The Corner

The Corner

cropped-Logo_round_grey-background.png

အနိုင်အရှုံး (သို့မဟုတ်) အီလွန်မာ့စ်နဲ့ Nordic ဖွံ့ဖြိုးမှုပုံစံ

Share မယ်

၂၀၂၃ခုနှစ် အောက်တိုဘာလမှာ အီလွန်မာ့စ် (Elon Musk) နဲ့ ဆွီဒင်နိုင်ငံက စက်ပြင်အလုပ်သမား (၁၃၀) ဝန်းကျင်တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်တိုးခဲ့မှုဟာ ကမ္ဘာ့အနာဂတ်လမ်းကြောင်း ရှာဖွေကြံဆရာမှာ ထည့်သွင်း စဥ်းစားရမယ့် ဖြစ်ရပ်လို့ ဆိုချင်ပါတယ်။အီလွန်မာ့စ်ဆိုတာ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ပါ။ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကို စက်ပြင်အလုပ်သမား (၁၃၀) ဝန်းကျင်က ဘယ်လိုရင်ဆိုင် အန်တုမလဲလို့ တွေးကြမှာပါ။ တကယ်ကတော့ စက်ပြင်အလုပ်သမား (၁၃၀) ဝန်းကျင်က ကိုယ်စားပြုတဲ့ ဆွီဒင်ဖွံ့ဖြိုးမှုပုံစံနဲ့ အီလွန်မာ့စ်တို့ ထိပ်တိုက်ရင်ဆိုင် တိုးခဲ့တာပါ။

အရင်ဆုံးထိပ်တိုက်ရင်ဆိုင်တိုးခဲ့တဲ့ ဖြစ်စဥ်ကိုကြည့်ရအောင်ပါ။၂၀၂၃ခုနှစ်၊အောက်တိုဘာလမှာ တက်စလာ(Tesla)က စက်ပြင်ဌာနခုနစ်ခုက စက်ပြင်အလုပ်သမား (၁၃၀) ဝန်းကျင်ဟာ လုပ်ငန်းခွင်ကနေ ဆန္ဒပြ ထွက်ခွာ ခဲ့ကြပါတယ်။ ဆန္ဒပြတဲ့ အကြောင်းရင်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ လုပ်ခလစာ ပြဿနာ မဟုတ်ပါဘူး။ အလုပ်ချိန်လို လုပ်ငန်းခွင် ပြဿနာမျိုး မဟုတ်ပါဘူး။ တက်စလာက ဆွီဒင်နိုင်ငံအပါအဝင် နော်ဒစ်နိုင်ငံ (Nordic) တွေမှာ ကျင့်သုံးတဲ့ “စုပေါင်း အပေးအယူ ညှိနိုင်းမှု” (Collective bargaining agreement  on kollektivavtal) ကို လက်မခံ ငြင်းပယ်နေတာကြောင့် ခုလိုဆန္ဒပြခဲ့တာပါ။

“စုပေါင်းအပေးအယူညှိနှိုင်းမှု” ဆိုတာက ဆွီဒင်နိုင်ငံအပါအဝင် နော်ဒစ်နိုင်ငံတွေရဲ့ လူမှုစီးပွားရေး စနစ်မှာ အခြေခံ အုတ်မြစ် အဖြစ် ရပ်တည်နေတာပါ။

ဆန္ဒပြတဲ့ စက်ပြင် အလုပ်သမားဦးရေက (၁၃၀) ဝန်းကျင်ဆိုပေမယ့် တက်စလာက လက်မခံ ငြင်းပယ်တာက နော်ဒစ် နိုင်ငံ တွေရဲ့ အခြေခံအုတ်မြစ်ဖြစ်နေတဲ့အတွက် နော်ဒစ်နိုင်ငံတွေရဲ့တစ်သားတည်း စုစည်းပိတ်ဆို့ ဆန့်ကျင်မှု (ဥပမာ-Pan-Nordic  sympatry  blockade) ကို တက်စလာက ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဆွီဒင်နိုင်ငံတွေရဲ့ (၅၅)ခုမကတဲ့ ဆိပ်ကမ်းတွေမှာ ဆိပ်ကမ်းအလုပ်သမားတွေက ရောက်လာတဲ့သင်္ဘောတွေပေါ်က တက်စလာကား တွေကို ချပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ ဆွီဒင်နိုင်ငံရဲ့ ဥပဒေအရ ကားနံပါတ်ပြားတွေကို စာတိုက်က တဆင့် ပို့ပေး ရတာပါ။ စာတိုက် ဝန်ထမ်းတွေကလည်း တက်စလာ ကားနံပါတ်ပြားတွေကို ပို့ဝေပေးတာကို ရပ်ဆိုင်း ခဲ့ကြပါတယ်။ ဆွီဒင် လျှပ်စစ် ကျွမ်းကျင် သူတွေကလည်း တက်စလာကားတွေရဲ့ လျှပ်စစ်ပိုင်းဆိုင်ရာဖြစ်တဲ့ လိုအပ်ချက်ကို  ဖြည့်ဆည်း မပေး ကြပါဘူး။ တခြား နော်ဒစ်နိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ ဖင်လန်နဲ့ နော်ဝေးနိုင်ငံတွေမှာရှိတဲ့ ဆိပ်ကမ်း အလုပ်သမားတွေ ကလည်း တက်စလာကားတွေကို အတင်အချ လုပ်ပေးတာကို မလုပ်ကြပဲ ဆန္ဒပြခဲ့ ကြပါတယ်။ ဒီထိပ်တိုက်တိုးမှုမှာ ဆွီဒင်စက်ပြင်အလုပ်သမား (၁၃၀) ဘက် ကနေ ဆွီဒင် အလုပ်သမားသမဂ္ဂ (IF  Metall) က နောက်ခံပြု ရပ်တည် လှုပ်ရှား ပေးခဲ့ကြပါတယ်။

ဒီထိပ်တိုက်တိုးမှုဟာ သုံးနှစ်နီးပါး ကြာခဲ့ပါတယ်။တက်စလာ ပိုင်ရှင်အီလွန်မာ့စ်ဟာ သူ့ထုံးစံအတိုင်း အလျှော့မပေးပဲ ထိပ်တိုက် ရင်ဆိုင်တိုးခဲ့ပါတယ်။ အီလွန်မာ့စ်က တက်စလာကားတွေကို သင်္ဘောနဲ့ မပို့ဘဲ ထရပ်ကားကြီးတွေနဲ့ ပို့ခဲ့ပါတယ်။ နံပါတ်ပြားတွေ ကိစ္စမှာလည်း တက်စလာကုမ္ပဏီက တစ်ဆင့် မဟုတ်ပဲ ကားပိုင်ရှင်တွေဆီ တိုက်ရိုက် ပို့နိုင်အောင် ဥပဒေဟာ ဟာကွက်ကို သုံးပြီး ဆောင်ရွက်ခဲ့ပါ တယ်။ ကားရဲ့ ဝန်ဆောင်မှု ကိစ္စရပ်တွေ အတွက် အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်မဟုတ်တဲ့ တခြားဥရောပ နိုင်ငံက အလုပ်သမားတွေကို အီလွန်မာ့စ်က ငှားရမ်း ခန့်ထား ခဲ့ပါတယ်။ ဆန္ဒပြရာမှာ ပါဝင်တဲ့ ဆွီဒင် စက်ပြင်အလုပ်သမား (၁၃၀) ဝန်းကျင်ကို အီလွန်မာ့စ်က တစ်လုံးတစ်ခဲတည်း ငွေပုံအော ပေးပြီး အလုပ် သမားသမဂ္ဂနဲ့လုပ်ငန်းခွင်က နုတ်ထွက်သွားအောင် တဖြည်းဖြည်းဖဲ့ထုတ် ချဥ်းကပ် စည်းရုံးခဲ့ ပါတယ်။ အပြီးသတ်မှာတော့ အီလွန်မာ့စ်ဟာ ဆန္ဒပြ ဆွီဒင်စက်ပြင်အလုပ်သမားအားလုံးကို ဝယ်ယူနိုင်ခဲ့တဲ့ အတွက် ၂၀၂၆ခုနှစ် သြဂုတ်လ(၁၃) ရက်နေ့မှာ ဆွီဒင်အလုပ်သမားသမဂ္ဂ (IF Metall) က ထိပ်တိုက် ရင်ဆိုင်တိုးမှု ပြီးဆုံးကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီထိပ်တိုက်တိုးမှုရဲ့အကျိုးသက်ရောက်မှုကို မဆွေးနွေးဘဲ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ နော်ဒစ်နိုင်ငံ တွေရဲ့ လူမှုစီးပွားရေး ပုံစံကို ကြည့်ကြရအောင်ပါ။ ဆွီဒင်နိုင်ငံရဲ့ လူမှုစီးပွားရေးပုံစံကို လိုရင်း ထည့်ချုပ် ပြောရရင် လွတ်လပ်တဲ့စျေးကွက်စီးပွားရေးစနစ် အခြေခံအုတ်မြစ်အပေါ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ပြန့်ပြည့်စုံတဲ့ လူမှု ဖူလုံရေးစနစ်နဲ့ ခိုင်မာတောင့်တင်းတဲ့အလုပ်သမားသမဂ္ဂစနစ်ကို ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ဆွီဒင်နိုင်ငံအပါအဝင် နော်ဒစ်နိုင်ငံတွေမှာ ပြောရရင် ဓနဥစ္စာကြွယ်ဝပြည့် စုံလာဖို့ လွတ်လပ်တဲ့စျေးကွက်စီးပွားရေးစနစ်အပေါ်အားပြုပြီး ရရှိလာတဲ့အကျိုးအမြတ်ကို လူထုတစ် ရပ်လုံးခံစားနိုင်ဖို့ ဝင်ငွေအနည်းအများအလိုက် အခွန်ထမ်းဆောင် စေတဲ့စနစ် (Progressive Income-Tax)ကို ကျင့်သုံးပါတယ်။ သဘောကတော့ ဝင်ငွေများရင် များသလို ဝင်ငွေအပေါ် အခွန် ထမ်းဆောင် ရတဲ့နှုန်း မြင့်မားလာပြီး ဝင်ငွေနည်းရင်နည်းသလို ဝင်ငွေအပေါ် အခွန်ထမ်းဆောင်ရတဲ့ နှုန်း နည်းတာပါ။ ဆွီဒင် ပုံစံရဲ့ ထူးခြားချက်က အနိမ့်ဆုံး လုပ်ခလစာကို အစိုးရက သတ်မှတ်မပေးဘဲ စီးပွားရေးကဏ္ဍ တစ်ခုချင်း အလိုက် သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်အဖွဲ့အစည်းတွေနဲ့အလုပ်သမားတွေတိုက်ရိုက် ဆွေးနွေး ညှိနှိုင်း သတ်မှတ် ကြတာပါ။ ဒီလိုဆောင်ရွက်တာကို ”စုပေါင်း အပေးအယူ ညှိနှိုင်းမှု”လို့ ခေါ်ပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာတွေကို ဆန္ဒပြ သပိတ်မှောက်တဲ့ နည်းလမ်းအစား အပေးအယူ ညှိနှိုင်းမှုနဲ့ လူမှု စီးပွားရေး သဟဇာတဖြစ်မှုကို ထိန်းသိမ်း ထားတဲ့ သဘောပါ။

ဆွီဒင်လူမှုစီးပွားရေးပုံစံကို ၁၉၄၀ ကျော်နောက်ပိုင်းကာလမှာ စီးပွားရေးပညာရှင်တွေဖြစ်တဲ့ ဂေါ့စတာရန်း (Gösta Rehn) နဲ့ ရူးဒေါ့ မိုက်ဒနာ (Rudolf Meidner) တို့က ဆွီဒင်အလုပ်သမားသမဂ္ဂအဖွဲ့ အဖွဲ့ချုပ် (Swedish Trade Union Confederation – Lo)အတွက် ရေးဆွဲခဲ့တာပါ။ ဆွီဒင်နိုင်ငံမှာ ဒီစနစ်ကို အောင်အောင်မြင်မြင် ကျင့်သုံး နိုင်တာကလည်း အလုပ်သမားထုရဲ့ (၈၅) ရာခိုင်နှုန်း ကနေ (၉၀) ရာခိုင်နှုန်းအထိ ဒီစနစ်ကို လိုလိုလားလား လက်ခံကျင့်သုံးကြလို့ပါ။

ဆွီဇင် နိုင်ငံရှိ IF Metall ရုံး (svd.se)

စီးပွားရေးကဏ္ဍ တစ်ခုချင်းအလိုက် တစ်ပြေးညီ သတ်မှတ်ထားတဲ့ လုပ်ခလစာနှုန်းထားအတိုင်း ပေးနိုင် စွမ်းမရှိတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ လုပ်ငန်း ရပ်ဆိုင်း ကြရမှာပါ။ တစ်ဖက်မှာလည်း အစိုးရဟာ လုပ်ငန်း ရပ်ဆိုင်းသွားရတဲ့ စီးပွားရေးလုပ်ငန်းတွေက အလုပ်သမားတွေကို မတက်မနေရ အရည်အသွေး မွမ်းမံသင်တန်းတွေနဲ့ အတူ အလုပ်လက်မဲ့ ခံစားခွင့်တွေကို ရက်ရက်ရောရော ပေးအပ်ထားပါတယ်။ပြည်သူ လူထုအနေနဲ့ဒီလိုကျယ်ပြန့်တဲ့ လူမှုဖူလုံရေးခံစားခွင့်တွေ ခံစားနိုင်အောင် ဆွီဒင်အစိုးရဟာ ဝင်ငွေအနည်း အများအလိုက် အခွန်ထမ်းဆောင်ရတဲ့ စနစ် (Progressive  Income Tax)နဲ့ အတူ ပုံသေ တန်ဖိုးမြှင့် အခွန် (Value Added Tax  -VAT) (၂၅) ရာခိုင်နှုန်း ကောက်ခံပါတယ်။ တန်ဖိုးမြှင့်အခွန် (VAT )ဆိုတာက စားသုံးသူ လူထု အပေါ်သွယ်ဝိုက် ကောက်ခံတဲ့ အခွန်ပါ။ ဒီလို ကောက်ခံရရှိတဲ့အခွန်ငွေတွေကနေ အခမဲ့အဆင့်မြင့် ပညာရေးနဲ့ ကလေးငယ်ပြုစုစောင့်ရှောက်ရေးဆိုင်ရာ ကလေးရှင် ဝန်ထမ်းများအတွက် ခွင့်ခံစားခွင့် (Parental Leave) ကို ရက် (၄၈၀) အထိ မိခင်၊ ဖခင် အလုပ်သမားတွေကို ခွဲဝေ ခံစားခွင့်ပြုပါတယ်။ ဒါပေမဲ့ ဆွီဒင်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေအပေါ် ကောက်ခံတဲ့ အခွန် (Corporate  Tax) ဟာ (၂၀ ဒသမ ၆) ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိတာဖြစ်လို့ ဗြိတိန်နဲ့ အမေရိကန်လို လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးစနစ် ကျင့်သုံးတဲ့နိုင်ငံတွေနဲ့ မကွာလှပါဘူး။

