The Corner

The Corner

cropped-Logo_round_grey-background.png

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၃)

Share မယ်

အမည်သညာ ခေါ်စရာကား “စူပါဉာဏ်ရည်” ဟူသတတ်

ဦးမိုး။   ။ ဟာ ကိုတိုး လာဗျာ။ ခင်ဗျား ပျောက်ချက်သားကောင်းနေပါလား။

ဦးတိုး။ ။ ခင်ဗျားက ကျွန်တော့်ကို လာပြောနေ။ ဟိုတစ်ရက်က ကျွန်တော် လာပါတယ်ဗျ။ ခင်ဗျား မလာပါဘူး။

ဦးမိုး။   ။ ဟဲ ဟဲ ဟုတ်တယ်ဗျ။ ဒီရက်ပိုင်း မိုးလေးက တစွတ်စွတ်ဆိုတော့ ခြေအေးလက်အေးပြီး ဖျားမှာစိုးလို့ အိမ်မှာပဲ အပြင်ထွက်တဲ့ တူတွေကို လက်ဖက်ရည် အဝယ်ခိုင်းလိုက်ရတယ်။ အမယ် ခင်ဗျားမျက်နှာက ပြုံးစိစိနဲ့ ဘာကို သဘောကျနေတာလဲ။

ဦးတိုး။ ။ ကိုမိုး… ခင်ဗျား ဒီနေ့ မနက် ကမ္ဘာ့ သတင်းတွေကို သေချာ ကြည့်မိရဲ့လားဗျ။ ဟို နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ စင်မြင့်ပေါ်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တစ်ယောက် တက်ပြီး ကမ္ဘာ့ ခေါင်းဆောင်တွေကို နာမည်တတ်ပြီး ပတ်ရမ်းလိုက် စိတ်တိုင်းကျ ကျဲနေတာကို ပြန်တွေးမိနေလို့ဗျ။ အောက်က ထရမ့်မိန့်ခွန်းကို နားထောင်နေတဲ့ ခေါင်းဆောင်တွေတော့ မသိဘူး ကျွန်တော်တော့ သူ့ကိုကြည့်ရင်း တရားကျနေမိတယ်။ ဒီလူ့နှယ် ပြောရဲတယ်နော်လို့…။

ဦးမိုး။  ။ ဟာ… ကိုတိုးရယ်၊ ဘာဆန်းလဲဗျ။ ထရမ့်က ဒီလိုလူမျိုးပဲဟာ။ နောက်ပြီးတော့ သူ့ရဲ့ ဘက်တော်သားတွေ ဆိုတာကလည်း “ငါတို့ သမ္မတကြီးက ဒီလို ပြောရဲတယ် ကြည့်ကြစမ်း  ပြောထည့်လိုက်တာ လို့ ဂုဏ်ယူနေကြလားမှ မသိတာ။  ထရမ့်ဆိုတာကလည်း သတင်းကောင်းနဲ့ ကျော်ကြားတာ မဟုတ်ဘဲ အထူးအဆန်း သတင်းတွေနဲ့ လူသိများတာပဲလေ။ ဒီတစ်ခါရော ဘာတွေ မိန့်ခွန်းခြွေလိုက်လို့တုံး။ အီရန်ကို စီးပွားရေး ပိတ်ဆို့မယ်လို့ ပြောတာလား၊ ဒါမှမဟုတ် ဂရင်းလန်းကျွန်းမှာ စစ်အခြေစိုက်စခန်း ဆောက်မယ်လို့ ပြန်ပြောလိုက်တာလား။

ဦးတိုး။ ။ အမှန်ပဲ။ ခင်ဗျားပြောတာတွေပါတယ်။ အဲဒါတွေတင် မကဘူးဗျ။ ဒီတစ်ခါတော့ နည်းပညာလောကတစ်ခုလုံးကို သူ့မိန့်ခွန်းနဲ့ လှုပ်ယမ်းပစ်လိုက်တာ။ အခုတလောမှာ အမေရိကန်ရဲ့ အဓိက အေအိုင် ကုမ္ပဏီကြီးတွေဖြစ်တဲ့ OpenAI တို့၊ Microsoft တို့၊ Anthropic တို့က သူတို့ရဲ့ AI Agent တွေကို ထိန်းမနိုင် သိမ်းမရဖြစ် သူ့သဘောနဲ့သူ ဖောက်ထွက်ပြီး အခြား ကုမ္ပဏီတွေထဲကို ထိုးဖောက် ဝင်ရောက် ရမ်းကားနေလို့ “အရှိန်လေး နည်းနည်းတော့ လျှော့ကြပါစို့” ဆိုပြီး အဲဒီ အေအိုင် ကုမ္ပဏီကြီးတွေ စုပေါင်းညှိနှိုင်းနေကြတာရော ခင်ဗျား သိတယ်မဟုတ်လား။

