အီရန်စစ်ရပ်ရေး သော့ချက်ဖြစ်လာတဲ့ “ဟော်မုဇ်” ပြဿနာ
၂၀၂၆ သြဂုတ် ၈ ရက် (စနေနေ့) မှာ တီဟီရန်က အီရန်ဆိပ်ကမ်းတွေကို အမေရိကန်ရေတပ်က ပိတ်ဆို့ ထားမှုကို ရုပ်သိမ်းပေးရေးနဲ့ အီရန်ရဲ့နစ်နာမှုအတွက် စစ်လျော်ကြေးပေးရေး အစရှိတဲ့ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်။ တောင်းဆိုမှုတွေ ရရှိမှသာ ‘ဟော်မုဇ်’ ပြန်ဖွင့်ပေးမှာဖြစ်တယ်လို့ဆိုတယ်။
သြဂုတ် ၁၀ ရက် (တနင်္လာနေ့) မှာ သမ္မတဒေါ်နယ်ထရမ့်ကလည်း ရေလက်ကြားပြန်လည်ဖွင့်ရေးအတွက် ရာဇသံကို မြှင့်တင်ခဲ့တယ်။ အီရန်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပဋိပက္ခဖြစ်စဉ်တွေ အတွင်း “လူအမြောက်အမြား သတ်ဖြတ်ခံရမှုအတွက် အပါအဝင် လျော်ကြေးပေးဖို့ လိုအပ်ကြောင်း” ထရမ့် က ပြောကြားခဲ့ပြန်တယ်။ ဒီပုံအတိုင်းဆိုရင် ကမ္ဘာ့အရေးကြီးဆုံး စီးပွားရေးအသက်ရှူပေါက်ဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားပြဿနာကို ထရမ့်အစိုးရ ဒီနှစ်အတွင်း ဖြေရှင်းနိုင်ဖို့ မမြင်ဘူးလို့ သုံးသပ်နေကြတယ်။
လက်ရှိ အီရန်စစ်ပွဲအတွက် တရားဝင်ကုန်ကျစရိတ်ဟာ ဒေါ်လာ ၃၇ ဒသမ ၅ ဘီလီယံအထိ ရှိနေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ‘ပိဟက်ဆက်’က အတည်ပြုထားတယ်။ ဒီအပြင် ပင်တဂွန် စစ်ဌာနချုပ် အတွက် ဒေါ်လာ ၈၇ ဘီလီယံ အသုံးစရိတ်ကို ကွန်ဂရက်လွှတ်တော်အနေနဲ့ အရေးတကြီး အတည်ပြုပေးဖို့ လိုအပ်နေကြောင်းလည်း ‘ပိဟက်ဆက်’က တောင်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရတယ်။ အဲဒီအထဲက ဒေါ်လာ ၆၇ ဘီလီယံကို အရှေ့အလယ်ပိုင်း စစ်ဆင်ရေး အတွက် သုံးစွဲမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုတယ်။
Operation Epic Fury ဆိုပြီး အီရန်နဲ့ ရက်ပေါင်းများစွာ တိုက်ခိုက်မှုတွေအပြင်၊ သူတစ်ပြန် ကိုယ်တစ်ပြန် ပစ်ခတ်မှုတွေမှာ အမေရိကန်ဘက်က အဆင့်မြင့် စစ်လက်နက်ပစ္စည်း အမြောက်အများ အသုံးပြုခဲ့ ရတယ်လို့ ဆိုတယ်။ အီရန်စစ်ပွဲကြောင့် လက်ရှိအချိန်အထိ ဒေါ်လာ ၃၇ ဒသမ ၅ ဘီလျံ ကုန်ကျခဲ့ပြီး အများစုဟာ လက်နက်ခဲယမ်းတွေ ဝယ်ယူသုံးစွဲရာမှာ သုံးခဲ့ရတယ်လို့ ‘ထရမ့် အစိုးရ’ က ဆိုပါတယ်။
