အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဆယ်စုနှစ်များစွာကြာအောင် ဩဇာလွှမ်းမိုးထားခဲ့တယ်။ ခုတော့ ဒါတွေ ပြီးဆုံးသွားပါတော့မယ်။
အမေရိကန်ဟာ အရှေ့အလယ်ပ်ိုင်းမှာ ပိတ်မိနေတယ်။ အီရန်နဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲကနေ လွယ်လွယ်နဲ့ ရုန်းထွက်မရနိုင် ဖြစ်နေတယ်။ နောက်ဆုံး ဒီစစ်ပွဲကြီး ပြီးခဲ့ပြီဆိုရင်တောင် ဒီပဋိက္ခဟာ အင်မတန်ထူးခြားတဲ့ အမှတ်လက္ခဏာတွေ ကျန်ရစ်နေမှာပါ။ အမေရိကန်တွေ ဒီဒေသက နောက်ဆုတ်ထွက်ခွာသွားတာနဲ့ တစ်ပြိုင်နက် အမေရိကန်ရဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုလည်း ပျောက်ကွယ်သွားတော့မှာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က အော်တိုမန်အင်ပါယာကို အင်အားကြီးနိုင်ငံတွေက ခွဲဝေယူခဲ့ကြပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အရှေ့အလယ်ပိုင်းဒေသဟာ ကမ္ဘာကြီးရဲ့ အဝေးတစ်နေရာကနေ ကြိုးကိုင် ခြယ်လှယ် ခံရတာမျိုး မရှိနိုင်တော့ပါဘူး။
ပထမကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာ့ဘာသာကြီးသုံးခု စတင်ရာ ဒီဒေသဟာ ဒုက္ခတစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရပါတယ်။ ကမ္ဘာစစ်တုန်းက အနိုင်ရသူတွေဘက်ကနေ ကူညီတိုက်ခိုက်ပေးခဲ့တဲ့ အာရပ်တွေဟာ ဗြိတိန်က အီရတ်၊ ဂျော်ဒန်နဲ့ ပါလက်စတိုင်းကို ထိန်းချုပ်လိုက်ပြီး ပြင်သစ်က လက်ဘနွန်နဲ့ ဆီးရီးယားကို သိမ်းပိုက်လိုက်ချိန်မှာ သစ္စာဖောက်ခံ လိုက်ရတယ်လို့ ခံစားခဲ့ရပါတယ်။ နောက်ပိုင်းမှာ အီဂျစ်သမ္မတ နာဆာလို အမျိုးသားရေးခေါင်းဆောင်တွေဟာ ဆိုဗီယက်ဆီက ကူးစက်လာတဲ့ စီးပွားရေးမူဝါဒမှားတွေအောက်မှာ ပျက်စီးခဲ့ရတယ်။ အီရတ်က ဆက်ဒမ်ဟူစိန်နဲ့ ဆီးရီးယားက ဟာဖက်ဇ်အာဆတ်တို့လို အာဏာရှင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း သူတို့ရဲ့ ရက်စက်တဲ့အုပ်ချုပ်မှုအောက်ကနေ ထွက်ပေါ်လာတဲ့ ဂျီဟတ်ဝါဒီ အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေနဲ့ အပြိုင်ဖြစ်ခဲ့တယ်။
စစ်ပွဲသုံးကြိမ်၊ လျှို့ဝှက်စစ်ဆင်ရေး ပေါင်းများစွာနဲ့ အဆုံးမရှိတဲ့ သံတမန်ရေး ကစားပွဲတွေ အပြီးမှာတော့ အမေရိကရဲ့ ပုံစံသွင်းဖို့ ကြိုးစားမှုတွေဟာ အဆုံးသတ်သွားခဲ့ပါပြီ။ ဗြိတိန်၊ ပြင်သစ်နဲ့ ရုရှားတို့လိုပဲ အမေရိကဟာ ဒီဒေသမှာ ပါဝင်ပတ်သက်နေဦးမှာ ဖြစ်တယ်။ အကြမ်းဖက်မှုနှိမ်နင်းရေး အပါအဝင် သူ့အကျိုးစီးပွားအတွက် စစ်အင်အားကို တစ်ခါတစ်ရံ သုံးချင်သုံးပါလိမ့်မယ်။ ဒါပေမဲ့ ဒီဒေသရဲ့ဗိသုကာဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ စွန့်လွှတ်လိုက်ရပြီဖြစ်တယ်။
သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလ UN အစည်းအဝေးမှာ အီရန်ကို “ပြာကျသွားအောင် လုပ်ပစ်မယ်” လို့ ခဏခဏ ခြိမ်းခြောက်နေပေမယ့်လည်း အမေရိကန်တွေ နောက်ဆုတ်တော့မယ်ဆိုတဲ့ လက္ခဏာတွေကတော့ ထင်ရှား နေပါတယ်။ ပေါ်လွင်တဲ့ အချက်နှစ်ချက်ရှိပါတယ်။ ဒီလအစောပိုင်းမှာ အမေရိကန်ဟာ ပင်လယ်နီထဲက သင်္ဘောတွေ ကို ခြိမ်းခြောက်နေတဲ့ ယီမင်က ဟူသီသူပုန်တွေကို တိုက်ခိုက်ရာမှာ ဆော်ဒီအာရေဗျနဲ့ မပူးပေါင်းဘဲနေခဲ့တယ်။ အဲဒီအစား ဆော်ဒီတွေ ကွယ်ရာမှာ အမေရိကန်သင်္ဘောတွေကို မတိုက်ဖို့ ဟူသီတွေနဲ့ တိုးတိုးတိတ်တိတ် ဆွေးနွေး ခဲ့တယ်။ ဒါဟာ သေးငယ်တဲ့အချက်လို့ ထင်ရပေမယ့် မဟာအာဏာရှင်ကြီးတစ်နိုင်ငံက သူပုန်လက်နက်ကိုင်အဖွဲ့နဲ့ သဘောတူညီချက်ယူလိုက်တာဟာ သူတို့ရဲ့ တာဝန်ယူမှုတွေကို လျှော့ချချင်နေပြီလို့ နားလည်သဘောပေါက်နိုင်တယ်။
နောက်ထပ် လက္ခဏာတစ်ခုကတော့ အမေရိကဟာ အရှေ့အလယ်ပိုင်းမှာ သူ့ရဲ့ စစ်အင်အားကို လျှော့ချ တော့မယ် ဆိုတဲ့ မျှော်လင့် ချက်ပါ။ ငြိမ်းချမ်းရေးကာလမှာ အမေရိကဟာ စစ်စခန်း ၁၉ ခု (ရှစ်ခုက အမြဲတမ်းစခန်း) မှာ တပ်ဖွဲ့ဝင် ၃၀,၀၀၀ ကနေ ၄၀,၀၀၀ အထိ ထားရှိခဲ့တယ်။ ဒါပေမဲ့ ဒီစစ်ပွဲကနေ အဲဒီစခန်းတွေဟာ ဒရုန်းတွေနဲ့ စျေးပေါတဲ့ ဒုံးကျည်တွေရဲ့ အန္တရာယ်အောက်မှာ ဘယ်လောက်အထိ ထိခိုက်လွယ်လည်းဆိုတာ ပေါ်လွင်သွားခဲ့ပါတယ်။ ဒါကြောင့် အမေရိကဟာ လေယာဉ်တင်သင်္ဘောတွေနဲ့ အိန္ဒိယသမုဒ္ဒရာထဲက ဒီယေဂိုဂါးရှား (Diego Garcia) စခန်းကိုပဲ အားကိုးဖို့ အကြောင်းဖန်လာခဲ့တယ်။ ကျွမ်းကျင်သူအချို့ကတော့ အမေရိကအနေနဲ့ အစ္စရေးနဲ့ ဂျော်ဒန်လို နေရာအနည်းငယ်မှာပဲ တပ်စခန်းတွေကို စုစည်းထားသင့်တယ်လို့ ပြောဆိုနေကြတယ်။
ဒါဟာ ဒီလထဲမှာ NBC သတင်းဌာနက ထုတ်ပြန်ခဲ့သလို အမေရိကန်တပ်တွေဟာ ဥရောပကနေ တပ်ဖွဲ့ဝင် ၂၅,၀၀၀ ကနေ ၄၀,၀၀၀ အထိ ရုပ်သိမ်းနိုင်တယ်ဆိုတဲ့ မှန်းဆချက်နဲ့ ကိုက်ညီနေတယ်။ ထရမ့်အစိုးရဟာ အမေရိကတိုက် ဘက်ကိုပဲ အဓိက အာရုံစိုက်နေတယ်။ လုံခြုံရေးတာဝန်ရှိသူတွေကတော့ အမေရိကန်ကို တရုတ်နဲ့ ယှဉ်ပြိုင်နိုင်အောင် အင်အားချဲ့ထွင်ချင်ကြတယ်။ ဒီတစ်ပတ်အတွင်း ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မြင်တွေ့ရတဲ့အတိုင်း တရုတ်နဲ့ သံသယဖြစ်ဖွယ် ယှဉ်တွဲနေထိုင်မှုနဲ့ ထိပ်တိုက်တွေ့ဆုံလာနိုင်မှုကို သတိပြုမိခဲ့ကြတယ်။
