The Corner

The Corner

cropped-Logo_round_grey-background.png

ကမ္ဘာဖလားပြိုင်ပွဲအတွင်းက နှစ်ခြမ်းကွဲနေတဲ့ကမ္ဘာကြီး

Share မယ်

ယခု စာရေးနေတဲ့အချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များ နှစ်ပွဲစီကစားပြီးနေပါပြီ။ သို့ဖြစ်၍ အုပ်စုတက်ရေး အတွက် ကြိုးစားရမည့်အသင်းများလည်းရှိလာပြီးဖြစ်သလို အုပ်စုတက်ပြီးအသင်း များလည်း ထွက်ပေါ်နေပေ၏။ အမေရိကန် ၊ ကနေဒါ နှင့် မက္ကဆီကို တို့ သုံးနိုင်ငံပူးတွဲကျင်းပသည့် ဤပြိုင်ပွဲကြီးတွင် အိမ်ရှင်နိုင်ငံများကလည်း အုပ်စုအဆင့်မှလွန်မြောက်ရန်အခြေအနေကောင်းနေပါသည်။

ဘောလုံးအင်အားကြီးနိုင်ငံများဖြစ်သည့် ဘရာဇီး၊ ပြင်သစ်၊ အာဂျင်တီးနား၊ စပိန်၊ နယ်သာလန်၊ ဂျာမနီ၊ အင်္ဂလန်၊ ပေါ်တူဂီ တို့သည်လည်း အခြေအနေက စိုးရိမ်စရာမရှိ၍ ရှုံးထွက် ပွဲစဉ်များတွင် စိတ်ဝင်စားဖွယ် ပွဲစဉ်များ တွေ့ရပေလိမ့်မည်။ တစ်ခု ထူးခြားသည်က အာရှမှ တောင်ကို ရီးယားအသင်းနှင့် ဂျပန်အသင်းတို့ပါ အုပ်စုကို ကျော်ဖြတ်ရန် အခြေအနေ ကောင်းနေခြင်းပင်ဖြစ် သည်။ နောက်ထပ် ထူးထူးခြားခြားရှိသည်က ယခုမှ ကမ္ဘာ့ဖလားပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသည့် ကျူရာဘောင်းအသင်းမှာ ရမှတ်တစ်မှတ် ရယူနိုင်ခြင်းပင် ဖြစ်သည်။ ထို့အတူ ကိတ်ဗာဒီအသင်းက နာမည်ကြီး စပိန်အသင်းနှင့် ဥရုဂွေးအသင်းတို့ကို သရေရအောင်စွမ်းဆောင်နိုင်ခြင်းက ဘောလုံး ပရိသတ်အားလုံးအတွက် အံအားသင့်စရာ ဖြစ်ခဲ့သည်။ ဂျပန်အသင်း၏ နယ်သာလန်အသင်းကို သရေ ကစားနိုင်ခြင်း သည်လည်း ချီးကျူးစရာ တစ်ခု ဖြစ်သော်လည်း ဂျပန်နည်းပြ၏ နယ်သာလန် အပေါ်တုံ့ပြန်မှုက ပို၍ နှစ်သက်စရာ ဖြစ်ခဲ့သည်။ ကျေးဇူးတရားဆိုသည် ကို ဖော်ညွှန်းခဲ့သည်။ သူဂျပန်နည်းပြမဖြစ်ခင် နယ်သာလန်၌ လက်ထောက် အနေဖြင့် ပညာများရယူနိုင်ခဲ့ခြင်းကို တလေးတညွှတ်ရှိခဲ့သည်။