အီရန် စစ်စရိတ်ကုန်ကျငွေတွေကြောင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကို ထိခိုက်မှုတွေ မြင့်တက်လာ နေပြီလို့ ဝေဖန်သံတွေပေါ် ထွက်နေပြီး စစ်ပွဲရပ်ရေး တောင်းဆိုမှုတွေလည်း အမေရိကန်နိုင်ငံမှာ ပေါ် ပေါက်နေပြီ ဖြစ်တယ်။ ဒါကြောင့် သမ္မတ ထရမ့် က စစ်ပွဲအမြန်အဆုံးသတ်ဖို့ တွေ့ဆုံ ဆွေးနွေး နိုင်အောင် ကြိုးပမ်းအားထုတ်နေပေမယ့် အီရန်ဘက်က နည်းမျိုးစုံနဲ့ အချိန်ဆွဲပြီး လက်စားချေဗျူဟာ ကျင့်သုံးနေပုံရတယ်။ စစ်ပွဲအစမှာ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရပြီး ထိပ်သီးခေါင်းဆောင် ၄၈ ယောက် ဆုံးရှုံးခဲ့ရတာကို ‘တီဟီရန်’ဘက်က အခဲမကျေဖြစ်နေဆဲလို့ ဆိုပါတယ်။ ဟော်မုဇ် ရေလက်ကြား မဟာဗျူဟာကို အီရန်ဘက်က အဓိက သော့ချက်အဖြစ် ဆုပ်ကိုင်ထား လိုက်ပုံပါပဲ။

ပင်လယ်ကွေ့ဒေသ မဟာမိတ်တွေရဲ့ သောက
အမေရိကန်-အီရန်သဘောတူညီချက်ဟာ ကပ်ဘေးကြီးတစ်ခုဆီ ဦးတည်နေပြီလားဆိုတဲ့ သံသယတွေ ကြောင့် ပင်လယ်ကွေ့မဟာမိတ်နိုင်ငံတွေအကြား စိုးရိမ်မှုတွေမြင့်တက်လာနေတယ်။ အဓိက ပြဿနာ ကတော့ ကမ္ဘာ့ အရေးကြီးဆုံး စီးပွားရေးအသက်ရှူ ပေါက်ဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်း ဟော်မုဇ်ရေလက်ကြားကို အီရန်က ပြန်လည်ဖွင့်လှစ် မပေးခြင်းကြောင့် ဖြစ်တယ်။
အမေရိကန်နဲ့ အီရန်တို့ ဇွန်လ (၁၈)မှာ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပေမယ့် ဇူလိုင်လမှာ အမေရိကန်က ပါရှန်း ပင်လယ်ကွေ့ရှိ အီရန်သင်္ဘောတွေကို ထပ်မံပိတ်ဆို့ခဲ့တဲ့အတွက် သဘော တူညီချက် ချိုးဖောက်တယ်လို့ တီဟီရန်က စွပ်စွဲထားတယ်။ အခြားတစ်ဖက်မှာ အီရန်ရဲ့ မဟာမိတ် ယီမင်နိုင်ငံအခြေစိုက် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံ ဂျာဇန်ဒေသရှိ ‘ဆော်ဒီ အာရမ်ကို’ ရေနံချက်စက်ရုံကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဩဂုတ် ၉ ရက်မှာ ကြေညာခဲ့တယ်။
အမေရိကန်သမ္မတ ထရမ့်နဲ့ အီရန်သမ္မတ‘ပီဇက်ရှ်ကီယန်’ တို့ စစ်ပွဲအဆုံးသတ်ရေးကို ရည်ရွယ်ပြီး ကနဦး ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဇွန်လ ၁၈ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ချက်ချင်း အသက်ဝင်ရမယ်ဆိုတဲ့ နားလည်မှု စာချွန်လွှာ (MOU) စာချုပ်ထဲမှာ စစ်မျက်နှာ အားလုံး တိုက်ခိုက်မှု များ အဆုံးသတ်ရေးနဲ့ ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေး စတဲ့ အချက်တွေ ပါဝင်တယ်။ ဒါပေမဲ့ အီရန် နျူကလီးယားအစီအစဉ် ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်းမရှိသေးပါ။ အခု( MOU) သဘောတူညီချက်နဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ်တွက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်လို့လည်း သတင်းတွေ ပေါ် ထွက်ခဲ့ပါတယ်။