အမေရိကန်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ၂၀၂၀ အထိ အမေရိကန်ဟာ ရေနံတင်သွင်းတဲ့ နိုင်ငံဖြစ်ခဲ့ပေမယ့် ဒီနေ့မှာတော့ ဧရာမ ရေနံတင်ပို့သူ ဖြစ်နေပါပြီ။ တရုတ်ကတော့ ဆန့်ကျင်ဘက်အဖြစ် ပင်လယ်ကွေ့ ရေနံထုတ်နိုင်ငံတွေရဲ့ အကြီးမားဆုံး ဖောက်သည် ဖြစ်လာခဲ့ပြီး စူးအက်တူးမြောင်းကနေတစ်ဆင့် သူ့ကုန်ပစ္စည်းတွေကို ဥရောပစျေးကွက်ဆီ ပို့ဆောင်နေတယ်။
ဒါကြောင့် အမေရိကန်ရဲ့ မူဝါဒတွေကြောင့် ပြင်ပကနေ အကျိုးအမြတ် အများဆုံးရသွားသူဟာ တရုတ် ဖြစ်နေတယ်။ ဒါပေမဲ့ အမေရိကန် ပေးဆပ်ခဲ့ရတဲ့ ဒေါ်လာ ထရီလီယံပေါင်းများစွာနဲ့ သေဆုံးခဲ့ရတဲ့ စစ်သည်ထောင်ပေါင်းများစွာကို မြင်ထားတဲ့အတွက် တရုတ်အနေနဲ့ ဒီဒေသရဲ့ သြဇာကြီးနိုင်ငံအဖြစ် ဝင်ရောက်နေရာယူဖို့တော့ မဖြစ်နိုင်ပါဘူး။
အဲဒီအစား ဒီဒေသထဲက နိုင်ငံသုံးနိုင်ငံကပဲ ဒီကွက်လပ်ကို စတင်ဖြည့်ဆည်းဖို့ အင်အားရှိကြတယ်။
အန္တရာယ်အကြီးဆုံးကတော့ အီရန် ပါ။ အီရန် အစိုးရသာ ပြိုလဲသွားရင် အီရတ်၊ ဆီးရီးယားနဲ့ လက်ဘနွန်တို့မှာ သူ့ရဲ့ ဆိုးဝါးတဲ့ သြဇာလွှမ်းမိုးမှုကို ပြန်လည်တည်ဆောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့အတိုင်း အီရန်အစိုးရ ဆက်လက် ရှင်သန်နေဦးမယ်ဆိုရင်တော့ စစ်ပွဲအတွင်းက သူတို့ တိုက်ခိုက်ခဲ့တဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ဗိုလ်ကျပြီး ဟောမုဇ် ရေလက်ကြားကို ထိန်းချုပ်ကာ အကျိုးအမြတ်ထုတ်သွားနိုင်တယ်။ တစ်ဆက်တည်း ပြည်ပက စစ်သွေးကြွအဖွဲ့တွေ ပြန်လည်ထူထောင်ဖို့ ကြိုးစားလာနိုင်တယ်။ ရုရှားရဲ့ ကျောထောက်နောက်ခံနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးကိုလည်း ပြန်စနိုင်တယ်။ ဒါဟာ အမေရိကန်အတွက်တော့ မျဉ်းနီ ပါပဲ။
ဒုတိယအင်အားကြီးနိုင်ငံကတော့ တူရကီ ဖြစ်ပြီး အာရပ်နိုင်ငံတွေနဲ့ တိတ်တဆိတ် ဆက်ဆံရေး တည်ဆောက်နေခဲ့တာ ကြာပါပြီ။ တူရကီဟာ ဆီးရီးယားအစိုးရသစ်ကို အဓိက ထောက်ပံ့သူ ဖြစ်သလို အီရတ်နဲ့လည်း ကုန်သွယ်ရေး လမ်းကြောင်း၊ ရေပေးဝေရေးနဲ့ ကာ့ဒ်ခွဲထွက်ရေးဝါဒီတွေကို နှိမ်နင်းရေးမှာ ပူးပေါင်းဆောင်ရွက်နေတယ်။ တူရကီဟာ ပြီးခဲ့တဲ့လကပဲ ပါကစ္စတန်၊ ဆော်ဒီတို့နဲ့ လုံခြုံရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တယ်။ တူရကီဟာ မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ (Muslim Brotherhood )ကို ဦးဆောင်သူဖြစ်ပေမယ့် သဘောတရားရေးထက် လက်တွေ့ဆန်သူဖြစ်ပြီး သူ့ရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအတွက် စီးပွားရေးကိုပဲ ဦးတည်တယ်။