Photo: Instagram

လေးနှစ်တစ်ကြိမ်ကျင်းပသည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေသော်လည်း ကျွန်တော်တို့ အတွက်မူ ၁၉၉၀ ဝန်းကျင်ကကြုံခဲ့ရသည့် ကမ္ဘာ့ဖလားပွဲများလောက် ရင်ခုန်စရာမကောင်းသည်က အမှန်ပင်ဖြစ်သည်။ ထိုစဉ်က ယနေ့လိုတိုက်ရိုက်ကြည့်ခွင့်မရသေး။ စလောင်းရှိသူများက တိပ်ခွေ များကူးပေးသည်ကို ငှား၍ ကြည့်ခဲ့ရခြင်း ဖြစ်သည်။ ညနေဆိုလျှင် ထိုအငှားဆိုင်များ၌ လူများ ကြိတ်ကြိတ်တိုးနေသည်။ သူ့ပေးပါ ငါ့ပေးပါ တစာစာ။ တိပ်ခွေကောင်းမကောင်းကို မစစ်ဆေးနိုင်။ ရသည်ကိုပင် အားရရွှင်မြူးစွာ အောင်ပွဲခံနေခြင်း။ အိမ်ရောက်ပြန် သည်တွင်လည်း ကြည့်မည့်သူ များက ဝိုင်းအုံစောင့်နေကြသည်။ ရေဆာလျှင်လည်း သောက်ခွင့်မရှိ။ အပေါ့အလေး နိုးပါ။ အိမ်ထဲဝင် ခွေကိုစက်ထဲတန်းထည့်။ သို့မဟုတ်လျှင် ကိုယ့်စက်နှင့်ကိုယ် ကိုယ်ငွေနှင့်ကိုယ် အရိုက်ခံရနိုင်သည်။ ခွေမှာ အစင်းများပါလျှင်လည်း သည်းခံနိုင်သည်။ စက်ကချေးကပ်၍ ချေးဆေးရပြန်ပြီဆိုလျင် လည်း ငြိုငြင်မည့်သူမရှိ။ လက်တိုလက်တောင်း နီးရာလူကို မည်သည့်အကောင်ဖြစ်ဖြစ် အဝတ် စုတ်သွားယူခိုင်းလျှင်လည်း ငါဘာကောင်ဟူ၍ စိတ်ဆိုးမည့်သူမရှိ။ မြန်မြန်ပြီးဖို့သာအဓိကဖြစ် သည်။ ဘောလုံးပွဲက ကန်ပြီးသား ဖြစ်နေသော် လည်း ပွဲရလဒ်က မသိ၍ သူနိုင်မည် ငါနိုင်မည်ငြင်း ခုန်ခဲ့ရသည်ကလည်း ယနေ့ပြန်တွေးလျင် သနားစရာ ကောင်းသည်လား ရယ်စရာ ကောင်းသည်လား ဆိုသည်ကို မဝေခွဲနိုင်ပေ။ သို့သော်လည်း တစ်ပိုင်းတည်းသားချင်း တစ်လမ်းတည်းသားချင်း တစ်ရပ်ကွက်တည်းသားချင်း နွေးထွေးသည်။ စည်းလုံးသည်။ ရင်ဘတ်တို့ကြိုးမပြတ်သေး။ ယခုတော့ ထိုထိုကြိုး တို့သည် လေနှင်ရာသို့လွင့်ခြေပြီ။ ဘောလုံးပွဲကြည့်မည်ဆိုလျှင် ဘုန်းမောင်တစ်ယောက်တည်း။ သူငယ်ချင်းမရှိ။ မိသားစုမရှိ။ တော်တော် ခံစားချက်ပြုတ်သည်။ မိမိ၏ စိတ်ဝင်စားမှုကိုသာ အဖော်အဖြစ် အတင်းဆွဲရချေသည်။ ဇာတ်ဆရာဆွဲသမျှကားလိပ်တွင် စိတ်ပါရာအတွေးနိမိတ်ကို အကောင်အထည် ဖေါ်ရ ပေတော့သည်။

