နှစ်ဟောင်းရဲ့ စစ်နဲ့အကြမ်းဖက်မှုအမွေ ဆက်ခံရမယ့် နှစ်သစ်
၂၀၂၅ နှစ်ဟောင်းဟာ အရိပ်ပမာ ကျန်ရစ်ခဲ့ပြီ။ ၂၀၂၆ နှစ်သစ်ကို အရှိအတိုင်း ကြိုဆို ကြရပေဦးမည်။
အကြမ်းဖက်မှုတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ၊ ရွှေ့ပြောင်းအခြေချနေထိုင်မှုပြဿနာတွေ၊ ဆင်းရဲမွဲတေမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ အလုပ်လက်မဲ့ပြဿနာတွေ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါဘယထူပြောမှု ပြဿနာတွေ ငလျင်လှုပ်/ ရေကြီး/ မြေပြို/ တောမီးလောင်/ မီးတောင်ပေါက် အစရှိတဲ့ သဘာဝကပ်ဘေးတွေ၊ စစ်မက်ရေးရာ ပဋိပက္ခ ပြဿနာတွေနဲ့ ထွေးလုံးရစ်ပတ် ဖြစ်ခဲ့ရတဲ့ ကမ္ဘာကြီးဟာ ၂၀၂၅ ခုနှစ်ကို အတိတ်သမိုင်းထဲမှာ ချန်ထားရစ်ခဲ့ပြီ။

၂၀၂၆ ခုနှစ်သစ် တစ်ခုဆီ ခရီး ဆက်လာခဲ့ရပြီဖြစ်သော်လည်း နာမကျန်းဖြစ်နေတဲ့ ကမ္ဘာကြီးဟာ နှစ်ဟောင်းက ချန်ထားရစ်ခဲ့တဲ့ နယ်မြေ ချဲ့ထွင်ရေးစစ်ပွဲတွေ ဥပဒေမဲ့အကြမ်းဖက်မှုတွေ သွေးထွက်သံယိုမှုတွေ အမြတ်အစွန်းအတွက် စီးပွားရေးကုန်သွယ်ရေးပြိုင်ဆိုင်မှုတွေ၊ နိုင်ငံအချင်းချင်းအကြားက အခွန်စည်းကြပ်မှု ပြိုင်ဆိုင်မှုတွေ၊ နည်းပညာပြိုင်ဆိုင်မှုတွေ စသဖြင့် မလိုလားအပ်တဲ့ ပြဿနာတွေ ကို မလွှဲသာမရှောင်သာ ဆက်လက် သယ်ဆောင်ရပေလိမ့်ဦး မယ်။ အဆိုးဆုံး အချက်ကတော့ နယ်မြေချဲ့ထွင် ဗိုလ်ကျလိုကြတဲ့ ဒေါ်နယ်ထရမ့်၊ ဗလာဒီမာ ပူတင် နဲ့ ရှီကျင့်ဖျင်လို ခေါင်းဆောင်မျိုးတွေနဲ့ အတူ ၂၀၂၆ ခုနှစ် ကိုဖြတ်သန်းကြရမယ့်အရေး ဖြစ်ပါတယ်။
အထူးသဖြင့် ကမ္ဘာငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ စစ်ပွဲတွေကို ဆက်လက်သယ်ဆောင်လာရတဲ့အတွက် ၂၀၂၆ မှာ ကမ္ဘာကြီးရဲ့ ကျန်းမာရေးဟာ အတိတ်ကထက် ပိုပြီး ဆိုးလာလေမလားလို့ စိုးရိမ်စရာ ဖြစ်နေရတယ်။ တောင် တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်အရေး၊ ယူကရိန်း-ရုရှားစစ်ပွဲ ကိစ္စတွေကတော့ ၂၀၂၆ အတွက် ရတက်မအေးစရာ ဖြစ်နေဆဲပါပဲ။