ဦးမိုး။ ။ အေးလေ… ဟို AI Agent တွေက သူ့တို့ဘာသာ ကွန်ပျူတာ စနစ်ထဲက လွတ်ထွက်ကုန်ကြပြီး ဆိုင်ဘာ အကြမ်းဖက် ကိစ္စ (Cyberattack) တွေ လုပ်ကြလို့ နည်းပညာ ကုမ္ပဏီကြီးတွေတောင် ကြောက်လန့်ပြီး “ဖြည်းဖြည်း လုပ်ကြပါ” ဆိုပြီး စကားဝိုင်းဖွဲ့နေကြတာလေ။ အဲဒါ ထရမ့်က ဘာဝင်ပြောလို့တုံး။

ဦးတိုး။ ။ (ရယ်လျက်) ထရမ့်ကလား… အရှိန်လျှော့ဖို့ ဝေးစို့ဗျာ… သူလို ဉာဏ်ပညာကြီးတဲ့ သမ္မတလက်ထက်မှာ ဒါမျိုးဖြစ်စရာအကြောင်းမရှိဘူး။ လုပ်စရာရှိတာသာလုပ်။ တရုတ်ကို ကျော်တက်နိုင်ဖို့က အဓိကပဲလို့ ကြိမ်းမောင်းနေသေးတာ။ နောက်ပြီး အေအိုင် A.I. (Artificial Intelligence) ဆိုတဲ့ ‘တုပထားတဲ့ ဉာဏ်ရည်’ ဆိုတဲ့ နာမည်ကိုက ငါ မကြိုက်ဘူး၊ အတုဆိုတာ ကြည့်ရတာ Fake ဖြစ်တယ်၊ သိမ်ငယ်တယ်” လို့ပြောဆိုပြီး အခု ကုလညီလာခံ စင်မြင့်ပေါ်မှာ အခုအချိန်ကစလို့ “S.I. (Super Intelligence) – ဆူပါသိဉာဏ်” လို့ ခေါ်တွင်စေဆိုပြီး နာမည် ပြောင်းပစ်လိုက်တယ်ဗျာ။ အမေရိကန် ရုံးသုံး စာရွက်စာတမ်းတွေမှာတင် မကဘူး၊ တစ်ကမ္ဘာ လုံးလည်း ဒီနေ့ကစပြီး S.I. လို့ပဲ ခေါ်ရမယ်လို့ ခပ်တည်တည်နဲ့ ပြောသွားတာ။ သူ့စကားကို ဘယ်နိုင်ငံတွေက အတည်ယူပြီး လိုက်နာကြမယ်တော့ မသိနိုင်ဘူးဗျာ။

ဦးမိုး။ ။ (ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး) အလိုလို… အံ့ဩပါ့ဗျာ။ နည်းပညာရှင်တွေက ကွန်ပျူတာ အန္တရာယ်ရှိလို့ ဘရိတ်အုပ်ဖို့ ပြင်နေချိန်မှာ သူက ဘရိတ်အုပ်တာကို ဂရုမစိုက်တဲ့အပြင် “အေအိုင်” ဆိုတဲ့ နာမည်ကို “အက်စ်အိုင်” လို့ အမည်သစ် ပြောင်းတပ် ပေးလိုက်တာပေါ့။ သူ့စိတ်ထဲမှာတော့ နာမည်ပြောင်း လိုက်ရင်ပဲ နည်းပညာက ပိုတော်သွားသလိုလို၊ အမေရိကန်က ပိုသာသွားသလိုလို၊ ဘာမှ မဖြစ်တော့ဘူးလို့များ ထင်နေတာလား မသိဘူး။

