လူ၏စွမ်းအားသည် ကိုယ်တိုင်မသိနိုင်ပါဘဲ စွမ်းဆောင်ရည် အပြည့်ရှိနေသည်။ ထိုစွမ်းဆောင်ရည်သည် အခါအားလျော်စွာ ပေါ်ပေါက်လာတတ်သည်။ အမြဲတစေ ဖြစ်တည်နေတာတော့ မဟုတ်ပေ။ ဥပမာ မီးဘေးကြုံ၍ ဘေးလွတ်ရာပြေးရာတွင် အရေးတကြီး ပစ္စည်းပစ္စယများရှိသည့် သေတ္တာကို ထမ်းပိုး၍ ပြေးသည်။ မီးဘေးလွတ်ကင်းရာနေရာရောက်သည်အထိ ထမ်းပိုးနိုင်သေးသည်။ မီးဘေးအန္တရာယ် ကင်းရှင်းချိန်တွင် ထိုသေတ္တာကို ပြန်လည် ထမ်းပိုး၍ မရဘဲ အင်မတန် လေးပင် နေသည်ကို တွေ့ရသည်။ လူနှစ်ယောက်သယ်မှ ရတော့သည်။
အလေးမအားကစားသမားသည် အပြင်တွင်လေ့ကျင့်စဉ်က မ,နိုင်သော အလေးချိန်ကို ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် မ ၍ မရကာ စိတ်အားငယ်မိသည်။ ထိုစဉ် ဤအလေးချိန်ကို မဖြစ်မနေမ,မှသာလျှင် သူ့ဘဝတက်လမ်းသည် မျှော်မှန်း၍ရနိုင်သည်။ သို့မဟုတ်ပါက အနှစ်နှစ်အလလ အားကြိုးမာန်တက် လေ့ကျင့်ခဲ့သမျှ ပျက်ပြယ်ကာ သူ့ဘဝတစ်ခုလုံး အဖတ်ဆယ်မရအောင် ဆုံးရှုံးသွားတော့မည်။ စိတ်ပျက်လက်လျှော့ကာ အဆုံးရှုံးခံမည်လား၊ ထိုအကျိုးဆက်သည် မိမိတစ်ဦးတည်းသာမက မိမိအားမျှော်လင့်သူမှန်သမျှကို သက်ရောက်မှု ရှိစေမည်။ သေရေးရှင်ရေးတမျှ အရေးကြီးသော စိတ်ဓာတ်အားမာန်သည် တစ်ဟုန်ထိုး အလိုလိုပေါ်ပေါက်လာပြီး ယခင်လေ့ကျင့်စဉ်ကထက် ပို၍လေးသော အလေးချိန်ကိုပင် မ,၍ရကာ စံချိန်သစ် တင်နိုင်ခဲ့သည်။ နောင်တွင် ထိုစံချိန်သစ်ကို မီအောင်မမ,နိုင်တာကတော့ ယခင်ပေါ်ပေါက်ဖူးသော ထူးကဲစွမ်းရည်ကို မရရှိသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
ထိုသို့ ပေါ်ပေါက်လာတတ်သော ထူးကဲစွမ်းရည်သည် ကာယအားမျှသာမက ဉာဏအားတွင်လည်း ထူးချွန်ထင်ရှားတတ်ပါသည်။ စာပေသမိုင်းကိုမျှော်၍ ကြည့်ရာတွင် “ပါရမီမသီနဲ့ ဘုံခန်းမစမ်းနဲ့” “သူဇာကိုလည်းမပစ်နဲ့ စာနုကိုလည်းမချစ်နဲ့” ဟူသော ပြောစမှတ်ပြုရသည့် အဆိုများအရ စာဆိုတို့၏ ထင်ရှားသော အမှတ်ရစရာများကို မှတ်တမ်းထားရှိခြင်းပင် ဖြစ်သည်။ ရှင်မဟာသီလဝံသဆိုလျှင် ပါရမီတော်ခန်းပျို့၊ ရှင်အဂ္ဂသမာဓိဆိုလျှင် ဘုံခန်းပျို့၊ ဝန်ကြီးပဒေသရာဇာဆိုလျှင် သူဇာပျို့တို့ကို အမှတ်ရစရာ အဆိုပြုခဲ့ကြသည်။
ရှင်မဟာရဋ္ဌသာရ၏ စတုဓမ္မသာရကိုးခန်းပျို့၊ ဦးတိုး၏ ရာမရကန်၊ နတ်ရှင်နောင်၏ ပေါ်နွေလလျှင် ချီရတု၊ တွင်းသင်း မင်းကြီးဦးထွန်းညို၏ ဘလ္လာတိယပျို့၊ စိန္တကျော်သူဦးဩ၏ ကဝိလက္ခဏာသတ်ပုံကျမ်း၊ ဝန်ကြီးဗညားဒလ၏ ရာဇာဓိရာဇ် အရေးတော်ပုံ၊ ဦးပုည၏ ရေသည်ပြဇာတ်စသည်စသည် အကြိုက်ချင်းညီကြသည်များ ရှိနိုင်ပါသည်။
တစ်ခုပြောစရာရှိသည်က တစ်ဦးချင်းကြိုက်နှင့် အများကြိုက် ထပ်တူကျကောင်းမှ ကျပေလိမ့်မည်။ သို့ရာတွင် တစ်ဦးချင်း ကြိုက်ထက် အများကြိုက်က ပို၍ ထင်ရှားပေလိမ့်မည်။ မည်သည့်အရာတွင်ဖြစ်စေ ထူးခြားထင်ရှား လူကြိုက်များအောင် စွမ်းဆောင်ရာတွင် သေရေးရှင်ရေးတမျှ အရေးကြီးသော ကိစ္စရပ်များတွင် ကျဉ်းထဲကျပ်ထဲ ထွက်ပေါက်ရလိုရငြား ကြိုးစား အားထုတ်လျှင် ရလဒ်ကောင်းများ ရလာတတ်ပါသည်။
လက်ဝဲသုန္ဒရအမတ်ကြီးဦးမြတ်စံသည် မင်းပြစ် မင်းဒဏ်သင့်၍ မဲဇာရပ်သို့ အပို့ခံရသောအခါ လက်တွေ့မျက်မြင်ခံစားရသမျှ ရေးစပ်သီကုံးသော “မဲဇာတောင်ခြေ” အစချီရတုသည် စာပေသမိုင်းတွင် ထင်ရှားကျော်ကြားခဲ့ပါသည်။ ရတုအရာတွင် အမတ်ကြီးဦးမြတ်စံထက် ထူးချွန်ထင်ရှားသူအများအပြား ရှိပါလျက် ထိုသို့ထွန်းပေါက်ကျော်ကြားလာခြင်းမှာ ထိုအချိန်၌ စာဆို၏စိတ်တွင် ထူးခြားထက်သန်သည့် ထူးကဲစွမ်းရည်ပေါ်ပေါက်နေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ယနေ့ခေတ်တွင်လည်း ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်း၊ မင်းသုဝဏ်၏ သပြေညို၊ ဇော်ဂျီ၏ ဗေဒါလမ်း၊ သိန်းဖေမြင့်၏ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ ရန်ကုန်ဘဆွေ၏ မြန်မာပြည်သား၊ တင့်တယ်၏ ကမ္မဖလ၊ အောင်လင်း၏ အရိုင်းစပယ်၊ တက္ကသိုလ်ဘုန်းနိုင်၏ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်၊ လင်းယုန်သစ်လွင်၏ ဓမ္မဝိလာသ၊ မြသန်းတင့်၏ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်၊ မောင်သာရ၏ မတ်တတ်ရပ်လို့ လမ်းမှာငို၊ နိုင်ဝင်းဆွေ၏ နွေတည၊ ချစ်ဦးညို၏ လင်္ကာဒီပ ချစ်သူစသည်တို့သည် စာရေးဆရာ၏အမည်နှင့်ယှဉ်တွဲ၍ အမှတ်ရစရာများ ဖြစ်၍နေပါသည်။
ကျွန်တော်နှင့်သိကျွမ်းရင်းနှီးသူ၊ ကွယ်လွန်သွားပြီဖြစ်သော ဆရာဝဏ္ဏသီရိက “ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာ မှတ်တမ်းစာအုပ်ကို ဖတ်ပြီး ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်းကိုရေးဖို့ စိတ်ကူးရလာတယ်၊ ရေးလည်းရေးဖြစ်တယ်၊ စာအုပ်ထုတ်ပေးမယ့်သူဘယ်ရှိမှာလဲ၊ ဘုန်းကြီးရဟန်းဘဝမို့ ပေးလှူကြတဲ့နဝကမ္မအလှူငွေနဲ့ တစ်အုပ်ပြီးတစ်အုပ် အားခဲပြီးထုတ်ခဲ့ရတယ်၊ အားလုံးငါးအုပ်တွဲအထိ ရေးသားထုတ်ဝေခဲ့တာပါ” ဟုပြောစကားကို ကြားယောင်မိပါသည်။ ထိုစာအုပ်သည် နောက်ပိုင်းတွင် အကြိမ်ကြိမ်ထုတ်ဝေရသည်အထိ ကျော်ကြားထင်ရှား လူကြိုက်များခဲ့ပါသည်။

စာရေးဆရာများ၏ ထူးခြားထင်ရှားစာအုပ်များကို စာရေးဆရာ၏ Masterpiece ဟူ၍ အသိအမှတ်ပြုကြပါသည်။ ထိုသို့အသိအမှတ်ပြုခံရသောစာအုပ်များသည် နှစ်ရှည်လများကြိုးစားအားထုတ်မှု၏အသီးအပွင့်များ ဖြစ်ကြပါသည်။ သို့ရာတွင် နှစ်ရှည်လများကြိုးစားအားထုတ်တိုင်း အောင်မြင်သည်တော့ မဟုတ်ပေ။ မထင်မှတ်ဘဲ အချိန်တိုအတွင်းရေးသားဖန်တီးရာမှ ထင်ရှားကျော်ကြားသွားသည်လည်း ရှိပေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ စာရေးသားနေစဉ် အတွင်း ထူးကဲစွမ်းရည် ခံစား ရရှိခြင်းကြောင့် ဖြစ်မည်ထင်ပါသည်။
စိတ်ဓာတ်ကျ၍ စိတ်လေလွင့်ချိန်တွင် မိမိ၌ မည်သည့်စွမ်းအားမျှ မရှိတော့ဟူ၍ စိတ်နှလုံးတုံးတုံးချလိုက်ပါက မည်သည့်စွမ်းရည် မျှ ပေါ်ပေါက်လာခြင်းမရှိဘဲ ရှုံးသည်ထက်ရှုံးကာ အဖတ်ဆယ်၍မရအောင် ထိခိုက်နစ်နာသွားပေလိမ့်မည်။ အကယ်၍သာ အောင်မြင်မှုတစ်ခုခု ရကိုရရမည်ဟု စိတ်ဓာတ်မြင့်မား စိတ်အားထက်သန်ခဲ့ပါလျှင် ထူးကဲစွမ်းရည် မပေါ်ပေါက်စေကာမူ အဆုံးရှုံးခံရသည်ထက် များစွာထူးခြားစွမ်းဆောင်နိုင်ပေလိမ့်မည်။ အရာရာတွင် စိတ်ပျက်လက်လျှော့ခြင်းထက် စိတ်ဓာတ် ခိုင်မာစွာ စိတ်အားထက်သန်ဖို့ လိုအပ်ပါသည်။
ကျွန်တော်သည် ငယ်စဉ်က ကဗျာဝါသနာအိုးလေးဖြစ်ပါသည်။ ကဗျာရေးသားခြင်းကို သတ္တမတန်း ကျောင်းသားအရွယ် ကတည်းက စတင်ခဲ့ပါသည်။ ကဗျာရေးသားတတ်ရုံနှင့် ကဗျာဆရာ မဖြစ်နိုင်ပါ။ သူမတူအောင်ထူးခြားသော အတွေးအမြင် ကဗျာဝိညာဉ်တွယ်ငြိမှသာလျှင် ကဗျာဆရာဖြစ်နိုင်မည် ထင်သည်။ ဘွဲ့ရသည်အထိ ဆယ်နှစ်ဆယ်မိုး ကြိုးစားရေးဖွဲ့သော်လည်း အောင်မြင်မှုကို မရရှိခဲ့ပါ။ ထို့ကြောင့် ဝတ္ထုပြောင်းရေးကြည့်တော့ မထင်မှတ်ဘဲ အချိန်တိုအတွင်း အောင်မြင်လာပါသည်။ ဘဝတွင် ကိုယ်ပိုင်အရည်အချင်း နယ်ပယ်သတ်မှတ် ပြဋ္ဌာန်းထားလေရော့သလား။ နယ်ပယ်တစ်ခုတွင် မအောင်မြင်သော်လည်း အခြားနယ်ပယ်တစ်ခုတွင် အောင်မြင်နိုင်လေသည်။
နည်းမှန်လမ်းမှန် လမ်းကြောင်းမှန်မှသာလျှင် ထူးချွန် ထင်ရှား နိုင်မည်ထင်ပါသည်။ ထူးကဲစွမ်းရည်လည်း ပေါ်ပေါက်နိုင်မည် ထင်ပါသည်။ ကျွန်တော်၏ အတ္တနောမတိမျှသာ ဖြစ်ပါသည်။


