သူတို့ တုန်လှုပ်ချောက်ချားသွားနေကြတယ်။ အစဥ်အဆက်က ကမ္ဘာ့ဖလား အကြိတ်အနယ် ပြိုင်ပွဲတွေ အတွင်း ကစားသမားအချင်းချင်း တရားမျှတမှု မရှိသလို ခံစားခဲ့ကြရလို့ အမျက်ဒေါသ ခြောင်းခြောင်းထွက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို စိတ်တွေ ကယောက်ဂယက် ဖြစ်နေတဲ့ အချိန်မှာ သမိုင်း ကမ္ပည်းတင်မည့် ပင်နယ်တီ အဆုံးအဖြတ်ကို ကန်ရမယ့် အချိန်မှာ စိတ်ဓာတ်များ ပြိုလဲသွားခဲ့ကြပြီး ကမ္ဘာကျော် ချန်ပီယံများ ကန်လိုက်သည့် ဘောလုံးက ဂိုးပေါက်နှင့် လွဲချော်သွား ခဲ့ပြီ။ အကောင်းဆုံး ဆိုတဲ့ ဘောလုံးသမားများပင် ကမ္ဘာ့ဖလားပြိုင်ပွဲများ၌ အလွဲလွဲအချော်ချော် ဖြစ်တတ်ကြတာ အားလုံး အမြင်။ အကြီးကျယ် အခမ်းနားဆုံး ကစားကွင်းကြီးတွေမှာ သူတို့ဟာ အကောင်းဆုံးကစားသမားများ အဖြစ် နာမည်ကျော်ခဲ့ကြသော်လည်း ထင်သလောက်မဟုတ်ဘဲ နာမည်ကျော် ပုံကြီးချဲ့ခံရမှုကြောင့် ချန်ပီယံ ဖြစ်နေခဲ့ ကြခြင်းဖြစ်ကြောင်း ပရိသတ် ဗိုလ်ပုံအလယ်မှာ သက်သေပြ သလို ဖြစ်သွား တတ်လေသည်။ ဒါပေမဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား မှာတော့ ဒီလိုမဟုတ်ခဲ့ — ယခု ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘောလုံး လောကရဲ့ ထိပ်သီး နာမည်ကျော်ကြီး တွေကသာ လွှမ်းမိုး ချုပ်ကိုင် ထားနေပုံရတယ်။ ငွေကြေး၊ သြဇာနဲ့ ပြည့်စုံ နေကြသူ စွမ်းဆောင်ရည်များ လည်း ပြည့်ဝနေကြတဲ့ ထိပ်သီး ဆူပါစတား အားကစားသမားများကို သူတို့လောက် မထင်ရှားသော နည်းပြများက သံကို ဖယောင်းသဖွယ် ပုံသွင်းလိုက်နိုင်ခြင်းက အနုပညာ မြောက်လှပေသည်။ မကြာခဏ ဆိုသလို ဘောလုံးလောကတွင် အောင်မြင်ခဲ့သည့် နည်းနာများကို ပြင်ပ စီးပွားရေးလောက တွင်လည်း ပုံတူကူး သုံးစွဲကြသည်ကို လေ့လာခဲ့ဖူးသည်
လက်ရှိ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား ကစား သမား လိုင်ယွန်နယ်မက်ဆီက ကမ္ဘာ့ဖလား သက်တမ်း တစ်လျှောက်မှာ နှစ်ပွဲကစားပြီး ခြောက်ဂိုးနဲ့ ဦးဆောင်နေလေသည်။ ဇူလိုင်လ (၁) ရက်နေ့မှာ ပြင်သစ်က ကစားသမား ကိုင်လီယန် မက်ပေးက ခြောက်ဂိုး သွင်းထားလေသည်။ နော်ဝေနိုင်ငံက မရပ်မနား ကစားတတ်သူ အာလင်း ဟာလန်းက ငါးဂိုး၊ ဘရာဇီး (အခုတော့ ပြိုင်ပွဲက ထွက်သွားရလေပြီ) ကစားသမား ဗင်နီစီယပ် ဂျူနီယာက လေးဂိုး နဲ့ အသီးသီး နောက်က လိုက်နေကြသည်။ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီ ကစားသမား ခရစ်ရှန်နို ရော်လ်နယ်ဒို ခြောက်ပွဲကစားခဲ့ပြီး ပွဲတိုင်း ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင် သွားခဲ့ပြီ။
ဒီလို စွမ်းဆောင်ရည် ပြနိုင်ဖို့ဆိုတာ သေချာ ရေရာတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ချေ။ ဥပမာ ပြရချိမ့် သော် ကမ္ဘာ့ဖလား စင်မြင့်ပေါ် ရောက်မလာတဲ့ ဘောလုံး အကျော်အမော် များစွာရှိလေသည်။ အကြောင်းကတော့ သက်ဆိုင်ရာ နိုင်ငံအသင်းများအနေနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများကို အောင်မြင် ခဲ့ခြင်း မရှိခြင်းကြောင့် ဖြစ်ပါတယ်။ အိုင်ယာလန် မြောက်ပိုင်းက ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်း သွားခဲ့သူ ဘောလုံးသမားကြီး ဂျော့ချ်ဘတ်စ်၊ လိုင်ဘေးရီးယား သမ္မတ ဖြစ်လာသူ ဂျော့ချ်ဝိ တို့ဟာ သူတို့ရဲ့ ဘောလုံးသမား ဘဝတွေမှာ ကမ္ဘာ့ဖလားပွဲများသို့ ခြေစွမ်းပြခွင့် မရခဲ့ကြရလေ။ ဘောလုံး ပရိသတ်အကြိုက် နာမည်ကျော်ကြားကြသည့် ဘောလုံးအကျော်အမော်များ ကမ္ဘာ့ဖလား ကို ဆင်နွှဲခွင့် ရခဲ့ကြရပေမယ့်လည်း လူမသိ သူမသိနှင့် လက်ရွေးစင်အသင်းများတွင် ဝင်ရောက်ကစားရင်း ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရောက်သည့်အခါမှ ပရိသတ်က ခြေစွမ်းကို သိသွားပြီး နာမည်ကျော် သွားသည့် နာမည်ကျော်များလည်း ရှိခဲ့ကိုလည်း ဖော်ပြချင်ပါတယ်။ အသက် ၁၇ နှစ်အရွယ် ပီလီ (Pelé) ဟာ ၁၉၅၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီအထိ ဘရာဇီးနိုင်ငံ ပြင်ပမှာသူ့ကို မည်သူကမျှ မသိရှိကြသေး။ သို့သော်လည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပီလီရဲ့ ဆွီဒင်နောက်ခံလူ၏ ခေါင်းပေါ် ကျော်အောင် ဘောလုံးကို လှပစွာ မတင်ကာ မြေမကျ (volley) ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲ ပေးခဲ့လိုက်ပြီး ကမ္ဘာမှာ အလွန်ကျော်ကြားသည့် ဘောလုံးသမား တစ်ယောက် ဖြစ်ခဲ့တာ အားလုံး အသိပဲ ဖြစ်ပါလိမ့်မယ်။
