရန်တုံ့လိုတဲ့ ပုံပေါ်ခဲ့တယ်။ (လူလာရခဲ့တဲ့မဲ ၅၂% နဲ့ယှဉ်လိုက်ရင် ဖလာဗီယိုကမဲ ၄၈% ထိ ရရှိတာမို့ အသင့်အတင့်ရှိတဲ့ မဲကွာခြားချက်နဲ့ ရှုံးနိမ့်ခဲ့တာမျိုး ဖြစ်ပေမဲ့) ဖလာဗီယိုဟာ သူမဲရှုံးသွားတာကို ဝန်မခံခဲ့ပါဘူး။ ပြင်းထန်ဆိုးရွားတဲ့ မိုးလေဝသ အခြေအနေနဲ့ အများပြည်သူ ပို့ဆောင်ရေး မှာ ကြုံတွေ့ရတဲ့ အနှောင့်အယှက် အဟန့်အတားတွေကြောင့် အဆင်မပြေမှုတွေကို ကာမိအောင် မဲရုံတွကို အချိန်ပို နှစ်နာရီ ထပ်တိုးဖွင့်လှစ်ပေးဖို့ အမြင့်ဆုံး တရားရုံးရဲ့ နောက်ဆုံး အချိန်ကပ် ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးမှုကို ထိခိုက် စေခဲ့တယ်ဆိုပြီး ‘ယုတ္တိမရှိဘဲ ကန့်ကွက်လွှာတင်ခဲ့တယ်။ မဲရလဒ်ကို ပယ်ဖျက်ပေးဖို့ကိုတောင်းဆိုခဲ့တယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ အဖြစ်အပျက်တွေက အတော်ကိုပဲ လျင်လျင်မြန်မြန် ပြောင်းလဲသွားတယ်။ သမ္မတ နေရာကို ယှဉ်ပြိုင် ရာမှာ ရှုံးနိမ့်ခဲ့ရပြီးနောက် ဖလာဗီယိုဟာ အထက်လွှတ်တော် အမတ်တစ်ဦး အဖြစ် ရရှိခံစားခဲ့ရသော တရားစွဲဆိုမှုကနေ ကင်းလွတ်ခွင့် (judicial immunity) ကိုလာမယ့် ဖေဖော်ဝါရီလကျရင် ဆုံးရှုံးတော့မှာဖြစ်ပါတယ်။ အခုတလောမှာလည်း ပြည်ထောင်စု ရဲတပ်ဖွဲ့က ငွေကြေး ခဝါချမှု အကြီးအကျယ် ကျူးလွန်ထားတယ်လို့ တရားစွဲ ခံထားရတဲ့ စီးပွားရေးလုပ်ငန်း ရှင် တစ်ဦးနဲ့ ဖလာဗီယို ဆက်နွယ်ပတ်သက်မှုတွေကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ (သူရော အဲဒီ စီးပွားရေး လုပ်ငန်းရှင်ကပါ ဥပဒေနဲ့ ငြိစွန်းတဲ့ အမှားအယွင်း တစ်စုံတရာ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားကြတယ်)။ ရွေးကောက်ပွဲအပြီး နောက်တစ်နေ့မှာပဲ အဲဒီ အမှုကို ကိုင်တွယ်နေတဲ့ တရားရုံးချုပ်တရားသူကြီးက ဖလာဗီယိုကို နိုင်ငံပြင်ပသို့ ထွက်ခွာခွင့် ပိတ်ပင်လိုက်တယ်။
ရဲတပ်ဖွဲ့ အဆိုအရကတော့ ဖလာဗီယိုဟာ နိုင်ငံကူးလက်မှတ်ကို သက်ဆိုင်ရာသို့ ပြန်ပြီး အပ်နှံဖို့ တောင်းဆိုချက်ကို မလိုက်နာ ခဲ့ပါဘူး။ ဒါတင်မကဘူး။ အောက်တိုဘာ ၂၇ ရက် ညနေ ပိုင်းမှာ ဖလာဗီယိုဟာ သူရဲ့မိသားစုကိုပါ တစ်ပါတည်းခေါ်ပြီး နယ်စပ်ကိုဖြတ်ကာ အာဂျင်တီးနား နိုင်ငံကို ထွက်ခွာသွားခဲ့တယ်။ အဲဒီကမှတစ်ဆင့် အီကွေဒေါနိုင်ငံကို ဖြတ်ပြီး အမေရိကန်နိုင်ငံ မိုင်ယာမီ မြို့သို့ ဆက်ပြီးတော့ထွက်ခွာသွားခဲ့ကြတယ်။ (အမေရိကန် နိုင်ငံခြားရေးဌာနက သူတို့ကို နိုင်ငံတွင်း ဝင်ရောက်ခွင့် ပြုမယ်လို့ ကြိုတင်ကြေညာထားခဲ့တယ်)။ ဖလာဗီယိုရဲ့ ညီ အက်ဒွာဒို (Eduardo) ကတော့၂ဝ၂၅ ခုနှစ်ကတည်းက အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေတာဖြစ်ပါတယ်။ အခုနှစ် ဇွန်လတုန်းက ဘရာဇီး တရားရုံးတစ်ခုက အက်ဒွာဒိုကို သူရဲ့ဖခင်ကို ပြစ်ဒဏ် ချမှတ်ခဲ့တဲ့ တရားသူကြီးတွေကို အရေးယူပိတ်ဆို့မှုတွေချမှတ်ပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စည်းရုံး လှုံ့ဆော် ခဲ့တာကြောင့် တရားဥပဒေစိုးမိုးရေးကို မလျော်ဩဇာသုံးဖို့ ကြိုးပမ်းမှုအတွက် မျက်ကွယ်မှာ ထောင်ဒဏ် လေးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ ပါတယ်။

