The Corner

The Corner

cropped-Logo_round_grey-background.png

နိုင်ငံထက် ပိုပြီး အရေးကြီးတဲ့ ဓာတ်ပုံတစ်ပုံ 

Share မယ်

အင်ဒိုနီးရှား သမ္မတ ပရာဘိုဝိုတစ်ယောက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ပင်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့နဲ့အတူ တီယင်မင် ရင်ပြင်မှာ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံဟာ သူ့အတွက် ကမ္ဘာက အာရုံစိုက်စရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။

Photo: seametropolis

သုံးသပ်သူတွေရဲ့ အပြောအရ ကမ္ဘာ့ အင်အားကြီး နိုင်ငံများက ခေါင်းဆောင်များနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံဟာ အထိမ်းအမှတ် တစ်ခုဆိုတာထက်ပိုကာ မစ္စတာ ပရာဘိုဝိုတစ်ယောက် ဒီခေါင်းဆောင်များနဲ့ ပခုံးချင်း ယှဥ်နိုင်သွားပြီဆိုတဲ့ ပုံရိပ်တစ်ခု ဆိုလည်း မမှားပါဘူး။

စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်က ဂျပန်ကို နှိမ်နင်းနိုင်ခဲ့တဲ့ အနှစ် (၈၀) မြောက် အောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြပွဲဟာ မစ္စတာ ရှီအတွက် လက်ရုံးရည် ပြပွဲ တစ်ခုဖြစ်ပါတယ်။ ဒီလို ပေကျင်းဟာ မော်စကိုနဲ့ ပြုံယမ်းတို့နဲ့ အတူ တွဲထွက်လာတာကို မြင်ရတဲ့ ဝါရှင်တန်က သမ္မတ ဒေါ်နယ်ထရမ့် တစ်ယောက်က သူ့ကို တမင် သက်သက် ဆွပေးနေ သလို ဒေါသထွက်စရာ မခံချိ မခံသာ ဖြစ်နေမှာ အသေအချာပါပဲ။

အင်ဒိုနီးရှားနိုင်ငံမှာ သြဂုတ်လအတွင်းက နိုင်ငံတွင်း မငြိမ်မသက်မှုတွေ ဖြစ်တဲ့အခါ မစ္စတာ ပရာဘိုဝို ရုံးက သမ္မတ တရုတ်နိုင်ငံသွားမယ့် ခရီးစဥ်ကို ဖျက်သိမ်းလိုက်ပြီး ပေကျင်းကိုလည်း အကြောင်းကြား ထားပြီလို့ ဆိုပါတယ်။ သို့သော်လည်း စက်တင်ဘာ ၃ ရက်နေ့မှာတော့ သမ္မတ ပရာဘိုဝိုတစ်ယောက် ပေကျင်းကို စစ်ရေးပြပွဲအတွက် ရောက်လာတာကို တွေ့လိုက်ရ ပါတယ်။ သူ့အတွက်ကတော့ ဒီ ခရီးစဥ်ဟာ တိုတောင်းပေမယ့် အရေးကြီးတဲ့ နိုင်ငံတော်အဆင့် လုပ်ငန်းတစ်ရပ်ပါလို့ ဆင်ခြေ ပေးပါတယ်။ နောက်လိုက် အခြွေအရံ နည်းနည်းနဲ့  ရောက်လာပြီး ရှစ်နာရီလောက် ကြာအောင်တောင် နေမသွားပါဘူး။ စစ်ရေးပြပွဲ မတိုင်ခင် သုံးရက်က တီယန်ကျင်းမှာကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ညီလာခံ (Shanghai Cooperation Organization) ကိုတော့ သမ္မတ မတက်ရောက် ခဲ့ပါဘူး။

အင်ဒိုနီးရှားအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် ရာမှာ ပိုပြီး ထင်သာမြင်သာဖြစ်စေဖို့ ပေကျင်းရဲ့ အထူးတလည် မေတ္တာရပ်ခံမှုကြောင့် တရုတ်နိုင်ငံက စစ်ရေးပြပွဲကို နိုင်ငံအတွင်း မငြိမ်မသက် ဖြစ်နေတဲ့ကြားက သွားရောက်ခဲ့တာပါလို့ ဂျကာတာက ထုတ်ပြန်ပြောကြားပါတယ်။

ဓာတ်ပုံကတော့ ထူးခြားပါတယ်။ အင်ဒိုနီးရှား၊ တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ဓာတ်ပုံထဲကလို တူညီမှု လက္ခဏာတွေကို ပြသနေတယ်လို့ ပက်ဂျဂျာရန် တက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခ တက်ကူ ရီဇာရှာရာက စထရိတ်တိုင်းမ် သတင်းစာကို ပြောပါတယ်။

ဒီနိုင်ငံတွေရဲ့ တူညီတဲ့ လက္ခဏာတွေထဲမှာ ကမ္ဘာ့ အာဏာက အမေရိကန်ကနေ တရုတ်ကို ပြောင်းလဲ ရောက်ရှိလာတာကြောင့်၊ နောက် BRICS လို SCO လို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ လိုအပ်တာဖြစ်တဲ့အတွက်ကြောင့် ခေါင်းဆောင်များအနေနဲ့ ဒီထက်ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးတွေ ပိုမိုမြှင့်တင်ဖို့ လိုအပ်တယ်” လို့ ဖြည့်စွက် ပြောကြားပါတယ်။

ဒီဓာတ်ပုံက အင်ဒိုနီးရှားရဲ့ ဒေသတွင်း လုံခြုံရေးအတွက် အရေးပါတဲ့ ကဏ္ဍကို ရောက်လာဖို့ အလားအလာ ရှိတာကို လည်း ပြသနေပါတယ်။ နောက်တစ်ခုကတော့ မစ္စတာ ပရာဘိုဝို ပေကျင်းကို ရောက်လာတာဟာ မစ္စတာ ကင်မ်နဲ့ ဆက်ဆံရေး တိုးတက်လာစေဖို့လည်း အခွင့်ကောင်း တစ်ရပ်ဖြစ်စေမှာလည်း ဖြစ်တယ်။ ဒီဓာတ်ပုံက ပေးတဲ့ သတင်း စကားတစ်ခုက ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်ရေးကို အင်ဒိုနီးရှားက ကူညီနိုင်အောင် ရုရှားနဲ့ တရုတ်ရဲ့ အထောက်အပံ့ ကောင်းတွေ ပေးနိုင် လိမ့်မယ် ဆိုတာပါ။

Photo: SCMP

သင်္ကေတ သရုပ်ဆောင်ပုံ သက်သက် ဖြစ်ပေမယ့်လည်း အင်ဒိုနီးရှားဟာ နှစ်ဦး သဘောတူ သံတမန်ရေး ကိစ္စတွေ ပိုမိုကျယ်ပြန့်တဲ့ လုံခြုံရေး စကားဝိုင်းတွေမှာ ပါဝင်ခွင့် ရနိုင်တဲ့ သဘောတရားတွေလည်း ဆောင်နေပါတယ်။

တရုတ် နိုင်ငံပိုင် သတင်းတင်ဆက်တဲ့အခါ မစ္စတာ ပရာဘိုဝိုရဲ့ ပုံရိပ်တစ်ချို့ကို တည်းဖြတ် ဖြတ်တောက်ခဲ့ ပေမယ့်လည်း ပါမောက္ခ ရီဇာဆာရာကတော့ သမ္မတရဲ့ အလည်အပတ်ခရီးစဥ်မှာ ထားရှိခဲ့တဲ့ ရည်မှန်းချက်တွေက ပြောင်းလဲ မသွားပါဘူးလို့ ပြောပါတယ်။ “ပရာဘိုဝိုအတွက်ကတော့ သူ့ခရီးစဥ်ဟာ စစ်ရေးပြပွဲ တစ်ခုလုံးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေတော့ ဒီကိစ္စတွေက မပြောပလောက်ပါဘူး” လို့ ပြောပါတယ်။

စစ်ရေးပြပွဲဟာ မစ္စတာ ပရာဘိုဝိုကို ကမ္ဘာ့အာရုံ အစိုက်ဆုံး ကိစ္စ ဖြစ်သွားရုံတင်မကဘဲ ဝါရှင်တန်ကနေ ပြင်းထန်တဲ့ အရေးယူမှုတွေ လာနိုင်မည့် အခြေအနေကိုလည်း ဆိုက်ရောက် သွားနိုင်ပါတယ်။ အဲဒီအထဲက တစ်ခုက စီးပွားရေး ဒဏ်ခတ်မှု တွေ အရင် စဖြစ်လာနိုင်ပါတယ်။ ရန်စောင်နေတဲ့ အိမ်ဖြူတော်က အင်ဒိုနီးရှားကို သွင်းကုန်ခွန်တွေ တိုးကောက် နိုင်သလို ရင်းနှီးမြှုပ်နှံမှုတွေ ရောက်မလာအောင် စည်းရုံးသိမ်းသွင်းမှုတွေ လုပ်လာနိုင်ပါတယ်။ ဒါဆိုရင် အင်ဒိုနီးရှားအတွက် ကမ္ဘာ့ စျေးကွက်ကို အရည်အသွေးကောင်းကောင်း ပစ္စည်းတွေ တင်ပို့နိုင်ဖို့ ခက်သွားနိုင်ပါတယ်။

ပါမောက္ခ ရီဇာရှာရာက “မှန်ပါတယ်။ အမေရိကန်အနေနဲ့ အင်ဒိုနီးရှားကို ပွင့်ပွင့်လင်းလင်း ဝေဖန်တာတွေ လုပ်နိုင်တဲ့ အပြင် ရင်းနှီးမြှုပ်နှံမှု တချို့ကို ပြန်ရုပ်သိမ်းနိုင်တယ်၊ ဒါဆိုရင် အင်ဒိုနီးရှားကို စီးပွားရေး လုပ်ကိုင်ရတာခက်ခဲတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားနိုင်တာပေါ့” လို့ ရှင်းပြတယ်။

ဂျန်ဒါရယ် အာခ်မက် ယန်နီ တက္ကသိုလ်က တွဲဖက် ပါမောက္ခ ရိုဟိုင်းစ် ဆူလေမန်က သံတမန်နည်းအရ အနှိမ်ခံရတာ မျိုးလည်း ဖြစ်လာနိုင်တယ်လို့ သတိပေးပါတယ်။ “ထရမ့်ကို ဒေါသအမျက် ခြောင်းခြောင်း ထွက်သွားစေပြီ။ ဒီအခြေအနေမှာ ရှင်းရှင်း ပြောရရင် သူဘာလုပ်မယ်ဆိုတာ ခန့်မှန်းလို့မရဘူး။ ဒါပေမဲ့ နှလုံးရည် တိုက်ပွဲမှာ တရုတ်က အသာစီးရသွားတာကို သိသိသာသာ အချက်ပြလိုက်သလိုပါပဲ။ ဒါကိုလည်း အရင်တုန်းကတည်းက ရှိခဲ့တဲ့ မဟာမိတ်တွေဖြစ်ခဲ့တဲ့ ရုရှားနဲ့ မြောက် ကိုရီးယားက ထောက်ခံကြတယ်” လို့ စထရိတ်တိုင်းမ်စ် သတင်းစာကို ပြောပါတယ်။

အင်ဒိုနီးရှားလို လူဦးရေများပြားတဲ့ နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေက ခေါင်းဆောင်တွေလည်း တရုတ်နိုင်ငံက အခမ်းအနားကို လာရောက် တက်ခဲ့ကြတယ်။ ဒါဟာ တမင်သက်သက် မစ္စတာ ထရမ့်နဲ့ အနောက် အုပ်စုကို တရုတ်ရဲ့ ဦးဆောင်မှုကို ကမ္ဘာ့စင်မြင့်ပေါ် တက်ပြလိုက်သလို ဒီပြပွဲကိုလည်း အခြားနိုင်ငံတွေက ပါဝင် အားပေးကြတယ်လို့ သူက ထပ်ပြောပါတယ်။

အင်ဒိုနီးရှား မဟာဗျူဟာနဲ့ အပြည်ပြည်ဆိုင်ရာ လေ့လာရေး ဗဟိုက သုတေသီ တစ်ဦးဖြစ်သူ မစ္စတာ မူဟာမက် ဟာဘစ် အဘီယန် ဇက်ဝမ်က ဒီလို သတိပေးပါတယ်။ “အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ ခန့်မှန်းလို့မရနိုင်သလို တည်တံ့မှုမရှိတာကို အထူးသတိထားရမယ်

သူက “ဒီစစ်ရေးပြပွဲမှာ အင်ဒိုနီးရှား နိုင်ငံတစ်နိုင်ငံတည်း တက်ရောက်တာ မဟုတ်ပါဘူး။ အာဆီယံနိုင်ငံ တော်တော်များများက ခေါင်းဆောင်တွေ အဆင့်မြင့် အရာရှိတွေလည်း တက်ရောက်လာကြ တွေ့ရပါတယ်။ ဒီအခြေအနေ မှာတော့ သမ္မတ ထရမ့်အတွက် နောက်ထပ် သွင်းကုန်ခွန်အသစ်တွေ ချမှတ်နိုင်တယ် ဒါမှမဟုတ် ရရှိပြီးသား ကုန်သွယ်ရေး သဘောတူညီချက်တွေ ကို ပယ်ဖျက်နိုင်တယ်။ အခုအချိန်အထိတော့ ဒါတွေလုပ်တာ မမြင်ရသေးဘူး” လို့ ပြောသေးတယ်။

တချို့ကတော့ ပရာဘိုဝို ခရီးစဥ်နဲ့ ပတ်သက်ပြီး ကိုယ်ရည်သွေး တယ်လို့ မြင်ကြပါတယ်။ “ဒါက ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်အောင် လုပ်တဲ့ ခရီးပဲ။ သူကတော့ တရုတ်အစိုးရက တစ်ရက်လောက်ဖြစ်ဖြစ် လာတက်ဖို့ မရမက ဖိတ်လို့ သွားရတယ်လို့ ပြောပေမယ့် သူကိုယ်တိုင်ကလည်း ဒီလို အင်အားကြီး နိုင်ငံတစ်နိုင်ငံက ခခယယနဲ့ အခေါ်ခံချင်တာလည်း ဖြစ်မှာပါ။ သူတွေက သူ့ကို လေးစားတယ်ဆိုတာ ပြချင်တာလည်း ပါမှာပါ” လို့ ပါမောက္ခ ရိုဟန်းစ်က ပြောပါတယ်။         

နောက် တစ်ခုကတော့ အချိန်ကာလ ကလည်း ထိလွယ် ရှလွယ် ဖြစ်နေတဲ့ အချိန် ဖြစ်နေပါတယ်။ တိုင်းပြည်မှာ လူထုအုံကြွမှုကြီး ဖြစ်ပြီးနောက် လူဆယ်ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူပိုင် အဆောက်အအုံ ရာနဲ့ချီပြီး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။ “ဒီအချိန်မှာ သူရဲ့ ခရီးစဥ်ဟာ ဒီမငြိမ်မသက်ဖြစ်မှုတွေကို သေသေသပ်သပ် ကိုင်တွယ်နိုင်ခဲ့လို့ အောင်မြင်ရေး ခရီးပုံစံမျိုး ဖြစ်နေတယ်”လို့ ပါမောက္ခ ယိုဟိန်းစ်က ပြောပါတယ်။ ၁၉၉၈ ခုနှစ် မေလမှာ ဖြစ်ခဲ့တဲ့ လူထုအုံကြွမှုတွေမှာ မစ္စတာ ပရာဘိုဝိုရဲ့ ယောက္ခမဖြစ်သူ တိုင်းပြည်ရဲ့ အာဏာကို အနှစ် ၃၀ လောက် ချုပ်ကိုင်လာခဲ့တဲ့ သမ္မတ ဆူဟာတိုဟာ ထိန်းမနိုင် သိမ်းမရဖြစ်ပြီး အာဏာကို စွန့်လွှတ်ခဲ့ရပါတယ်။

ပါမောက္ခ ရီဇာရှာရာကို ဒီခရီးက စွန့်စားသွားရတာ ထိုက်တန်ရဲ့လားလို့ မေးတဲ့အခါ “ဒါကတော့ မစ္စတာ ပရာဘိုဝိုရဲ့ ခေါင်းဆောင်မှုနဲ့ ကိုင်တွယ်နိုင်စွမ်း အပေါ်မှာ မူတည်ပါလိမ့်မယ်။ ပေကျင်းနဲ့ ဝါရှင်တန် နှစ်ဖက်စလုံးကို ကျေနပ်အောင် အင်ဒိုနီးရှားကလည်း ဒီပြိုင်ဘက်တွေအကြား ဘယ်ဘက်ကိုမှ ဘက်လိုက်ပဲနေနိုင်ဖို့ လိုပါလိမ့်မယ်” လို့ ပြန်ဖြေပါတယ်။

ကိုးကား – Prabowo in the frame with China and allies – prestige or peril? The Straits Times 

Click to rate this post!
[Total: 1 Average: 5]