ဘယ်လိုပဲ နာမည်ကြီးကြီး ဘောလုံးပညာမှာလည်းတော် ပရိသတ်ကအကြိုက် အားကစားကြယ်ပွင့်တို့ ဘဝကလည်း သိပ်မစားသာလှ။ အချိန်တိုတိုအတွင်းမှာတင် စွမ်းဆောင်ရည်များ ကျဆင်းသွား ရတတ်ပါတယ်။ ပီလီရဲ့ အဖြစ်ကိုပဲ ကြည့်ရအောင်ပါ။ ၁၉၆၆ ခုနှစ် ကစားပွဲတစ်ခုအတွင်း ပြိုင်ဘက် အသင်း နောက်တန်းသူ တစ်ဦးက ကြမ်းကြမ်းတမ်းတမ်း အတင်းဖျတ်ထုတ်ခြင်း ခံလိုက်ရတာကြောင့် လဲကျသွားခဲ့ပေမယ့် ပီလီက ဇွဲမလျှော့ဘဲ သတ္တိအပြည့်ဖြင့် ပြန်လည်ထကာ ကစားခဲ့ပါသော်လည်း နောက်တစ်ကြိမ် တွန်းတိုက်ခံခဲ့ရတာကြောင့် ကျန်ပွဲကစားချိန်တစ်လျှောက် သနားစရာ ကောင်းလောက် အောင် ခြေတစ်ဖက်ဖြင့်သာ ထော့နဲ့တော့နဲ့ဖြင့် ကစားသွားခဲ့ရတာ အချို့သော ဘောလုံးဝါသနာရှင်များ မှတ်မိကြဦးမှာပါ။ ထို့နည်းတူ ၁၉၈၆ ခုနှစ် ရောက်တဲ့ အခါမှာလည်း အာဂျင်တီးနားက နာမည်ကျော် ကစားသမား မာရာဒိုနာကိုလည်း အဲဒီပုံစံဆန်ဆန် အကွက်ချပြီး အနာတရဖြစ်စေရန် ကြိုးစားခဲ့ မှုများက ကမ္ဘာ့ဖလားသက်တမ်း တစ်လျှောက် အားကစားသမား တစ်ဦးကို ဦးတည် တိုက်ခိုက်မှု ကြောင့် ပြစ်ဒဏ်အများဆုံး အပေးခံရဆုံး မှတ်တမ်း ဝင်သွားခဲ့ပါတယ်။
နောက်ပြဿနာတစ်ခုမှာ ဘောလုံး ဆူပါစတား မီဂါစတား အကျော်အမော်ကြီးများ ပြိုင်ပွဲများ၏ ဖိအားဒဏ်ကို မခံနိုင်ကြခြင်း ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ရခြင်းမှာ စီးပွားရေးကြော်ငြာ စပွန်ဆာ ပေးသူများ အပေါ်ကတိကဝတ်များ၊ မိမိအသင်း (သို့မဟုတ်) နိုင်ငံအသင်းအတွက် အနိုင်ယူပေးလိုသည့် ဇောများ၊ မိမိ၏ ပရိသတ်များကို အကောင်းဆုံး ရလဒ်များ ယူဆောင်ပေးလိုသည့် စိတ်ပြင်းပြ နေခြင်းစသည့် ဝန်ထုပ်ဝန်ပိုးများကို ထမ်းထားရခြင်းလည်း ပါပါလိမ့်မည်။ ထိုသူများထဲက အချို့မှာ စိတ်ဖိစီးမှုဒဏ်က ဖောက်ထွက်မိကာ လုပ်မိလုပ်ရာ လုပ်မိကြတဲ့ ဥပမာတွေ ရှိခဲ့ဖူးတယ်။ ၁၉၉၀ ခုနှစ်မှာ ဂျာမန်တိုက်စစ်မှူးရဲ့ ဦးခေါင်းထက်က ဆံပင်ထဲကို တံတွေးနဲ့ ထွေးချခဲ့တဲ့ နယ်သာလန် လူမျိုး ဘောလုံးကစားသမား ဖရန့်ရိုက်ကတ် (Frank Rijkaard)၊ ၁၉၉၈ ခုနှစ်မှာ ဒိုကြီးလို့ လူသိများသည့် ဘရာဇီး ပါရမီရှင် ရော်နယ်ဒိုဟာ ဗိုလ်လုပွဲမစတင်ခင်မှာ ထိတ်လန့်စရာ ကောင်းလောက်အောင် စိတ်ပျက်အားလျော့နေသလိုလို ဝက်ရူးပြန်ရောဂါ ဝေဒနာလိုလို အတက်ရောဂါ တစ်မျိုးမျိုး ခံစားခဲ့ရတယ်လို့ ကြားသိခဲ့ရဖူးပါတယ်။