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိပြီးတဲ့နောက်မှာ ဖလာဗီယိုက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့တယ်။ အဲဒီ ကြေညာချက်မှာ သူ့ကိုယ်သူ “ဘရာဇီးနိုင်ငံရဲ့ ခေါင်းဆောင်” လို့ သုံးနှုန်းခဲ့ပြီး သူဟာ”နိုင်ငံရေးအရ မတရား ပစ်မှတ်ထား တိုက်ခိုက်ခံရသူ (witch hunt)” ဖြစ်တယ်လို့ဆိုပြီး ပြည်ပကနေ အတိုက်အခံတွေကို ဆက်လက် ဦးဆောင်သွားမယ်လို့ အခိုင်အမာ သန္နိဌာန်ချထားကြောင်း ဖေါ်ပြခဲ့တယ်။ လက်ရှိအချိန်မှာတော့ မစ္စတာထရမ့်က သူ့ကို အမေရိကန် နိုင်ငံမှာ နေထိုင် ခွင့်ပြုထားတာကလွဲလို့ ပိုပြီးကူညီပေးလိုတဲ့ ပုံစံမပြသေးပါဘူး။ အောက်တိုဘာ ၂၆ ရက်နေ့မှာ မစ္စတာထရမ့်က သတင်းထောက်တွေကို ဘရာဇီးရွေးကောက် ပွဲဟာ “နောက်ထပ် မသမာမှု လုပ်ထားတဲ့ ရွေးကောက်ပွဲတစ်ခုနဲ့ တူတယ်”လို့ ပြောကြားခဲ့တယ်။ ပြီးတော့သူက “ဘယ်ဘက်ကမှမပါဘူး” “ကျုပ်က လူလာကို သဘောကျတယ်။ သူနဲ့ အတော်ကို အဆင်ပြေပါတယ်” လို့ထပ်ပြီး ပြောလိုက်သေးတယ်။ အောက်တိုဘာ ၂၈ ရက်နေ့ကတော့ ထရမ့်က “ကျနော် ဝင်မပါတော့ဘူး” လို့ ပြောလိုက်ပြန်ပါရော။
နိုင်ငံရေး သဘောတရားအရ ကြည့်ရင်တော့ ဖလာဗီယို ထွက်သွားတာဟာ ဘရာဇီးနိုင်ငံရဲ့ လက်ယာယိမ်း နိုင်ငံရေး အင်အားစုတွေအတွက် လန်းဆန်း သစ်လွင်တဲ့ အသစ်ကစတင်နိုင်ဖို့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ ဖခင်က သူ့အရိုက်အရာကို ဆက်ခံတဲ့သူအဖြစ် ဘိတ်သိတ်မြောက်ပေးခဲ့လို့ ဖလာဗီယိုဟာ လက်ယာယိမ်း နိုင်ငံရေးအုပ်စုခေါင်းဆောင် ဖြစ်လာခဲ့ရတာပါ။ အဲဒီဆုံးဖြတ်ချက်ကြောင့် ပိုပြီးရွေးချယ်တင်မြှောက်ခံရနိုင်ခြေရှိကြတဲ့ တခြားနိုင်ငံရေးသမားတွေ ဘေးရောက်သွားခဲ့ရပါတယ်။ သူ့ဖခင် သမ္မတဟောင်း ဂျာယာက နေအိမ်အကျယ်ချုပ် ကျခံနေရပြီး ဖလာဗီယိုကလည်း ပြည်ပမှာ ရောက်ရှိနေတာကြောင့် အခုအချိန်ဟာ အပြောင်းအလဲနဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာ နိုင်ပါတယ်။
ဒီအဖြစ်အပျက်တွေအားလုံးဟာ လူလာ ရဲ့ သမ္မတသက်တမ်းအသစ်ကို ရင်ခုန်လှုပ်ရှားစရာတွေနဲ့ စတင်စေခဲ့ပါတယ်။ သူ့ရဲ့ သမ္မတသစ် ပျော်ရွှင်ရချိန်ကတော့ တိုတောင်းပါလိမ့်မယ်။ သူဟာ သမ္မတ ရာထူးကို အနိုင်ရရှိခဲ့ပေမဲ့ လွှတ်တော်နှစ်ရပ်လုံးမှာ လက်ယာယိမ်းအမတ်တွေက အများစု ဖြစ်နေပါတယ်။ ဒါဟာ လူလာအတွက် အုပ်ချုပ်ဖို့ ခက်ခဲစေမှာဖြစ်ပြီး၊ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ကန့်သတ်ချက်တွေ (နဲ့ သူ့ရဲ့ အသက်အရွယ်) ကြောင့် နောက်တစ်ကြိမ် ထပ်မံ ယှဉ်ပြိုင်လို့ မရနိုင်တော့ပါဘူး။ ဒါကြောင့် သူဟာရာထူးတာဝန်ထမ်းဆောင်ဖို့ စတင်တဲ့နေ့ ကတည်းကပဲ ဩဇာ အာဏာ မရှိတော့တဲ့ သမ္မတ (Lame duck) တစ်ယောက် ဖြစ်သွားနိုင်ပါတယ်။
ပြိုကွဲဖို့ အက်ကြောင်းပေါ်နေတဲ့ ဘရာဇီးရဲ့ စီးပွားရေးဟာ သူ့အတွက် နံပါတ်တစ် ဦးစားပေး လုပ်ဆောင်ရမယ့်အရာ ဖြစ်ပါတယ်။ သူ့ရဲ့ သုံးဖြုန်းလွန်းတဲ့ မူဝါဒတွေကြောင့် ဗဟိုဘဏ်က အစစ် အမှန်အတိုးနှုန်း (real interest rate – ငွေကြေးဖောင်းပွမှု ညှိနှိုင်းပြီး အတိုးနှုန်း) စံချိန်တင် မြင့်မားလွန်းတဲ့အဆင့် (vertigo-inducing heights) ထိ တိုးမြှင့်ခဲ့ ရပါတယ်။ လူလာရဲ့ အခု လက်ရှိ လေး နှစ် သက်တမ်းအတွင်းမှာတင် အစိုးရရဲ့ ကြွေးမြီနှင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုးအချိုး (Debt-to-GDP) ဟာ ၁ဝ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပါတယ်။ အံ့အားသင့်စရာ သူ့ရဲ့ အနိုင်ရရှိမှုသတင်း ထွက်ပေါ်လာချိန်မှာ ဈေးကွက်တွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး ရီယယ် (Real) ငွေကြေးဟာ ဒေါ်လာနဲ့ယှဉ်ရင် ၈% ထိ ကျဆင်းသွားခဲ့ကာ (နှစ်ပေါင်း ၂၅ နှစ်ကျော် အတွင်း အဆိုးရွား ဆုံးနေ့ ဖြစ်ခဲ့ပါတယ်)၊ ဆောပိုလို (São Paulo) စတော့အညွှန်းကိန်းက လည်း ၁၄% လျော့ကျပြီး ပိတ်ခဲ့ ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက လူလာဟာ ပါတီဝင်တစ်ယောက်ကို မဟုတ်ဘဲ အတွေ့အကြုံရင့်ကျက် တဲ့ ဝါရင့်ပုဂ္ဂိုလ် တစ်ယောက်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့နဲ့ အသုံးစရိတ် လျှော့ချရေးအတွက် ယုံကြည်စိတ်ချရတဲ့ အစီအစဉ်တစ်ခု ရေးဆွဲပြဖို့ တောင်းဆို နေကြ ပါတယ်။ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်မီက သူ့ရဲ့ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်ပေးကမ်းမှုတွေကို ကြည့်ရင် အဲဒီလိုမျိုး လုပ်ဆောင်မယ့်ပုံစံ မတွေ့ရတာက ရတက်မအေးစရာ ဖြစ်နေပါတယ်။
လူလာဟာ အခက်အခဲပေါင်း များစွာကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့ပြီးမှ သမ္မတရာထူးကို ရရှိခဲ့တာပါ။ ဒါပေမဲ့ တကယ်လို့ သူ့ရဲ့ စတုတ္ထမြောက်နဲ့ နောက်ဆုံးဖြစ်မယ့် သမ္မတသက်တမ်းမှာ အောင်မြင်မှုရဖို့ ကြိုးပမ်း ဆောင်ရွက်မယ် ဆိုရင်တော့ ကံကောင်းထောက်မဖို့ အများကြီးကို လိုတဲ့အပြင် အင်မတန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပေးနိုင်မှုတွေလည်း အများကြီး လိုအပ်ပါလိမ့်မယ်ဖြစ် တဲ့အကြောင်း အီကော်နော်မစ်စာစောင်ရဲ့ဆောင်းပါးရှင်က သုံးသပ်ရေးသားထား တာကိုတင်ပြ လိုက်ရကြောင်းပါ။
ရည်ညွန်း – The Economist October 31st – November 6th, 2026


