The Corner

The Corner

cropped-Logo_round_grey-background.png

တရုတ်နိုင်ငံက မျိုးဆက်သစ်စစ်ပွဲများအတွက် နယ်ပယ်စုံသုံး ဒရုန်းများ ဖန်တီးနေပြီ – ဇင်လင်း

Share မယ်

(ပုံစာ) ၂၀၂၂ ခုနှစ် ဇူဟိုင်းလေကြောင်းပြပွဲ၌ တွေ့ရသော  Guizhou WZ-7 အမျိုးအစား ဒရုန်း (Photo from Wikimedia)

တရုတ်နိုင်ငံသည် မျိုးဆက်သစ် စစ်ပွဲများအတွက် နယ်ပယ်စုံသုံး ဒရုန်းအုပ်စုများ (multidomain drone swarms) ကို စတင် တည်ဆောက် အသုံးပြုလာနေသည်။

ကြည်း၊ ရေ၊ လေ၊ အာကာသ စသည့် စစ်ဆင်ရေးနယ်ပယ်များတွင် အပြောင်းအလဲကြီး ဖြစ်ပေါ်စေနိုင်သည့် ဒရုန်း ကွန်ရက်များကို တရုတ်နိုင်ငံက ဖော်ဆောင်နေပြီး မတူကွဲပြားသည့် ဒရုန်းအုပ်စုများကို ပေါင်းစပ်အသုံးပြုကာ ရန်သူ၏ စစ်ရေးစနစ်တစ်ခုလုံးကို ချေမှုန်းနိုင်သည့် ချေမှုန်းရေးကွန်ရက် (kill webs) များ ဖန်တီးရန် ရည်ရွယ် ထားသည်။

နယ်ပယ်စုံသုံး ဒရုန်းအုပ်စုများကို အသုံးပြုလာခြင်းသည် ကိုယ်ပိုင်လည်ပတ်နိုင်သော စနစ်များ (autonomous systems) ကို သီးခြားလက်နက်များအဖြစ် အသုံးပြုခြင်းမှ တစ်ဆင့်၊ ကွန်ရက်ချိတ်ဆက်ထားသည့် စစ်ဆင်ရေးစနစ်၏ အဓိက အစိတ်အပိုင်း အဖြစ် ပြောင်းလဲအသုံးချရန် တရုတ်၏ ကြိုးပမ်းမှုကို ထင်ဟပ်စေသည်။ ထိုစနစ်၏ အဓိက အားသာချက်မှာ “လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်း”၊ “အရန်စွမ်းအားရှိခြင်း” နှင့် “ရန်သူ့စနစ်ကို စနစ်တစ်ခုလုံး အနေဖြင့် နှောင့်ယှက်ဖျက်ဆီးနိုင်ခြင်း” တို့ ဖြစ်သည်။

“တရုတ်နိုင်ငံပိုင် အီလက်ထရွန်နစ် နည်းပညာ ကော်ပိုရေးရှင်း” China Electronics Technology Group Corporation (CETC) ၏ Intelligent Technology Research Institute က ထုတ်ပြန်ထားသည့် အကဲဖြတ်ချက်အရ တရုတ်နိုင်ငံသည် ၎င်း၏ “လူမဲ့တိုက်ခိုက်ရေး စွမ်းရည်” ကို လေကြောင်းသုံး ဒရုန်းအုပ်စုများမှသည် ကြည်း၊ ရေ၊ လေ နယ်ပယ်များတွင် ကိုယ်ပိုင် လည်ပတ်နိုင်သော ပလက်ဖောင်းများကို ပေါင်းစပ် အသုံးပြုသည့် စနစ်များအထိ တိုးချဲ့နေသည်ဟု ဆိုသည်။