အထူးသဖြင့် ရုရှား-ယူကရိန်းစစ်ပွဲ အခြေအနေက အကျယ်အကျယ် မငြိမ်းဖွယ်ဆိုသလို ဖြစ်လာနေတာကြောင့် စစ်ရေးပဋိပက္ခတွေ မြန်မြန်ဆန်ဆန် ချုပ်ငြိမ်းရေးအတွက် အပစ်ရပ်ရေးသဘောတူကြစေလိုကြောင်း အမေရိကန်သမ္မတ ထရမ့်က အဆိုပြုထားတယ်။ ယူကရိန်းစစ်ပွဲရဲ့ အနေအထားက လေးနှစ်မျှကြာခဲ့ပြီဖြစ်လို့ လက်ရှိမှာ လူ့အသက်တွေ အများအပြား ဆုံးရှုံးနေရပြီး အပစ်ရပ်ရေး အကောင်အထည် မဖော်နိုင်ရင် မလိုလားအပ်တဲ့ နစ်နာဆုံးရှုံးမှုတွေ ထပ်ဖြစ်လာ မှာ စိုးရိမ်ရပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ရုရှားကို အပစ်ရပ်ဖို့ အမျိုးမျိုးပြောဆို စကားကမ်လှမ်းနေကြနေကြပေမယ့် ‘သမ္မတပူတင်’ က လျစ်လျူပြုနေပြီး ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာတွေ့ရတယ်။ ရုရှားစစ်တပ်ဟာ ယူကရိန်းနိုင်ငံက စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ဆောင်းရာသီမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နိုင်တဲ့ အတွက် ယူကရိန်းပြည်သူတွေ စိုးရိမ်ပူပန်နေကြကြောင်း NHK သတင်း က ဖော်ပြခဲ့တယ်။
ယူကရိန်းစစ်ပွဲကို ဆက်လက်တိုက်ခိုက်သင့်တယ်လို့ ထင်မြင်တဲ့ ရုရှားပြည်သူ ရာခိုင်နှုန်းဟာ စစ်ပွဲနဲ့ပတ်သက်တဲ့ စစ်တမ်းတွေ စတင် ကောက်ယူခဲ့ချိန်ကနဲ့ နှိုင်းစာရင် လက်ရှိအချိန်မှာ အနိမ့်ဆုံးအဆင့်သို့ရောက်ရှိနေတယ်လို့ သိရတယ်။ စစ်တမ်းအရ ဖြေဆိုသူ ရုရှားပြည်သူ ၆၆ ရာခိုင်နှုန်းက ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးသင့်တယ်လို့ ယူဆကြတယ်။
အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် အောင်မြင်နိုင်ခြေ ရှိရဲ့လား
ယူကရိန်းနဲ့ ရုရှားအကြား ငြိမ်းချမ်းရေးရရှိရေးအတွက် အမေရိကန်ရဲ့ ကြိုးပမ်းမှု အောင်မြင်နိုင်တယ် လို့ ယုံကြည် သူ ၂၈ ရာခိုင်နှုန်းသာရှိပြီး ၅၁ ရာခိုင်နှုန်းက အောင်မြင်နိုင်ခြေ မရှိလို့ ထင်မြင်ကြ ကြောင်း စစ်တမ်း က ဆိုတယ်။ ယူကရိန်း စစ်ပွဲ ဆက်လက် ဆင်နွှဲသင့်တယ်လို့ ယုံကြည်သူ ရုရှား ပြည်သူ ၂၅ ရာခိုင်နှုန်းသာရှိတယ် လို့ ရုရှားသုတေသနအဖွဲ့ တခုဖြစ် တဲ့ Levada Center ရဲ့ စစ်တမ်းမှာ ဖော်ပြထားတယ်။ စစ်တမ်းအရ မြို့ငယ် လေးတွေမှာ နေထိုင်ကြတဲ့ ရုရှားအသက်ကြီး ပိုင်းတွေက စစ်ဆက်တိုက်ဖို့ ထောက်ခံကြပေမယ့်၊ မြို့ကြီးတွေမှာ နေထိုင်ကြတဲ့ လူငယ်တွေနဲ့ အမျိုးသမီးတွေက ယူကရိန်းစစ်ကို ဆက်မတိုက်သင့်ဘူးလို့ ထင်မြင်ကြကြောင်း စစ်တမ်းမှာ ဖော်ပြထားတယ်။
ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့အတွက် အမေရိကန်ကြားဝင်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ် အပြီးသတ် ဆွေးနွေးမှုတွေမှာ “ကြီးမား ထင်ရှားတဲ့ တိုးတက်မှု” တွေ ရရှိထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ‘မာကို ရူဘီယို’ က ပြောကြားခဲ့ကြောင်း နိုဝင်ဘာ ၂၄ ဘီဘီစီ သတင်းမှာ ဖော်ပြတယ်။ ဒါပေမယ့် ” တချို့ ကိစ္စရပ်တွေ ပြီးမြောက်ဖို့ ကျန်သေးတယ်” လို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ယူကရိန်း၊ ဥရောပ စေ့စပ်ညှိနှိုင်းသူတွေနဲ့ တွေ့ဆုံမှုအပြီးမှာ ‘ရူဘီယို’က ပြောကြားခဲ့တယ်။ ငြိမ်းချမ်းရေးအစီအစဉ် ၂၈ ချက်ထဲက “မပြီးမြောက်သေးတဲ့ အချက်တွေ” ကို အရင်လုပ်ဆောင်ဖို့ က အဓိက ရည်မှန်းချက် တခုဖြစ်ခဲ့ပြီး ဒါကို ပါဝင်သူတွေအားလုံးကလည်း ပြီးမြောက်အောင် လုပ်ဆောင် ခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ‘ရူဘီယို’က ဆိုတယ်။
ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး က “သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်စားလှယ်အဖွဲ့က ကျွန်တော်တို့ အသံတွေကို နားထောင်ပေးတဲ့ အရိပ်အယောင်တွေ” တွေ့ခဲ့ရတယ်လို့ ဆိုတယ်။
“ကျွန်တော် နားလည်ထားတာက “ယူကရိန်း-အမေရိကန်-ရုရှား” သုံးနိုင်ငံတွေ့မယ်လို့ အမေရိကန်က အဆိုပြု ခဲ့တာဖြစ်တယ်။ ဥရောပနိုင်ငံ တွေလည်း ပါဝင်နိုင်တယ်။ အရင် ပြီးခဲ့တဲ့ အစည်းအဝေးရလဒ်တွေကို သိရှိပြီးတဲ့နောက် ပူးတွဲအစည်းအဝေးတစ်ခု ကျင်းပတာက သဘာဝ ကျပါတယ်” လို့ ဇယ်လန်းစကီးက ဆိုတယ်။ အမေရိကန်က ယူကရိန်း အတွက် လုံခြုံရေးအာမခံချက်ပေးပြီး ယူကရိန်းက နယ်မြေ တချို့ လက်လွှတ်ရမယ် ဆိုတဲ့ အစီအစဉ်မျိုးကို ယူကရိန်း အနေနဲ့ လက်ခံဖို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က တိုက်တွန်းခဲ့တယ်။ အဲဒီလို နယ်မြေစွန့်လွှတ်ဖို့ ဖိအားပေးမျိုးကို ယူကရိန်းပြည်သူတွေက လက်မခံနိုင်ကြဘူးလို့ ဆိုတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ‘မာကိုရူဘီယို’က ယူကရိန်းကို ဘယ်လို သဘော တူညီချက်မျိုးကိုမှ အတင်းအကျပ် လက်ခံခိုင်းမှာ မဟုတ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်နေ့က ကတိပြုခဲ့တယ်လို့ဆိုတယ်။ “ယူကရိန်းက သဘောမတူရင် ငြိမ်းချမ်းရေး သဘောတူညီချက်ဆိုတာ မရှိနိုင်ပါဘူး” လို့ ‘မာကိုရူဘီယို’ က ပြောကြားခဲ့ကြောင်း သိရတယ်။