တတိယနိုင်ငံကတော့ အစ္စရေး ဖြစ်ပြီး စစ်ရေးနဲ့ ထောက်လှမ်းရေးမှာ ထိပ်တန်းအင်အားကြီး နိုင်ငံဖြစ်တယ်။ ၂၀၂၃ အောက်တိုဘာ ၇ ရက်၊ သုတ်သင်သတ်ဖြတ်ပွဲအပြီးမှာ အစ္စရေးဟာ သူ့ကိုယ်သူ ခေတ်သစ် စပါတာ (Sparta) အဖြစ် ခံယူထားပြီး သူ့ကို ခြိမ်းခြောက်လာတဲ့ အင်အားစုမှန်သမျှကို ချေမှုန်းပစ်ဖို့ ကြိုးစားနေတယ်။ အစ္စရေးဟာ အေဘရာဟမ် သဘောတူညီချက်အရ ယူအေအီး (UAE) နဲ့ နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်ထားခဲ့ပေမယ့် ပါလက်စတိုင်းနဲ့ ဆက်ဆံရေး မျှော်လင့်ချက်ကတော့ တဖြည်းဖြည်းနဲ့ မှေးမှိန် လာနေတယ်။
ဒီနိုင်ငံသုံးနိုင်ငံဟာ ငြိမ်းငြိမ်းချမ်းချမ်း ပူးတွဲယှဉ်တွဲနေထိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ အစ္စရေးနဲ့ တူရကီဟာ ဆီးရီးယားမှာ ထိတွေ့မှုတွေ ရှိနေပြီး အစ္စရေးနဲ့ အီရန်ကြားမှာလည်း စစ်ပွဲကိစ္စ မပြတ်သေးပါဘူး။ အီရန်နဲ့ တူရကီကလည်း ရှေးဟောင်း အင်ပါယာ ပြိုင်ဘက်တွေ ဖြစ်ကြတယ်။
အရှုံးသမားတွေကတော့ အာရပ်နိုင်ငံတွေပါပဲ။ အီရတ် နဲ့ ဆီးရီးယားလို နိုင်ငံတွေဟာ ပြည်တွင်းစစ် ပြာပုံထဲကနေ ရုန်းထွက်ဖို့ ရုန်းကန်နေရတုန်းပါ။ အာရပ်ကမ္ဘာရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့ အီဂျစ်ဟာအဂတိလိုက်စားမှုနဲ့ ပြည်တွင်း အတိုက်အခံတွေကို နှိမ်နင်းဖို့ပဲ အင်အားစိုက်နေတယ်။ ပင်လယ်ကွေ့ ဘုရင့်နိုင်ငံတွေကတော့ သဘောတရားရေးထက် စီးပွားရေး တိုးတက်မှုနဲ့ သာယာ ဝပြောရေးကိုပဲ အဓိကထားနေတယ်။
ဒါဟာ ကြိုဆိုရမှာ ဖြစ်ပေမယ့် သူတို့ရဲ့ စီးပွားရေးပုံစံဟာ အမေရိကရဲ့ လုံခြုံရေးအပေါ် မှီခိုနေတယ်။ အလွန်ကြွယ်ဝ ချမ်းသာတဲ့ ကာတာ၊ ဆော်ဒီနဲ့ ယူအေအီးတို့ရဲ့ ပြိုင်ဆိုင်မှုတွေဟာ မတည်ငြိမ်မှုတွေကို ပျံ့နှံ့စေနေပြီး အမေရိကန်ရဲ့ နောက်ဆုံးလက်ဆောင်ကတော့ သူတို့ကို ပူးပေါင်းဆောင်ရွက်နိုင်အောင် ကူညီပေးခဲ့တာပဲ ဖြစ်တယ်။
အာရပ်တွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက သိပ္ပံနဲ့ ပညာရေးရဲ့ မီးရှူးတန်ဆောင် ဖြစ်ခဲ့စဉ်က ဆုံးရှုံးခဲ့ရတဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရရှိဖို့ အမြဲတမ်း တောင့်တခဲ့ကြတယ်။ အမေရိကန် နောက်ဆုတ်လိုက်တာဟာ သူတို့ကို အခွင့်အရေးတစ်ခု ပေးတော့မှာပါ။ ဒါပေမဲ့ ထွက်ခွာသွားတဲ့ ထိပ်သီးနိုင်ငံတိုင်းဟာ စိတ်ပျက်စရာပုံစံများနဲ့ မရည်ရွယ်တဲ့ အကျိုးဆက်အမွေတွေကို ထားရစ်ခဲ့ကြတာချည်းပါပဲ။ နက်နက်ရှိုင်းရှိုင်း မုန်းတီးမှုတွေနဲ့ အခြေ မခိုင်သေးတဲ့ရလဒ်တွေ ကျန်ရစ်နေသေးတယ်။ သံသယရှိသူတွေ မှားယွင်းကြောင်း သက်သေပြဖို့ကိုတော့ အရှေ့အလယ်ပိုင်းဒေသက အတော်လေး ရုန်းကန်ရပါဦးမယ်။
ref: When America walks away. The Economist. September 26-October 2



