လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ပီရူး တံငါသည်တွေဟာ ပစိဖိတ် သမုဒ္ဒရာအတွင်းက ငါးနီတူငါးတွေဟာ အုပ်လိုက်ကြီး ပျောက် ပျောက် သွားတတ်တဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တစ်ခုကို သတိထားမိ ခဲ့ကြတယ်။ အဲဒီလို အချိန်မှန်မှန် ငါးအုပ်တွေ ပျောက်သွားတတ်တဲ့ ကာလဟာ ခရစ္စမတ် အချိန်နဲ့ တိုက်ဆိုင်နေတတ်တာမို့ အဲဒီဖြစ်ရပ်ကို “el- niño Jesus, Christ Child” “ဘုရားသခင်ရဲ့ကောင်လေး”လို့ အမည်ပေးခဲ့ကြတယ်။
ဒီခေတ်မှာတော့ အယ်လ်နီညို (El Niño) ဖြစ်စဥ်ဟာ လူတိုင်းလူတိုင်း ကြားဖူးနေတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ။ ဒီဖြစ်စဥ်မှာ ပုံမှန် ဖြစ်လေ့ဖြစ်ထရှိတဲ့ မိုးလေဝသ ဖြစ်စဥ်တစ်ခုပါ။ ဒီဖြစ်စဥ်မှာ ကမ္ဘာ့အချို့နေရာတွေမှာ မိုးခေါင်တတ်ပြီး အချို့နေရာတွေမှာတော့ မိုးများပြီး ရေကြီးတာတွေ ကြုံရတတ်သလို တစ်ခါတစ်ရံမှာ အပူလှိုင်းတွေ၊ တောမီးတွေ နဲ့ ကမ္ဘာကြီး ပိုပူလာတဲ့ ဖြစ်ရပ်တွေ ဆိုတာ နှစ်စဥ် လိုလို ကြားဖူးကြမယ် ထင်ပါတယ်။
ဒီနှစ် ဇွန်လ ၁၁ ရက်နေ့မှာတော့ အမေရိကန် အစိုးရလက်အောက်ခံ အမျိုးသား သမုဒ္ဒရာနဲ့ လေထု ဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့ကြီး (the National Oceanic and Atmospheric Administration) အယ်လ်နီညိုအသစ် စဖြစ်လာနေပြီလို့ သတိပေးခဲ့ပါတယ်။ ဒီတစ်ကြိမ် ဖြစ်လာမယ့် အယ်လ်နီညိုက ပြင်းအားကြီး ပါသတဲ့။
အယ်လ်နီညို ဖြစ်စဥ်ဟာ ပစိဖိတ် သမုဒ္ဒရာ အပေါ်ဘက်က ပုံမှန်ထက်ပိုပြီးပူတဲ့ လေထုဟာ ကမ္ဘာရဲ့ အခြားတစ်ဖက်ခြမ်းဆီကို ရောက်သွားလေ့ရှိတယ်လို့ သိရပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ လေပူနဲ့ ရေပူတွေဟာ ပုံမှန်မဟုတ်ဘဲနဲ့ တစ်နေရာက တစ်နေရာကို ရွေ့လျားသွားတဲ့ သဘောပါ။ ဒါကြောင့်မို့လို အယ်နီညိုရဲ့ အင်အား အပြင်း/အပျော့ဟာ သမုဒ္ဒရာထဲကရေတွေ ဘယ်လောက်ပူလဲဆိုတာကိုကြည့်ပြီး သိနိုင်ပါ တယ်တဲ့။
အချိန် အတော်ကြာအောင် ၂ ဒီဂရီ စင်တီဂရိတ်ထက် ပူတဲ့ အခြေအနေကို ရောက်မယ်ဆိုရင်တော့ အယ်လ်နီညိုဟာ အင်အားပြင်းမယ်လို့ မှန်းဆနိုင်တယ်လို့လည်း သိရပါတယ်။ ကမ္ဘာပေါ်မှာရှိကြတဲ့ မိုးလေဝသ ကျွမ်းကျင်သူတွေရဲ့ တွက်ဆချက်အရကတော့ ဒီနှစ် ၂၀၂၆ ခုနှစ်မှာ အခုအချိန်ကနေ နောက်ပိုင်းကာလတွေနဲ့ ၂၀၂၇ ခုနှစ် အစောပိုင်းလတွေမှာ သမုဒ္ဒရာ အထက်က အပူချိန်ဟာ ၂ ဒသမ ၅ ကနေ သုံး ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်သွားနိုင်ပါတယ်လို့ ခန့်မှန်းထားကြတယ်။ အဲဒီဖြစ်စဥ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၅ ခုနှစ်အတွင်း မှတ်တမ်းတင်ခဲ့ဖူးတဲ့ စံချိန်တွေထက်ကို မြင့်မားနေပါတယ်။ မိုးလေဝသ ပညာရှင်တွေက အမြင့်ဆုံး (အဆိုးဆုံး) ဖြစ်ရပ်ကို မှတ်တမ်းတင်နိုင်ခဲ့တာက ၁၉၈၂-၂၃ ခုနှစ် အယ်လ်နီညိုဖြစ်စဥ်မှာ သမုဒ္ဒရာ အပူချိန်ဟာ ၂ ဒသမ ၅ စင်တီဂရိတ်အထိ တစ်ခါ ရောက်ခဲ့ ဖူးပါတယ်။