ယူကရိန်းစစ်ပွဲအတွင်း အရာရှိ စစ်သည် ကျဆုံးမှု အခြေအနေ

ဘီဘီစီ ရုရှားသတင်းဌာနအပါအဝင် စိတ်ပါဝင်စားသူအချို့နဲ့ ပူးတွဲပြီး ရုရှား-ယူကရိန်းစစ်ပွဲကို မှတ်တမ်းတင် သုတေသနပြုလုပ်နေတဲ့ ‘Mediazona’ ဆိုတဲ့ အဖွဲ့ရဲ့ နောက်ဆုံးပြုစုတင်ပြချက်တွေအရ (၂၄ ဖေဖော်ဝါရီ ၂၀၂၂) ကနေ (၁၇ ဒီဇင်ဘာ ၂၀၂၅) အထိ အတည်ပြုချက် ရရှိထားတဲ့ ရုရှားစစ်တပ်ဘက်က ကျဆုံးတဲ့ စစ်သားပေါင်း ၁၅၆,၁၆၁ ယောက် ရှိပြီ လို့ ဆိုတယ်။ အဲဒီထဲမှာ အရာရှိ ၆,၁၆၈ ယောက် ပါဝင်တယ်လို့သိရတယ်။
ယူကရိန်းစစ်ပွဲမှာ ကျဆုံးသွားတဲ့ ရုရှားအရာရှိတွေထဲမှာ ဗိုလ်ချုပ်ကြီး ၁၂ ယောက်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သုံးယောက်၊ ဗိုလ်ချုပ် ခုနစ်ယောက် အပြင် အငြိမ်းစားယူပြီးတဲ့ ဗိုလ်ချုပ် နှစ်ယောက် ပါဝင်ကြောင်း ‘Mediazona’ အဖွဲ့က အတည်ပြု အစီရင်ခံ ဖော်ပြထားကြောင်း တွေ့ရတယ်။
ရုရှားအမှတ် (၄၁) တပ်မဟာက လက်ထောက် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်ချုပ် အင်ဒရေ ဆူခိုဗက်စကီး နဲ့ အမှတ်(၈)တပ်မတော် လက်ထောက် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်ချုပ် ဗလာဒီမာ ဖရိုလောဗ် တို့ နှစ်ဦးဟာ စစ်ပွဲအစ ပထမ သီတင်းပတ်မှာ ကျဆုံး ခဲ့ကြတာ ဖြစ်တယ်။ ဗိုလ်ချုပ် ရိုမန် ကူတူဇော့ဗ် ကတော့ ၂၀၂၂ ဇွန်လအတွင်း တပ်ဖွဲ့အလိုက် စစ်ကြောင်းထိုးစဉ်မှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ သိရတယ်။
အမှတ်(၃၅)တပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆာဂေ ဂိုယာချက်ဗ် က ‘ဇာပိုရစ်ဇီးယား’ဒေသမှာ ယူကရိန်းတပ် ရဲ့ တန်ပြန်ထိုးစစ်ကို ခုခံတိုက်ခိုက်စဉ် ၂၀၂၃ ဇွန်လထဲမှာ ကျဆုံးခဲ့တယ်။ အမှတ်(၁၄)တပ်ရင်းရဲ့ လက်ထောက်စစ်ဆင်ရေးမှူး ဗိုလ်ချုပ် ဗလာဒီမာ ဇဗက်စကီး ဟာ ၂၀၂၃ နိုဝင်ဘာလ ‘ကရင်ကီရွာ’ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်။
ရုရှားတပ်မတော် အမှတ်(၅)တပ်ရင်းရဲ့ တပ်ရင်းမှူး ဗိုလ်ချုပ် ပေဗယ် ကလီမင်ကို ဟာ ၂၀၂၄ နိုဝင်ဘာလမှာ ယူကရိန်းတပ်ရဲ့ ဒရုန်းတိုက် ခိုက်မှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ‘Mediazona’ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ၂၀၂၅ ဇူလိုင်လမှာ ရုရှားရဲ့ အမှတ် (၁၅၅) ရေတပ်တိုက်ခိုက်ရေးတပ်ရင်း ဌာနချုပ်ကို ယူကရိန်းတပ်က တိုက်ခိုက်ခဲ့ရာမှာ ရုရှားရေတပ် ဒုတိယ စစ်ဦးစီးချုပ် မီခေးလ် ဂုဒကော့ဗ် အပါအဝင် အရာရှိ ခြောက်ဦး ကျဆုံးခဲ့တယ်လို့ ဆိုတယ်။
မကြာသေးမီက ရုရှားနိုင်ငံ မော်စကို မြို့တော်မှာ ကားဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့တယ်။ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ဒုတိယ ဗိုလ်ချုပ်ကြီး ဖာနဲလ် ဆာဗာရော့ဗ်ဟာ ၂၀၂၅ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းက ပေါက်ကွဲမှုအတွင်း သေဆုံးသွားတယ်လို့ The Guardian သတင်းစာက ဖော်ပြခဲ့တယ်။ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတချို့မှာ ပေါက်ကွဲမှုကြောင့် ပျက်စီးနေတဲ့ အဖြူရောင်ကားတစ်စီးကို တွေ့ရတယ်။ ဒီတိုက်ခိုက်မှုဟာ ယူကရိန်း ထောက်လှမ်းရေးရဲ့ လက်ချက်လို့ ခန့်မှန်း ပြောဆိုနေကြပေမယ့် ယူကရိန်းအနေနဲ့ မှတ်ချက် တစ်စုံတစ်ရာပေးတာ မတွေ့ရသေးဘူးလို့ ဆိုတယ်။
နယူးယော့ခ်တိုင်းမ်သတင်းစာက အမေရိကန်ထောက်လှမ်းရေးသတင်းရင်းမြစ်တွေကို ကိုးကား ဖော်ပြရာမှာ ၂၀၂၃ သြဂုတ်လ အထိ ရရှိတဲ့ စာရင်းတွေအရ ရုရှားဘက်က ၁၂၀,၀၀၀ ကျဆုံးပြီး ၁၇၀,၀၀၀ မှ ၁၈၀,၀၀၀ အတွင်း ဒဏ်ရာ ရရှိတယ်လို့ဆိုတယ်။ တစ်ချိန်တည်းမှာ ယူကရိန်းဘက်က စစ်သား ၇၀,၀၀၀ ခန့်ကျဆုံးပြီး ၁၀၀,၀၀၀ နဲ့ ၁၂၀,၀၀၀ အတွင်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဖော်ပြခဲ့တယ်။
၂၀၂၅ ဇွန်လမှာ ဝါရှင်တန်ဒီစီ အခြေပြု “မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာလေ့လာရေးဌာန”ရဲ့ လေ့လာဆန်းစစ်မှု အစီရင်ခံစာအရ ရုရှားဘက်က စစ်သည် သေဆုံးဒဏ်ရာရသူပေါင်း “တစ်သန်း”အထိရှိတယ်လို့ဆိုတယ်။ တစ်ချိန်တည်းမှာ ယူကရိန်းဘက်က အရပ်ဘက်-စစ်ဘက် နှစ်ရပ်ပေါင်း သေဆုံးဒဏ်ရာရသူပေါင်း ၄၀၀,၀၀၀ ခန့်ရှိတယ်လို့ဖော်ပြထားပြီး အဲဒီအထဲက သေဆုံး ဒဏ်ရာရ စစ်သား ၄၀,၀၀၀ နဲ့ ၁၀၀,၀၀၀ အကြား အပါအဝင်ဖြစ်တယ်လို့ ဆိုတယ်။
အရပ်ဘက် ပြည်သူတွေ စစ်ပွဲအတွင်းသေဆုံးမှုတွေရှိခဲ့ပြီး ရုရှားဘက်က ပြည်သူ ၇,၁၇၅ ယောက် သေဆုံးခဲ့တယ် လို့ ဆိုတယ်။ ယူကရိန်း ပြည်သူ ၁၅,၉၅၄ ယောက် သေဆုံးခဲ့တယ်လို့ သိရတယ်။
ယူကရိန်းစစ်ပွဲအတွင်း နှစ်ဖက် ပျက်စီးဆုံးရှုံးမှုများ
စစ်ဘက်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှု စာရင်းတွေအရ ရုရှားဘက်က မော်တော်ယာဉ်မျိုးစုံ ၂၃,၅၅၁ စင်း၊ တင့်ကားနဲ့ သံချပ်ကာကား အစင်းရေ ၁၃,၆၆၅ စင်း၊ လေယာဉ် ၃၅၃ စင်း၊ ရေတပ်သင်္ဘော ၂၂ စင်း ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုတယ်။
ယူကရိန်းဘက်က မော်တော်ယာဉ်မျိုးစုံ ၁၀,၆၂၈ စင်း၊ တင့်ကားနဲ့ သံချပ်ကာကား အစင်းရေ ၅,၃၂၂ စင်း၊ လေယာဉ် (၁၉၂) စင်း၊ ရေတပ်သင်္ဘော ၃၅ စင်း ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုတယ်။
ရုရှားနိုင်ငံဘက်မှာ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာ စက်မှုအဆောက်အအုံပစ္စည်း ရူဘယ်ငွေတန်ဖိုး ဘီလီယံ ၆၀ ခန့် (အမေရိကန် ဒေါ်လာ ၇၁၄ သန်းခန့်) ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုတယ်။
ယူကရိန်း နိုင်ငံဘက် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာ စက်မှုအဆောက်အအုံပစ္စည်း နိုင်ငံတစ်ခုလုံးရဲ့ (၉၀) ရာခိုင်နှုန်း၊ ရုရှား တိုက်ခိုက်မှု ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ၂၀၂၅ အောက်တိုဘာလ အတွင်း ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်းရဲ့ ဓာတ်ငွေ့ထုတ်လုပ်မှု စွမ်းအင် (၆၀) ရာခိုင်နှုန်းပျက်စီးဆုံးရှုံးရတဲ့အတွက် လာမယ့် ၂၀၂၆ ဆောင်းရာသီအတွင်း ပြည်သူအများစု အခက်အခဲတွေ ကြုံရ တော့မယ်လို့ဆိုတယ်။
ယူကရိန်းဘက်က စာရင်းထုတ်ပြန်ထားချက်အရ ၂၀၂၅ ဒီဇင်ဘာ(၉)ရက်အထိ ယူကရိန်းပိုင်နယ်မြေ အကျယ် အဝန်း ၄၄,၇၃၅ စတုရန်းမိုင်ကို ရုရှားတပ်တွေဘက်က သိမ်းပိုက်ထားတယ်လို့ဆိုတယ်။ အဲဒီအကျယ်အဝန်းဟာ ယူကရိန်းနိုင်ငံ တစ်ခုလုံးရဲ့ ၁၉ ဒသမ ၁၉ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှားသမ္မတ ပူတင်က သိမ်းယူထားတဲ့ ယူကရိန်း ပိုင်နယ်မြေတွေကို ပြန်ပေးလိုတဲ့ သဘောမရှိတဲ့ အတွက် ငြိမ်းချမ်း ရေးကမ်းလှမ်းမှုတွေဟာ အရာမထင်ဘဲ အခုအထိ သောင်မတင်ရေမကျဖြစ်နေတယ်လို့ ဆိုတယ်။ စစ်ရေးပဋိပက္ခ တိုက်ပွဲ တွေ ချုပ်ငြိမ်းရေးအတွက် ရုရှားနှင့် ယူကရိန်းတို့ အနေနဲ့ မြန်မြန်ဆန်ဆန် အပစ်ရပ်ရေး သဘောတူကြဖို့ လိုလားကြောင်း အမေရိကန်၊ ဥရောပသမဂ္ဂ နဲ့ ကမ္ဘာ့ကုလသမဂ္ဂတို့က တိုက်တွန်း နှိုးဆော်နေကြပေမယ့် ရုရှားသမ္မတ ပူတင်က လက်ရှိ အချိန်အထိ တိကျတဲ့ တုံ့ပြန်မှု မပေးသေးတာတွေ့ရ တယ်။
စစ်တမ်းတွေအရ ရုရှားပြည်သူ ၆၅ ရာခိုင်နှုန်းက အပစ်ရပ်ပြီး ငြိမ်းချမ်ရေး ဆွေးနွေးကြဖို့ သဘောထားဖော်ပြကြ တယ်လို့ သိရပြီး ယူကရိန်း ပြည်သူ ၇၄ ရာခိုင်နှုန်းကလည်း အမြန်ဆုံး စစ်ပွဲရပ်ပြီး ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးကြဖို့ သဘောထားဖော်ပြကြကြောင်း သတင်းတွေ အရ သိရတယ်။
ရုရှားစစ်တပ်က သမ္မတ ပူတင်ထံ စစ်ပွဲသတင်းအမှားတွေ ပေးနေသလား
ရုရှားနိုင်ငံက အမေရိကန်အဆိုပြုကမ်းလှမ်းတဲ့ “ငြိမ်းချမ်းရေးအစီအစဉ်” နဲ့တကွ “ယာယီအပစ်ရပ်ရေး” အဆို တို့ကို ယတိပြတ် ငြင်းပယ် ခဲ့ကြောင်း ဒီဇင်ဘာ ၂၂ ရက် သတင်းတွေမှာ တွေ့ရတယ်။ ယူကရိန်းနဲ့ ဥရောပသမဂ္ဂတို့က တင်ပြ ကမ်းလှမ်းတဲ့ “ငြိမ်းချမ်းရေး ကမ်းလှမ်းချက်” အားလုံးကို ပယ်ချခဲ့ကြောင်း သိရတယ်။ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးရဲ့ ဒီဇင်ဘ ၂၂ ရက်နေ့က ထုတ်ဖော်ပြောဆိုချက်အရ “ခရစ္စမတ်ပွဲတော်ကာလ” ယာယီအပစ်ရပ်ရေးကိုတောင် ရုရှားသမ္မတ ပူတင်က ပယ်ချခဲ့တယ်လို့သိရတယ်။
ရုရှားနဲ့ ယူကရိန်းတို့အနေနဲ့ သံခင်းတမန်ခင်းနည်းလမ်းအရ စစ်ပွဲ အမြန်ရပ်နိုင်ရေးကို လိုလားကြောင်း အချက်ပြ တဲ့အနေနဲ့ “ခရစ္စမတ် ပွဲတော်ကာလ” ယာယီအပစ်ရပ်ရေး သဘောတူဖို့ အမေရိကန်က အဆိုပြုခဲ့တာဖြစ်တယ်။
“ရုရှားရဲ့ သဘောထားက ရှင်းလင်း ပါတယ်။ ရုရှားအနေနဲ့ အမြဲတမ်းအပစ်ရပ်စဲရေး လုပ်ဖို့ပြောနေတာဖြစ်တယ်။ စစ်ဖြစ်ရခြင်း အကြောင်းရင်း ဆိုတာတွေ ဘေးဖယ် ထားပြီး ရုရှားဘက်က တစိုက်မတ်မတ်တောင်းဆိုနေတဲ့ လက်ရှိဖြစ်နေ တဲ့ စစ်ပွဲဆိုင်ရာ အကြောင်းပြချက် တွေနဲ့ တောင်းဆိုချက်တွေကိုပဲ ဆွေးနွေးဖြေရှင်း သဘောတူကြဖို့ဖြစ်တယ်။” လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ‘ဆာဂေ ရယတ်ကော့ဗ်’ရဲ့ ပြောကြားချက်မှာ ဖော်ပြထားတယ်။