ဦးတိုး။ ။ ဇာတ်လမ်းရဲ့အစက ဒီလို ကိုမိုးရဲ့… ကွန်ပျူတာ နည်းပညာနဲ့ ပတ်သက်ရင် သုတေသီ ပညာရှင်တွေဖြစ်တဲ့ ဂျော်ဖရီ ဟင်တန် (Geoffrey Hinton) တို့က “အေအိုင်ကိုသာ ဒီထက် ဆက်လွှတ်ပေးပြီး သူ့ထက်ငါ အပြိုင်အဆိုင်တီထွင်ရင်း အေအိုင်က ပိုတော် ပိုကောင်းလာရင် လူသားမျိုးနွယ် တစ်ခုလုံးကို မျိုးသုဥ်း ပျက်စီးသွားစေနိုင်တယ်” ဆိုပြီး မီဒီယာတွေကနေတစ်ဆင့် အမေရိကန် လွှတ်တော်အထိ သတိပေးနေကြတာ။ ဒါကို အေအိုင် လုပ်ငန်းရှင်ကြီးတွေလည်း နားလည်ပုံရတယ်။ ဒါပေမဲ့ ထရမ့်က ပြောင်ပြောင် တင်းတင်း ဂရုမစိုက်တဲ့အပြင် လှောင်သွားသလိုပဲ။

ဦးမိုး။ ။ ဘယ်လိုဖြစ်လို့လဲ ကိုတိုးရဲ့။ “လူသားတွေ မျိုးသုန်း သေကျေမယ်” ဆိုတာ နည်းပညာ ပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေက တတ်ကျွမ်းနားလည်လို့ တကယ် စိုးရိမ်နေကြတဲ့ အရေးကြီး ခေါင်းစဉ်ကြီး မဟုတ်လား။ ဒါကို လှောင်ပြောင်သင့်လို့လား။

ဦးတိုး။ ။ (ပြုံးလျက်) ထရမ့်က ကုလ မိန့်ခွန်းထဲမှာ ဘာပြောလဲဆိုတော့… “လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက ‘ကမ္ဘာကြီး ပူနွေးလာမှု (Global Warming) ကြောင့် ၁၂ နှစ်အတွင်း ငါတို့အကုန်လုံး သေကြတော့မယ်’ လို့ အော်ခဲ့တဲ့ ရာသီဥတု သမားတွေကို အားလုံး မှတ်မိကြတယ် မဟုတ်လား။ အခုအဲဒီ လူတွေကပဲ ‘အေအိုင်က ငါတို့ အားလုံးကို သတ်လိမ့်မယ်၊ စက်ရုပ်တွေက ငါတို့ကို လာတိုက်ခိုက်လိမ့်မယ်’ ဆိုပြီး နောက်တစ်ခါ လာခြိမ်းခြောက်နေပြန်ပြီ” ဆိုပြီး ခပ်လှောင်လှောင်နဲ့ ရာသီဥတု ပြောင်းလဲမှု သတိပေးချက်တွေလိုပဲ အေအိုင်ရဲ့ ဘေးအန္တရာယ်ဆိုတာ ‘Hoax (ဂျင်းအကြီးစား/လိမ်လည်မှု)’ ပါလို့ ခေါ်ဝေါ် စွပ်စွဲပစ်လိုက်တာဗျာ။ ခင်ဗျားနှယ် သူ့အနေနဲ့ဆိုရင် ပညာရှင်တွေက အချက်အလက်နဲ့ ပြောတာကို လက်ခံနားထောင်ပြီး လိုအပ်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို သေသေချာချာစဥ်းစားပြီးမှ ချပြသင့်တာပေါ့ မဟုတ်ဘူးလားဗျာ။