လက်ငင်းဖြစ်စဉ်တွေအရတော့ တိုက်ခိုက်မှုတွေ လုံးဝရပ်သွားပြီလို့ မဆိုနိုင်သလို ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးလည်း မလုပ်ဆောင်နိုင်သေးပါ။ ထရမ့်အစိုးရအနေနဲ့ လက်ရှိ ဆက်လက်ဖြစ်ပေါ်နေတဲ့ ‘စီးပွားရေးဖိအား’ ‘ပိတ်ဆို့ ဒဏ်ခတ်မှု’ နဲ့ စစ်ရေးအရ အရေးယူဖို့ ခြိမ်းခြောက်မှုတွေကို အသုံးပြုပြီး အီရန်ကို ဖိအားပေးခြင်းအားဖြင့် ‘တီဟီရန်’ဘက်က ‘ဝါရှင်တန်’ရဲ့ ဖြေရှင်းချက်ကို လက်ခံလာနိုင်တယ်လို့ ယုံကြည်ခဲ့ပုံရတယ်။ ဒါပေမဲ့ အီရန်က ဟော်မုဇ် ရေလက်ကြားကို စီးပွားရေးအရ ထိရောက်တဲ့ တန်ပြန်အားသာချက်အဖြစ် အသုံးပြုပြီး ဆက်လက်ပိတ်ထားလိုက်တဲ့အတွက် ‘ထရမ့်အစိုးရ’ အဖို့ ဘေးကျပ်နံကျပ်အခြေအနေကြုံနေရပြီ ဖြစ်တယ်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့အထိ သတင်းတွေအရ အမေရိကန်-အီရန် ဆွေးနွေးပွဲတွေရဲ့ အခြေအနေဟာ ထိလွယ် ရှလွယ်နဲ့ ကြာလေ ကြာလေ ပိုမို ခက်ခဲလာလေ ဖြစ်နေတယ်။ အရေးကြီးတဲ့ အချက်ကတော့ ‘ဝါရှင်တန်’ နဲ့ ‘တီဟီရန်’ တို့ဟာ အခြေအနေကို ဆက်ထိန်းရင်း သံခင်းတမန်ခင်းအရ ဟန်မပျက် ဆက်သွယ်မှု ဆက်ရှိနေဆဲဖြစ်တယ်။ လက်ရှိအခင်း အကျင်းအရတော့ ပုံမှန် တိုက်ရိုက် ဆွေးနွေးပွဲတွေ လုပ်နိုင်တဲ့ ဆက်ဆံရေးမျိုး ဖြစ်မလာသေးပါ။
သမ္မတထရမ့်က အီရန်နဲ့ ဆွေးနွေးပွဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ တဖွဖ္ပ ပြောနေပေမယ့် အီရန်ဘက်ကတော့ ဆွေးနွေးမှု လုံးဝမရှိဘူးလို့ ဆိုနေတယ်။ ဒါပေမ ကြားခံတွေက တစ်ဆင့် သဘောထား အမြင်တွေ ဖလှယ်တာတွေ ရှိနေကြောင်း ရိုက်တာသတင်းအရ သိရတယ်။
အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် အမေရိကန်ရဲ့ နိုင်ငံတကာပုံရိပ်နဲ့ သံတမန်ရေးရာ ယုံကြည် ကိုးစားမှု အပေါ် ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ အချက်ကလည်း ဖုံးကွယ်လို့မရနိုင် ဖြစ်လာခဲ့တယ်။ စစ်ရေးထိပ်တိုက် ရင်ဆိုင်မှု အတွင်း ခေတ်မီစစ်လက်နက် အမြောက်အမြားကို အလျှံပယ် ထုတ်သုံးခဲ့ပေမယ့် သမ္မတ ထရမ့်ရဲ့ ‘ဝါ ရှင်တန် အစိုးရ’ဟာ ၎င်းရည်မှန်းထားတဲ့ အဓိက မဟာဗျူဟာ ရည်မှန်းချက်ကို အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ စစ်ရေး အကဲခတ်တွေက သုံးသပ်ခဲ့ကြတယ်။ ဆွေးနွေးပွဲနဲ့ အဆုံးသတ်ဖို့ ခက်ခဲနေတဲ့ စစ်ပွဲ ဆက်လက် ဖြစ်ပွား နေခြင်းကြောင့် အစ္စရေးနဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတချို့ အပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်ရဲ့ အဓိက မဟာမိတ်တွေ ဟာ အီရန်ဘက်က တုံ့ပြန်လာတဲ့ စစ်ရေးဖိအားနဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေကို အဆက်မပြတ်ရင်ဆိုင်ခဲ့ရတယ်။ ဒီလို မျှော်လင့်မထားမိတဲ့ အီရန်ရဲ့ တုံ့ပြန်မှုတွေ ကြောင့် အမေရိကန်အတွက် ကြီးလေးတဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို တိုးပွား စေခဲ့တယ်လို့ ဆိုတယ်။
အရှေ့အလယ်ပိုင်းဒေသအတွင်း လုံခြုံရေးရှုထောင့်က ကြည့်ရင်တော့ အီရန်စစ်ပွဲကြောင့် အမေရိကန်ရဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှု ဆက်လက်တည်တံ့နေစေတာတွေ့ရတယ်။ အီရန်စစ်ပွဲ ကြောင့် ဝါရှင်တန်နဲ့ ဒေသတွင်း မဟာ မိတ်နိုင်ငံတွေအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုခိုင်မာလာစေတာ တွေ့ရတယ်။ ပင်လယ်ကွေ့ အာရပ်နိုင်ငံအချို့ က ရေရှည်လုံခြုံရေးအာမခံချက်ရရှိရေးအတွက် အမေရိကန်ရဲ့ မဟာမိတ်တွေကို ကာကွယ်ရေး အစီအမံတွေအပေါ် မေးခွန်းထုတ် လာကြတာလည်း တွေ့ရတယ်။ ဝါရှင်တန်နဲ့ မိတ်ဖက်ပြုပြီး စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းဟာ ၎င်းတို့ကို ဒေသတွင်းစစ်ရေးပဋိပက္ခတွေအတွင်း တွန်းပို့ရာ ရောက်မှာကိုလည်း စိုးရိမ်နေကြတယ်။
လက်ရှိ သောင်မတင် ရေမကျ အခြေအနေ
အမေရိကန်-အီရန် နှစ်နိုင်ငံအကြား တိုက်ရိုက်ဆွေးနွေးပွဲတွေ လုံးဝ ရပ်တန့်နေပြီလို့ သိရတယ်။ အီရန် နိုင်ငံခြားရေး ဝန်ကြီး ‘အဘတ်စ် အာရာချီ’ က အမြင်သဘောထားဖလှယ်မှုတွေကို ကြားသံတမန်တွေက တစ်ဆင့် ဆက်လက် ပေးပို့နေတာတော့ ရှိနေဆဲဖြစ်တယ်လို့ဆိုတယ်။ ဒါပေမဲ့ လက်ရှိမှာ အမေရိကန်နဲ့ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေး တာမျိုး မရှိဘူးလို့ ဆိုတယ်။ ‘တီဟီရန်’က ‘ဝါရှင်တန်’ ဟာ အရင်က သဘောတူခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး/နားလည်မှု စာချွန်လွှာကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲထား တယ်။ နားလည်မှုစာချွန်လွှာ (MoU) ချိုးဖောက်မှုကို အရင်ဦးဆုံး ဖြေရှင်းရမယ်လို့ ဖြေရှင်းရမယ်လို့ အီရန်ဘက်က ဆိုနေကြောင်း ရိုက်တာသတင်းအရ သိရတယ်။