အကျော်အမော် ကစားသမားများ စိတ်ဖိစီးမှု ဘယ်လောက်များနေကြောင်း ထင်ထင်ရှားရှား မြင်နိုင်တဲ့ အချိန်ကတော့ ပင်နယ်တီ ကန်သည့်အချိန်များမှာ ဘယ်လိုမှ ညာလို့ မရတော့ပါချေ။ နော်ဝေ နိုင်ငံ အားကစားသိပ္ပံကျောင်းမှ ဂဲယာ ဂျော်ဒက် ဆိုသူဟာ ၂၀၀၉ ခုနှစ်မှာ အဆိုပါ စိတ်ဖိစီးမှုနဲ့ နာမည်ကျော် အားကစားသမားရဲ့ အပြုအမူများ ဆက်စပ်နေမှုကို လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ သူရဲ့တွေ့ရှိချက်မှာ ကြယ်ပွင့်ကစားသမားများဟာ ပုံမှန် နာမည်သိပ်မကြီးတဲ့ ကစားသမားများနဲ့ နှိုင်းယှဉ်မယ်ဆိုပါက ပင်နယ်တီကန်ရလျှင် ဂိုးပေါက်လွဲချော်ဖို့ အလားအလာ ပိုများကြောင်း တွေ့ရှိခဲ့ရတယ်လို့ဆိုပြီး၊ ထိုသို့ဖြစ်ရခြင်းမှာ ပရိသတ်တို့၏ ၎င်းတို့အပေါ်ထားရှိသော မျှော်လင့်ချက် ကြီးမားလှသည့် ဝန်ထုပ်ဝန်ပိုးကြောင့် ဖြစ်နိုင်သည်ဟု ယူဆရတယ်လို့ ဆိုတယ်။ သို့ပေမယ့် အဲဒီ အကျိုး သက်ရောက်မှုဟာ နောက်ပိုင်းမှာ လျော့ပါးသွားပုံရပြီး နာမည်ကျော် ကစားသမားကြီးများဟာ ၎င်းတို့၏ ပင်နယ်တီ ကန်သွင်းမှုပုံစံများကို သိသိသာသာ ပြင်ဆင် လေ့ကျင့်ခဲ့ကြ လေတော့သည်။ အသင်းတစ်သင်းလုံးကို ကြည့်ရင်လည်း ဤကဲ့သို့သော ကျော်ကြားမှုနဲ့တွဲလျက်ပါလာတတ်သည့် တုန်လှုပ်ချောက်ချားမှု ဝေဒနာကို ခံစားနေကြပုံရပါတယ်။ နာမည်ကျော် လူကြိုက်များ အင်္ဂလန်အသင်းများကိုစောင့်ကြည့်နေသူဖြစ်ပါက ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ယှဥ်ပြိုင်ကြတော့ မယ်ဆိုရင် ဆုံးရှုံးသွားတဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်ဆယ်တင်ရန် အလို့ငှာ သူတို့မှာပဲ တာဝန်ရှိဘိ သကဲ့သို့ ယူဆထင်မှတ်နေကြပြီး ပရိသတ်များကလည်း ကစားသမားများကို သူရဲကောင်း စစ်သည်တော်များလို တစ်ခဲနက် အားပေးခဲ့တာပါပဲ။ ဒါပေမဲ့လည်း နှစ်ပေါင်း ၆၀ တိုင်တိုင် သူတို့ဟာ ကျောက်ဆောင်ထဲမှ မှော်ဓားမြှောင်ကို ဆွဲနုတ်ရန် ကြိုးပမ်းသည့်အခါတိုင်း ခြေချော်လဲပြီး ခေါင်းနှင့် ဆောင့်မိခဲ့ကြရုံသာ ရှိခဲ့ကြတယ်ဆိုတာ ဘောလုံး ဝါသနာရှင်များ အသိပဲ ဖြစ်မှာပါ။