ကျွန်တော်တို့ မီခဲ့သည့်ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် တိုက်စစ်မှူးများထဲ၌ နာမည်ကြီးရေပန်းစား အပြိုင် အဆိုင် ဖြစ်ခဲ့သူများက ဘရာဇီးမှ ရော်နယ်ဒိုနှင့် အီတလီမှ ဘက်ဂီယို တို့ဖြစ်သည်။ ဂျာမနီမှ ကလိုဆေးသည်လည်း နာမည်ကြီး တိုက်စစ်မှူး တစ်ယောက်ဖြစ်သော်လည်း အတူတူယှဉ်ပြိုင်ဘက်နှင့် နာမည်ကြီးခြင်းမျိုး မဟုတ်ပေ။ နောက်ပိုင်းတွင် ပေါ်တူဂီမှ ရော်နယ်ဒိုနှင့်  အာဂျင်တီးနားမှ မက်ဆီ။ မက်ဆီမတိုင်ခင်တွင် အာဂျင်တီးနားမှ တိုက်စစ်မှူး ဘတစ္စတူတာမှာနာမည်ကြီးသော်လည်း ယခုလို အတူ ယှဉ်ပြိုင် နာမည်ကြီးခြင်းမျိုး မရှိ။ ဘရာဇီးမှ ရော်နယ်ဒိုနှင့် ဘက်ဂီယိုတုန်းက ယနေ့ခေတ်လောက် ကမ္ဘာကြီးနှစ်ခြမ်းကွဲလောက်အောင်အားပေးတာမျိုးမတွေ့ခဲ့ရပေ။ “ဦးစွန်းဖုတ်ကေလေးနှင့် ရော်နယ်ဒိုက ကောင်းတာကွ၊ နားကပ်ကလေးနဲ့ ဘက်ဂီယိုက ကောင်းတာကွ” ဟု ဆိုကြ သော်လည်း ယနေ့ ခေတ်လို သဲသဲလှုပ်မဖြစ်သည်က သတင်းအချက်အလက် ရယူနိုင်မှု အားနည်းသော ကြောင့်လား မသိ။ သိပ်ပြီးမပြင်းထန်ပေ။ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို နှင့် အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီတို့ခေတ်တွင်မူ သတင်းအချက်အလက်ပျံ့နှံ့မှုအားက စက္ကန့်နှင့်အမျှလိုမြန်ဆန်လာသည်။ ထို့အပြင် မက်ဆီပရိသတ်များကလည်း မက်ဆီဖြစ်သလိုသာမက ရော်နယ်ဒိုထက် သာအောင်လုပ် ပြနိုင်သည့်အခါများတွင် လှောင်ပြောင်သရော်မှုများက မမြင်ချင်အဆုံး မတွေ့ချင်အဆုံးဖြစ်သည်။ ရော်နယ်ဒို ပရိသတ်များက အားကျမခံ ထိုနည်းတူ။

တစ်နည်းဆိုရလျှင် သူတို့နှစ်ဦးကြောင့် ကမ္ဘာ့ဖလား‌ဘောလုံးပြိုင်ပွဲကြီးက ကမ္ဘာနှစ်ခြမ်းကွဲနေသလိုဖြစ် နေသည်။ သူတို့နှစ်ဦးက တကယ်လည်းကောင်းကြပါသည်။ တကယ်လည်းတော်ကြပါသည်။ မက်ဆီ ဆိုလျှင် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရှစ်ကြိမ်တိုင်တိုင် သိမ်းပိုက်ထားသလို ရော်နယ်ဒိုကလည်း ငါးကြိမ် သိမ်းပိုက် ထားသူ ဖြစ်သည်။ သို့သော်လည်း ကစားသည့်ဟန်ခြင်းကမတူပေ။ မက်ဆီက ကွင်းလယ်နှင့် တိုက်စစ်ပိုင်း တွင် အားသန်သူဖြစ်သည်။ ရော်နယ်ဒိုက တောင်ပံနှင့် တိုက် စစ်ပိုင်းတွင် အားသန်သူဖြစ်သည်။ မက်ဆီက အလိမ်အခေါက် ပိုင်းတွင် ကျွမ်းကျင်သလို ရော်နယ်ဒိုကလည်း လျှပ်ပြက်သလိုဘောလုံးကိုဆွဲပြေးသည့်အပိုင်းတွင် ထူးချွန်သူ ဖြစ်သည်။ သူတို့နှစ်ဦးလုံးကို တဖက်အသင်းသားများက မလွတ်တမ်းစောင့်ကြည့်နေရသူများဖြစ်နေခြင်းက တူသည်။ အံ့ဩစရာ ကောင်းသည်က ယခုကမ္ဘာ့ဖလားတွင် ရော်နယ်ဒိုသည် အသက် (၄၁) နှစ်ရှိပြီဖြစ်သလို မက်ဆီက လည်း (၃၉) အရွယ်ရှိနေခြင်းဖြစ်သည်။ ဤအသက် ဤအရွယ်ဖြင့် (၂၀) ဝန်းကျင်အရွယ်များဖြင့် ယှဥ်ပြီး ကစားနိုင်နေခြင်းမှာ မှင်သက် ချီးကျူးစရာပင်ဖြစ်သည်။ ကမ္ဘာ့ဖလား သက်တမ်းတလျှောက် တွင် သူတို့ထက်အသက်ကြီးကစားသမားဟူ၍  ကမ္ဘာ့ဖလားသမိုင်းတွင် အသက်အကြီးဆုံး ဂိုးသွင်းရှင် စံချိန်ကို ယနေ့တိုင် ပိုင်ဆိုင်ထားသည့် ကင်မရွန်းတိုက်စစ်မှူး ရော်ဂျာ မီလာ (Roger Milla) (၄၂ နှစ်၊ ၃၉ ရက်) သာရှိသည်။ ကျန်သည့် အသက်ကြီးကစားသမားများက ဂိုးသမားများသာ ဖြစ်သည်။

