ထိုင်းနိုင်ငံမှာ ဇူလိုင်လကုန်ပိုင်းနဲ့ဩဂုတ်လဆန်းပိုင်းတို့မှာ တစ်နိုင်ငံလုံး ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ သတင်းနှစ်ခု ဆက်တိုက် ထွက်ပေါ်ခဲ့တယ်။ ပထမသတင်းက ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှာ ရုရှားမောင်နှမနှစ်ဦး အသတ်ခံရ တဲ့ သတင်း၊အသက် (၂၂) နှစ်နဲ့ (၁၇) နှစ်အရွယ် ရုရှားမောင်နှမနှစ်ယောက် ဆိုင်ကယ်တစီးနဲ့ ပျောက်သွားလို့ ရဲက လိုက် ရှာရင်းနဲ့အနားက တောအုပ် တ နေရာမှာ သတ်ဖြတ် မြေမြှုပ် အလောင်းဖျောက်ခံထားရတာ သွားတွေ့တယ်။ အဲဒီနားမှာပဲ ထိုင်းမိသားစုသုံး ယောက် အလားတူ သတ်ဖြတ်မြေမြှုပ်ထားတာ ထပ်တွေ့တယ်။

ကျူးလွန်တဲ့သူက ထောင်ကထွက်လာတာ နှစ်လတောင်မပြည့်သေးတဲ့ အသက် (၄၃) နှစ်အရွယ် Pong ဆိုသူ နဲ့အပေါင်းပါသုံးယောက်၊ကျူးလွန်သူပုံနဲ့သတင်းတွေတက်လာတော့ လူမိုက်ပုံထွက်နေတဲ့ Pong ဆိုသူကို သူ့ရဲ ကမ်းကုန်တဲ့ ရက်စက်ယုတ်မာမှုကြောင့် လူတွေက အင်မတန် မုန်းတီး ရွံရှာ ကြတယ်။ နောက်ဆက်တွဲအနေနဲ့ ဒီ လိုလူမျိုးကို သေဒဏ်ပေးဖို့၊ သေဒဏ်ပေးတာတောင်မှ လူမြင်ကွင်းမှာ သေဒဏ်ပေးဖို့အထိ တောင်းဆိုကြသံတွေ ပါ ညံခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးပါးခဲ့ကြရတဲ့ ရုရှား မောင်နှမအပေါ် ထိုင်းလူထုက စာနာသနား ခဲ့ ကြတယ်။
ရုရှားမောင်နှမကို မြှုပ်နှံထားတဲ့နေရာကို ထိုင်းဝန်ကြီးချုပ် အနုတင်ကိုယ်တိုင်သွားကြည့်ပြီး တရားခံတွေကို ဥပဒေ အရ ထိထိရောက်ရောက်အရေးယူဖို့၊ နစ်နာသူမိသားစုတွေအတွက် အစစကူညီထောက်ထားကြဖို့ ပြောပြီး ဒီဖြစ် ရပ်ကြောင့် တိုင်းပြည်ပုံရိပ်ထိခိုက်တယ်လို့ မှတ်ချက်ပေးတယ်။အဲ့ဒီရက်ပိုင်း ထိုင်းသတင်းတွေမှာ အသတ်ခံ လိုက်ရတဲ့ ရုရှား မောင်နှမ ဓာတ်ပုံတွေနဲ့ တရားခံလူသတ်သမားပုံတွေ မီဒီယာစာမျက်နှာတွေမှာ ဖုံးလွှမ်းထားခဲ့ပြီး တောက်ခေါက်သူခေါက်၊ ယူကျုံးမရဖြစ်သူဖြစ် ဖြစ်ခဲ့ကြပါတယ်။
လူဆိုးဆိုသူတွေဟာ ဘယ်သောအခါမှ နောင်တ ရလေ့မရှိဘဲ ဘယ်အချိန် ဘယ်အခါမဆို ဆိုးမြဲဆိုးလျက်ပဲ၊ ရုပ် ရှင်တွေထဲမှာသာ ဆိုးသွမ်းယုတ်မာသူတွေဟာ နောင်တရပြီး ဇာတ်သိမ်းလေ့ ရှိပေမယ့် တကယ့်အပြင် လော က မှာတော့ သူတို့မှာ နောင်တဆိုတာ ဘယ်သောအခါမှ မရှိ ဆိုတဲ့ ဝေဖန်ရေးသားချက်တွေလည်း ဖတ်ခဲ့ရ ပါ တယ်။
ဩဂုတ်လဆန်းပိုင်းမှာ တစ်နိုင်ငံလုံးတုန်လှုပ်သွားစေခဲ့တဲ့ နောက်သတင်းတစ်ပုဒ်ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပြင်နားက စာသင်ကျောင်းတစ်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုသတင်းပါ၊ သေနတ်နဲ့ပစ်သူက အသက် (၁၄) နှစ်ပဲ ရှိသေးတဲ့ ကိုးတန်းကျောင်းသား၊သေနတ်ပစ်ခတ်မှုကြောင့် ဆရာ လေးဦး၊ ကျောင်းဝန်ထမ်း တစ်ဦး သေဆုံးခဲ့သလို သေနတ် ပစ်ခတ်တဲ့ ကျောင်းသားကလည်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့၊ သူက ကျောင်းကိုထွက် မလာခင်ကတည်းက အိမ်မှာ အတူနေ အဘိုး၊ အဘွားကို ပစ်သတ်ခဲ့၊ အဲဒီနေ့ညမှာ ဆေးရုံတင်ထားတဲ့ ကျောင်းသူ တစ်ဦး ထပ်သေခဲ့လို့ သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသူ စုစုပေါင်း ကိုးဦး ရှိခဲ့တယ်။
