The Corner

The Corner

cropped-Logo_round_grey-background.png

‘မဟာဆွေ စာတွေရေးပေမဲ့’လား၊ ‘မဟာဆွေ ခါတလေရေးပြန်တော့’လား

Share မယ်

မဟာဆွေ စာတွေရေးပေမဲ့

စာရေးဆရာကြီး မဟာဆွေသည် ၁၃၁၅ ဝါဦး (၁၉၅၃ ခု ဇွန်လ)ထုတ် သင့်ဘဝမဂ္ဂဇင်း (မဂ္ဂဇင်းနံပါတ်မပါ) ထဲတွင် အထက်ပါခေါင်းစဉ်နှင့် ဆောင်းပါးတစ်ပုဒ်ရေးသွားခဲ့သည်။ “ရေးသွားခဲ့သည်”ဟုရေးလိုက်ရခြင်းမှာ ဤဆောင်းပါးရေးပြီး နှစ် လခန့်အကြာ ဩဂုတ်လ ၅ ရက်နေ့၌ ဆရာကြီးမဟာဆွေကွယ်လွန်သွားခဲ့ခြင်းကြောင့်ဖြစ်သည်။ ဆရာက သူ့ဆောင်းပါးကို လေးချိုးနှင့်ဖွင့်သည်။

Courtesy of author

မဟာဆွေစာတွေရေးပေမဲ့၊

ခါနာလွေးရန်မှ မဖူလုံ။  ။

တိုင်းတစ်ပါးမှာဖြင့်၊ နှိုင်းစားကာ သရေယိုမိငဲ့၊

ရွှေဆိုလျှင် စာတစ်စောင်လုပ်ရုံနှင့်၊

ထောင်ထုပ် အသာဝင်ကြ၊

မြန်မာတွင် ဤသဘောကို ပြော၍မယုံ။ ။

ခါနာမှာ မစုံစေ့သော်လည်း၊

ဝါသနာအထုံမွေ့သူမို့၊

ဘုံဓလေ့ သိသာရုံ၊

ညှိကာခြုံပါလို့ တစ်ဇာတ်ခင်း။    ။

လွတ်မှုကိုရည်၊ ဝတ္ထုဒဏ္ဍာရီနှင့်၊

မြန်မာပြည် ကျွန်သပေါက်ကယ်က၊

လွန်မြောက်ရန် နယူပဒေနှင့်

ဇမ္ဗူမြေ၊ ဒါတို့တိုင်းရယ်လို့၊

ရစ်ဝိုင်းကာ မြန့်အကျိုးကို တိုး၍ဉာဏ်ချင်း။   ။

ဤလေးဆစ်ချိုးကလေးကို လွန်ခဲ့သည့် ၁၀ နှစ်ကျော်က (? ၁၉၃၈) အကျိုးဆောင်ကြီးဝတ္ထုရှည် သူရိယနေ့စဉ်သတင်းစာ နောက်စာအုပ်အဖြစ်ရိုက်နှိပ်ထုတ်ဝေရာ၌ ရေးသားခဲ့ဖူးသည်။ အချို့စာရေးဆရာတွေက ကိုယ်ပိုင်ဉာဏ်အသုံးမပြုဘဲ၊ အင်္ဂလိပ်စာအုပ်တွေက ဘာသာပြန်ခဲ့ကြပုံတွေလည်း ရှင်းပြထားသည်။ ပန်းတနော်အမျိုးသားကျောင်းအုပ်ကြီး ဦးသန့်၊ ယခု ဝဏ္ဏကျော်ထင် ဦးသန့် ပြန်ကြားရေးဌာနအတွင်းဝန်မှာ နှစ်ပြားတန်စာအုပ်ကအစ စာအလွန်ဖတ်သူဖြစ်၏။ သူက ၁၉၃၂ ခု အောက်တိုဘာလထုတ် ဂန္ထလောကမဂ္ဂဇင်း အင်္ဂလိပ်စာကဏ္ဍပိုင်းတွင် လယ်တီပဏ္ဍိတဦးမောင်ကြီး၊ သူရိယဦးသိန်းမောင်၊ ပီမိုးနင်း၊ မဟာဆွေ ထိုစာရေးဆရာလေးဦးအား ချီးကျူးရေးသားရာ၌ ပီမိုးနင်း၏ ‘နေရီရီ’ ဝတ္ထုမှာ ပီမိုးနင်း၏ ပင်ကိုဉာဏ် ဝတ္ထုအနေနှင့် ရေးသားထား၏။