ထိုနှစ်သင်းတွင် ကံကောင်းသည်က အာဂျင်တီးနားအသင်းဟုဆိုရမည်။ အုပ်စု (J) တွင် သူ့ကိုဒုက္ခ ပေးနိုင်မည့် အသင်းဟူ၍ တစ်သင်းမှမပါရှိပေ။ ထိုကြောင့်လည်း မက်ဆီအနေဖြင့် အဖွင့်ပွဲစဉ်ဖြစ်သည့် အယ်ဂျီးရီးယားနှင့်ပွဲတွင် ဟက်ထရစ် သွင်းနိုင်ခဲ့သည်။ ပေါ်တူဂီအသင်းက အုပ်စု (k) တွင်ကျခဲ့ပြီး သူတို့ကို ဒုက္ခပေးနိုင်မည့်အသင်းအဖြစ် ကိုလံဘီယာအသင်းသာရှိသည်ဟု ထင်မှတ်စရာရှိသော်လည်း အဖွင့်ပွဲစဉ်ဖြစ်သည့် ကွန်ဂိုနှင့်ပွဲစဉ်တွင် မထင်မှတ်ဘဲ သရေကျခဲ့သည်။ အခြားသောအုပ်စုပွဲစဉ်များ ကစားစဉ်က မည်သို့မျှ အကျိုးသက်ရောက်မှု မရှိသော်လည်း သူတို့နှစ်ဦးဖွင့်ပွဲကစားပြီးချိန်ကစ၍ ကမ္ဘာကြီးနှစ်ခြမ်းကွဲလေတော့သည်။ မက်ဆီက ဟက်ထရစ်သွင်းသွားချိန်တွင် ရော်နယ်ဒိုပရိသတ် များကလည်း ဟက်ထရစ် လိုက်သွင်းနိုင်ဖို့ မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း ဟက်ထရစ် မပြောနှင့် တစ်ဂိုးမျှ မသွင်းနိုင်ခဲ့ပေ။ ကမ္ဘာနှစ်ခြမ်းကွဲခြင်းက ဂိုးသွင်းနိုင်ခြင်းနှင့်ဆက်နွှယ်နေသော်လည်း လက်တွေ့မှာမူ မက်ဆီကကွင်းအတွင်းတွင် အသင်းဖေါ်များနှင့် လှုပ်ရှားရုန်းကန်ကစားနေသလောက် ရော်နယ်ဒိုမှာ ကွင်းထဲ၌ လှုပ်လီလှုပ်လဲ့သာသာဖြင့် လူပိုကြီး တစ်ယောက်လို ဖြစ်နေခြင်းပင်တည်း။ ထိုကြောင့် မက်ဆီ ပရိသတ်များက လှောင်သည်။ ရော်နယ်ဒိုရဲ့ ပရိသတ်များကလည်း အားမလို အားမရဖြစ်ကြသည်။

နောက် ဒုတိယပွဲစဉ်တွင် သူတို့နှစ်ဦးလုံး (၂) ဂိုးစီသွင်းခဲ့ကြသည်။ သို့သော်လည်း မက်ဆီက စုစုပေါင်း (၅) ဂိုးဖြင့် ကမ္ဘာ့ဖလားတွင် ဂိုးအများဆုံးသွင်းသူအဖြစ်ရပ်တည်နေခဲ့သည်။ ထို့ပြင် ကမ္ဘာ့ ဖလားသက်တမ်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်သည့်စာရင်းတွင် စုစုပေါင်းသွင်းဂိုး (၁၃) ဂိုးဖြင့် ပဥ္စမနေရာထိတက်လှမ်းနိုင်ခဲ့သည်။ ဤစံချိန်သည် ပြင်သစ်တိုက်စစ်မှူး ဂျွန်ဖွန်တိန်နှင့်အတူတူပင် ဖြစ်သည်။ အများဆုံးဂိုးသွင်းထားသူမှာ ဂျာမနီမှ ကလိုဆေးက (၁၆) ဂိုးဖြင့်ထိပ်ဆုံးကရပ်တည် နေသည်။ အကယ်၍ အုပ်စုတစ်ပွဲကျန်နှင့် ရှုံးထွက်ပွဲ ဆီမီးပွဲများ အထိတက်လှမ်းပြီး မက်ဆီဂိုးသွင်း ယူနိုင်ပါက ဂိုးအများဆုံးသွင်းသူအထိပါဖြစ်နိုင်ဖွယ်ရာရှိနေပေသည်။ သို့သော်လည်း ရှုံးထွက်အဆင့် မှစပြီး ဂိုးသွင်းနိုင်ဖို့ဆိုသည်မှာ အုပ်စုပွဲစဉ်လောက်လွယ်ကူလိမ့်မည်မဟုတ်ပေ။ မက်ဆီက ဤသို့ စံချိန်များရရှိနေချိန်တွင် ရော်နယ်ဒိုမှာ သွင်းဂိုး (၂) ဂိုးသာရထားသေးသည်။ သို့သော်လည်း အသက်  (၄၁) အရွယ် လူတစ်ယောက်အတွက် လွယ်ကူလှသည်မဟုတ်။ တစ်ခုရှိသည်က မက်ဆီသည်ပင် ရော်နယ်ဒိုကဲ့သို့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသက် (၄၁) ဖြင့် ဂိုးသွင်းယူနိုင်ခွင့်ရှိမည်မဟုတ်တော့ပေ။ နောက်တစ်ကြိမ်ဆိုလျှင် မက်ဆီအသက် (၄၃) ရှိသွားပေပြီ။ ထိုအချိန် ထိုအရွယ်ဖြင့်လည်း ကစား နိုင်မည်မဟုတ်တော့ပေ။ ရော်နယ်ဒိုသည် မက်ဆီကဲ့သို့စံချိန်များမတင်နိုင်ခဲ့သော်လည်း မက်ဆီပေါ် တွင်ဖြင့် စံချိန်တင်လိုက်နိုင်သည်ဟု ယူဆရပေမည်။ သို့ပေမယ့်လို့ တခြားစံချိန်တစ်ခုက၂၀၀၆ ခုနှစ်ကနေ စတင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ပါဝင်ကစားခဲ့ပြီး

၂၀၀၆ ကမ္ဘာ့ဖလား (ဂျာမနီ) ၁ ဂိုး

၂၀၁၀ ကမ္ဘာ့ဖလား (တောင်အာဖရိက) ၁ ဂိုး

၂၀၁၄ ကမ္ဘာ့ဖလား (ဘရာဇီး) ၁ ဂိုး

၂၀၁၈ ကမ္ဘာ့ဖလား (ရုရှား) ၄ ဂိုး (စပိန်အသင်းနဲ့ပွဲမှာ ဟက်ထရစ် သွင်းခဲ့တာ အပါအဝင်)

၂၀၂၂ ကမ္ဘာ့ဖလား (ကာတာ) ၁ ဂိုး

၂၀၂၆ ကမ္ဘာ့ဖလား (လက်ရှိ) ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ (၆) ကြိမ်တိုင်တိုင်မှာ ဂိုးသွင်းယူနိုင်သည့် သမိုင်းတစ်လျှောက် ပထမဆုံးနှင့် တစ်ဦးတည်းသော ကစားသမားအဖြစ် ထူးထူးခြားခြား စံချိန်သစ်ကို ပိုင်ဆိုင် ထားပေသည်။

သူတို့နှစ်ဦး၏ ကွင်းအတွင်း အနေအထားများကို ကြည့်မည်ဆိုလျှင် မက်ဆီသည်ကစားဖော်များကို ပံ့ပိုး ပေးနိုင်သလို ကစားဖော်များကလည်း သူအပေါ် ဝိုင်းဝန်းပံ့ပိုးပေးသည်။ အသင်းဖော်များကလည်း ချစ်ခင်ကြသည်ကို အထင်အရှား တွေ့နိုင်သည်။ ထိုအတူ မက်ဆီအနေဖြင့်လည်း စံချိန်သစ်များတင်နိုင် ရေးအပေါ်တွင် ပို၍အာရုံထားဟန်ရှိသည်။ လက်တွေ့တွင်လည်း စံချိန်တင်နိုင်သည်ကိုတွေ့ရသည်။ ရော်နယ်ဒိုက ထိုသို့မဟုတ်။ ကစားဖော်များကို ပံ့ပိုးပေးနိုင်ဖို့ကို ပို၍ အာရုံထားသည်။ သူ၏ စံချိန်ကောင်းများရရှိရေးက ဒုတိယဦးစားပေးဖြစ်သည်ကို ဒုတိယပွဲစဉ်တွင် အထင်အရှား မြင်ရသည်။ နှစ်ဦးစလုံးသည် အသင်း၏စံပြကစားသမားများ ဖြစ်ကြပါသော်လည်း ရော်နယ်ဒိုကမူ နောက်မျိုးဆက်သစ်များကိုနေရာပေးသည့်နေရာတွင် မက်ဆီထက်သာလွန်သည်ဟုဆိုနိုင်သည်။ အဖြစ်အပျက်တစ်ခု အနေဖြင့် မက်ဆီ၏ ဒုတိယပွဲစဉ်တွင် ပယ်နယ်တီရသည်ကို သူကိုယ်တိုင်ကန်ခဲ့ခြင်းဖြစ်သည်။ ရော်နယ်ဒိုကမူ အလွတ် တည်ကန်ဘော ရသည်ကို သူကန်မလိုလိုနှင့် ကစားဖော်ကိုပေးကန်ခဲ့သည်။ ပွဲအတွင်း၌လည်း လိုအပ်သည့် နေရာတွင်သာ နေသည်။ တစ်ကွင်းလုံး “ ငါအသင်းခေါင်းဆောင်ပဲ ငါနာမည်ကြီး ကစားသမားပဲ” ဆိုသည့် စိတ်ဓာတ်မျိုးမတွေ့ရပေ။ တစ်နည်းအားဖြင့် သူ၏ပေါ်တူဂီ အသင်းအား ကွင်းအတွင်း၌ ထိန်းကျောင်းပေး နေခြင်း ဖြစ်သည်။ နောက်မျိုးဆက်လူငယ်များကိုသာ ဦးစားပေးထားခြင်းမျိုးဖြစ်သည်။ မက်ဆီသည်လည်း ထိုသို့မဟုတ်ဟု ဆိုခြင်းမဟုတ်ပါ။ မက်ဆီက ရော်နယ်ဒိုကဲ့သို့ ရှေ့တန်းတင်ပေးခြင်းမျိုးမဟုတ်သော်လည်း လက်တွဲ ခေါ်ယူခြင်းမျိုး ဖြစ်သည်။