ငါးနီတူငါးမျိုးတွေဟာ အေးမြတဲ့ ရေပြင်ကို နှစ်သက်ပါတယ်။ ဒါကြောင့်မို့လို့ အယ်လ်နီညို ဖြစ်စဥ်မှာ ငါးနီတူ ငါးအုပ်တွေဟာ အေးမြတဲ့ တောင်ပိုင်းဒေကို ရွေ့ပြောင်းသွားကြတာပါ။ ဒီလို အယ်လ်နီညို ဖြစ်ရပ်ဟာ ပီရူးက တံငါသည်တွေသာ ခံစားရတာ မဟုတ်ပါဘူး။ အင်မတန်ကျယ်ဝန်းတဲ့ ပစိဖိတ် သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ ကမ္ဘာ့နေရာအသီးသီးမှာလည်း ဒီဒဏ်ကို ခံကြရမှာပါ။
ဒီဖြစ်စဥ်ကြောင့် ကမ္ဘာ့ကြီးဟာ ပိုမိုပူနွေးမှုတွေဖြစ်လာပေမယ့်လည်း အယ်လ်နီညိုဟာ ဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်လာခြင်း မဟုတ်တာကို သတိချပ်စေလိုပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဥ် နှစ်ခုကြောင့် ဥတုရာသီ ဖောက်ပြန်မှုတွေ ပိုမို ဖြစ်ပေါ်လာစေနိုင်တာကတော့ အသေအချာပါပဲ။ ကမ္ဘာမှာ အပူဆုံးဖြစ်ရပ်ကို မှတ်တမ်းတင်နိုင်ခဲ့တဲ့ နေရာမှာ ၁၉၇၀ နှစ်မတိုင်မီက ပျမ်းမျှအပူချိန်ထက် ၁ ဒီဂရီ စင်တီဂရိတ် ပိုပူခဲ့ပါတယ်။ ၂၀၁၅-၁၆ အယ်လ်နီညိုဖြစ်စဥ်မှာ ရှေ့က တင်ခဲ့တဲ့ အပူဆုံး စံချိန်ကို ထပ်ချိုးခဲ့ပြီး နောက်ထပ် ၁ ဒီဂရီ စင်တီဂရိတ် ထပ်မံမြင့်တက်ခဲ့သေးတယ်။ အခုနောက်ဆုံး စံချိန် တင်သွားခဲ့တဲ့ အပူဆုံးကာလကတော့ ၂၀၂၄ ခုနှစ်က စံချိန်ပါ။ စံချိန်က ၁ ဒသမ ၅၅ ဒီဂရီ စင်တီဂရိတ် လို့ သိရပါတယ်။ ဒါပေမဲ့ ၂၀၂၇ မှာတော့ အဲဒီ အမြင့်ဆုံး စံချိန်ကိုတောင် ထပ်ချိုးလိမ့် မယ်လို့ ပညာရှင်တွေက သတိပေးနေကြပြီ။
အယ်လ်နီညိုကြောင့် ကမ္ဘာ့နိုင်ငံတွေ၊ တိုက်ကြီးတွေအပေါ် ထိခိုက်မှုက တစ်နေရာနဲ့ တစ်နေရာ မတူနိုင်ပါဘူး။ ၁၉၉၇-၉၈ နဲ့ ၂၀၁၅-၁၆ အယ်လ်နီညိုဖြစ်စဥ်တွေမှာ အာဖရိကအရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ အမေရိက အလယ်ပိုင်းနဲ့ သမုဒ္ဒရာ ရပ်ဝန်းတွေမှာ ရှိတဲ့ သက်ရှိ အားလုံး ကပြောင်းကပြန် ဖြစ်ကုန် တယ်။ မိုးခေါင် ရေရှားမှုတွေကြောင့် စားကျက်မြေတွေ ခြောက်သယောင်းကုန်ပြီး သီးနှံတွေ စိုက်ပျိုးမရတာကြောင့် လူသန်းပေါင်းများစွာ အငတ်ဘေးနဲ့ကြုံကြရလို့ နေရပ်စွန့်ခွာပြီး အစာရေစာရှာဖို့ အခြားဒေသတွေကို အုပ်စုလိုက် ရွှေ့ပြောင်းကြတဲ့ ဖြစ်ရပ်တွေက ဒုနဲ့ဒေးပါ။