ဒါပေမဲ့ “‘ဆာဂေ ရယတ်ကော့ဗ်’ရဲ့ တောင်းဆိုချက်ထဲမှာ ၂၀၂၂ တုန်းက ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်း နယ်မြေ ထဲမှာ ပြုလုပ်ခဲ့တဲ့ (တရားမဝင်တဲ့) “လူထု ဆန္ဒခံယူပွဲ”ရလဒ်တွေကို ငြိမ်းချမ်းရေး ဖြေရှင်းချက်တစ်ရပ် အနေနဲ့ လက်ခံပါမယ်လို့ အာမခံရမယ်” လို့ ဆို ထားတယ်။ ဒီ့အပြင် ရုရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ လုဟန့်စ်ခ်(Luhansk)၊ ဒွန်ညက်စ်ခ် (Donetsk)၊ ဇာပိုရစ်ဇီးယား(Zaporizhia) နဲ့ ခါဆန် (Kherson) ဒေသတွေကို “ရုရှားဖက်ဒရယ်နိုင်ငံတော်”အတွင်း ထည့်သွင်း ထာတာကို ယူကရိန်းက လက်ခံရမယ်လို့ ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ဆိုထားတယ်။
ဒါပေမဲ့ ဝါရှင်တန်ပို့စ်နဲ့ ဖိုင်နန်ရှယ်တိုင်းမ်သတင်းစာတွေရဲ့ သတင်းပေးပို့ချက်တွေအရ ရုရှားသမ္မတ ပူတင်ကို ရုရှား စစ်ဘက်ဆိုင်ရာတွေက မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပေးထားတယ်လို့ဆိုတယ်။ ဒါကြောင့် သမ္မတ ပူတင် ဟာ ပကတိ စစ်မြေပြင်အခြေအနေတွေကို အမှန်အတိုင်း မသိဘူးလို့ဆိုတယ်။ သိမ်းယူထားတဲ့ ယူကရိန်းပိုင်နယ်မြေတွေနဲ့ ပတ်သက်လို့ ရုရှားစစ်တပ်က သမ္မတ ပူတင်ကို လိမ်လည် အစီရင်ခံထားကြတယ်လို့ ဆိုတယ်။ ဒါကြောင့် ရုရှားစစ်ဘက် ဆိုင်ရာ တာဝန်ရှိသူတွေ ပေးထားတဲ့ စစ်ရေးသတင်း အချက်အလက် အမှားတွေကို အခြေခံပြီး စဉ်းစားနေတဲ့ သမ္မတ ပူတင် က ရုရှားတပ်က အသာစီးရနေတယ်ထင်ပြီး ယူကရိန်းကို လက်နက်ချအညံ့ခံဖို့ ဖိအားပေးနေတာဖြစ်တယ်လို့ဆိုတယ်။
References:
- Ukraine peace plan might include demilitarized zones, Zelenskyy says, December 24, 2025 / 6:40 AM EST / CBS/AFP
- Zelenskyy unveils details of new peace plan, seeks Trump talks on territory, December 23, 2025 / 8:32 AM EST / CBS/AP
- Massive’ Russian strikes hit Ukraine energy sites in pre-Christmas attack, AFP 23 Dec 2025
- Russian losses in the war with Ukraine: Mediazona count, updated
- INSTITUTE FOR THE STUDY OF WAR, https://understandingwar.org/research/russia-ukraine/russian-offensive-campaign-assessment-december-22-2025/