သို့သော်လည်း ယနေ့ဖော်ပြနေသည့်သတင်းများအရ သူတို့နှစ်ဦးကြားတွင် ခြားနားချက်ကြီးကြီးမားမား တစ်ခုရှိ နေသည်။ မက်ဆီသည် အောင်မြင်သည်။ ကျော်ကြားသည်။ စံချိန်များကိုယူနိုင်သည့် ပါရမီ ရှင် ကစားသမား ဖြစ်သော်လည်း ပရိသတ်များအတွက်ကိုမူ အချိန်မပေးတတ်ချေ။ ရော်နယ်ဒိုကမူ ထိုသို့မဟုတ်။ ပရိသတ်များကို တလေးတစားရှိသည်။ ဂရုတစိုက်ရှိသည်။ ကလေးငယ်များကအစ အချိန်ပေးဆက်ဆံတတ်သည်။ တစ်နည်းအားဖြင့် သူတို့နှစ်ဦးသည် မက်ဆီက ဦးနှောက်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသူဟုဆိုလျှင် ရော်နယ်ဒိုက နှလုံးသားဖြင့် တည်ဆောက်ထားသူဟုဆိုရပေမည်။ စံချိန်များဆိုသည်မှာ မိမိဘယ်လောက်ပဲကောင်းအောင်ကစား၍ စံချိန်သစ်များ တင်ထားသည်ဖြစ်ပါ စေ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုစံချိန်ကိုရိုက်ချိုးမည့်သူများပေါ်လာမည်က ဧကန်မလွဲပင်ဖြစ် သည်။ ရော်နယ်ဒိုကဲ့သို့ ကစားသမားနှင့်ပရိသတ်တို့ကြားတွင် ထားရှိသည့်လေးစားမှုဟူသည်ကား မည်သူမှ ရိုက်ချိုး၍မရသောစံချိန်စံညွှန်းတစ်ခုပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လူ့အလိုနတ်မလိုက်နိုင်ဆိုသည့်စကားအရ မက်ဆီကိုကြိုက်နှစ်သက်သူများ အစဉ်အမြဲ ရှိနေမည်ဖြစ်သလို ရော်နယ်ဒိုကိုကြိုက်နှစ်သက်သူများကလည်း ရှိနေမည်သာဖြစ်သည်။ မည်သူကိုမှ မက်ဆီ တစ်ယောက်တည်းကိုသာကြိုက်ရန် တိုက်တွန်း၍မရသလို ရော်နယ်ဒိုကိုကြိုက်ဖို့ကို လည်း လှုံ့ဆော်၍ ရမည် မဟုတ်ပေ။ သူ့ကမ္ဘာ့နှင့် သူ ကိုယ့်ကမ္ဘာနှင့်ကိုယ် တည်ရှိနေကြမည်သာ ဖြစ်သည်။ မက်ဆီကို အားပေးကြသူများ ကလည်း လွတ်လပ်စွာအားပေးခွင့်ရှိသလို ရော်နယ်ဒိုကိုအားပေး သူများကလည်း လွတ်လပ်စွာအားပေးခွင့်ရှိသည်။ ဤသို့ ကမ္ဘာနှစ်ခြမ်းကဲ့သို့ဖြစ်နေသည့် ပရိသတ် များအတွက် ကျွန်တော်ဆန္ဒတစ်ခုရှိသည်က မက်ဆီနှင့်ရော်နယ်ဒိုကို တစ်နေရာရာ တစ်ချိန်ချိန်တွင် အတူတူယှဉ်ပြီး ပြုံးကာရွှင်ကာဖြင့် စကားပြောနေကြသည်ကို ဖန်တီး ပေးလိုခြင်း ဖြစ်သည်။ သိုဆို လျှင် သူတို့နှစ်ဦး၏ ပရိသတ်များထံမှ မည်သည့်အသံများထွက်လာမည်ကို နားထောင်ကြည့်လို ခြင်းပေတည်း။ ကျွန်တော်ကဖြင့် မက်ဆီပရိသတ်လည်း မဟုတ်သလို ရော်နယ်ဒိုပရိသတ်လည်း မဟုတ်ပါပေ။ သို့သော်လည်း မည်သို့ မည်ပုံ ဂိုးသွင်းယူနိုင်သည်ကိုဖြင့် အားပေးဖို့ရန် အဆင်သင့် ရှိနေပါသည်။ လှလှပပ ဂိုးသွင်း နိုင်ကြပါစေ။

၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၂) ရက်

စာပြီးချိန် – ည ၉ နာရီ ၄၄ မိနစ်

(ဖော်ပြပါ ဆောင်းပါးကို ဆရာ ဏေသွေးအိမ် ပေးပို့ချိန်သည် ကမ္ဘာ့ဖလား အုပ်စု ပတ်လည်ပွဲများပြီး၍ ရှုံးထွက် ၃၂ စတင် ကစားရမည့်အချိန်ဖြစ်၍ ထိုအချိန်ထက် စော၍ ရေးသားထားခြင်း ဖြစ်မည်ဟု ယူဆပါသည်။ သို့ပါ၍ ဤဆောင်းပါးတွင် ကမ္ဘာ့ဖလားပွဲများ၏ နောက်ဆုံးရလဒ်များကို ထင်ဟပ်နေမည် မဟုတ်နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ အယ်ဒီတာ The Corner)

Click to rate this post!
[Total: 2 Average: 3]

Leave a Comment

Your email address will not be published. Required fields are marked *