စာရေးသူက အဆိုပါ ‘အကျိုးဆောင်’ ဝတ္ထုကြီးတွင် ပီမိုးနင်း၏ ‘နေရီရီ’ မှာ ‘သည်အားသားဂဲလ်’ မှ မှီး၍ရေးကြောင်း ရှင်းလင်းဖော်ပြခဲ့၏။ ၁၉၃၄ ခုနှစ် ဆရာကျော် (ပီမိုးနင်း) နှင့်တွေ့သောအခါ ‘အားသားဂဲလ်’ မှယူမိကြောင်းဝန်ခံသည့်အပြင် ခင်ဗျားစာအတော်ဖတ်သားပဲဟု ပြောပြဖူးသည်။ အကယ်၍ ‘အားသားဂဲလ်’ မှ မှီငြမ်းမပြုလျှင် ချက်ချင်းသတင်းစာထဲက ချေပမည်ထင်သည်။

(မှတ်ချက်။ စိတ်ကူးချိုချိုစာအုပ်တိုက်မှ ၂၀၁၇ ခုတွင်ထုတ်ဝေသော မလိခ၏ “မြန်မာဝတ္ထုအညွှန်းပေါင်းချုပ်” ထဲတွင် နေရီရီဝတ္ထုနှင့်ပတ်သက်၍ ဤသို့ဖော်ပြထားသည်။ စစ်စစ် ‘နေရီရီ’ သည် ပီမိုးနင်း၏ထင်ရှားသော ဝတ္ထုဖြစ်စေကာမူ ပီမိုးနင်း၏ ပင်ကိုရေးဝတ္ထုကားမဟုတ်ပေ။ ချားလ်စ်ဂါးဗစ် (Charles Garvice) ၏ ဂျတ်စ်အဂဲ (Just a Girl) အမည်ရှိအင်္ဂလိပ်ဝတ္ထုကို မှီငြမ်းပြု၍ရေးထားသောဝတ္ထုဖြစ်ပေသည်။)

ဆရာတော်ဦးဥတ္တမနှင့် ကြုံရပုံ

ဆရာပီမိုးနင်းအကြောင်းရေးပြီးသည့်နောက် သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိ ‘မဟာဆွေ၏ မဟာဆွေ’ ရေးသားပြီးစီးပြီဖြစ်၍ သွေးသောက်ဦးပြည့်စုံထံပေးအပ်ထားကြောင်း၊ သူ့ဘဝဇာတ်ကြောင်းထဲမှ မြှုပ်ကွယ်နေသောဖြစ်ရပ်များကို ဖွင့်ဟ ဖော်ထုတ်ရေးသား၍ရပြီဖြစ်ကြောင်း ဆရာကဆက်ရေးသည်။ (‘မဟာဆွေ၏ မဟာဆွေ’ကို သွေးသောက်စာပေက ၁၉၅၃ ခုနှစ်တွင် ပထမဆုံးအကြိမ်ထုတ်ဝေခဲ့သည်။) ထိုခေတ်က နာမည်ကြီး မျိုးချစ်ရဟန်းတော်တစ်ပါးဖြစ်သည့် ဦးဥတ္တမ ကိုယ်တော်ကြီးနှင့် မဟာဆွေတို့နှစ်ဦး ပထမဦးဆုံးအကြိမ်တွေ့ဆုံပွဲက လွမ်းလောက်သည်။

“ဟေ့ကောင် ရေတစ်ခွက်ပေးစမ်း”

အသက် ၃၀ ကျော်ခန့် အသားညိုညို မျက်နှာဝိုင်းဝိုင်း မျက်လုံးပြူးပြူးနှင့် ရဟန်းတော်တစ်ပါးက အသက် ၂၀ ခန့် အသားလတ်လတ် လူရွယ်တစ်ယောက်အား ခိုင်းလိုက်ခြင်းဖြစ်၏။ မန္တလေးမြို့ ကျောက်သွေးတန်းပဟိုရ်စည် ဦးဘဦး၏ တိုက်တွင်ဖြစ်သည်။ လူရွယ်က ကြည်လင်လှသောဖန်ခွက်ဖြင့် ရဟန်းတော်အား ရေကပ်လာ၏။ ရဟန်းတော်က ရေခွက်ကို ယူပြီးလျှင် ရေကပ်လာသော လူရွယ်၏ မျက်ခွက်ကို ထိုရေဖန်ခွက်နှင့် စွက်ပစ်ထည့်လိုက်ကာ

