The Corner

The Corner

cropped-Logo_round_grey-background.png

အာရှနိုင်ငံ အစိုးရများ စားနပ်ရိက္ခာရုတ်ခြည်း ရှားပါးပြတ်လပ်မှုကိုဟန့်တားနိုင်ပါ့မလား – တင်စိန်(ပထဝီဝင်)

Share မယ်

နဂိုကတည်းက စွမ်းအင်ရှားပါးပြတ်လပ်မှုကို ရင်ဆိုင်နေရသည့်နိုင်ငံများမှာ အယ်နီညိုရာသီဥတု ဖောက်ပြန်မှု ဒဏ်ကို ခံနေကြရသည်။                                                  

လွန်ခဲ့တဲ့ မေလအတွင်းက ကမ္ဘောဒီးယားနိုင်ငံမှာရှိ တဲ့အိုင်တစ်အိုင်ရဲ့ ရေပြင်ပေါ်မှာ သေဆုံးနေတဲ့ငါး တန်ချိန် နှစ် တန်ခန့် ပေါ်လာခဲ့တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံက ရေအိုင်ကြီး တစ်အိုင်မှာလည်း ရေထုပမာဏ လျော့နည်း ကျဆင်းသွားတာမို့ ရေအောက်မှာ နှစ်ပေါင်း များစွာ နစ်မြုပ်နေ ခဲ့တဲ့ “ဆိုမန်း” (Somang) ခေါ်ကျေးရွာဟောင်းရဲ့ အပျက်အစီးတွေ ပြန်ပြီးတော့ ပေါ်ထွက် လာခဲ့တယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ မြို့တော် မနီလာရဲ့ ရေပေးဝေမှု ပမာဏဟာ မကြာခင်မှာပဲ လျှော့ချခံရ နိုင်တယ်လို့ တာဝန်ရှိတဲ့သူတွေက မြို့နေလူထုကို သတိပေး ထားတယ်။ ပိုပြီးတော့ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေ တွေကြောင့် ဖြစ်ပေါ်လာရတဲ့အဲဒီ  ဖြစ်စဉ်တွေဟာ သီးခြားစီ ဖြစ်ပျက်နေတာလို့ ထင်ရပေမယ့် တကယ်တမ်း စုစည်းကြည့်လိုက်လို့ရှိရင် အယ်လ်နီညို (El Niño) ရာသီ ဥတု ဖြစ်စဉ်ကြောင့်အာရှဒေသဆီကို ရောက်ရှိလာနိုင်တဲ့ ဆိုးကျိုးဒုက္ခတွေကို မီးမောင်းထိုးပြနေ တာပဲ ဖြစ်ပါတယ်။

အဲဒီရာသီဥတုပုံစံဟာ သဘာဝအတိုင်း ပုံမှန်ပြန်လည်ဖြစ်ပေါ်လေ့ရှိတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ နှစ်နည်းနည်း ကြာတိုင်း ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်းအထက်ရှိ လေတိုက်ခတ်မှုတွေ ပြောင်းလဲ သွားတာကြောင့် တောင်အာရှနှင့် တောင်အရှေ့ အာရှ ဒေသ အများအပြားမှာပိုပြီးတော့ ပူပြင်း ခြောက်သွေ့တဲ့ ရာသီ ဥတု အခြေအနေတွေကို ဖြစ်ပေါ်စေတာပါ။ မေလမှာ စတင်ခဲ့ပြီး နိုဝင်ဘာလမှာ အမြင့်ဆုံး အခြေ အနေ ကို ရောက်ရှိမှာဖြစ်ပါတယ်။ အခု ၂ဝ၂၆ ခုနှစ်ရဲ့ အယ်လ်နီညို ဖြစ်စဉ်ဟာ ပုံမှန်ထက်ကို ပိုပြီးတော့ ပြင်းထန်လျက် ရှိပါတယ်။ နေ့စဉ် တိုင်းတာချက် တစ်ခုအရ ပစိဖိတ် သမုဒ္ဒရာ ရေမျက်နှာပြင် အပူချိန် မူမမှန် မြင့်တက်မှုဟာ စံချိန် တင်ထားသမျှ အရင်တုန်းက ဖြစ်စဉ်အားလုံးရဲ့ အမြင့်ဆုံး ပမာဏ ထက်တောင်ကျော် လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ (WMO) က အခုနှစ် ‘အယ်လ် နီညို’ ဖြစ်စဉ်ဟာ ၂၀၂၇ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်ပြီးတော့ ဖြစ်နေဦးမယ်လို့ မျှော်လင့်ရတဲ့ အကြောင်း ထုတ်ပြန် ထားပါတယ်။ အကျိုးဆက်တွေက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ သက်ရောက်မှာ ဖြစ်ပေမဲ့ အထူးသဖြင့် ကတော့ အာရှဒေသမှာ  ပိုပြီးတော့ ထိခိုက်လွယ်လျက်ရှိပါတယ်။ အကြောင်းက အာရှရှိ လူဦးရေ သန်းပေါင်း များစွာဟာ စိုက်ပျိုးရေး လုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် မှီခိုနေရပြီး အဲဒီနိုင်ငံတွေက သက်ဆိုင်ရာ အစိုးရတွေ ကလည်း အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင် အကျပ်အတည်းကို ရင်ဆိုင် ဖြေရှင်း နေရဆဲ ဖြစ်တာကြောင့်ပါပဲ။ ဒေသတွင်း နေရာ အတော် များများမှာ အယ်လ်နီညိုကြောင့် ထိခိုက်ပျက်စီးမှုတွေ စတင်ဖြစ်ပေါ်နေပါပြီ။ အိန္ဒိယနိုင်ငံရဲ့ နှစ်စဉ် မိုးရေချိန် ၇ဝ ရာခိုင်နှုန်းနီးပါးကို ပံ့ပိုး ပေးသည့် မိုးလေဝသအခြေအနေဟာ ပုံမှန်အဆင့်ထက် ၁၃ ရာခိုင်နှုန်းလောက် လျော့နည်းပြီး ဆုံးသွားခဲ့တာကြောင့် ၁၀ နှစ်အတွင်း အခြောက်သွေ့ဆုံး ဖြစ်ခဲ့တယ်။ ဂြိုဟ်တု အချက်အလက်တွေအရ အင်ဒိုနီးရှားနိုင်ငံဟာ ၁၁ နှစ်အတွင်းမှာ အဆိုးရွားဆုံး တောမီးလောင်ကျွမ်းတဲ့ ရာသီကို ကြုံတွေ့ နေ ရကြောင်း ညွှန်ပြနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာမူ ပြည်နယ်ပေါင်း ခုနစ်ခုဟာ မိုးခေါင် ရေရှား ဒဏ်ကို ကြုံတွေ့ နေရပြီဖြစ်ကြောင်းနှင့် လာမယ့် နှစ်ဆန်းပိုင်းမှာ တစ်နိုင်ငံလုံး မိုးခေါင် ရေရှားတာမျိုး နဲ့ ရင်ဆိုင် ရနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

အထိခိုက်ဆုံး တိုက်ရိုက်အကျိုးသက်ရောက်မှုကတော့ စားနပ်ရိက္ခာ သီးနှံတွေအပေါ်  ဖြစ်လာပါလိမ့်မယ်။  မိုးရေကို အဓိက မှီခိုနေရတဲ့ တောင်သူလယ်သမားတွေဟာ အဆိုးရွားဆုံး ထိခိုက်ခံရမှာ ဖြစ်ပြီး အထူးသဖြင့်ကတော့ အယ်လ်နီညို အား အကောင်းဆုံး အချိန်ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအကြား ပင်မ စပါးစိုက်ပျိုးတဲ့ အချိန် အင်ဒိုနီးရှားနိုင်ငံမှာ ပိုပြီးတော့ ဆိုးရွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ မိုးရေ ရရှိတာ နည်းပါးတာကြောင့်မို့ ရေလှောင်ဆည်ကြီးတွေ ရေဝင်နည်းပြီး ခြောက်သွေ့ ကုန်တယ်။ အဲဒါကြောင့် ဆည်ရေသောက် စိုက်ပျိုးမြေတွေလည်း ဒီအန္တရာယ်ကနေ လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံ အလယ်ပိုင်းမှာဆိုရင် အဲဒီ အ‌ခြေအနေကြောင့် အခုနှစ် သီးထပ်စိုက်ပျိုးတဲ့နွေစပါးကို မစိုက် ပျိုးကြဖို့ အစိုးရက တောင်သူ လယ်သမားတွေကိုအဆောတလျင်ပဲ မေတ္တာ ရပ်ခံခဲ့ရပါတယ်။

အရာ အားလုံးဟာ အီရန် စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ လောင်စာနဲ့ ဓာတ်မြေဩဇာ ထောက်ပံ့ ပို့ဆောင်ရေး အခက်အခဲတွေ အပြင် ထပ်ပြီးတော့ ဆိုးရွားလာတာ ဖြစ်တယ်။ အခုနှစ်မှာ မြေဩဇာ စျေးနှုန်းတွေဟာအရင်နှစ်ထက် ပျမ်းမျှ ၃၈ရာခိုင်နှုန်း ပိုပြီး မြင့်တက်လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထား ပါတယ်။ သွင်းအားစု စရိတ် ပိုမို မြင့်မားလာတာနှင့် ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေဟာ တောင်သူ လယ်သမားတွေရဲ့ ဝင်ငွေကို ထိခိုက် ကျုံ့သွားစေတဲ့အပြင် အစားအသောက် ကုန်ဈေးနှုန်း ကြီးမြင့်မှုကိုလည်း ဖြစ်ပေါ် စေပါတော့တယ်။ အိန္ဒိယနိုင်ငံ၏ နှစ်စဉ် အစားအသောက်နဲ့ ဆိုင်တဲ့ ငွေကြေး ဖောင်းပွမှုနှုန်းဟာ ဇန်နဝါရီလမှာ ၂ ဒသမ ၁ ရာခိုင်နှုန်း သာရှိရာကနေ သြဂုတ်လတွင် ခြောက်ရာခိုင်နှုန်း ထိ မြင့်တက်လာခဲ့တယ်။ သီရိလင်္ကာနိုင်ငံမှာတော့ စက်တင်ဘာလမှာ ခုနစ် ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့ပါတယ်။

သို့တိုင်ပိုပြီးတော့ စိုးရိမ်စရာကောင်းတဲ့အချက်ကတော့ ရိက္ခာဖြည့်တင်းပေးနိုင်တဲ့ အခြေအနေပဲဖြစ် ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် ခရွန်ထိုင်းဘဏ် ရဲ့တွက်ချက်မှုအရ ထိုင်းနိုင်ငံရဲ့ ဆန်ထုတ် လုပ်မှုဟာ အခုအချိန်ကစပြီး နောင်နှစ်လယ်ကာလအထိ ၁၈ရာခိုင်နှုန်း ကျဆင်း သွားနိုင်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်မှာ အရန်ဆန် လုံလုံ လောက်လောက် ရှိပေမယ့် အခြားနိုင်ငံ တွေမှာတော့ ကျောထောက် နောက်ခံပြု အားထားစရာ နည်းပါးလှပါတယ်။ အမေရိကန် စိုက်ပျိုးရေးဌာနက ကိန်းဂဏန်း အချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အရန်ဆန် သိုလှောင် ထားတာဟာ အဲဒီနိုင်ငံက နှစ်စဉ်စားသုံးမှု ပမာဏရဲ့ လေးရာခိုင်နှုန်း အောက်သာ ရှိပါတော့တယ်။

အာရှတိုက်ဘက်က နိုင်ငံတွေမှာ ထိခိုက်မှုအန္တရာယ် အများဆုံးရှိနေတယ်ဆိုတာကို တိုင်းတာနိုင်ဖို့အတွက် လန်ဒန်ထုတ် အီကောနောမစ် မဂ္ဂဇင်းဟာ အာရှရဲ့ ထွန်းသစ်စစီးပွားရေးနိုင်ငံ ၁၁ ခုအတွက် “ထိခိုက်လွယ်မှု ညွှန်းကိန်း” (Vulnerability Index) တစ်ခုကို စနစ်တကျ ပြုစုခဲ့တယ်။ ထိုညွှန်းကိန်းမှာ တိုင်းတာချက် နှစ်မျိုး ကို ပေါင်းစပ် ထားတာဖြစ်တယ်။ ပထမတစ်ခုကတော့ အယ်လ်နီညို ရာသီဥတုက အဲဒီနိုင်ငံ တွေရဲ့စီးပွားရေးကို ဘယ်အတိုင်းအတာအထိ ထိခိုက်စေနိုင်သလဲ။ (စိုက်ပျိုးရေးကဏ္ဍရဲ့ အရေးပါမှု ပေါ်မူတည်ပြီး) ဒုတိယတစ်ခု ကတော့ အစိုးရတွေဟာ အဲဒီဂယက်ရိုက်ခတ်မှုကို ဘယ်အတိုင်းအတာ အထိ ထိန်းသိမ်းကုစားပေးနိုင်မလဲ (ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်နိုင်စွမ်းနှင့် လူမှုဖူလုံရေးစနစ်များရဲ့ လွှမ်းခြုံနိုင်မှု အညွှန်းကိန်းများပေါ် မူတည်၍) ဆိုတာပဲဖြစ်ပါတယ်။

သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဟာ အဆိုးရွားဆုံး အခြေအနေမှာ ရှိနေကြ ပါတယ်။ အချို့နိုင်ငံတွေအတွက် ကိန်းဂဏန်း အချက်အလက်တွေကတော့ မပြည့်စုံဘဲ ကွက်ကျားသာရှိတယ်။ အဆိုပါ နိုင်ငံတွေအတွက် အချက်အလက်တွေသာ အတိအကျ သိရရင် အဆိုးရွားဆုံးမှာ ထိပ်ဆုံးကတောင် ပါဝင်ကောင်း ပါဝင်နိုင်တယ်။ မျှော်လင့်ထားကြတဲ့ အတိုင်းပါပဲ။ ပိုပြီးချမ်းသာတဲ့ နိုင်ငံတွေဖြစ်ကြတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေ ကတော့ထိခိုက်မှု အနည်းဆုံးပဲဖြစ်တယ်။ အယ်လ်နီညို ဂယက်ကို ခံစားရတဲ့ ပုံစံအမျိုးမျိုး ရှိပါတယ်။ အိန္ဒိယနိုင်ငံမှာ ထိခိုက်မှုအန္တရာယ်ဟာ တောင်သူလယ်သမားတွေဆီကို အဓိက ကျရောက်ပြီး ဖိလစ်ပိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ မှာတော့ စားသုံးသူ ပြည်သူလူထုဆီကိုအဓိက ကျရောက်လျက်ရှိပါ တယ်။

အယ်လ်နီညို ရာသီဥတု ဂယက်ဟာ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ ကဏ္ဍကိုသာမကပါဘူး အခြား ကဏ္ဍတွေမှာပါ သက်ရောက်မှု တွေ ဖြစ်ပေါ်လာမှာဖြစ်တယ်။ အာရှဖွံ့ဖြိုးရေးဘဏ်က အယ်လ်နီညို ကြောင့် စွမ်းအင်အကျပ်အတည်း ပိုပြီးတော့ ဆိုးရွား လာနိုင်တယ်လို့ သတိပေးထားပါတယ်။ မြစ်ချောင်းတွေ ခန်းခြောက်လာတာကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့ကျ သွားတဲ့အချိန်မှာ ပူပြင်းလှတဲ့ အပူချိန်ကြောင့် လေအေးပေးစက် (အဲကွန်း) အသုံးပြုတာ မြင့်တက်လာပြီး နိုင်ငံတွေကို ကျောက်မီး သွေး လောင်စာကိုပိုပြီးအသုံးပြုလာစေဖို့ တွန်းအားပေးသလို ဖြစ်သွားစေပါတယ်။

ပြည်သူ့ကျန်းမာရေးဟာလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံ တောမီး လောင်တာတွေ ကနေ ထွက်ရှိလာတဲ့ မီးခိုးငွေ့တွေဟာ အရှေ့တောင်အာရှ ဒေသနိုင်ငံ တချို့ ဆီကို ဖုံးလွှမ်းထားခဲ့တယ်။ အောက်တိုဘာလ ၁၂ ရက်နေ့တုန်းကဆိုရင် စင်ကာပူနိုင်ငံရဲ့ လေထု အရည်အသွေးဟာ အိန္ဒိယနိုင်ငံက ဒေလီမြို့ထက်တောင် ပိုပြီးတော့ ဆိုးရွားသွားခဲ့ပြီး ကမ္ဘာ့ အဆိုးရွားဆုံး အဆင့်ကို ရောက်ရှိ ခဲ့ရပါတယ်။

Photo credit: Beacon Medical Singapore

အစိုးရတွေဟာ အဲဒီဒဏ်ကို ခံနိုင်ရည်ရှိဖို့ခက်ခဲတဲ့အတွက် စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုက ကြီးမားနိုင်တယ်။ ၁၉၉၇ ခုနှစ် အယ်လ်နီညို ဖြစ်စဉ်ကို လေ့လာဆန်းစစ်ချက်အရ နောက်ပိုင်းငါးနှစ် နှစ်တာကာလအတွင်း ကမ္ဘာ့စီးပွားရေးကို ဒေါ်လာ ခြောက် ထရီလီယံနီးပါး ဆုံးရှုံးစေခဲ့ပြီး အာရှ ဒေသက အများဆုံး ခံခဲ့ရပါတယ်။ အခုနှစ် စားနပ်ရိက္ခာနဲ့ စွမ်းအင်ဈေးနှုန်း မြင့်တက်မှုရဲ့ အကျိုးဆက် တွေကို ပြည်သူလူထုဆီကို တိုက်ရိုက် သက်ရောက်စေမယ်ဆိုရင် (ဆိုလိုတာက ထောက်ပံ့ကြေးတွေနဲ့ အခြား ကူညီပေးတဲ့ အစီအစဉ်တွေကို ဖယ်ရှားလိုက်မယ်ဆိုရင်) ကမ္ဘာတစ်ဝန်းရှိ လူဦးရေ ၁၃၂ သန်းခန့် ထပ်ပြီးတော့ ဆင်းရဲ သွားနိုင်ပြီးအဲဒီအနက် ၉၁ သန်းက အာရှဒေသကပဲ ဖြစ်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ အစိုးရတွေရဲ့ ကြွေးမြီတွေ ပိုပြီးတော့ မြင့်တက်လာတာနဲ့ အမျှ အဲဒီ အခြေအနေကို ရှောင်လွှဲနိုင်ဖို့ ပိုပြီးတော့ ခက်ခဲလာမှာ ဖြစ်ပါတယ်။

သတင်းကောင်းကတော့ အစိုးရတွေဟာ ဒီအကျပ်အတည်း လာနေတာကို ကြိုတင်မြင်တွေ့ နေရတာပဲ ဖြစ်တယ်။ အချက်အလက် နှင့် ခန့်မှန်းချက်တွေပိုပြီးတော့ ကောင်းမွန်လာတဲ့အတွက် မူဝါဒ ချမှတ်သူ တွေဟာ အရင်တုန်း ကပေါ်ပေါက်ခဲ့တဲ့ အယ်လ်နီညို ဖြစ်စဉ်မျိုးတွေမှာ တုန်းကထက် ပိုပြီးတော့ ပြင်ဆင် ထားနိုင်ပြီ ဖြစ်တဲ့အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ရိုရှန်ဖာနန်ဒို (Roshen Fernando) က ပြောကြားခဲ့တယ်။ အစိုးရတွေဟာ ဆန်ကိုအရန်ရိက္ခာ စုဆောင်းတာအပြင် တောင်သူ လယ်သမား တွေကိုလည်း တိုက်ရိုက်ကူညီဖို့ ကြိုးပမ်းနေကြပါတယ်။ အိန္ဒိယနိုင်ငံ ဆိုရင် မိုးခေါင်ရေရှားတဲ့ ခရိုင်တွေရှိ စိုက်ပျိုးသူ တောင်သူလယ်သမားတွေကို ပဲမျိုးစုံနဲ့ အခြားသီးနှံတွေ ပြောင်းလဲစိုက်ပျိုးဖို့ အားပေး တိုက်တွန်းလျက်ရှိပါတယ်။ ဖိလစ်ပိုင် နိုင်ငံမှာတော့ မိုးခေါင်ရေရှား ဒဏ်ခံနိုင်ရည်ရှိ တဲ့ သီးနှံမျိုးစေ့တွေကို ဖြန့်ဝေပေးလျက်ရှိပါတယ်။

ဘဏ္ဍာငွေတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်။ ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေတွေ ကို ဘေးအန္တရာယ် ကျရောက် ပြီးမှ ထုတ်ပေးတာမျိုးမလုပ်ဘဲ အစိုးရတွေဟာ အယ်လ်နီညိုအတွက် ရန်ပုံငွေ သီးသန့် ဖယ်ထားသင့်တယ်လို့ မစ္စတာ ဖာနန်ဒို က ဆိုပါတယ်။အဲဒီအစီအစဉ်ကို အယ်လ်နီညိုအရှိန် အမြင့်ဆုံး မရောက်မီ အရေးပေါ် ချေးငွေလိုင်းတွေနဲ့ ဘေးအန္တရာယ် အာမခံများ ကို ကြိုတင်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် လုပ်ဆောင်ထားနိုင်ပါတယ်။

အထူးသဖြင့်ကတော့  ကြိုတင်ခန့်မှန်းချက်တွေက သတ်မှတ်ထားတဲ့ အခြေအနေတွေ (ဥပမာဆိုရရင် ရေလှောင်ဆည်ကြီးတွေရဲ့ စိုးရိမ်ရေမှတ်) ထက် ကျော်လွန်သွားတဲ့အချိန်မှာအကူအညီ ဒါမှမဟုတ် ငွေကြေး ထောက်ပံ့ပေးတဲ့ “ကြိုတင်ပြင်ဆင် ဆောင်ရွက်မှု” (Anticipatory action) ဟာ အင်မတန်ကို အဖိုးတန်ပါတယ်။ အခုလို သုံးစွဲသည့် တစ်ဒေါ်လာတိုင်းဟာ နောက်ပိုင်းတွင် ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုနဲ့ ကူညီကယ်ဆယ်ရေး စရိတ်တွေမှာ ခုနစ် ဒေါ်လာအထိ သက်သာ စေနိုင်ပါတယ်လို့ ကုလသမဂ္ဂ က ယူဆပါတယ်။ အဲဒီလို အစီအစဉ်မျိုးတွေကို အာဖရိကနဲ့ ဗဟိုအမေရိကတိုက်ကနိုင်ငံတွေမှာ စမ်းသပ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အာရှဒေသ မှာကတော့ ဘဏ္ဍာရေး လိုအပ်ချက်တွေကြောင့် ဆောင်ရွက်နိုင်ဖို့ အကန့်အသတ်တွေ ရှိနေသေးတုန်း ဖြစ်သည်။ ဇွန်လအတွင်းက ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နဲ့ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ (FAO) တို့ဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင် အပါအဝင် နိုင်ငံပေါင်း၂၂ နိုင်ငံက လူဦးရေ ၈ ဒသမ ၈ သန်းကို ကာကွယ်ရန် အမေရိကန်ဒေါ်လာ ၂ဝ၂ သန်း ရရှိဖို့ တောင်းခံခဲ့တယ်။ ဒါပေမဲ့ ဒီကနေ့ အထိ ဒေါ်လာ သန်းလေးဆယ်ပဲ ရရှိသေးတယ်။ ချမ်းသာတဲ့ အလှူရှင် နိုင်ငံတွေက အသုံးစရိတ် တွေကို စိစစ်လျှော့ချလာတာနဲ့အမျှ ကြိုတင် ကာကွယ်ရေး အစီ အစဉ်တွေဟာပထမဆုံး လျှော့ချ ခံရတဲ့ စာရင်းမှာ ပါဝင်နေပါတယ်။ ကုန်ခဲ့တဲ့ရာစုနှစ်တစ်ခုကျော်က ပြင်းထန်တဲ့ အယ်လ်နီညို ဖြစ်စဉ်က အိန္ဒိယ၊ တရုတ်နဲ့  တခြားနိုင်ငံတွေမှာ လူဦးရေ သန်းပေါင်း များစွာ သေဆုံးခဲ့ရတဲ့ အငတ်ဘေးကြီး တွေကို ပေါ်ပေါက် စေခဲ့ပါတယ်။ အဲဒီလိုဖြစ်ရတာဟာ ဘာဖြစ်လာမယ် ဆိုတာကို ဘယ်သူကမျှ ကြိုတင်မမြင်နိုင်ခဲ့တာ ဒါမှမဟုတ်ဖြစ်လာရင် ဘာလုပ်ရမယ် ဆိုတာကို မသိခဲ့ ကြတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီကနေ့အချိန်မှာတော့ ပိုပြီးချမ်းသာလာတဲ့ အာရှဒေသဟာ ရှေ့မှာ ဘာကြုံတွေ့ရမယ်ဆိုတာကို သိရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ကြိုတင် ခန့်မှန်းချက်တွေဟာလည်း အစိုးရတွေနဲ့ အလှူရှင် နိုင်ငံတွေက ဒီခန့်မှန်းချက်တွေပေါ်မူတည်ပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှ အသုံးဝင်မှာဖြစ်တယ်လို့ အီကော်နော်မစ် စာစောင်ရဲ့ ဆောင်းပါးရှင်က သုံးသပ် ထားတာကို တင်ပြလိုက်ရကြောင်းပါ။

ရည်ညွှန်း  – The Economist October 17th to 23rd 2026.

Click to rate this post!
[Total: 1 Average: 2]

Leave a Comment

Your email address will not be published. Required fields are marked *