တစ်ချိန်တည်းမှာ အမေရိကန်သမ္မတ ‘ထရမ့်’ က နှစ်နိုင်ငံ ဆွေးနွေးပွဲတွေဟာ လက်ရှိအနေအထားမှာ စိတ်လိုလက်ရ ဆွေးနွေး အမြင်ဖလှယ်နိုင်ကြတာမျိုး မဟုတ်ကြောင်း ဩဂုတ်လ ၉ ရက်နေ့က ပြောကြား လိုက်တယ်။ ဒါကြောင့် ဝါရှင်တန်အနေနဲ့ ‘တီဟီရန်’ အစိုးရ ပေါ် ဖိအားတိုးမြှင့်ပေးဖို့ ဆောင်ရွက်နေ တယ်လို့ ဖော်ပြထားတာတွေ့ရတယ်။ လက်ငင်း အခြေအနေတွေကို လေ့လာ ကြည့်တဲ့အခါ နှစ်ဦးနှစ်ဖက် သုံးနှုန်းပြောဆိုတဲ့ သဘောထားတွေ သိသိသာသာ ကွာခြားနေတာ မြင်သာ ထင်သာ ဖြစ်နေတယ်။ အမေရိကန်ရဲ့ ရပ်တည်ပြောဆိုချက်တွေအရ ဆွေးနွေးမှုတွေ၊ ဆက်သွယ်ရေး တွေ ဆက်ရှိနေတယ်။ ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုနေတယ်။
အီရန်ဘက်က ရပ်တည်ပြောဆိုချက်တွေမှာတော့ ညှိနှိုင်းမှုလုပ်တာမျိုး မရှိဘဲ သွယ်ဝိုက်ပြီး ကြားခံတွေက တစ်ဆင့် အမြင်ဖလှယ်တာမျိုးသာ ရှိတယ်လို့ ဆိုတယ်။ မြေပြင် လက်တွေ့ အခြေအနေကို လေ့လာကြည့်ရင် သံတမန်ရေး ဆက်ဆံမှု လုံးဝပြိုလဲသွားခြင်း မရှိသေးဘူးလို့ ဆိုနေတယ်။ သို့သော်လည်း သံခင်းတမန်ခင်း ရပ်တန့်နေပြီး သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ ဆက်ဆံနေကြဆဲလို့ ဆိုနိုင်တယ်။
“ဟော်မုဇ်ရေလက်ကြားပြဿနာ”
အမေရိကန်နဲ့ အီရန်အကြား နောက်ဆုံးဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုအများအပြားအနက် ဟော်မုဇ် ရေလက်ကြား အရေးဟာ အဓိကညှိနှိုင်းရမယ့် ပြဿနာ ဖြစ်လာတာတွေ့ရတယ်။ နျူကလီးယား ပြဿနာက အရေးကြီး နေဆဲဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် ဟော်မုဇ်ကို ထိန်းချုပ်နိုင်ခွင့်အာဏာ ပိုင်ဆိုင်ရေးဟာ လက်ရှိပေါ်ပေါက်နေတဲ့ အတားအဆီးဖြစ်နေတယ်။ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးမှာ အီရန်က “အမေရိကန်ဘက်က စစ်လျော် ကြေးနဲ့ လိုက်လျောမှုတချို့ ရဖို့ တောင်းဆိုနေတယ်” လို့ ဆိုတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံမှုတွေအတွက် အမေရိကန် ဘက်က လျော်ကြေး ပေးဖို့ အီရန်က တောင်းဆိုနေတယ်။ ဒီ့အပြင် အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လျှော့ချပေးဖို့၊ အမေရိကန်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ အဆုံးသတ်ဖို့လည်း အီရန်ဘက်က လိုလား နေတယ်။ အီရန်ပိုင်ဆိုင်မှုတွေကို အသုံးပြုလို့မရ အောင် အမေရိကန်က တားမြစ် ပိတ်ပင်ထားတာကို ဖြေလျော့ပေးဖို့လည်း အီရန်က တောင်းဆိုနေတယ်။
‘တီဟီရန်’ က အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာကို အမေရိကန်က ချိုးဖောက်ခဲ့တာတွေကို ပြန်လည် ပြင်ဆင်တည့်မတ်ပေးရမယ်လို့လည်း တောင်းဆိုထားတယ်။
