ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အာဆင်နယ်နဲ့ ဝက်စ်ဟမ်း ဘောလုံးပြိုင်ပွဲဟာ အကြိတ်အနယ် ဖြစ်ပါလိမ့်မယ်။ လက်ရှိ အနိုင်အရှုံး ရလဒ်တွေ အရဆိုရင် အာဆင်နယ်ဖက်က အလေးသာ ပါတယ်။ ဂန်းနားတွေက ဒုတိယနေရာက ဦးဆောင်နေပြီး ဟမ်းမားတွေက ၁၆ နေရာ တန်းဆင်းဇုံ နားမှာ ဝဲလည်လည် ဖြစ်နေတာပါ။ တကယ့် အဆုံးအဖြတ်ကတော့ ကွင်းထဲမှာပါ။ နိုဝင်ဘာလတုန်းက ဒီနှစ်သင်း တွေ့ဆုံခဲ့ကြတုန်းက ပွဲကြည့်စင်ပေါ်မှာ ဒီအသင်းတွေရဲ့ ပရိသတ်တွေ ရန်ဖြစ်ခဲ့ကြပါတယ်။ ဒီ ကလပ် အသင်းနှစ်သင်းဟာ သူတို့ရဲ့ ပရိသတ်တွေ အဖမ်းခံခဲ့ရတာ၊ ဘောလုံးပွဲတွေကို မလာစေဖို့ ပိတ်ပင် တားမြစ်ခံခဲ့ရတဲ့ အပြစ် အများဆုံး ငါးသင်းထဲမှာ ပါပါတယ်။ မနှစ် ဘောလုံးရာသီမှာ ဒီနှစ်သင်းက ၈၅ ယောက် အဖမ်းခဲ့ခဲ့ရပြီး ၁၀၃ ယောက်ကို ဘောလုံးပွဲတွေ မလာဖို့ တားမြစ်အမိန့် အပေးခံ ခဲ့ရပါတယ်။ “အင်္ဂလိပ် ရောဂါ” လို့ခေါ်တဲ့ သောင်းကျန်း တဲ့ ဘောလုံး ပရိသတ်တွေ တစ်ကျော့ပြန် ထ လာပြီလား။
မာဂရက်သက်ချာဟာ သူဝန်ကြီးချုပ် ဘဝမှာ ဘောလုံး လူဆိုးတွေကြောင့် အတော်ကြီး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ အိုင်အာအေ နဲ့ မိုင်းလုပ်သား သပိတ်တွေလိုပဲ ဒီဘောလုံး လူဆိုးတစ်သိုက်ဟာ ဗြိတိန် လူမှုဘဝတွေကို ခြိမ်းခြောက်နေတာပဲလို့ ဝန်ကြီးချုပ်က ပြောခဲ့ဘူး ပါတယ်။ ၁၉၈၅ ခုနှစ် ဥရာပဖလား ဖိုင်နယ်ပွဲမှာ လီဗာပူး ပရိသတ်တွေရဲ့ ရန်ကနေ ထွက်ပြေးကြရတဲ့ ဂျူဗင်တပ် အားပေးသူများဟာ နံရံနဲ့ပိ၊ နောက်ပိုင်းမှာ နံရံပြိုကျပီး ၃၉ ယောက် အသက် ဆုံးရှုံး ခဲ့ကြရ ပါတယ်။ အဲဒီဖြစ်ရပ် နောက်ပိုင်း အင်္ဂလိပ် ကလပ်အသင်းများကို ဥရောပအသင်းများနဲ့ ယှဥ်ပြိုင်ခွင့် ငါးနှစ်ပိတ် အပြစ်ပေးခြင်း ခံခဲ့ရပါတယ်။ နိုင်ငံရပ်ခြားကို မသွားရတော့တဲ့ အင်္ဂလန် ပရိသတ်များဟာ ပြည်တွင်း ပြိုင်ပွဲတွေဖက် ကိုလှည့်ပြီး သောင်းကျန်း ကြပါတော့တယ်။ ၁၉၈၇ နဲ့ ၈၈ နှစ်များအတွင်း သောင်းကျန်းကြတဲ့ ပရိတ်သတ်ပေါင်း ၆,၁၅၀ အဖမ်းခံခဲ့ ကြရပါတယ်။ အင်္ဂလန် ရဲများဟာ “အချိန်ပြည့် စစ်ဆင်ရေး” အတွင်း ကလပ် အသင်းများမှာ သောင်းကျန်းဖို့ လှုံ့ဆော်ကြတဲ့ ခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပါတယ်။
ဗြိတိန်အစိုးရဟာ ၁၉၈၀ ကနေ ၁၉၉၀ အတွင်း ဆိုးသွမ်း၊ သောင်းကျန်းကြတဲ့ ဘောလုံး ပရိသတ်များကို ကြပ်မတ် ကိုင်တွယ်ဖို့ ဥပဒေ အမျိုးမျိုး ထုတ်ခဲ့ပါတယ်။ ဒီအထဲမှာ ရဲ အရေအတွက် ထပ်တိုးတာ၊ ကင်မရာတွေနဲ့ စောင့်ကြည့်ဖို့ စနစ်တွေ ပိုမိုတပ်ဆင်လာတာ၊ ဘောလုံးကွင်းအတွင်းက ထိုင်ခုံတွေကို ပိုခိုင်ခန့်အောင် ပြင်ဆင်ရတာ၊ သိပ်ဆိုးရွား သောင်းကျန်းတဲ့ ပရိသတ်တွေကို ဖမ်းဆီးဖို့ စတာတွေ ပါဝင်ပါတယ်။ ဘောလုံးကွင်းကို လှမ်းမြင်ရတဲ့ နေရာတွေမှာ အရက်သေစာ သောက်စားခွင့် ကိုလဲ တားမြစ် ထားပါတယ်။ ဘောလုံးကလပ်တွေက ဘောလုံးပွဲ လက်မှတ်စျေးတွေကို မြှင့်တင် လိုက်ကြ ပါတယ်။ ဒါတွေကို စောင့်ကြည့်သူများက ၁၉၈၉ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အတွင်း ဘောလုံးပွဲ လက်မှတ်စျေး သုံးဆ တက်သွားတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်တာတွေက ထိရောက်ပါတယ်။ ၂၀၀၀-၀၁ ဘောလုံးရာသီမှာ ဘောလုံးပွဲက စဖြစ်တဲ့ အမှု မျိုးစုံ ၄,၂၀၀ အထိ လျော့နည်း သွားပါတယ်။ အဲဒီကစလို့ နောက် အနှစ် ၂၀ အထိ ဘောလုံးပွဲ မှုခင်းတွေ ဆက်တိုက် ကျသွားခဲ့ပါတယ်။ ကိုဗစ်မဖြစ်ခင် ၂၀၁၈-၁၉ ရာသီမှာဆို အမှု အရေအတွက် ၁,၄၀၀ ထိ ကျဆင်းသွားပါတယ်။
ဒါပေမယ့် အဲဒီ နောက်ပိုင်းမှာတော့ ရမ်းကားတဲ့ ကိစ္စတွေ ပြန်ခေါင်းထောင် ထလာပါတယ်။ ၂၀၂၁-၂၂ ရာသီမှာ ၂,၂၀၀ အထိ ပြန်တက်လာတယ်။ အဲဒီအထဲက အများစုဟာ ဝင်ဘာလေ ကွင်းမှာကျင်းပတဲ့ ဥရောပ ချန်ပီယံပွဲအတွင်းကို လက်မှတ်မပါပဲ ကွင်းထဲကို အတင်းဝင်ရောက် လာသူတွေပါ။ နောက်နှစ် ရာသီတွေမှာ ၂,၃၀၀ နောက်ထပ်တစ်ခါ ၂,၆၀၀ အစရှိသဖြင့် တဖြည်းဖြည်း ပြန်တက်လာပါတယ်။ ဆူပူသောင်းကျန်းတာ၊ အမုန်းစကားတွေ ပြောရင်း ရန် စကြတာ နဲ့ ပစ်ပေါက်လို့ရတဲ့ လက်နက် ကိရိယာတွေတောင် သုံးကြတယ်လို့ မှုခင်း အစီရင်ခံစာတွေ အရ သိရပါတယ်။ နာမည်ကြီးနေလို့သာ ကြီးပေမယ့်လဲ အင်္ဂလန် နိုင်ငံ တစ်ခုတည်းမှာတော့ မဟုတ်ပါဘူး။ မေလတုန်း ကလဲ ပြင်သစ် ဘောလုံး ပရိသတ်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ကြပါသေးတယ်။ ၂၀၂၄ ခုနှစ် ကုန်ခါနီးမှာ ဂျာမနီမှာ ပြိုင်ဖက်အသင်းတွေ အချင်းချင်း ရန်ဖြစ်ကြလို့ ဒဏ်ရာ ရသွားသူ ၇၉ ယောက်ထဲ ရဲ အရာရှိ ဆယ်ယောက် ပါပါတယ်။ ဒါပေမယ့် ဗြိတိန်က ဖြစ်ပျက်ခဲ့တဲ့ အသေးစိတ် အချက်အလက်တွေကို ကြည့်ရင် ဒီပြဿနာတွေရဲ့ အတိမ်အနက်ကို သိနိုင်ပါတယ်။

ဆန်းဒါးလင်း တက္ကသိုလ်က အားကစားဘက်နဲ့ ပတ်သက်တဲ့ လူမှုဗေဒ ပညာရှင် ပေါလ် ဒေးဗစ်က “ဘောလုံးကွင်းမှာ ရမ်းကား သောင်းကျန်းတဲ့ စရိုက်ဟာ ဂိုဏ်းဂဏဖွဲ့လိုမှုနဲ့ တက်စရို စထရုန်း ပေါင်းရာကနေ သွေးကြွပြီး ဖြစ်လာတာ၊ ဒါကလဲ သမိုင်းမှာ ဖြစ်ခဲ့ဖူးတဲ့ အလုပ်လုပ် လူတန်းစား ယောက်ျားသား တွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေပါပဲ” လို့ ပြောပါတယ်။ ၁၉၉၀ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “Among the Thugs” စာအုပ်ကို ရေးသားသူ စာနယ်ဇင်းဆရာ ဘီလ် ဘူးဖို့ထ်က “စနေနေ့တိုင်း ယောက်ျားလေးတွေ သောင်းကျန်းကြမယ်” လို့ ပြောကြတာနဲ့ ပတ်သက်လို့ သူက “ဒီလူစုက နိုင်လိုမှုတစ်ခုတည်းနဲ့ ရန်ဖြစ်ကြဖို့ စုရုံးတာ နောက်တစ်ခု ဖြစ်နိုင်တာက စရိုက်ကြမ်းကြမ်း အသောက်ဆိုင်တွေမှာ စုပြီး သောက်ကြမယ်၊ မူးယစ်ဆေးလဲ သုံးရင် သုံးကြမှာပေါ့။ ရုန်းရင်းဆန်ခတ် ဖြစ်တယ်ဆိုတာ လူမှုအသိုင်းအဝိုင်းမှာ လက်မခံကြတဲ့ ကိစ္စတစ်ခုဆိုတော့ ဒီလို ရမ်းကားတာမျိုး တစ်ခါတစ်လေ စမ်းသပ်ချင်ကြတာလဲ ဖြစ်နိုင်ပါတယ်” လို့ သူထင်မြင်ကြောင်း ပြောပါတယ်။တကယ်တော့ မူးယစ်ဆေး သုံးစွဲတာကလဲ ဒီပြဿနာ အရင်းခံများထဲက အချက် တစ်ချက် ပါပဲ။ ခုတော့ ဒီအလေ့အကျင့်က ပြန့်နှံ့နေပါပြီ။ အမေရိကန်ပြီးရင် ကိုကင်းသုံးစွဲတဲ့ နေရာမှာ ဗြိတိန်က နောက်က လိုက်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ပရိသတ် ၁,၅၀၀ လောက်ကို မေးမြန်းကြည့်ရာမှာ ၃၀ ရာခိုင်နှုန်းလောက်က အားကစားကွင်းအတွင်း ကိုကင်း သုံးနေကြတာ မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်တဲ့ ဥပဒေတစ်ခုမှာ မည်သူမဆို A အဆင့် မူးယစ်ဆေး (ကိုကင်း၊ အက်က်တဆီ နဲ့ ဟီးရိုးအင်း များအပါအဝင်) သုံးစွဲတာတွေ့ရင် ထောင်ဒဏ် ဆယ်နှစ် နဲ့အတူ တရားခံ အဖြစ် သတ်မှတ် တရားစွဲခံရဦးမယ်လို့ ပါရှိပါတယ်။ သို့သော်လည်း အဖမ်းအဆီးတွေကတော့ မြင့်တက်နေဆဲပါ။ နိုဝင်ဘာလကနေ မေလအတွင်း ၂၀၂၂-၂၃ ရာသီနဲ့ ၂၀၂၃-၂၄ ရာသီကို နှိုင်းယှဥ်ရင် ဆေးဝါးသုံးစွဲမှုနဲ့ ဆက်စပ်နေတဲ့ မှုခင်းတွေ ၆၀ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါတယ်။
ဒါကို ကိုင်တွယ်ဖို့ ရဲ များဟာ အနံ့ခံခွေးတွေ အသုံးပြုလာတယ်၊ ကွင်းအတွင်း မှာတင် မသင်္ကာ သူတွေ့ရင် မူးယစ်ဆေး သုံး မသုံး စစ်ဆေးနိုင်အောင် လုပ်လာကြပါပြီ။ ကလပ်အသင်းများ ကလဲ အရက်သေစာနဲ့ ကိုကင်း နှစ်မျိုးစပ် သုံးစွဲရင် ရုတ်တရက် နှလုံးဖောက်နိုင်ပြီး အန္တရာယ် ရှိကြောင်း အသိပညာပေးတာတွေ ပိုမိုလုပ်ဆောင် လာနေကြပါတယ်။
ဘောလုံး အားကစားကွင်းတွေ မှာတောင် ပိုမိုတင်းကြပ်မှုတွေ စီမံ ဆောင်ရွက်လာကြပါတယ်။ ဥပမာ ပြင်သစ် နိုင်ငံမှာ အားကစားပြိုင်ပွဲ ကျင်းပတဲ့ နေရာတွေတဝိုက် အရက်သေစာ သောက်သုံးမှုကို ရောင်းချခွင့် လိုင်စင်နဲ့ ထိန်းချုပ် လိုက်တာမျိုးပါ။ နောက်ထပ် ဘောလုံးပွဲ စကန်တဲ့အချိန်နဲ့ ပရိသတ်တွေ ရေချိန်ကိုက်နေချိန် ဆက်စပ်မှု ရှိ မရှိလဲ သုတေသန ပြုတာတွေ လုပ်နေပါတယ်။ ၂၀၂၁ အတွင်း လေ့လာသူတစ်ချို့ဟာ ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ၊ အရက်သေစာ သောက်စားတာတွေနဲ့ ဘောလုံးပွဲ အချိန်ဇယားတွေ ကိုလေ့လာပြီးတဲ့နောက် ပြိုင်ပွဲတွေကို ကြားရက်တွေမှာ ကျင်းပတာ၊ ပွဲချိန်ကို နောက်ကျပြီး ကန်စေတာဟာ စိတ်ကြမ်း ကိုယ်ကြမ်း ဖြစ်မှုတွေကို လျှော့ချပေးနိုင်တယ်လို့ အဆိုတစ်ခု ထွက်လာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲတွေ စောစော စ မယ်ဆိုရင် လူရမ်းကား များက အသောက်အစားတွေကို အစောကြီးထဲက စလုပ်ကြမယ်၊ ပြီးရင် နေ့ခင်းနေ့လည် နဲ့ ညနေပိုင်း တောက်လျှောက် တဆက်တည်း မူးနေကြတာတွေ ဖြစ်ကုန်ကြမှာလို့ တွေ့ရှိလို့ပါ။
ဒါပေမဲ့လဲ ရမ်းကားသူများအတွက် ကတော့ ရုန်းရင်းဆန်ခတ် လုပ်ချင်တာက အဓိကပါ။ စာနယ်ဇင်းဆရာ ဘူးဖို့ထ် ကတော့ စစ်ပွဲတစ်ခုကို မတိုက်ဘူးတဲ့ ယောက်ျားတစ်ယောက်ဟာ ဘောလုံးကွင်းဟာ သူ့အတွက် စစ်မြေပြင်တစ်ခု လိုပါပဲလို့ မှတ်ချက်ချပါတယ်။ “သူတို့တွေ (ရမ်းကားတဲ့သူတွေ) က အခြားလူတွေ လုပ်လေ့ မရှိတဲ့ ဘယ်သူ့ကိုတော့ ဘယ်လို ဆော်လိုက် နှက်လိုက် ရတာမျိုးကို ပြန်ပြောကြပြီး ဂုဏ်ယူနေကြတာ” လို့ သူ့စာအုပ်မှာ ရေးထားပါတယ်။ “ဒီလူတွေက မဟုတ်ကဟုတ်က လုပ်ခဲ့တာတွေ ကို ပြန်ပြောကြမယ်၊ ဒါတွေကို ဘယ်တော့မှလဲ မေ့နိုင်မှာ မဟုတ်ကြတော့ဘူး၊ သူတို့ တသက်လုံး ဒါကိုပဲ တသသ ပြောနေကြမှာ။”
ဟုတ်ပါတယ် ဘောလုံး ပရိသတ်အများစုကတော့ သူတို့ ဘောလုံးကွင်းမှာ သောင်းကျန်း ခဲ့ကြတာက သူတို့ တစ်သက် အမှတ်တရ တစ်ခု ဖြစ်နေမှာ အမှန်ပါပဲ။
မူရင်း British football hooligans are on the offensive once again, The Economist, Feb 2025