ဒီတစ်ကြိမ်မှာလည်း အလားတူ ဖြစ်ရပ်တွေ ဖြစ်နိုင်တာမို့ ကုလသမဂ္ဂ အဖွဲ့လက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီး (FAO) က အာဖရိကတောင်ပိုင်းနဲ့ ဆာဟာရ သဲကန္တာရ တောင်ပိုင်းက ပူပြင်းခြောက်သွေ့ ဒေသ တစ်ခုဖြစ်တဲ့ ဆာဟဲ ဒေသတွေကို အန္တရာယ် ကျရောက်နိုင်ရာ ဒေသတွေ အဖြစ် သတိပေးထားပါတယ်။ ၂၀၂၃-၂၄ မှာ ဖြစ်ခဲ့တဲ့ အယ်လ်နီညိုဖြစ်စဥ်မှာ သမုဒ္ဒရာ အပူချိန်ဟာ ပုံမှန် အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး အဆိုးဆုံး မိုးခေါင်ရေရှား ပြဿနာကို အာဖရိက တောင်ပိုင်းဒေသတွေ ကြုံတွေ့ခဲ့ရပါတယ်။ အဆိုပါ ဖြစ်ရပ်ဟာ ရာစုနှစ် တစ်ခုအတွင်း အဆိုးဝါးဆုံးလို့လည်း သိရပါတယ်။

အာဖရိက အရှေ့ပိုင်း ဒေသတွေဟာလည်း ဒီဘေးက မလွတ်ပါဘူး။ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီး (FAO) ရဲ့ သတိပေးချက်ထဲမှာ ဆိုမာလီနိုင်ငံဟာ သဘာဝဘေးအန္တရာယ်ကို နှစ်ကြိမ် နှစ်ခါ ခံရနိုင်တဲ့ အန္တရာယ်နဲ့ ကြုံရနိုင်ပါတယ်တဲ့။ မိုးခေါင်ရေရှား ပြဿနာကို အောက်တိုဘာလအထိ ခံရနိုင်ပြီး အဲဒီနောက်ပိုင်း ဒီဇင်ဘာလကုန်အထိ မိုးများတဲ့ ရာသီဥတုကို ကြုံရနိုင်တယ်။ ခြောက်သွေ့မိုးခေါင်ပြီး မိုးများလာတယ်ဆိုတာ ကြားရတာ ဟုတ်သလိုလို ထင်ရပေမယ့် တကယ်ကြုံရတဲ့အခါ ထင်သလို မဖြစ်နိုင်ပါဘူး။ မိုးရွာလို့ အပူသက်သာတာထက် နောက်ထပ် အန္တရာယ်တစ်ခုက စောင့်နေသလိုပါပဲ။ အချိန်ကာလကြာမြင့်စွာ မိုးခေါင်မှုကြောင့် စားကျက်မြေတွေဟာ ခြောက်သယောင်းနေတာမို့လို့ မိုးရွာခဲ့ရင် ရေတွေကို မြေကြီးက ချက်ချင်း မစုပ်ယူနိုင်လို့ ရေကြီးမယ့် ပြဿနာက တစ်ခုပါ။ အမေရိက အလယ်ပိုင်း၊ ကာရစ်ဘီယံဒေနဲ့ အာရှတိုက်က နေရာအချို့မှာလည်း မိုးခေါင် ရေရှားပြဿနာကို ကြုံရနိုင်မယ်လို့ သတိပေးချက်ထဲမှာ ပါပါတယ်။
ရာသီဥတု ဘေးအန္တရာယ်တွေ ကျရောက်လာနိုင်မယ်လို့ ခန့်မှန်းထားတဲ့ ဒေသတွေဟာ တကယ်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ဘေးနဲ့ အငတ်ဘေးတွေကြောင့် ဒုက္ခရောက်နေကြတာပါ။ ပိတ်လိုက် ဖွင့်လိုက်ဖြစ်နေတဲ့ ဟောမုဇ် ရေလက်ကြားကြောင့် လယ်သမားများစွာဟာလည်း ဓာတ်မြေသြဇာ ရှားပါးမှု ဒဏ်ကြောင့် နောက်တစ်ရာသီမှာ စိုက်ပျိုးမယ့် သီးနှံအတွက် မြေသြဇာ ပြတ်လပ် နေတာကလည်း နောက်ထပ် ဒုက္ခတစ်ခု။ ဥရောပ ကော်မရှင်ဟာ အာဖရိကက ချက်၊ ဆိုမာလီနဲ့ တောင်ဆူဒန်နဲ့ ဆူဒန် ဒေသတွေ အပြင် အီကွေဒေါ၊ ဟေတီနဲ့ ဗင်နီဇွဲလား နိုင်ငံတွေမှာ လူသားချင်းထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လာနိုင်မယ်လို့ သတိပေးထားပါတယ်။ ဒီအန္တရာယ်တွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတချို့တော့ ရှိပါတယ်။ မိုးခေါင်ရေရှားဒဏ်ကို အန်တုနိုင်မယ့် မျိုးစေ့တွေကို စိုက်ပျိုးတာ၊ တိရစ္ဆာန်တွေအတွက် အစားအစာနဲ့ သောက်ရေတွေ စုဆောင်းထားတာတွေပါ။ ဒါပေမဲ့ နောက်မကျဘဲ အခုကစဖို့တော့ လိုပါတယ်။
မှီငြမ်း The coming El Niño could be the strongest ever recorded (The Economist, June 18)