ကဲ… ဒါဆို အခု ကန်နေကြတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ နာမည်ကြီး ဆူပါစတားတွေ ဘာလို့ ဒီလောက်တောင် အစွမ်းပြနိုင် နေကြတာလဲ။

အသင်းတွေကို ဦးဆောင်နေတဲ့ မန်နေဂျာတွေအတွက် သင်ခန်းစာတစ်ခုကတော့— ဒီကစားသမား တွေဟာ သူတို့ရဲ့ အဓိက အရည်အချင်းတွေကို အပြည့်အဝ ထုတ်သုံးနိုင်အောင် စနစ်တကျ ပံ့ပိုးပေးခံထားရလို့ပါပဲ။ ဒါက အမြဲတမ်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူးပါဘူး။ ကလပ် အသင်းတွေမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ကစားသမားတွေ တောင်မှ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး ဆွဲမထုတ်ပေးနိုင်တဲ့ လက်ရွေးစင် နိုင်ငံအသင်းတွေရောက်ရင် ရုန်းကန်ရတတ်တာမျိုး ရှိတယ်လေ။ အခု ကမ္ဘာ့ဖလားမှာ ကြည့်ရင် အာဂျင်တီးနားရဲ့ ဗျူဟာက ဂိုးဧရိယာနားမှာရှိတဲ့ မက်ဆီရှိနေတဲ့ နေရာကို ဘောလုံးရောက်အောင် လမ်းကြောင်းပေးဖို့ပဲ။ ရော်နယ်ဒိုဆိုရင်လည်း ကွင်းထဲမှာ ဘောလုံး လောကရဲ့ စစ်သူရဲကောင်းကြီးတစ်ယောက်လို တစ်ခါတစ်ရံ ဖြည်းဖြည်းချင်း လှည့်ပတ် သွားလာ နေတတ် ပေမယ့် ပေါ်တူဂီအသင်း တိုက်စစ်ရဲ့ ဗဟိုချက်မအဖြစ် ရှိနေတုန်းပဲလေ။
တခြား လုပ်ငန်းခွင်တွေမှာပါ အသုံးချလို့ရတဲ့ အကြံပြုချက်တစ်ခုကတော့ ဒီလို အကွက်မြင်တဲ့ ထိပ်တန်း ကစားသမား တွေကို သူတို့ အကောင်းဆုံး လုပ်နိုင်တဲ့အရာ (ဆိုလိုတာကတော့ ဂိုးသွင်းဖို့ပေါ့) အပေါ်မှာပဲ အာရုံစိုက်ခွင့် ပေးထား တာပါပဲ။ ပညာရှိတဲ့ ကော်ပိုရိတ်အမှုဆောင်ကြီးတွေက ကုမ္ပဏီအတွက် ဝင်ငွေအများဆုံး ရှာပေးနိုင်တဲ့သူတွေကို ရုံးလုပ်ငန်း စာရွက်စာတမ်း ကိစ္စတွေကနေ ကင်းလွတ်ခွင့်ပေးထားသလိုမျိုးပေါ့၊ ဒီကစားသမားတွေကိုလည်း ခံစစ်ပိုင်းမှာ အများကြီး ဆင်းကူဖို့ မျှော်လင့်မထားကြဘူး။ အဲဒီတာဝန်ကို နာမည် သိပ်မကြီးပေမယ့် တကယ် ကျွမ်းကျင်ထက်မြက်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကိုင်တွယ်ဖြေရှင်းပေးကြတယ်။ အဲဒီလိုနဲ့ပဲ အသင်းတစ်ခုလုံး ကောင်းမွန်နေပြီး ဒီလို ကြယ်ပွင့်ကစားသမားကြီးတွေက ပိုပြီးတော့ တောက်ပခွင့် ရလာကြတာပေါ့။
နောက်ထပ်အချက်တစ်ခုကတော့ နည်းပြတွေက သူတို့ရဲ့ အဓိကကစားသမားတွေအပေါ် သိသိသာသာ သစ္စာစောင့်သိကြတာပဲ။ ဥပမာ— ပြင်သစ်နည်းပြ ဒီးဒီးယား ဒေရွှမ့်ဆိုရင် အမ်ဘာပေက ပွဲစဉ်တွေမှာ ရှေ့ကိုပဲ ပြေးတက်ပြီး နောက်ပြန်ဆင်းမကူချင်ဘူးဆိုတဲ့ ဝေဖန်မှုတွေကို ကာကွယ်ပေးပြီး ပယ်ချခဲ့ တယ်။ ကွင်းထဲက လုပ်ဖော်ကိုင်ဖက်တွေဆီကတင်မကဘဲ အထက်လူကြီးဖြစ်တဲ့ နည်းပြဆီကပါ ဒီလို ခိုင်မာတဲ့ ကျောထောက် နောက်ခံမျိုး ရတာက နိုင်ငံတစ်နိုင်ငံလုံးရဲ့ မျှော်လင့်ချက်တွေကို ပခုံးထမ်း ထားရတဲ့ ဖိအားတွေကို အများကြီး လျော့ကျသွားစေပါတယ်။ ကိုယ့်ရဲ့ ကြယ်ပွင့်တွေကို တောက်ပ စေချင်ရင် သူတို့ကို ကြယ်ပွင့်တွေလို ခံစားရအောင် တတ်နိုင်သမျှ အစွမ်းကုန် လုပ်ပေးရမယ်ဆိုတဲ့ သင်ခန်းစာကို ရနိုင်တာပေါ့။
ဒါတွေကတော့ လက်တွေ့အသုံးချရမည့် အချက်တွေပါ။ ဒါပေမဲ့ အမ်ဘာပေ၊ မက်ဆီနဲ့ တခြား ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေက စိတ်ဓာတ်ကိုပါ မြှင့်တင်ပေးရာ ရောက်ပါတယ်။ ဘောလုံးလောကတင်မကဘဲ ကြယ်ပွင့် တစ်ယောက် ဖြစ်လာဖို့ဆိုတာ စွမ်းရည်ထက် ကံတရား၊ အချိန်အခါ လူတွေစိတ်ဝင်စားအောင်လုပ်တာရယ် လှပတဲ့ ဆံပင်ပုံစံတွေအပေါ်မှာပဲ အများကြီး မူတည်နေတယ်လို့ လူတွေက ယေဘုယျ မြင်တတ်ကြတယ်လေ။ စိတ်ပညာရှင် ဒန်နီရယ် ကာမန်ကတောင် “အောင်မြင်မှု ဆိုတာ အရည်အချင်း နဲ့ ကံတရား ပေါင်းစပ်ပြီး ရနိုင်တာလို့ ပြောသလို ကြီးမားတဲ့ အောင်မြင်မှု ဆိုတာ အနည်းငယ်မျှ ပိုမိုသော အရည်အချင်း နဲ့ ကြီးမားတဲ့ ကံတရား ပေါင်းစပ်မှသာ ရနိုင်မယ်” လို့ ရေးခဲ့ဖူးတယ်။
ကျွန်တော်တို့သာမန် အရပ်စကားနဲ့ ပြောရရင်တော့ ဘဝဆိုတာ မမျှတပါဘူး။ ဒါပေမဲ့ အခု ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ဒီလို အဆိုးမြင်ဝါဒကို ပယ်ချလိုက်ပြီလို့ ပြောရမယ်။ အနည်းဆုံးတော့ အခုပြိုင်ပွဲမှာ လူပြောသူပြော များပြီး ပုံကြီးချဲ့ခံရတာတွေဟာ အလကားမဟုတ်ဘဲ အမှန်တကယ်ပဲ ထိုက်တန်တယ်ဆိုတာကို သက်သေပြနေလို့ပါပဲ။
The Economist Magazine ပါ ဆောင်းပါး “Messi, Mbappé, Ronaldo: this World Cup belongs to the superstars, Notes on talent management from a star-dominated tournament” ကို အခြေပြုလျှက် ဆီလျှော်အောင် ပြန်လည်ရေးသားပါသည်။