“မအေ… နင် ငါ့ကိုစော်ကားတာလား”

လူရွယ်သာ ခေါင်းမတိမ်းမိလျှင် မျက်နှာစုတ်ပြတ်သွားမည်ဖြစ်၏။ လူရွယ်က စိတ်ဆတ်သူဖြစ်၏။ ရဟန်းတော်မို့သာ ကျိတ်ခံလိုက်ရသည်။ အနီးရှိ ဦးဘဦးက လူရွယ်အား မျက်စိတစ်ဖက်မှိတ်ပြရင်း “ဆရာဆွေ ယွန်းခွက်နဲ့ကပ်ပါ”ဟုပြော၏။

ဘဆွေက ယွန်းခွက်နှင့် ရေကိုထပ်ကပ်၏။ ရဟန်းတော်က “အဲဒီလို လိမ္မာမှပေါ့ဟ”ဟုကပ်လာသော ရေခွက်ကို ကျေနပ်နှစ်သက်စွာ တဂွတ်ဂွတ်နှင့် သောက်၍နေသည်။ လူရွယ်က ရှိခိုးဦးချလျက် “တပည့်တော် မှားသွားပါတယ် ဘုရား” ဟုဝန်ချတောင်းပန်သေးသည်။

ရဟန်းတော်ကား မြန်မာတို့၏ ရှေ့ဆောင်လမ်းပြ ဆာရက်ဂျီနယ်ကရက်ဒေါက်အား ယူသည့် ရှစ်ထောင်နှင့်မဆိုထားဘိ၊ ပေါင်မုန့်တစ်ဖတ်မျှမတန်ဟုဆိုရဲသော ဦးဥတ္တမကိုယ်တော်ကြီးဖြစ်၍ လူရွယ်ကား နောင်အခါမဟာဆွေဖြစ်မည့် ဘဆွေတည်း။

ဖျင်ကြမ်းသင်းပိုင်၊ ဖျင်ကြမ်းဧကသီ၊ အိမ်တော်ရာထီး … ကိုယ်တော်ကြီးအား တစ်ကိုယ်လုံးဘယ်နေရာကကြည့်ကြည့် တိုင်းရင်းဖြစ်ပစ္စည်းများသာဖြစ်သည်။ ကိုယ်တိုင်လိုက်နာကျင့်သုံးသည်။ လူအများလိုက်နာကျင့်သုံးအောင် ဟောပြောနေသည်။ ဘဆွေက နိုင်ငံခြားဖြစ်ဖန်ခွက်နှင့် ရေကပ်မိနေသဖြင့် သူ့အမှားကို သိမြင်ကာ ဝတ်ချတောင်းပန်ခြင်းဖြစ်သည်။

နေသူရိန်ဆိုတာ

ဆရာကြီးမဟာဆွေ၌ မဟာဆွေအပြင်အခြားကလောင်ခွဲများရှိသေးသည်။ ၎င်းတို့မှာ ကြော့ဝက်လက်၊ မောင်ရွှေကြော့၏ အန္တေဝါသိက၊ မောင်ဝင်းကြော့၏တပည့်၊ စောရသက်ပြင်း၊ မွန်းသော်တာ၊ နေသူရိန်တို့ဖြစ်သည်။ ကြီးပွားရေးမဂ္ဂဇင်းတွင်လစဉ် နေသူရိန်အမည်ဖြင့် ဆောင်းပါးတစ်ပုဒ်၊ မဟာဆွေအမည်ဖြင့် ဝတ္ထုတစ်ပုဒ်စီရေးသားခဲ့သည်ဟုဆိုသည်။ မဟာဆွေ၏မဟာဆွေ (၂၀၁၆၊ ပြည်မြန်မာစာအုပ်တိုက်) ထဲ၌ နေသူရိန်နှင့်ပတ်သက်၍ ဆရာကဤသို့ရေးသည်။