ဒါပေမဲ့ ကျယ်ပြန့်တဲ့ လူမှုဖူလုံရေးစနစ်ကို ပံ့ပိုးလည်ပတ်နိုင်ဖို့အတွက် ဆွီဒင်ပြည်သူတွေရဲ့ အခွန်ထမ်း ဆောင်ရမှုဟာ မြင့်မားပါတယ်။ တိုင်းပြည် ဂျီဒီပီ (GDP) ရဲ့ ၄၀-၄၅ ရာခိုင်နှုန်းအထိရှိပါတယ်။ ပုံမှန်စျေး ကွက်စီးပွားရေးစနစ် ကျင့်သုံးတဲ့ ဗြိတိန်နဲ့ အမေရိကန်လိုနိုင်ငံတွေမှာတော့ ဒီနှုန်းထားဟာ တိုင်းပြည် ဂျီဒီပီ (GDP) ရဲ့  ၂၅-၃၀ ရာခိုင်နှုန်း ရှိပါတယ်။ ဆွီဒင်နိုင်ငံ အပါအဝင် နော်ဒစ်နိုင်ငံတွေရဲ့ အခွန်ဝင်ငွေကို အဓိကအားဖြင့် ဝင်ငွေ အနည်းအများ အလိုက် အခွန်ထမ်းဆောင်ရတဲ့စနစ် (Progressive Income Tax) နဲ့ တန်ဖိုးဖြည့် အခွန် (VAT) တွေကနေ ရရှိတာပါ။ အစိုးရရဲ့ အခန်းကဏ္ဍ ကြီးမားတဲ့အတွက် ဆွီဒင်အပါ အဝင် နော့ဒစ်နိုင်ငံတွေမှာ တီထွင်ဖန်တီးနိုင်မှုမှာ နိမ့်ကျမယ်လို့ ထင်မှတ် မှားစရာ ရှိပါတယ်။ အမှန် တကယ်မှာတော့ ဆွီဒင်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ တီထွင်ဖန်တီးမှု အညွှန်းကိန်း (Global Innovation – Index WIPO) မှာ ဆွစ်ဇာလန်နိုင်ငံ နောက်က နေကပ်ပြီး နံပါတ် (၂) အဆင့်ကို ပိုင်ဆိုင်ထားတာပါ။ အမေရိကန်နိုင်ငံက အဆင့်(၃)၊ ဗြိတိန်က အဆင့်(၅)၊ ဖင်လန်ကအဆင့်(၇)၊ ဒိန်းမတ်ကအဆင့် (၉-၁၀) ရှိတာ ကို ကြည့်လိုက်ရင် နော့ဒစ်နိုင်ငံတွေရဲ့ တီထွင် ဖန်တီးနိုင်စွမ်းကို မှန်းဆကြည့်လို့ရပါပြီ။ နော့ဒစ်ပုံစံကို ကျင့်သုံးတဲ့ နိုင်ငံတွေကို အတိအကျပြောရရင် ငါးနိုင်ငံ ရှိပါတယ်။ ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန်နဲ့ အိုက်စလန်နိုင်ငံတွေပါ။

Tesla ကားစက်ရုံ ဝန်ထမ်းများ ဆန္ဒပြနေစဥ် (credit: mronline)

အီလွန်မာ့စ် ကိစ္စကို ပြန်ကောက်ပါရစေ။ အီလွန်မာ့စ်က နော့ဒစ်နိုင်ငံတွေရဲ့ လူမှုစီးပွားရေးအခြေခံ အုတ်မြစ်အပေါ် မထီမဲ့မြင်ပြု၊ ဆန့်ကျင်ခဲ့တာကို စာရေးသူအနေနဲ့ ဘဝင်မကျပါဘူး။ နိုင်ငံရပ်ခြားမှာ ရင်းနှီး မြှုပ်နှံစီးပွားရေး လုပ်တဲ့အခါ သက်ဆိုင်ရာနိုင်ငံရဲ့ ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အတွေးအခေါ် တွေကို လေးစား လိုက်နာရမယ် ဆိုတာက တစ်ကမ္ဘာလုံး လိုက်နာကျင့်သုံးတဲ့ ကျင့်ဝတ်ပါ။ ကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ်အနေနဲ့ ဓနကြွယ်ဝမှုကို လက်ကိုင်ပြုပြီး ဆွီဒင်နိုင်ငံရဲ့ စုပေါင်းအပေးအယူညှိနှိုင်းမှု (Kollektivavtal) အပေါ် ရိုက်ချိုး အနိုင်ယူခဲ့တာက ကာလတိုမှာ အောင်မြင်မှုလို့ ထင်မှတ်စရာရှိပေမယ့် ရေရှည်မှာတော့ အီလွန်မာ့စ်နဲ့ တက်စလာရဲ့ အမည် ဂုဏ်သိက္ခာဟာ ပါးလျား သွားမှာပါ။ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့မှာ အီလွန်မာ့စ်ရဲ့ ထင်ရာစိုင်းလုပ် ရပ်တွေကြောင့် တက်စလာရဲ့ တန်ဖိုးက ၂၀၂၅ခု နှစ်တစ်နှစ် တည်းမှာတင် အမှတ်တံဆိပ်တန်ဖိုး (Brand- Value) ဒေါ်လာ (၁၅ ဒသမ ၄) ဘီလီယံ ဆုံးရှုံးခဲ့တာကို ကြည့်လိုက်ရင် ဒီကောက်ချက်အပေါ် အငြင်းပွားကြတော့မှာ မဟုတ်ဘူးလို့ပဲဆိုပါရစေ။

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *