The Corner

The Corner

cropped-Logo_round_grey-background.png

Single Story ကို ယုံနေတုန်းပဲလား

Share မယ်

ဇာတ်လမ်းတွေက အများကြီး အရေးပါပါတယ်။ တခါတလေမှာ ကျိုးပဲ့သွားတဲ့ ဂုဏ်သိက္ခာတွေကို ပြန်ဆယ်ဖို့အတွက်ဖြစ်နိုင်သလို၊ တခါတလေမှာလည်း သူများကိုရှင်းထုတ်ဖို့၊ အပုပ်ချဖို့အတွက် ဇာတ်လမ်းတွေက အရေးပါတဲ့ နေရာကနေ အသုံးတော်ခံကြပါတယ်။  

အဲဒီဇာတ်လမ်းတွေထဲမှာမှ Single Story လို့ပြောကြတဲ့ တစ်ပုဒ်ထည်းသော ဇာတ်လမ်း လို့ပဲခေါ်ခေါ်၊ တစ်ပုဒ်တည်း သော ပုံပြင်လို့ပဲပြောပြော ပြောကြတဲ့ Single Story ကတော့ လူမှု ပတ်ဝန်းကျင်အတွက် များစွာအန္တရာယ်ရှိပါတယ်။ ဒါက လူတစ်ယောက်၊ နေရာတစ်ခု ဒါမှမဟုတ် အကြောင်းအရာ တစ်ခု အကြောင်းကို တဖက်သတ်အမြင်၊ ရှုထောင့်တခုတည်းက ကြည့်တဲ့အမြင်ကို ရည်ညွှန်းပါတယ်။  

ကျွန်တော်ကိုယ်တိုင်က ၁၉၈၈ ဝန်းကျင်တဝိုက်မှာ မွေးခဲ့တာကြောင့် ဒီ Single Story ရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြီးပြင်းခဲ့ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ငယ်ငယ်ကဆိုရင် အခုခေတ်လိုမျိုး ကြည့်စရာ၊ ဖတ်စရာ သိပ်များများစားစားမရှိပါဘူး။ အကန့်အသတ်တွေနဲ့ ထုတ်ထားတာတွေကိုပဲ ထပ်တလဲလဲနားထောင်ရင်း၊ ကြည့်ရင်း၊ ဖတ်ရင်းနဲ့ ကြီးပြင်းခဲ့တယ်ဆိုပါတော့။  

ဒါကြောင့်လည်း ကျွန်တော်က Single Story နဲ့ ကြီးပြင်းလာရတဲ့ မျိုးဆက်လို့ပြောရင်လည်း မမှားပါဘူး။ Single Story ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံကဖြစ်စေ၊ အဖွဲ့တစ်ခုကဖြစ်စေ၊ တစ်စုံတစ်ဦး ကဖြစ်စေ အကြောင်းအရာတခုကို ထပ်ခါတလဲလဲ ပြောနေ၊ ပြနေတာမျိုးပါ။ Single Story က အာဘော်တခုခုကို ဝါဒဖြန့်ချိရေးတစ်ခုထက် မပိုခဲ့ဘူး။

ကျွန်တော်တို့ငယ်ငယ်က အီသီယိုးပီးယားနဲ့ပတ်သက်ပြီး ကြားဖူးနေတဲ့ Single Story တပုဒ်ရှိပါတယ်။ အီသီးယိုးပီးယားဆိုတာ အငတ်ဘေးဆိုက်နေတာ။ ဆင်းရဲမွဲနေကြတယ်ဆိုတာမျိုးပါ။ ဒါပေမဲ့ အီသီယိုးပီးယားက ကျွန်တော်တို့နိုင်ငံမှာမရှိတဲ့ မိုးပျံရထားတွေရှိတယ်။ သူတို့အငတ်ဘေး ဆိုက်နေတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကြားခဲ့ဖူးတဲ့ Single story မှာတော့ ဒီလိုမဟုတ်ခဲ့ဘူး။ ဥပမာ သူငယ်ချင်းတယောက်ယောက်ကို အစားအသောက်စားတာနဲ့ပတ်သက်ပြီး နောက်ပြောင်ရင် “အီသီယိုးပီးယားက လာတာလား” ဆိုပြီး အခုထိ တခါတလေ ပြောကြတုန်း မဟုတ်လား။  

အီသီယိုးပီးယားက အရှေ့အာဖရိကနိုင်ငံတစ်ခုဖြစ်ပြီး အာဖရိကနဲ့ပတ်သက်တဲ့ ကျနော်တို့ ကြားဖူးတဲ့ Single Story ကလည်း ဆင်းရဲမွဲတေပြီးအငတ်ဘေးဆိုက်နေတာ၊ ရောဂါ တွေထူပြောတဲ့ နိုင်ငံတွေဖြစ်တယ်ဆိုတာပဲ အကြမ်းဖျင်းသိထားကြပါတယ်။ ဒါပေမဲ့ လက်တွေ့ မှာတော့ အာဖရိကရဲ့ တချို့နိုင်ငံတွေက ကျွန်တော်တို့နိုင်ငံထက် ပိုချမ်းသာပြီး ဖွံ့ဖြိုးမှု အဆင့်ပို မြင့်မားတဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ်။ 

ဒီနိုင်ငံတွေကတော့ နိုင်ဂျီးရီးယား၊ တောင်အာဖရိက၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ မော်ရိုကို၊ အန်ဂိုလာ၊ ကင်ညာ၊ အီသီယိုးပီးယားစတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေက သဘာဝသယံဇာတနဲ့ ဖွံ့ဖြိုးတိုးတက်တာရှိသလို၊ စက်မှုလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေလည်းရှိပါတယ်။ ဥပမာ နိုင်ဂျီရီးယား၊ အယ်လ်ဂျီးရီးယားနဲ့ အန်ဂိုလာနိုင်ငံတွေကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့အများအပြားထုတ်လုပ်ပါတယ်။ အီဂျစ်၊ မော်ရိုကိုနဲ့ ကင်ညာနိုင်ငံတွေကတော့ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးကြောင့် ဖွံ့ဖြိုး တိုးတက်ကြ ပါတယ်။  

ကျွန်တော်တို့အားလုံး အစားအသောက်နဲ့ပတ်သက်ရင် အခုချိန်ထိ တခါတလေ နောက်ပြောင် ပြီးပဲဖြစ်ဖြစ် သုံးနေကျဆဲဖြစ်တဲ့ အီသီယိုးပီးယားနိုင်ငံရဲ့ ၂၀၂၃ခုနှစ် GDP ညွှန်းကိန်း တွေအရ ၁၆၃ ဒသမ ၇၀ဘီလီယံတန်ဖိုးရှိနေချိန်မှာ မြန်မာနိုင်ငံကတော့ ၆၄ဒသမ ၈၂ ဘီလီယံဖြစ်ပါတယ်။ အီသီယိုးပီးယားနိုင်ငံရဲ့ GDP ညွှန်းကိန်းက ၂၀၂၂ ခုနှစ်ထက်စာရင် ၂၉ဒသမ ၁၃ရာခိုင်နှုန်း တိုးတက်လာတာကိုတွေ့နိုင်ပြီး မြန်မာနိုင်ငံကတော့ ၂၀၂၂ခုနှစ် GDP ညွှန်းကိန်းထက်စာရင် ၁ရာခိုင်နှုန်းသာ တိုးတက်လာတယ်ဆိုတာကို ကမ္ဘာ့ဘဏ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။ ဒီကိန်းဂဏန်းတွေက အာဖရိက အပေါ်မှာ ကျွန်တော်တို့မြင်လာ၊ ကြားလာခဲ့တဲ့ Single Story နဲ့တော့ သိသိသာသာကွာခြားနိုင်ပါတယ်။  

ပြောရရင် နိုင်ငံတစ်ခုအတွက်၊ လူမှုဘဝတစ်ခုစီတိုင်းအတွက် Single story က အန္တရာယ်ကြီး ပါတယ်။

ပြောရရင် နိုင်ငံတစ်ခုအတွက်၊ လူမှုဘဝတစ်ခုစီတိုင်းအတွက် Single story က အန္တရာယ်ကြီး ပါတယ်။ လူတစ်ယောက်အကြောင်း၊ အဖွဲ့အစည်းတစ်ခုအကြောင်း အပုပ်ချ ချင်တဲ့အခါမှာလည်း Single Story ကို ထပ်ခါတလဲလဲသုံးခဲ့ကြ၊ ပြောခဲ့ကြပါတယ်။ ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ အီသီယိုးပီးယား single story က ခုနပြောတဲ့ ကိန်းဂဏန်း အချက်အလက်တွေသာ မရှိရင် ကျွန်တော်တို့ကို အခုထိ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်နေဦးမှာပါပဲ။  

လူတွေက အဖွဲ့အစည်းလိုက်ဖြစ်စေ၊ တသီးပုဂ္ဂလဖြစ်စေ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ချင်တဲ့အခါ Single story တွေကို တွင်တွင်သုံးကြပါတယ်။ တချို့ single story (ဥပမာ-အီသီးယိုးပီယား ကိစ္စ) တွေက ကျနော်တို့အတွက် သက်ရောက်မှု မရှိနိုင်ပေမဲ့ တချို့ single story တွေကတော့ ကျနော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အရေးကိစ္စတွေလည်း ရှိနေပါတယ်။ Single Story တွေက လူတွေကို ခွဲခြားဆက်ဆံဖို့အားပေးပြီး၊ မှားယွင်းတဲ့ အထင်အမြင်တွေ စံနှုန်းတွေနဲ့ ရှင်သန်စေပါတယ်။  

ဒီနေရာမှာ ကိုယ်က Single story တခုကိုပဲ ယုံပြီး အဲဒီယုံကြည်ချက်ကိုပဲ ဆုပ်ကိုင်ထားမလား၊ Single Story မဟုတ်တဲ့ ဇာတ်လမ်းတွေအများကြီးအကြောင်းကို သိအောင်ကြိုးစားမလားဆိုတာတော့ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပါပဲ။ 

Single story နဲ့တော့ လမ်းမဆုံးစေချင်ပါဘူး။

Click to rate this post!
[Total: 2 Average: 5]