CETC ၏ အဆိုအရ ဤစနစ်များသည် ဖြန့်ကြက်ထားသော တိုက်ခိုက်ရေး ကွန်ရက်များမှတစ်ဆင့် အနာဂတ် ဉာဏ်ရည်သုံးစစ်ပွဲ (intelligent warfare) တွင် အသာစီးရရှိရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ ကြီးမားသော နယ်ပယ်စုံ စမ်းသပ်မှုများအရ လက်ရှိ ဒရုန်းအုပ်စုများသည် ပြင်းထန်သော လျှပ်စစ်သံလိုက်စက်ကွင်း နှောင့်ယှက်မှုများ သို့မဟုတ် တိုက်ပွဲအတွင်း ဆုံးရှုံးမှုများ ကြုံတွေ့ရသော်လည်း “မိမိတို့၏ ဖွဲ့စည်းပုံကို ကိုယ်တိုင် ပြောင်းလဲခြင်း”၊ “တိုက်မိမှုကို ရှောင်ရှားခြင်း”၊ “တာဝန်ခွဲဝေခြင်းနှင့် မစ်ရှင်များကို ဆက်လက် ဆောင်ရွက်ခြင်း” တို့ ပြုလုပ်နိုင်ကြောင်း သိရသည်။ ဤအချက်ကို South China Morning Post (SCMP) ကလည်း ဖော်ပြထားသည်။

ဤစနစ်များသည် ကျယ်ပြန့်သော စစ်ဆင်ရေးနယ်ပယ်တစ်လျှောက် ဒရုန်းအများအပြားမှ ရရှိသည့် အာရုံခံ အချက်အလက် များကို ပေါင်းစပ်အသုံးပြုနိုင်ပြီး “ဖုံးကွယ်ထားသော ပစ်မှတ်များကို ရှာဖွေခြင်း”၊ “လျှပ်စစ်သံလိုက် စစ်ဆင်ရေးဖြင့် ရန်သူ့စနစ်များကို နှောင့်ယှက် ဖိနှိပ်ခြင်း” နှင့် “တိကျသော တိုက်ခိုက်မှုများ ပြုလုပ်ခြင်း” အထိ လုပ်ငန်းစဉ်တစ်ခုလုံးကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

သို့သော် ယင်းစနစ်များတွင် အခက်အခဲများလည်း ရှိနေသည်။ CETC က မတူညီသော နယ်ပယ်များအကြား ညှိနှိုင်းဆောင်ရွက်မှု၊ တပ်မတော် ဌာနခွဲအသီးသီး၏ ပေါင်းစပ်ဆောင်ရွက်မှု၊ ရှုပ်ထွေးသော ပတ်ဝန်းကျင်အတွင်း ထင်ရှားမှုနည်းသော ပစ်မှတ်များ (low-signature targets) ကို ရှာဖွေခြင်းနှင့် စွမ်းရည်မြင့်မားသော ရန်သူကို ရင်ဆိုင်ရာတွင် အချိန်နှင့်တစ်ပြေးညီ ကိုယ်ပိုင် နည်းဗျူဟာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း တို့တွင် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ဝန်ခံထားသည်။

ဒရုန်းအုပ်စု၏ အဓိကအားသာချက်မှာ တစ်ခုဆုံးရှုံးလျှင် တစ်ခုက အစားထိုးနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပိုမိုခက်ခဲသော မေးခွန်းမှာ ဆက်သွယ်ရေးလမ်းကြောင်းများ နှောင့်ယှက်ခံရသည့်အခါနှင့် ဗဟိုချုပ်ကိုင်သည့် ကွပ်ကဲမှု စနစ်ကြောင့် တုံ့ပြန်ပြောင်းလဲမှု နှေးကွေးသွားတတ်သည်။ ယင်းသို့သော အခြေအနေမျိုးတွင် ဒရုန်းအုပ်စုများ အနေဖြင့် ဆက်လက် ပူးပေါင်း လုပ်ဆောင်နိုင်မည်လား ဆိုသည့်အချက် ဖြစ်သည်။

Chinese Academy of Engineering ၏ Strategic Study ဂျာနယ်တွင် ၂၀၂၄ ခုနှစ်က ဖော်ပြခဲ့သော ဆောင်းပါး တစ်ပုဒ်၌ Bitao Jiang နှင့် အခြားစာရေးသူများက ဉာဏ်ရည်ထက်မြက်သော လူမဲ့အုပ်စုလိုက်စနစ်များ (intelligent unmanned swarm systems) သည် စစ်ပွဲ ပုံစံသစ်များ အတွက် အဓိကကျသော အင်အားစုများ ဖြစ်လာနိုင်ကြောင်း တင်ပြထားသည်ဟု ဆိုသည်။

၎င်းတို့က ကြည်း၊ ရေ၊ လေ နှင့် အာကာသနယ်ပယ်များအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုသည် စနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ကြောင်း အလေးပေးထားသည်။ ထို့အပြင် ပြောင်းလဲနေသော သတင်း အချက်အလက် ရင်းမြစ်မျိုးစုံမှ အချက်အလက်များကို ပေါင်းစပ်အသုံးပြုနိုင်ခြင်း၊ ခံနိုင်ရည်ရှိစွာ ဆုံးဖြတ်ချက် ချနိုင်ခြင်းနှင့် ပုံစံမတူသည့် စနစ်များအကြား ပူးပေါင်းထိန်းချုပ်နိုင်ခြင်းတို့သည် အရေးကြီးကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်ရေးအရ အသာစီး ရရှိနိုင်မှုသည် ဒရုန်းအုပ်စု၏ အရွယ်အစားထက် အစားထိုး လုပ်ဆောင်နိုင်စွမ်း (redundancy) ပေါ်တွင် ပိုမို မူတည်လာသည်။ ဥပမာအားဖြင့် အာရုံခံကိရိယာ (sensor)၊ အချက်အလက် ပေးပို့သည့် စနစ် (relay) သို့မဟုတ် တိုက်ခိုက်ရေး လုပ်ဆောင်သည့်ကိရိယာ (effector) တစ်ခု ပျက်စီးသွားပါက အခြား စနစ်အစိတ်အပိုင်း တစ်ခုက ၎င်း၏ တာဝန်ကို အစားထိုး ထမ်းဆောင်နိုင်ရမည်။ ထိုသို့ဖြင့် “ရန်သူကို ချေမှုန်းနိုင်သည့် ကွန်ရက်စနစ်” (kill web) ကို ဆက်လက် လည်ပတ်စေနိုင်မည် ဖြစ်သည်။

သို့သော် ကွန်ရက်တစ်ခုလုံးကို ပေါင်းစပ်ထားခြင်းကြောင့် စနစ်တစ်ခုလုံးဆိုင်ရာ လုံခြုံရေးပြဿနာများလည်း ပေါ်ပေါက် လာသည်။ တစ်ခုချင်းစီသော ပစ္စည်း သို့မဟုတ် လက်နက်ကို လုံခြုံအောင် ကာကွယ်ထားရုံဖြင့် မလုံလောက်တော့ပေ။

Wen Shi နှင့် အခြားစာရေးသူများက Chinese Academy of Engineering ၏ Strategic Study ဂျာနယ်တွင် ၂၀၂၁ ခုနှစ်က ဖော်ပြခဲ့သည့် ဆောင်းပါး၌ ကွန်ရက်ကာကွယ်ရေးအတွက် “ဆက်သွယ်ရေးနှင့် အပြန်အလှန် ချိတ်ဆက်မှု ဆိုင်ရာ လုံခြုံရေး” သည် အလွန် အရေးကြီးကြောင်း ထောက်ပြထားသည်။ ကွန်ရက်လုံခြုံရေး အားနည်းပါက လူမဲ့စနစ်များစွာကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။

တစ်ဖက်တွင် တရုတ်၏ ဒရုန်းအုပ်စုများသည် ကိုယ်တိုင်လည်ပတ်နိုင်စွမ်း (autonomy) ရှိလာနေသော်လည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ “၂၀၂၅ ခုနှစ် တရုတ်စစ်ရေးစွမ်းအားဆိုင်ရာ အစီရင်ခံစာ” အရ တရုတ်၏ လူမဲ့စနစ်များသည် ပစ်မှတ်များကို ကြိုတင် သတ်မှတ်ခြင်း၊ အဝေးမှ ထိန်းချုပ်မောင်းနှင်ခြင်း သို့မဟုတ် အသေးစိတ်အချက်အလက်များ ထည့်သွင်းပေးခြင်းတို့အတွက် လူသား အော်ပရေတာများ အပေါ် ဆက်လက် မှီခိုနေရဆဲ ဖြစ်သည်။