အီရန် နဲ့ အိုမန်နိုင်ငံတို့အကြား ဟော်မုဇ်အတွင်း သင်္ဘော/ဖြတ်သန်းသွားလာရေးလမ်းကြောင်း အသစ်တွေနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တစ်ခုရရှိဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ် နေသော်လည်း တီဟီရန်က “အိုမန်-အီရန် သင်္ဘောဖြတ်သန်းခွင့် သဘောတူညီချက်” တစ်ခုတည်း နဲ့ ဟော်မုဇ်ကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ခြင်း မပြုရဘူးလို့ ရှင်းရှင်းလင်းလင်း ပြောကြား ထားကြောင်းလည်း ရိုက်တာသတင်းက ဆိုတယ်။ ဟော်မုဇ် ရေလက်ကြား အရေး သဘောတူချက်ဟာ နည်းပညာဆိုင်ရာ သင်္ဘောဖြတ်သန်းခွင့်ကိစ္စ သက်သက်မျှ မဟုတ်ဘဲ ‘ထရမ့် အစိုးရ’ ရဲ့ နိုင်ငံတကာစီးပွားရေးမူဝါဒအပေါ် အီရန်အနေနဲ့ ဆုပ်ကိုင်ထားတဲ့ အဓိကညှိနှိုင်းရေး အားသာချက် ဖြစ်လာတာကြောင့် အဓိက ဖြစ်ထွန်းမှုတစ်ခုဖြစ်တယ်လို့ သုံးသပ်နေကြတယ်။
အီရန်နဲ့ အိုမန်တို့အနေနဲ့ ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် ပင်လယ်ရေကြောင်း သွားလာရေး လမ်းကြောင်းသစ် တစ်ခု သတ်မှတ်ရန် အလွန်နီးစပ်နေပြီလို့ဆိုနေကြပေမယ့် ရေလက်ကြား ပြန်လည်ဖွင့်လှစ်လိုပါက အမေရိကန်က အီရန်နိုင်ငံသို့ လျော်ကြေးပေးရေးအပါအဝင် တခြားတောင်းဆိုမှုတွေ အပေါ် မူတည်နေကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ် အာရာချီက ပြောကြားထားတာကို မေ့ထားလို့ မရဘူး။
ဒီအပြင် ရေလက်ကြားအတွင်း ရှေးက သဘောတူကျင့်သုံးခဲ့တဲ့ ရေကြောင်းသွားလာရေးစည်းမျဉ်း၊ ယာဉ်ကြော ခွဲခြားရေးအစီအစဉ်တို့ကို ‘တီဟီရန်အစိုးရ’ က လက်ခံတော့မှာ မဟုတ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက ဆိုထားတယ်။ ဟော်မုဇ်ရေလက်ကြား အမြဲတမ်းလမ်းကြောင်းဆိုင်ရာ နည်းပညာနှင့် ဥပဒေပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနေချိန်အတွင်း အိုမန်နဲ့ အတူ ယာယီ လမ်းကြောင်းတစ်ခု သတ်မှတ်ဖို့ ဆွေးနွေးနေကြောင်း ထည့်သွင်း ပြောကြားခဲ့တယ်လို့ သိရတယ်။ ဟော်မုဇ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးမှာ တည်ရှိနေတဲ့ အီရန်နဲ့ အိုမန်နိုင်ငံ နှစ်နိုင်ငံအကြား ပုံမှန် ရေနံသယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရေးအတွက် သဘောတူညီချက်တစ်ခု မကြာမီ ရရှိလာဖွယ်ရှိကြောင်း အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတစ်ဦးက ပြောကြား ခဲ့တယ်လို့ သြဂုတ်လ (၈)ရက်နေ့ ရိုက်တာသတင်းက ဆိုတယ်။
အီရန်က ဟောမုဇ် ရေလက်ကြားအပေါ် ၎င်းရဲ့ ထိန်းချုပ်မှုကို အားကောင်းစေဖို့နဲ့ ဖြတ်သန်းခ သို့မဟုတ် သွားလာခတွေကို နည်းဥပဒေများပြဋ္ဌာန်းကောက်ခံဖို့ လုပ်နေတယ်လို့ဆိုတယ်။ တီဟီရန်ရဲ့ အဆိုပါ ကြိုးပမ်းမှုတွေဟာ ရေ ရှည်မူဝါဒဆိုင်ရာ အလားအလာဖြစ်လာနိုင်တယ်။ ဖော်ပြပါ ဟော်မုဇ် ထိန်းချုပ်ရေးအတွက် တောင်းဆိုမှုဟာ ပြည်တွင်းနိုင်ငံရေးထောက်ခံမှု အခိုင်အမာရရှိထားပြီး ဖြစ်တဲ့ အီရန်ရဲ့ မဟာဗျူဟာမြောက် လုံခြုံရေးဆိုင်ရာ တွက်ချက်မှုတွေနဲ့ ဆက်နွှယ်နေတယ်လို့ သုံးသပ် ကြတယ်။
အီရန်ရဲ့ နောက်ဆုံး တောင်းဆိုချက် ခြောက်ချက်
မကြာသေးခင် သြဂုတ်လ ဒုတိယပတ်အတွင်းက ဆွေးနွေးမှုတွေအရ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် လမ်းကြောင်း အသစ်တစ်ခု ဖော်ဆောင်ဖို့ အဓိကထားခဲ့ကြတာဖြစ်တယ်။ အဲဒီလမ်းကြောင်းသစ် ကို အီရန်နဲ့ အိုမန်တို့က ပူးတွဲတာဝန်ယူဖို့ ဖြစ်တယ်။ ဒါပေမဲ့ လမ်းကြောင်းသစ်နဲ့ ပတ်သက်တဲ့ သဘောတူညီမှု ရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ပေါ် လာချိန်မှာပဲ ဒီ ရေလမ်းကြောင်းကို ပြန်မဖွင့်ခင် အမေရိကန်ဘက်က သဘောတူရမယ်ဆိုတဲ့ တောင်းဆိုချက်အချို့ကို အီရန်ဘက်က ထုတ်ဖော် ကြေညာလာပါတယ်။
အဆိုပါ တောင်းဆိုချက်တွေဟာ ဇွန် ၁၇ ရက်က အီရန်နဲ့ အမေရိကန်ကြား သဘောတူထားတဲ့ နားလည်မှု စာချွန်လွှာ(MoU)ထဲမှာ ပါဝင်တဲ့ အချက်တွေထက် ကျော်လွန်နေတယ်လို့ဆိုတယ်။ ဒီအပြင် အခု တောင်းဆိုချက် တွေကို ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ပါ ချိတ်ဆက် တောင်းဆို လာပါတယ်။
အီရန်နိုင်ငံပိုင် ရုပ်သံဌာန IRIB က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အီရန် ဗဟိုအမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူးဟောင်းလည်းဖြစ်၊ လက်ရှိ အီရန်ဘာသာရေးခေါင်းဆောင်ရဲ့ အကြံပေးလည်း ဖြစ်တဲ့ ‘မိုဟာမက် ဘာဂါ ဇိုလ်ဂါဒါ’ က အမေရိကန်အနေနဲ့ သူ့ရဲ့ အပြုအမူတွေကို “ပြင်ဆင်” ပြီး ဒီတောင်းဆိုချက်တွေကို လိုက်နာရမယ်လို့ သတိပေးထားပါတယ်။
အီရန်ပြောတဲ့ အဲဒီ “အပြုအမူ ပြင်ဆင်ချက်” ခြောက်ချက်ကတော့ –
၁။ အီရန်ကို ဘယ်လိုစကားလုံးနဲ့မှ ခြိမ်းခြောက်ခြင်း၊ အီရန်နိုင်ငံရဲ့ အထွတ်အမြတ်ထားရာတွေကို စော်ကားခြင်း မပြုလုပ်ရန်။
၂။ အီရန်နဲ့ အီရန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ လက်ဘနွန်၊ ပါလက်စတိုင်း၊ ယီမင်နဲ့ အီရတ်တို့အပေါ် စစ်ပွဲနဲ့ ကျူးကျော်မှု တွေကို အပြီးတိုင် ရပ်တန့်ရန်။