ဦးမိုး။ ။ (ခေါင်းခါယမ်းလျက်) ဟုတ်တယ်ဗျ “အေအိုင်က လူသားတွေကို သတ်လိမ့်မယ်” ဆိုတာ အာနိုးရဲ့ Terminator ရုပ်ရှင်ထဲကလို စက်ရုပ်တွေ လာတိုက်မှာကိုပဲ ပြောတာ မဟုတ်ဘူးလေ။ ဆိုင်ဘာ တိုက်ခိုက်မှုတွေနဲ့အတူ ဘဏ္ဍာရေး စနစ်တွေ ပျက်စီးတာ၊ လက်နက်စနစ်တွေကို အေအိုင်က သူ့အလိုလို ထိန်းချုပ်သွားတာ၊ အဓိက အခြေခံ အဆောက်အအုံတွေ ပျက်စီးပြီး လူသားတွေ ဒုက္ခရောက်မှာကို သုတေသီတွေက အကြောင်းအချက်အလက်နဲ့ သတိပေးနေကြတာ။ အဲဒါကို သမ္မတကြီးက “ကမ္ဘာကြီး မပျက်ပါဘူး၊ ဒါတွေဟာ ရူးရူးမိုက်မိုက် ဂျင်းထည့်နေတာ” ဆိုပြီး ပိတ်ပစ်လိုက်တာတော့ သဘာဝ မကျပါဘူးဗျာ။

ဦးတိုး။ ။ အမှန်ပဲ ကိုမိုး။ ဒါတင်မကသေးဘူး သူက “AI Force” ဆိုတာကြီးကိုပါ တရားဝင် ဖွဲ့မယ်တဲ့။ ပြီးတော့ အဲဒီ တပ်ဖွဲ့ကို ဦးဆောင်ဖို့ “AI Czar” ဆိုတဲ့ ရာထူးမျိုးကိုတောင် တီထွင်ပြီး “ဉာဏ်ရည်မြင့် (High I.Q.) သူတွေပဲ လာလျှောက်ပါ” လို့ ဆိုနေသေးတာ။ “AI အန္တရာယ်ရှိတယ်ဆိုတာ အလိမ် အညာတွေ၊ ငါတို့ အမေရိကန်က တရုတ်ထက် သာရမယ်၊ နောက်ဆုံးမှာ နိုင်တဲ့သူကပဲ အလုံးစုံ အနိုင်ရမှာ” ဆိုပြီး ကြွေးကြော်သွား သေးတာဗျ။

ဦးမိုး။ ။ အေအိုင်ရဲ့ အန္တရာယ်ကို စိုးရိမ်နေရတဲ့ ကြားထဲ အမေရိကန် သမ္မတက “ငါ့လို အိုင်ကျူ မြင့်တဲ့ သမ္မတရှိရင်ရပြီ၊ ဘာအရှိန်မှာ လျှော့စရာမလိုဘူး” ဆိုတော့ ကားကို ဘရိတ်မပါဘဲ အရှိန်မြှင့် မောင်းခိုင်းပြီး အင်ဂျင်နာမည်ကို “ဆူပါအင်ဂျင်” လို့ ပြောင်းတပ်ပေးလိုက်သလို ဖြစ်မနေဘူးလား။

ဦးတိုး။ ။ နောက်ထပ် ပိုရယ်ရတာ ရှိသေးတယ် ကိုမိုးရဲ့။ ကုလမိန့်ခွန်း မတိုင်ခင် ရက်ပိုင်းမှာ သူက Truth Social နဲ့ X (Twitter) ပေါ်မှာ ဆန်းစစ်မဲ ကောက်ခဲ့သဗျ။ သူက ဘာမေးလဲဆိုတော့ “AI ဆိုတဲ့ Artificial စကားလုံးက မပြေပြစ်ဘူး။ ဘာနာမည် ပြောင်းရင် ကောင်းမလဲ” ဆိုပြီး ဆန္ဒမဲ ပေးခိုင်းသေးတာ။ အစတုန်းက “Supreme Intelligence” လို့ စဉ်းစားသေးတယ်တဲ့။ နောက်မှ “Supreme Court (တရားလွှတ်တော်ချုပ်)” နဲ့ သွားတူနေလို့ဆိုပြီး ချန်ပစ်ခဲ့ လိုက်တာ။

ဦးမိုး။ ။ (ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး) ဟားဟား… တရားလွှတ်တော်ချုပ်နဲ့ မှားမှာစိုးလို့ “Supreme” ကို ဖြုတ်လိုက်တာတဲ့လား။ နိုင်ငံတော်ရဲ့ နည်းပညာ အမည်ပေးတဲ့ ကိစ္စကို လူမှု ကွန်ရက်မှာလုပ်တဲ့ မဲရလဒ်ကြည့်ပြီး ဆုံးဖြတ်လိုက်တာပေါ့။ ကောင်းရောဗျာ။

ဦးတိုး။ ။ အေးပေါ့ဗျာ… “Superior Intelligence” နဲ့ “Extreme Intelligence” တွေထဲကမှ နောက်ဆုံး “Super Intelligence (S.I.)” ဆိုတာ မဲအများဆုံးနဲ့ အနိုင်ရသွားပြီး ကုလမိန့်ခွန်းမှာ တရားဝင် နာမည်ပြောင်းလိုက်တာတဲ့ဗျာ။ ဒါကို ကနေဒါ နည်းပညာဝန်ကြီး အီဗန်ကတောင်မှ “ငါတို့ ကနေဒါ လူမျိုးတွေက အားအားယားယား နာမည်တွေ လိုက်ပြောင်းရတာကို စိတ်မဝင်စားပါဘူး” ဆိုပြီး လှောင်လိုက်သေးတယ်။

ဦးမိုး။ ။ အင်း… ပညာရှင်တွေနဲ့ ပညာရှင် မဟုတ်တဲ့သူတွေကြားမှာ စကားလုံး အဓိပ္ပာယ် ယူပုံချင်းက အတော် ကွာခြားတာဗျ။ ဒါပေမဲ့ ထရမ့်က ကျတော့ သူထင်တာတွေ လျှောက်ပြောပြီး အသုံးအနှုန်းကို နားမလည်ဘဲ နာမည်ပြောင်းဖို့ပဲ တတ်တော့ ပြောင်းလိုက်တာပေါ့။ သြော် ဒါနဲ့ ကုလ အစည်းအဝေးကြီးမှာ လာတက်နေကြတဲ့ အခြား ကမ္ဘာ့ခေါင်းဆောင်တွေရော ဘာပြောကြလဲ ကိုတိုး။

ဦးတိုး။ ။ ဗြိတိန် ဝန်ကြီးချုပ်သစ် အန်ဒီ ဘားဟမ် (Andy Burnham) ကတော့ “၂၀၂၇ G20 ထိပ်သီး အစည်းအဝေး ကျရင် အေအိုင် နည်းပညာကို ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းတွေ နဲ့ ထိန်းချုပ်ကြရအောင်” လို့ အဆိုပြုဖို့ ပြင်ဆင်နေတယ်တဲ့။ ပြင်သစ်သမ္မတ မာခရွန်ကလည်း “ငါတို့ ဥရောပက အမေရိကန်နဲ့ တရုတ်ရဲ့ နည်းပညာ လက်အောက်ခံ မဖြစ်စေရဘူး” လို့ ပြောတယ်လို့ သိရတယ်။

ဦးမိုး။ ။ ကိုတိုးရာ ခင်ဗျား စဉ်းစားကြည့်ပါဦး။ နည်းပညာ ကုမ္ပဏီကြီးတွေက ဖြစ်တဲ့ OpenAI ရဲ့ Sam Altman တို့၊ Anthropic ရဲ့ Dario Amodei တို့၊ Microsoft ရဲ့ Satya Nadella တို့ကကျတော့ AI တွေ လွတ်ထွက်ပြီး လူသားတွေအတွက် အန္တရာယ်ဖြစ်မှာ ကြောက်လို့ “အေအိုင် တီထွင်တာတွေကို အရှိန်လေး နည်းနည်း လျှော့ကြရအောင်” လို့ ဝိုင်းပြောနေချိန် ကမ္ဘာပေါ်မှာ အလွှမ်းမိုးနိုင်ဆုံး အစိုးရ ခေါင်းဆောင်က သူတို့ကို “ဟေ့ကောင်တွေ မရပ်နဲ့နော်၊ မြန်မြန်သာသွား၊ နိုင်ဖို့ကသာ အရေးကြီးတယ်” ဆိုပြီး မြှောက်ပေးနေတာဆိုတော့ တော်တော်လေး ကြောက်စရာရော ရယ်စရာရော ကောင်းတဲ့ အခြေအနေပဲ။

ဦးတိုး။ ။ (ရယ်လျက်) ခင်ဗျား စဉ်းစားကြည့်စမ်းပါဦး ကိုတိုးရယ်။ နောင်များကျလို့ အေအိုင်တွေကို မေးခွန်းသွားမေးရင် ဘယ်လိုဖြစ်လာမလဲ။ “ဟေ့… ChatGPT၊ မင်းက အေအိုင်လား မင်းကို ငါဘယ်လိုခေါ်ရမလဲ” လို့ မေးရင်၊ အေအိုင် က “ကျွန်တော့်ကို အဲလို မခေါ်ပါနဲ့ခင်ဗျာ၊ အမေရိကန် သမ္မတကြီးရဲ့ အမိန့်အရ ကျွန်တော်က အခု အက်စ်အိုင် – SI (Super Intelligence) ဖြစ်သွားပါပြီ” လို့ ပြန်ဖြေနေဦးမယ်။

ဦးမိုး။ ။ ဟား ဟား… ဟုတ်မယ်ဗျ။ ပြီးတော့ “မင်းက လူသားတွေကို မျိုးသုဥ်းအောင် သတ်မှာလား” လို့ မေးရင် အေအိုင်က “ကျွန်တော်တို့ သမ္မတကြီး ထရမ့်ကတော့ အဲဒါကြီးကို လုပ်ဇာတ် Hoax တွေလို့ ပြောထားပါတယ်” လို့ ပြန်ဖြေမလား မသိဘူးဗျာ။

ဦးတိုး။ ။ (ပြုံးလျက်) ဘာပဲဖြစ်ဖြစ်ပါဗျာ… ကမ္ဘာကြီးမှာ အေအိုင်ကပဲ လူသားတွေကို လွှမ်းမိုး သွားမှာလား ဒါမှမဟုတ် ထရမ့် ပြောသလိုပဲ အမေရိကန်ရဲ့ စီးပွားရေး (GDP) ရဲ့ ၂၅ ရာခိုင်နှုန်းအထိ တိုးတက်စေမယ့် စက်မှုနည်းပညာ ပြောင်းလဲမှု အကြီးကြီးတစ်ခု ထပ်ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရုံပဲ ရှိတော့တာပေါ့ဗျာ။

ဦးမိုး။ ။ ဘာပဲဖြစ်ဖြစ်ပါ လက်ဖက်ရည်ဆိုင်က ဦးတိုးနဲ့ ဦးမိုးကတော့ အေအိုင်ပဲခေါ်ခေါ်၊ အက်စ်အိုင်ပဲ ပဲခေါ်ခေါ်၊ အရေးမကြီးပါဘူး။ မနက် မနက် လက်ဖက်ရည် မှာရင် စက်ရုပ် စားပွဲထိုးတွေ ရောက်မလာလောက် သေးပါဘူး။ ဒါကို တွေးမိရင်ကိုပဲ ကျေနပ်ပါပြီ။ ကဲ… ကိုတိုး၊ ခင်ဗျား လက်ဖက်ရည်တွေ အေးကုန်တော့မယ်၊ သောက်လိုက်ပါဦး။

ဦးတိုး။ ။ (လက်ဖက်ရည်ခွက်ကို မပြီး) ဟုတ်တယ် ကိုမိုး။ ကျွန်တော်တို့ရဲ့ လက်ဖက်ရည်ဝိုင်းကို တော်တော်နဲ့ ရောက်မလာနိုင်ဘူး ထင်ပါရဲ့။ ကဲ သွားဦးမယ်ဗျို့။ တွေ့ကြဦးမယ်။

သမ္မတ ထရမ့်နှင့် နည်းပညာ ကုမ္ပဏီ ထိပ်သီးခေါင်းဆောင်များ အိမ်ဖြူတော်ရှေ့၌ သတင်းထောက်များနှင့် တွေ့ဆုံနေစဥ် (credit: ABC News)

ကိုးကား

  1. WION News (Sept 23, 2026): Trump calls AI ‘Super Intelligence’ at UN as world leaders clash over how to regulate it.
  2. Hindustan Times (Sept 22, 2026): Donald Trump rechristens artificial intelligence as ‘super intelligence’, dismisses AI risk concerns at UNGA.
  3. ThePrint Essential (Sept 23, 2026): Trump says AI is now ‘super intelligence’. Why the new name matters & Truth Social Polls.
  4. The Next Web (TNW) (Sept 23, 2026): Trump tells the UN that AI is now ‘super intelligence’ & Geoffrey Hinton’s warning on AI risks.
Click to rate this post!
[Total: 2 Average: 3]

Leave a Comment

Your email address will not be published. Required fields are marked *