နောက်ဆက်တွဲသတင်းတွေမှာ သေနတ်နဲ့ပစ်တဲ့ ကျောင်းသားဟာ ခပ်အေးအေး၊ သိမ်သိမ်မွေ့မွေ့ နေတတ်သူ တစ်ဦး၊ အများအားဖြင့် အခန်းထဲမှာပဲ ဗီဒီယိုဂိမ်း ကစားနေလေ့ရှိပြီး အပြင်ကို သိပ်မထွက်သူ၊ မိဘတွေက ကွာရှင်း ထားတာကြောင့် လူငယ်ဟာ အဘိုးအဘွားနဲ့ အတူ နေထိုင်နေသူ၊ သူဟာ အခုလို တိုက်ခိုက်မှုကြီးတစ်ခု ကျူး လွန်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ဘာအရိပ်အယောင်မှ မပြခဲ့ကြောင်း ဦးလေးဖြစ်သူက ပြော၊ဒီလိုနဲ့ပဲ ကျောင်း ပစ် ခတ်မှု ဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပဲ အသက် (၁၄) နှစ်အရွယ် သေနတ်သမား ကျောင်းသားဟာ လူထုရဲ့ စာနာ ကရုဏာ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာခဲ့တယ်။

သူ့ အမည်နာမများ ပျံ့နှံ့သွားခဲ့၊ သူ့ ဓာတ်ပုံများ ပျံ့နှံ့သွားခဲ့၊သူ့ လူမှုကွန်ရက်စာမျက်နှာများ၊ သူဆော့တဲ့ ဂိမ်းများ၊ သူ့ ကျောင်းမှတ်တမ်းများ၊ အမှတ်များ၊ မိသားစု အခြေအနေများ၊ သူသည် မည်မျှ အေးဆေးပြီး ယဉ်ကျေးသူ ဖြစ်ကြောင်း ဆွေမျိုးများရဲ့ ပြောကြားချက်များပါ ပျံ့နှံ့သွားခဲ့တယ်။ ။ သူ့ ပုံရိပ်ကို အရှိန်အဟုန်နဲ့ ပုံဖော် ခဲ့ကြ ပြီး အဲ့ဒီ ပုံရိပ်ဟာ စာနာစိတ်ဖြစ်ပေါ်စေတဲ့ ပုံရိပ် တစ်ခု ဖြစ်ခဲ့ပါတယ်။စာနာစိတ်ဖြစ်ရတဲ့ထဲ သေဆုံးခဲ့ရတဲ့ ဆရာ တွေ ကျောင်းသားတွေ မပါဝင်ခဲ့၊ အိမ်မှာ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ မိသားစုဝင် နှစ်ဦးလည်း မဟုတ်ခဲ့ဘဲ သေနတ် သမား ကျောင်းသားသာလျှင် ဖြစ်ခဲ့တယ်။
ထိုင်းဒေသတွင်း သတင်းဌာန တစ်ခုက အယ်ဒီတာက ခုလို ရေးပြီး သတိပေးတယ်။
“ဒီနေ့ သူ့ကို စာနာကရုဏာသက်ပြပြီး ဆန်းကြယ်အောင် ပုံဖော်နေကြရင် မနက်ဖြန် အခြားသူ တစ်ယောက် မြေမြှုပ်သင်္ဂြိုဟ်ခံရလိမ့်မည်”
ဩဂုတ်လဆန်းပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ပါဝင်ဖြေကြားသူများရဲ့ ၈၇ ဒသမ ၄၀% က ထိုင်းနိုင်ငံ အတွင်း ပြစ်မှု ကျူးလွန်မှုများနဲ့ အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာနေတယ်လို့ ယူဆ ကြတယ်။တရားဥပဒေ စိုးမိုးရေးနဲ့ ပြစ် ဒဏ်ပေးမှုများ လုံလောက်စွာ တင်းကျပ်မှုမရှိတာကြောင့် ခုလိုဖြစ်ပွားနေတာလို့လည်း ဆိုကြပါသတဲ့။ ဖြေကြား သူအများစုက ကြီးလေးသော ပြစ်မှုများနဲ့ ပြစ်ဒဏ်ကျူးလွန်ဖန်များသူများကို ပြင်းထန်သော ပြစ်ဒဏ်များ ပေး တာကို ထောက်ခံခဲ့ကြပြီး ၅၀ ဒသမ ၅၈% က အစိုးရအနေနဲ့ အဲဒီပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိရဲ့လားလို့ သံသယရှိ နေ ကြပါတယ်။
– ထိုင်းဒေသတွင်းသတင်းဌာနများကို ကိုးကားဖတ်ရှုပြီး ရေးပါတယ်။