၃။ ရေတပ်ပိတ်ဆို့မှုကို ရုပ်သိမ်းပြီး အီရန်ပတ်ဝန်းကျင်က အမေရိကန်ရေတပ်နဲ့ လေတပ်တွေကို ပြန်လည်ရုပ်သိမ်းရန်။
၄။ အီရန်အပေါ် ကျူးကျော်စစ်ပွဲနှစ်ကြိမ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက်လျော်ကြေး အပြည့်အဝ ပေးရန်။
၅။ အီရန်ပြည်သူတွေအပေါ် ချမှတ်ထားတဲ့ “ရက်စက်ပြီး တရားမဝင်တဲ့” ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းရန်။
၆။ ထိန်းချုပ်ခံထားရတဲ့ အီရန်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခြွင်းချက်မရှိ ပြန်ဖွင့်ပေးရန် စသဖြင့် တောင်းဆို ထားတာ တွေ့ရတယ်။
ဘီဘီစီရဲ့ အရှေ့အလယ်ပိုင်းရေးရာ သုံးသပ်သူ ‘ဆီဘက်စ်ရှန် အပ်ရှာ’ က ဒီအခြေအနေဟာ အီရန် ဘက်က သူတို့ရပ်တည်ချက် ပိုတင်းမာတဲ့အကြောင်း ပြသတာဖြစ်တယ်လို့ ပြောပါတယ်။

သူက “ဒီအချက်တွေဟာ နားလည်မှုစာချွန်လွှာ (MoU) ရဲ့ မူဘောင်သဘောတူညီချက်ထဲမှာ အရင် ကတည်းက ပါဝင်ခဲ့တဲ့ အချက်တွေပါ။ ဒါပေမဲ့ အခု ထုတ်ပြန်လာတဲ့ အချိန်နဲ့ အကောင်အထည် ဖော်မယ့် နည်းလမ်းကတော့ အရင်နဲ့ အတော်လေးကွာခြားပါတယ်” လို့ ဆိုပါတယ်။
သူ့အဆိုအရ ဟော်မုဇ်ရေလက်ကြားဟာ လက်ရှိအချိန်အထိ အဓိကအားဖြင့် ပိတ်ထားဆဲ ဖြစ်တာကြောင့် အီရန်ဘက်က သူတို့ အသာစီးရနေတယ်လို့ ယူဆနေနိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သုတေသနအဖွဲ့ Quincy Institute ရဲ့ အမှုဆောင်ဒုတိယဥက္ကဋ္ဌ ‘ထရီတာ ပါစီ’ ကတော့ ဘီဘီစီကမ္ဘာတစ်လွှားရဲ့ Weekend အစီအစဉ်ကို ပြောရာမှာ အီရန် ကိုယ်တိုင် လည်း ဒီရပ်တည်ချက်တွေဟာ ချဲ့ကားထားတာဖြစ်တယ်ဆိုတာ သိရှိနိုင်ပြီး နောက်ပိုင်းမှာ ဒီတောင်းဆိုချက်တွေကနေ ပြန်လည်လျှော့ပေါ့လာနိုင်တယ် လို့ ကောက်ချက်ချပါတယ်။
သူက “လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားတဲ့အချက်တွေဟာ ဆွေးနွေးပွဲစားပွဲပေါ်မှာ အမှန်တကယ် ဆွေးနွေး နေတဲ့အချက်တွေနဲ့ တစ်ထပ်တည်း ဖြစ်ချင်မှ ဖြစ်လိမ့်မယ်” လို့ ဆိုပါတယ်။
ဘယ်လိုပဲပြောပြော လက်ရှိ ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရေး မဟာဗျူဟာ အခင်းအကျင်းကတော့ သမ္မတထရမ့်ကို အီရန်က နိုင်ငံရေး ထောင့်ကျဉ်းထဲ ထည့်ပိတ်လိုက်ပုံပါပဲ။ ဟော်မုဇ်ပြဿနာ အိုင်ဗွက်အလယ်မှာ အမေရိကန် သမ္မတထရမ့် တကယ်ပဲ စတိုင်ပျက်သွားနိုင်သလားဆိုတဲ့ အခြေအနေကို စိတ်ဝင်စားစွာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
References: Reuters News; Al Jazeera: CBS News; BBC World, BBC Burmese