ကြီးပွားရေးထဲတွင်ပါသော ဆောင်းပါးအချို့ကိုစုပေါင်း၍ ကြီးပွားရေးမဂ္ဂဇင်းတိုက်က စာအုပ်အဖြစ် တစ်အုပ်ရှစ်ပဲနှင့် ရောင်းချသော စာအုပ်ဖြစ်၏။ တော်လှန်ရေးသွေးထိုးစကားလုံးများပါသဖြင့် လူရွယ်၊ လူလတ်များအတော်သဘောကျသည်။ နေသူရိန်ဆောင်းပါးများကို ကြီးပွားရေးမဂ္ဂဇင်းတွင်ဘဆွေရေးသားခဲ့သည်မှာ ၁၉၃၃ ခုနှစ်ဆန်းကဖြစ်၏။

(မှတ်ချက်။ ‘နေသူရိန်မကြောက်တရား’စာအုပ်ကို ကြီးပွားရေးပုံနှိပ်တိုက်က ၁၉၃၈ ခုနှစ်တွင်ထုတ်ဝေခဲ့သည်။)

ဗိုလ်ချုပ်အောင်ဆန်းမဖြစ်မီ သခင်အောင်ဆန်းဘဝက နေသူရိန်ကလောင်အမည်နှင့်ပတ်သက်၍ ဆရာကြီး မဟာဆွေကို မေးမြန်းပုံ အကြောင်း ဆောင်းပါးထဲဆက်ရေးသည်။

“နေသူရိန်ဆိုတာ ဆရာပဲလို့ သခင်ဗဟိန်းက ပြောတယ်။ ဟုတ်ကဲ့လားဆရာ။ ဆရာကိုယ်တိုင်ကပြောတာ ကျွန်တော်ကြားချင်လို့”

၁၉၃၈ ခုနှစ်က နိုင်ငံအတွက် အသက်စတေးသွားရရှာသူ ဗိုလ်ချုပ်အောင်ဆန်းသည် အောင်ဆန်းဘဝက မေးခြင်းဖြစ်၏။

“ဟုတ်ပါတယ် ကိုအောင်ဆန်း၊ နေသူရိန်နဲ့ မဟာဆွေကလောင်တစ်ချောင်းတည်းပါ”

“ဒီလိုသိရတာ တော်ပြီဆရာ”

ကိုအောင်ဆန်းက ဒါပဲပြော၏။ ၁၉၃၄-၃၅ ခုလောက်က နေသူရိန်သင်္ကြန်အဖွဲ့၊ နေသူရိန်တီးလုံးအဖွဲ့ စသည်ဖြင့် နေသူရိန်၏ ကလောင်ကိုသဘောကျကာ နာမည်ကင်ပွန်းတပ်ကြသည်။ ဗိုလ်ချုပ်အထွတ်အထိပ်သို့ ရောက်သောအခါ နေသူရိန်ညီလာခံ၊ နေသူရိန်စာချုပ်၊ နေသူရိန်ဇာတ်ရုံ စသည်ဖြင့် ကျေနပ်စွာကင်ပွန်းတပ်သွားခဲ့သည်။

(မှတ်ချက်။ နေသူရိန်အရှိန်ကမသေသေးဘူးဗျ။ တလောကဖွင့်တဲ့ဆေးခန်းတစ်ခုနာမည်က နေသူရိန်အထူးကုဆေးခန်းပါတဲ့။)

ဆောင်းပါးကို ဆရာကြီးကဤသို့နိဂုံးချုပ်သည်။

မဟာဆွေကလောင်သမားဘဝရောက်သည့် အတွက် တိုင်းပြည်အကျိုးရှိခဲ့ပြီဟုယုံကြည်ပါသည်။

မဟာဆွေ တစ်ခါတလေ ရေးပြန်တော့

၂၀၁၆ ခုနှစ် ပြည်မြန်မာစာအုပ်တိုက်ထုတ် ‘မဟာဆွေ၏ မဟာဆွေ’ တွင် ‘မဟာဆွေ စာတွေရေးပေမဲ့’ လေးချိုးမူကွဲကိုသွားတွေ့သည်။ ဤလေးချိုးက ဆရာကြီးကိုယ်တိုင်ရေးသားခဲ့သောစာထဲတွင် မပါဝင်ဘဲ ‘နောက်ဆက်တွဲ’ အဖြစ်ဖော်ပြခဲ့သည့် သမီးခင်ဆွေဦး၏ ‘ဖေဖေ’၊ ‘ဖေဖေ့သမီးရဲ့ ဒိုင်ယာရီ’၊ ‘ဖေဖေနဲ့ အတူတူ’ဟူသောစာသုံးပုဒ်အနက် ‘ဖေဖေနဲ့အတူတူ’ ထဲတွင်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဗမာပြည်စာပေမှေးတာမို့

မဟာဆွေတစ်ခါတလေ ရေးပြန်တော့

ခါနာလွေးရန်မျှ မဖူလုံ။

တိုင်းတခြားမှာဖြင့်

နှိုင်းထားကာ သရေယိုမိပြန်တော့

ရွှေကိုပင် စာတစ်စောင်လုပ်ကာမျှနှင့်

ထောင်ထုပ်အသာဝင်ကြ

မြန်မာတွင် သည်သဘောကို

ပြော၍မယုံ။

ခါနာမှာ မစုံစေ့သော်လည်း

ဝါသနာအထုံမွေ့သူမို့

ဘုံဓလေ့ သိသာရုံ၊

ညှိကာခြုံပါလို့ တစ်ဇာတ်ခင်း။

လွတ်မှုကိုရည်

ဝတ္ထုဒဏ္ဍာရီ သွန်မှောက်ကာ

မြန်မာပြည် ကျွန်သပေါက်ရယ်က

လွန်မြောက်ရန် နယုပဒေနှင့်

ဇမ္ဗူမြေ တို့တိုင်းရယ်လို့

ရစ်ဝိုင်းကာ ပမာဆင်ခဲ့

စာဖြစ်လျှင် မြန်အကျိုးကို

တိုး၍ဉာဏ်သွင်း။

ခါနာ = ထမင်း             သရေ = သွားရည်

ပထမမူက ရွတ်လို့ကောင်းသော်လည်း ဒုတိယမူကျတော့ ရွတ်ရတာထောင့်တောင့်တောင့်။ ‘မဟာဆွေ တစ်ခါတလေ ရေးပြန်တော့’တို့၊ ‘ရွှေကိုပင် စာတစ်စောင်လုပ်ကာမျှနှင့်’ တို့၊ ‘လွတ်မှုကိုရည်၊ ဝတ္ထု ဒဏ္ဍာရီ သွန်မှောက်ကာ’တို့၊ ‘စာဖြစ်လျှင် မြန်အကျိုးကို’ တို့က ဘယ်လိုမှအဆင်မပြေ။ စာတစ်နေရာ၌ သမီးခင်ဆွေဦးက “(ဖေဖေက) ‘ဗမာပြည် စာပေမှေးတာမို့’ လေးချိုးကို ပြန်ညည်းချင် ညည်းနေတတ်သည်” ဟုရေးသားထားရာ ဤမျှထောင့်သောကဗျာကို ဆရာကြီးရွတ်ပါ့မလားဟု မိမိဘာသာသံသယဝင်မိသည်။ ပြန်တိုက်ကြည့်ဖို့ရာကလည်း မိမိလက်ထဲ ‘အကျိုးဆောင်ကြီး’ဝတ္ထု ကမရှိ။ သို့နှင့် လိုက်ရှာရင်း ရှာရင်း ယူကျု၌ ‘အကျိုးဆောင်ကြီး’ အသံထွက်စာအုပ်သွားတွေ့သည်။ စာအုပ်နိဒါန်းကို လေးချိုးနှင့်စဖွင့်သည်။ သမီးခင်ဆွေဦးဖော်ပြထားသည့်ကဗျာနှင့် ယခုယူကျု၌ ရွတ်ပြသည့်ကဗျာက တတိယတစ်ပိုဒ်ပဲ ထပ်တူကျသည်။ သူ့မူကဤသို့။

ဗမာပြည်စာပေမှေးတာမို့

မဟာဆွေခါတစ်လေ ရေးပြန်တော့

ခါနာလွေးရန်မျှ မဖူလုံ။

တိုင်းတခြားမှာဖြင့်

နှိုင်းစားကာ သရေယိုမိပြန်တော့

ရွှေဆိုလျှင် စာတစ်စောင်လုပ်ကာနှင့်

ထောင်ထုပ်အသာဝင်ကြ

မြန်မာတွင် သည်သဘောကို

ပြော၍မယုံ။

ခါနာမှာ မစုံစေ့သော်လည်း

ဝါသနာအထုံမွေ့သူမို့

ဘုံဓလေ့ သိသာရုံ၊

ညှိကာခြုံပါလို့ တဇာတ်ခင်း။

လွတ်မှုကိုရည်

ဝတ္ထုဒဏ္ဍာရီ တမင့်

မြန်မာပြည် ကျွန်သပေါက်ရယ်က

လွန်မြောက်ရန် နယူပဒေနှင့်

ဇမ္ဗူမြေ တို့တိုင်းရယ်လို့

ရစ်ဝိုင်းကာ ပမာဆင်ခဲ့

စာမြင်လျှင် မြန့်အကျိုးကို

တိုး၍ဉာဏ်သွင်း။

ဤစာက မူရင်းဖြစ်မည်။ ‘မဟာဆွေ၏ မဟာဆွေ’ ထဲက သမီးခင်ဆွေဦးဖော်ပြခဲ့သည့်လေးချိုးထက် ဒီလေးချိုးက ရွတ်ရတာပို၍အဆင်ပြေသည်။ သင့်ဘဝထဲ ဆရာကြီးမဟာဆွေရေးသားခဲ့တဲ့လေးချိုးက အရင်သူစပ်ဆိုခဲ့သောလေးချိုးကို သူ့မှတ်ဉာဏ်ထဲပေါ်လာသမျှ ကောက်ခါငင်ခါချရေးလိုက်တာဖြစ်မည်။ ဖြစ်နိုင်ခြေနောက်တစ်ခုက စာရေးရအဆင်မပြေ၊ စားဝတ်နေရေးအဆင်မပြေတိုင်း သူရေးခဲ့တဲ့လေးချိုးလေးကို ညည်းရင်းရွတ်ရင်း သူ့ဘာသာသူ ပြင်ရွတ်မိသွားတာဖြစ်မည်။ ‘မဟာဆွေ ခါတစ်လေ ရေးပြန်တော့’ ကို ‘မဟာဆွေ စာတွေရေးပေမဲ့’ဟုလည်းကောင်း၊ ‘တိုင်းတခြားမှာဖြင့် နှိုင်းစားကာ သရေယိုမိပြန်တော့’ ကို ‘တိုင်းတစ်ပါးမှာဖြင့်၊ နှိုင်းစားကာ သရေယိုမိငဲ့’ဟုလည်းကောင်း၊ ‘လွတ်မှုကိုရည် ဝတ္ထု ဒဏ္ဍာရီ တမင့်’ ကို ‘လွတ်မှုကိုရည် ဝတ္ထု ဒဏ္ဍာရီနှင့်’ဟုလည်းကောင်း၊ ‘ဇမ္ဗူမြေ၊ တို့တိုင်းရယ်လို့’ကို ‘ဇမ္ဗူမြေ၊ ဒါတို့တိုင်းရယ်လို့’ ဟုလည်းကောင်း သူ့ဘာသာ ဆိုရရွတ်ရလွယ်အောင် လုပ်လိုက်တာဖြစ်မည်။ စာဖတ်သူတွေအဖို့ ကဗျာမူကွဲနှစ်ပုဒ်အမြတ်ရတာပေါ့ဟု သဘောပိုက်မိသည်။ မိမိတစ်ဦးတည်းသဘောပြောရမည်ဆိုပါလျှင် ‘မဟာဆွေ ခါတလေရေးပြန်တော့’ ထက် ‘မဟာဆွေ စာတွေရေးပေမဲ့’ ကိုပို၍သဘောတွေ့မိပါကြောင်း။

၁၅ ဧပြီ ၂၀၁၆ သင်္ကြန် အကြတ်နေ့

နောက်ဆက်တွဲ

Courtesy of author

သင့်ဘဝအမှတ် (၁)။ ? ၁၉၅၂ နိုဝင်ဘာ

ဖေ့စ်ဘွတ်ခ်မှရယူသည်။

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *