The Corner

The Corner

cropped-Logo_round_grey-background.png

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲအလွန် အရှုံးသမား နှစ်ဦး – ကိုတင်

Share မယ်

အမေရိကန်ရဲ့ နိုဝင်ဘာ ၃ ရက် သက်တမ်းဝက်ရွေးကောက်ပွဲကတော့ ပြီးသွားပါပြီ။ မဲရေတွက်မှုတွေ အကုန်အစင် မပြီးသေးပေမဲ့ ဒီမိုကရက်တစ်တွေ အသာစီးရလာတဲ့ သတင်းတွေက ဆက်တိုက် ထွက်လာနေပါတယ်။ ဒီရွေးကောက်ပွဲအပြီးမှာ အထူးစိတ်ဝင်စားစရာဖြစ်လာတဲ့ ရီပတ်ဗလီကင် ပါတီကို အားပေးသူ လူနှစ်ယောက်ကတော့ ထရီလံနာ သူဋ္ဌေး အီလွန် မတ်စ်နဲ့ ပိထ် ဟက်ဂ်ဆက်ပါ။ တစ်ယောက်က နိုင်ငံရေးမှာ ငွေကြေးအင်အား ပုံအောခဲ့သူ၊ နောက်တစ်ယောက် ကတော့ မိမိရဲ့ ဆုံးဖြတ်ချက်တွေအတွက် လွှတ်တော်ရဲ့ စိစစ်မှုကို ရင်ဆိုင်လာရနိုင်သူ ဖြစ်ပါတယ်။

Tesla နဲ့ SpaceX တို့ရဲ့ အမှုဆောင်အရာရှိချုပ် မတ်စ်အတွက် ဒီရွေးကောက်ပွဲဟာ ကိုယ်တိုင် ဝင်ပြိုင်စရာမလိုဘဲ ရှုံးနိမ့်မှုသွားတယ်လို့ သတင်းမီဒီယာတွေက သုံးသပ်ကြပါတယ်။ ဒီမိုကရက်တစ်တွေက လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး သူထောက်ခံထားတဲ့ ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းတွေ အားလုံးနီးပါး ရှုံးသွားတယ်လို့လည်း ဖော်ပြခဲ့ကြပါတယ်။

သူဋ္ဌေးကြီး အီလွန် မက်စ် နှင့် သူရဲ့ X ပို့စ်

ဆန်းစစ်ချက်အရ မတ်စ်ဟာ ဒီရွေးကောက်ပွဲကာလမှာ ရီပတ်ဘလီကန် ရန်ပုံငွေအဖွဲ့တွေကို အမေရိကန်ဒေါ်လာ ၄၄၅ သန်းလောက် လှူထားပါတယ်။ အများဆုံးထည့်ဝင်သူ ဖြစ်ခဲ့ပေမဲ့ ငွေကြေး အင်အားက သူမျှော်လင့်တဲ့ ရလဒ်ကို မပေးနိုင်ခဲ့ပါဘူး။

သူ အများဆုံးပုံအောခဲ့တဲ့နေရာက တက္ကဆက်ပြည်နယ်ပါ။ SpaceX နဲ့ Tesla ရုံးချုပ်တွေ ရှိနေတဲ့အပြင် ၁၉၈၈ ခုနှစ်ကစလို့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် မတင်မြှောက်ခဲ့တဲ့ ရီပတ်ဘလီကန် အမာခံနယ်မြေလည်း ဖြစ်ပါတယ်။ မတ်စ်ရဲ့ လှူဒါန်းငွေထဲက ထက်ဝက်နီးပါးဖြစ်တဲ့ ဒေါ်လာ သန်း ၂၀၀ ကျော်ကို ဒီပြည်နယ်မှာ သုံးခဲ့ပေမဲ့ ဒီမိုကရက်တစ် ကိုယ်စား လှယ်လောင်း ဂျိမ်းစ် တာလာရီကိုက မဲရာခိုင်နှုန်း အမှတ် ၁၂ မှတ်အသာနဲ့ အနိုင်ရသွားပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်မှာတော့ မတ်စ်က ၂၀၂၈ ခုနှစ် ဒီမိုကရက်တစ်တွေ အပြတ်အသတ်နိုင်ရင် အမေရိကန်ဟာ အမြဲတမ်း တစ်ပါတီစနစ်နိုင်ငံဖြစ်ပြီး ဒီမိုကရေစီ အဆုံးသတ်သွားလိမ့်မယ်လို့ X မှာ ရေးခဲ့ပါတယ်။ ရလဒ်တွေထွက်လာတော့ သူ့အာကာသလေဆာတွေက ဒီတစ်ခါ အလုပ်မဖြစ်ခဲ့ပုံ ပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်တဲ့ဟာသနဲ့ တုံ့ပြန်ခဲ့ပါတယ်။

ဒီမိုကရက်ဘက်က အနိုင်ရသွားသူ တာလာရီကိုကတော့ သူ့အောင်ပွဲမိန့်ခွန်းမှာ “တက္ကဆက်ဟာ ရောင်းကုန် မဟုတ်ပါဘူး” လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ပြည်နယ်ဥပဒေပြု လွှတ်တော်မှာ ရီပတ်ဘလီကန်တွေ အများစုရှိနေသေးတာကြောင့် မတ်စ်ရဲ့ ဒေတာစင်တာတွေ တည်ဆောက်မှုကို ရပ်ဆိုင်းဖို့ ကြိုးပမ်းတာက တကယ်ဖြစ်လာမလားဆိုတာ မသေချာသေးပါဘူး။

မတ်စ်ကတော့ တက္ကဆက်က အတားအဆီးတွေကြားမှာ အာကာသအခြေစိုက် ဒေတာစင်တာ အစီအစဉ်ကို ပြန်ထုတ်ပြောလာပါတယ်။ တစ်ဖက်မှာလည်း ဒီမိုကရက်တစ်တွေက လွှတ်တော်ကို ထိန်းချုပ်ခွင့်ရရင် သူနဲ့ပတ်သက်တဲ့ အငြင်းပွားစရာကိစ္စတွေကို စုံစမ်းမယ်လို့ အရင်ကတည်းက ပြောထားကြပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲရှုံးတာနဲ့ သူ့အခက်အခဲတွေ အဆုံးသတ်သွားတာတော့ မဟုတ်ပါဘူး။

နောက်တစ်ယောက်ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်ကတော့ တခြားဖိအားတစ်မျိုးနဲ့ ကြုံနေရပါတယ်။ ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ဗီဒီယိုမှာ သူ့ကို စွပ်စွဲပြစ်တင်ဖို့ ကြိုးစားလာရင် ရင်ဆိုင်သွားမယ်လို့ ပြောထားပါတယ်။ အီရန်စစ်ပွဲကိုလည်း “ရဲရင့်ပြီး သမိုင်းဝင်သော လုပ်ဆောင်မှု” လို့ ကာကွယ်ထားတာပါ။

သူ့ကို ဝေဖန်နေကြတာက ဒီမိုကရက်တစ်တွေတင် မဟုတ်ပါဘူး။ Fox News အစီအစဉ် တင်ဆက်သူဟောင်း ဟက်ဂ်ဆက်ဟာ ကိုယ့်ရီပတ်ဘလီကန်ပါတီအတွင်းမှာတောင် ဆန့်ကျင်သူတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အီရန်စစ်ပွဲကို စီမံဆောင်ရွက်ပုံ၊ ထိပ်တန်းစစ်အရာရှိတွေကို ထုတ်ပယ်ခဲ့တာနဲ့ လွှတ်တော်အမတ်တွေနဲ့ ဆက်ဆံရေးတင်းမာနေတာတွေက ဝေဖန်မှုရဲ့ အဓိကအချက်တွေပါ။

အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ဟာကင်း ဂျက်ဖရီစ်က “ပိထ် ဟက်ဂ်ဆက်က ဘာဖြစ်လို့ အခုထိ ဒီရာထူးမှာ ရှိနေသေးတာလဲ” လို့ မေးခွန်းထုတ်ထားပါတယ်။ ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် သောမတ်စ် မက်ဆီကလည်း လာမယ့်သီတင်းပတ်မှာ စွပ်စွဲ ပြစ်တင်ရေး အဆိုတွေ ပြန်တင်မယ်လို့ ပြောထားပါတယ်။ နောက်နှစ် ဒီမိုကရက်တစ်တွေ လွှတ်တော်ကို ထိန်းချုပ်တဲ့အခါ ဒီထက်ပြင်းထန်တဲ့ စိစစ်မှုတွေ ကြုံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ဟက်ဂ်ဆက်ကတော့ လေးမိနစ်ကျော် ဗီဒီယိုမှာ သူ့လုပ်ရပ်တွေကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ပင်တဂွန် အကြီးတန်းခေါင်းဆောင်တွေကို ထုတ်ပယ်တာ၊ DEI အစီအစဉ်တွေကို အဆုံးသတ် စေခဲ့တာနဲ့ လိင်ကူးပြောင်းထားသူတွေကို စစ်မှုထမ်းခွင့် ပိတ်ပင်တာတွေကို သူ့ရဲ့ လုပ်ဆောင်ချက်တွေ အဖြစ် ဂုဏ်ယူပြောဆိုထားပါတယ်။

သူ့ကို တိုက်ခိုက်နေကြတာဟာ လုပ်စရာရှိတာတွေကို ထိထိရောက်ရောက် လုပ်နိုင်လို့ဆိုတဲ့ သဘောနဲ့ ဟက်ဂ်ဆက်က တုံ့ပြန်ထားပါတယ်။ “ကျွန်တော်တို့လည်း နောက်ဆုတ်မှာ မဟုတ်ဘူး” လို့လည်း ပြောပါတယ်။ စွပ်စွဲပြစ်တင်ရေးကို ဟန်ပြ လုပ်ရပ်လို့ ခေါ်ပြီး ထရမ့်တောင် နှစ်ကြိမ် စွပ်စွဲပြစ်တင်ခံ ခဲ့ရတာကို ထောက်ပြထားပါတယ်။

ဟက်ဂ်ဆက်ရဲ့ အဆိုအရ ဒါဟာ ပုဂ္ဂိုလ်တစ်ဦးချင်းကို ဖျက်ဆီးဖို့ နိုင်ငံရေးလုပ်တာပါ။ ထရမ့်ကို ဒီနည်းနဲ့ မအောင်မြင်ခဲ့သလို သူ့အပေါ်လည်း အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သမ္မတဘက် ကတော့ သူ့ကို ထုတ်ပယ်မလားဆိုတာ တိုက်ရိုက်မဖြေဘဲ “အလွန်ကောင်းမွန်စွာ တာဝန် ထမ်းဆောင်ခဲ့သူပါ” လို့ ချီးကျူးထားပါတယ်။

ထရမ့်က ဟက်ဂ်ဆက်ကို ဆန့်ကျင်နေမှုဟာ ဗိုလ်ချုပ်ကြီးတွေကို ထုတ်ပယ်ခဲ့တာနဲ့ ဆက်နွှယ်မှု ရှိနိုင်တယ်လို့ ပြောပါတယ်။ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးတွေ များလွန်းခဲ့ပြီး သူနဲ့ သဘောထား မတိုက်ဆိုင်၊ အယူအဆရှိ သူတွေလည်း ပါဝင်တယ်ဆိုတဲ့ သဘောနဲ့ ပြောခဲ့တာပါ။ ဗင်နီဇွဲလားနဲ့ အီရန်က စစ်ဆင်ရေးတွေမှာ ဟက်ဂ်ဆက်ရဲ့ အခန်းကဏ္ဍကိုလည်း ချီးကျူးခဲ့ပါတယ်။ အီရန်မှာ ခုနစ်လကြာရှိနေပြီး ထိန်းချုပ်ချင်တာတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ထရမ့်က ဆိုပါတယ်။

ထရမ့် ချီးကျူးနေပေမဲ့ ဟက်ဂ်ဆက် ဆက်ရှိမယ်လို့တော့ အတည်မပြုနိုင်သေးပါဘူး။ ရွေးကောက်ပွဲ ရှုံးနိမ့်မှုတွေကို ပြန်သုံးသပ်နေချိန်မှာ သူ့ကို အစားထိုးနိုင်သေးတယ်လို့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။ ထရမ့်ရဲ့ အကြံပေးတစ်ယောက်ကလည်း အီရန်စစ်ပွဲကြောင့် သူ ရာထူးကနေ ဖယ်ရှားခံရနိုင်တယ်လို့ ဆိုပါတယ်။

ဒုသမ္မတ ဂျေဒီ ဗန့်စ်ကတော့ ဗုဒ္ဓဟူးနေ့မှာ အီရန်စစ်ပွဲက တကယ်တန်ခဲ့ရဲ့လားလို့ လူသိရှင်ကြား ထုတ်ဖော် မေးမြန်းခဲ့ပါတယ်။ ဒီစစ်ပွဲကြောင့် ရီပတ်ဘလီကန်တွေ လွှတ်တော်ကို ထိန်းချုပ်ခွင့် ဆုံးရှုံးခဲ့ရတာလို့လည်း ဆိုပါတယ်။ ဒီလိုပြောဆိုမှုကြောင့် ထရမ့်က ခြိမ်းခြောက်ထားသလို အီရန်အပေါ် အကြီးစားစစ်ဆင်မှုတွေ ပြန်စမလားဆိုတဲ့ မေးခွန်းလည်း ပေါ်လာပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဟက်ဂ်ဆက်ဟာ ထရမ့်သက်တမ်း ကုန်တဲ့အထိ ပင်တဂွန်ကို ဦးဆောင်ဖို့ ရာနှုန်းပြည့် သန္နိဋ္ဌာန်ချထားတယ်လို့ ပြောပါတယ်။ ဟက်ဂ်ဆက်ကိုယ်တိုင်ကလည်း အီရန် နျူကလီးယားလက်နက် မရရှိရေးအတွက် ဒီစစ်ပွဲဟာ အရေးပါတယ်လို့ ကာကွယ်ထားပြီး စစ်တပ်ကို ဆက်လက်ပြန်လည်တည်ဆောက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ အစိုးရက ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံတန် ကာကွယ်ရေး အသုံးစရိတ် အစီအစဉ်ကို အတည်ပြုခွင့်ရဖို့ ကြိုးစားနေပါတယ်။ ဟက်ဂ်ဆက်က အီရန်စစ်ပွဲနဲ့ တခြားဦးစားပေး အသုံးစရိတ်တွေ အတွက် ရန်ပုံငွေကို အတည်ပြုပေးဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ လွှတ်တော် အမတ်တွေနဲ့ သူ့ဆက်ဆံရေးတင်းမာနေတာက ဒီကြိုးပမ်းမှုကို အားလျော့စေတယ်လို့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် သောမ် တီလစ်စ်က CBS News ကို ပြောထားပါတယ်။

စစ်ရေးရာ ဝန်ကြီး ပိထ် ဟက်ဂ်ဆက် (photo: CBS News)

လာမယ့် စိစစ်မှုတွေက အီရန်စစ်ပွဲနဲ့တင် ရပ်မှာမဟုတ်ပါဘူး။ ဟက်ဂ်ဆက်ရဲ့ ယူကရိန်းအပေါ် မူဝါဒနဲ့ လက်တင် အမေရိက ရေပိုင်နက်ထဲက မူးယစ်ဆေးဝါး မှောင်ခိုလှေလို့ သံသယရှိတဲ့ လှေတွေကို အမေရိကန် စစ်တပ်က တိုက်ခိုက်ခဲ့တာတွေလည်း ပါလာနိုင်ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှု ဖြစ်နိုင်တယ်လို့ ဒီမိုကရက်တစ်တချို့က ပြောထားကြပါတယ်။

နောက်နှစ် အောက်လွှတ်တော် စစ်မှုရေးရာကော်မတီကို ဦးဆောင်မယ်လို့ မျှော်လင့်ထားကြတဲ့ အဒမ် စမစ်ကလည်း အီရန်စစ်ပွဲကနေ တပ်ဖွဲ့တွေရဲ့ နိုင်ငံရေးကင်းရှင်းမှုအထိ စိစစ်မယ်လို့ ပြောထားပါတယ်။ မတ်စ်နဲ့ ဟက်ဂ်ဆက်တို့ရဲ့ အခြေအနေချင်း မတူပေမဲ့ နှစ်ယောက်စလုံးအတွက် ရွေးကောက်ပွဲ ပြီးတာဟာ ဖိအားတွေပြီးသွားတာ မဟုတ်ပါဘူး။ နောက်ထပ် ဘာတွေရင်ဆိုင်ရမလဲဆိုတာ ဆက်ပြီးတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: Japan today, Washington Post

Click to rate this post!
[Total: 2 Average: 3.5]

Leave a Comment

Your email address will not be published. Required fields are marked *