Image credit: China Daily

ယင်းကြောင့် စစ်ရေးအရ စိတ်ဝင်စားစရာ ကွဲလွဲချက်တစ်ရပ် ပေါ်ပေါက်လာသည်။ ဒရုန်းတစ်ခုချင်းစီ၏ ခံနိုင်ရည်စွမ်းအား ပိုမို ကောင်းမွန်လာလေလေ ဒရုန်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စေရန် ကွန်ရက်စနစ်ကို ထိန်းသိမ်းထားနိုင်မှုအပေါ် ၎င်းတို့၏ ထိရောက်မှုက ပိုမို အမှီပြုလာလေလေ ဖြစ်သည်။

နယ်ပယ်စုံသုံး ဒရုန်းများနှင့် “Mothership Warfare”

စစ်ဆင်ရေးအဆင့်တွင် အဓိကစိန်ခေါ်မှုမှာ ထိုနည်းဗျူဟာဆိုင်ရာ ခံနိုင်ရည်စွမ်းအားကို စစ်ဆင်ရေးနယ်ပယ်တစ်ခုလုံး (theater) အနှံ့ အသုံးချနိုင်ရန် ဖြစ်သည်။

John Chen နှင့် Emilie Stewart တို့က ၂၀၂၅ ခုနှစ် ဧပြီလထုတ် “China Aerospace Studies Institute (CASI)” အစီရင်ခံစာတွင် တရုတ်စစ်ရေးသီအိုရီပညာရှင်များသည် ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်နိုင်သည့် စစ်ဆင်ရေးများနှင့် “မိခင်သင်္ဘောပုံစံ စစ်ဆင်ရေး (mothership warfare)” ကို မျှော်မှန်းထားကြောင်း ဖော်ပြထားသည်။

ယင်းစနစ်တွင် ရေတပ်၊ လေတပ် သို့မဟုတ် မြေပြင်တပ်ဖွဲ့များ၏ ပလက်ဖောင်းများက ပြန့်ကျဲနေသည့် လူမဲ့စနစ်အုပ်စုများကို ဖြန့်ကြက်ပေးပြီး ညှိနှိုင်းဆောင်ရွက်စေသည်။

Chen နှင့် Stewart တို့၏ အဆိုအရ ဒရုန်းအုပ်စုများသည် ရန်သူနှင့် အငြင်းပွားဖွယ်ဖြစ်နေသည့် နယ်မြေများအတွင်းသို့ လျှို့ဝှက်စွာ ဝင်ရောက်ကာ—

  • ရန်သူ့ရေယာဉ်ဖျက် စစ်ဆင်ရေး
  • ရန်သူ့ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေး
  • မြေပြင်ပစ်မှတ် တိုက်ခိုက်ရေး
  • လေကြောင်းရန်ကာကွယ်ရေး

စသည့် မစ်ရှင်များကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားသည်။

တရုတ်စစ်တပ် စီမံကိန်း ရေးဆွဲသူများသည် အလွန်အဆင့်မြင့်သော ပလက်ဖောင်းတစ်ခုချင်းစီကိုသာ အားထားရမည့်အစား နယ်ပယ် အသီးသီးရှိ လူမဲ့စနစ်အမျိုးမျိုးကို ပေါင်းစပ်ကာ ပြန့်ကျဲတည်ရှိသော်လည်း သေစေနိုင်စွမ်းရှိသည့် ကွန်ရက်တစ်ခု အဖြစ် အသုံးချရန် ကြိုးပမ်းနေကြသည်ဟု ဆိုသည်။

ထိုကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် “2025 Unmanned Platform 3D Cross-Domain Collaboration Challenge” ကဲ့သို့သော ပြိုင်ပွဲများကို အသုံးပြုကာ လေကြောင်း၊ ရေပြင်နှင့် ရေအောက်ရှိ စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများအကြား အဆင့်ဆင့် ပူးပေါင်းညှိနှိုင်းနိုင်စွမ်းကို စမ်းသပ်နေသည်။

ဤပြိုင်ပွဲများတွင် ရှေ့တန်းစစ်ဆင်ရေးအတွက် လိုအပ်သည့် ပြောင်းလဲနိုင်သော လမ်းကြောင်း စီစဉ်ခြင်း (dynamic trajectory planning)၊ အုပ်စုလိုက် စစ်ရေးထောက်ပံ့ပို့ဆောင်ခြင်း (swarm logistics) နှင့် အီလက်ထရွန်နစ်/အသံလှိုင်းနည်းပညာများ အသုံးပြု၍ ပူးပေါင်း ပစ်မှတ် ရှာဖွေခြင်းတို့ကို ဖော်ဆောင်ရန် စစ်ဘက်-အရပ်ဘက် ပူးတွဲယှဉ်ပြိုင်မှုများကို အသုံးပြုထားသည်။

သို့သော် ပြိုင်ပွဲများက ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းကို ပြသနိုင်သော်လည်း စစ်မြေပြင်တွင် ရေရှည်ခံနိုင်ရည်ရှိမှုကို သက်သေမပြ နိုင်သေးပေ။

အထူးသဖြင့် ပြိုင်ဘက်က ဆက်သွယ်ရေးကို နှောင့်ယှက်ဖြတ်တောက်ခြင်း (jamming)၊ ကွန်ရက်များကို တိုက်ခိုက်ခြင်း၊ ကွပ်ကဲမှု ဗဟိုချက်များကို ဖျက်ဆီးခြင်းနှင့် စစ်ဆင်ရေးအစီအစဉ်များ ပျက်ပြားလာသည့်အခါ တပ်မှူးများက အခြေအနေအလိုက် လျင်မြန်စွာ ပြောင်းလဲတုံ့ပြန်ရခြင်းတို့ကို PLA အနေဖြင့် အမှန်တကယ်ပြင်းထန်သော ရေတပ် သို့မဟုတ် လေကြောင်း/အာကာသ စစ်ပွဲများတွင် စမ်းသပ်ကြုံတွေ့ဖူးခြင်း မရှိသေးပေ။

ရန်သူ့စနစ်တစ်ခုလုံးကို ချေမှုန်းသည့် “Systems Destruction Warfare”

မဟာဗျူဟာအဆင့်တွင် နယ်ပယ်စုံသုံး အုပ်စုလိုက်စနစ်များ (multidomain swarms) သည် အရေးပါသည်။ အကြောင်းမှာ ၎င်းတို့သည် စစ်လက်နက်ပလက်ဖောင်းချင်း တိုက်ရိုက်အလဲအလှယ်ပြု တိုက်ခိုက်ခြင်းထက် ရန်သူ့စစ်ရေး စနစ်တစ်ခုလုံးကို ပစ်မှတ်ထား တိုက်ခိုက် လိုသည့် တရုတ်၏ မဟာဗျူဟာမြောက် ဦးစားပေးမှု နှင့် ကိုက်ညီသောကြောင့် ဖြစ်သည်။

Lami Kim က ၂၀၂၅ ခုနှစ်ထုတ် America’s Strategic Edge: Deterrence, Lethality, and Warrior Ethos in the Indo-Pacific စာအုပ်တွင် လူမဲ့စနစ်များနှင့် စီးပွားဖြစ် ရိုဘော့နည်းပညာများကို “စနစ်များဖျက်ဆီးရေး စစ်ဆင်ရေး (Systems Destruction Warfare)” အတွက် အရေးပါသော စစ်ဆင်ရေးဆိုင်ရာ ပိုင်ဆိုင်မှုများအဖြစ် ဖော်ပြထားသည်။

ဤစစ်ဆင်ရေးပုံစံသည် ရန်သူ့အင်အားကို တစ်ခုချင်းစီ ဖြည်းဖြည်းချင်း လျော့ပါးစေခြင်းထက် ရန်သူ၏ စစ်ဆင်ရေး ဖွဲ့စည်းပုံ တစ်ခုလုံးကို အလုပ်မလုပ်နိုင်အောင် ပြုလုပ်ရန် ရည်ရွယ်သည်။

Kim ၏ အဆိုအရ တရုတ်နိုင်ငံသည် ဤအယူအဆကို “နယ်ပယ်စုံ တိကျသေချာသော စစ်ဆင်ရေး (Multidomain Precision Warfare – MDPW)” မှတစ်ဆင့် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်။

ယင်းတွင် ကိုယ်ပိုင် လည်ပတ်နိုင်စွမ်း ရှိသော ပလက်ဖောင်းများကို —

  • ဆိုက်ဘာတိုက်ခိုက်မှုများ
  • အီလက်ထရွန်နစ်စစ်ဆင်ရေး
  • အာကာသထိန်းချုပ်မှု
  • ဝေးလံသောပစ်မှတ်များကို ထိမှန်စေနိုင်သည့် လက်နက်စနစ်များ

နှင့် စနစ်တကျ ညှိနှိုင်းပေါင်းစပ်အသုံးပြုခြင်းတို့ ပါဝင်သည်။

အဓိကအားနည်းချက်မှာ ဒရုန်းမဟုတ်ဘဲ ကွန်ရက်စနစ်

စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှုနှင့် AI နည်းပညာတို့၏ အထောက်အပံ့ဖြင့် လူမဲ့ စစ်လက်နက် ပိုင်ဆိုင်မှုများသည် နယ်ပယ်အသီးသီးမှ ရရှိသည့် အာရုံခံအချက်အလက်များကို အလွန်လျင်မြန်စွာ ပေါင်းစပ် လုပ်ဆောင်နိုင်လာသည်။

သို့သော် ထိုစွမ်းရည်သည် တစ်ဖက်တွင် မှီခိုအားထားရမှုအသစ်တစ်ခု ကိုလည်း ဖန်တီးပေးသည်။ ဒရုန်းအုပ်စုများ၏ အားသာချက်သည် ဒရုန်းတစ်ခုချင်းစီ၏ စွမ်းရည်ပေါ်တွင်သာ မမူတည်တော့ဘဲ ၎င်းတို့ကို ဆက်သွယ်ပေးသည့် အယ်လ်ဂိုရီသမ်များ (algorithms)၊ ဒေတာစီးဆင်းမှုများ (data flows) နှင့် ကွပ်ကဲမှုဆိုင်ရာ အာဏာပိုင်စနစ်များ (command authorities) အပေါ် ပိုမိုမှီခိုလာသည်။

ထို့ကြောင့် တိုက်ခိုက်ခံနေရသည့်အခြေအနေတွင် ပြန့်ကျဲနေသော ဒရုန်းတပ်ဖွဲ့များက စုစည်းညီညွတ်စွာ ဆက်လက်လှုပ်ရှား နိုင်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ပေးမည့် အဓိကအားနည်းချက်သည် ဒရုန်းများကိုယ်တိုင် မဟုတ်ဘဲ ၎င်းတို့ကို ချိတ်ဆက်ထားသည့် ကွန်ရက်စနစ် ဖြစ်လာနိုင်သည်။

အတိုချုပ်အားဖြင့် တရုတ်၏ နယ်ပယ်စုံသုံး ဒရုန်းအုပ်စု မဟာဗျူဟာ၏ အဓိကအချက်မှာ “ဒရုန်းအရေအတွက် မည်မျှများသလဲ” ဆိုသည်ထက် “ဒရုန်းများ ပျက်စီးဆုံးရှုံးမှုရှိနေသည့်တိုင် ကွန်ရက်တစ်ခုလုံး မည်မျှကောင်းမွန်စွာ ဆက်လက်အလုပ်လုပ်နိုင်သလဲ” ဆိုသည့်အချက် ဖြစ်သည်။

ထိုကွန်ရက်ကို ရန်သူက နှောင့်ယှက်ဖြတ်တောက်နိုင်ပါက တရုတ်၏ ဒရုန်းအုပ်စုများ၏ အားသာချက်ကို လျော့ပါးစေနိုင်သည်။ ထို့ကြောင့် အနာဂတ်စစ်ပွဲများတွင် အဆုံးအဖြတ်ပေးမည့် အရာသည် ဒရုန်း၏ ကိုယ်ပိုင်စွမ်းရည်တစ်ခုတည်းမဟုတ်ဘဲ ဒရုန်းများ၊ AI၊ အာရုံခံကိရိယာများ၊ ဆက်သွယ်ရေးကွန်ရက်များနှင့် ကွပ်ကဲမှုစနစ်များကို တစ်ခုတည်းသော ခံနိုင်ရည်ရှိသည့် စစ်ရေးကွန်ရက် အဖြစ် ပေါင်းစပ်ထားနိုင်မှု ဖြစ်လာနိုင်သည်။

Reference:

1. China launching multidomain drone swarms for next-gen warfare, By  Gabriel Honrada, Asia Times 15 September 2026.

2. Guizhou WZ-7 Soaring Dragon, Wikipedia

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *