The Corner

The Corner

cropped-Logo_round_grey-background.png

‘တီဟီရန်’ က စစ်ပွဲ ကြာရှည်လေ အီရန်အတွက် ပိုကောင်းလေဟု ဆိုသည်

Share မယ်

‘ထရမ့်’ က ကြားဖြတ်ရွေးကောက်ပွဲအထိ အီရန်စစ်ပွဲကို မြွေမသေ တုတ်မကျိုး ထိန်းထားမည်ဟုဆိုသည်

ရီပတ်ဘလီကန်ပါတီ၏ ကြားဖြတ် ရွေးကောက်ပွဲများ (midterms) အတွက် ဒါးလတ်စ်မြို့၌ ‘ထရမ့်’ မဲဆွယ်ဟောပြောနေစဉ်

အီရန်စစ်ပွဲသည် ယခုအခါ အဆုံးအစ မမြင်သာသော ဝဲသြဃတစ်ခုအတွင်း၌ တဝဲလည်လည် ကျရောက်နေသကဲ့သို့ ဖြစ်နေသည်။

ဂျော်ဒန်နိုင်ငံရှိ Muwaffaq Salti လေတပ်အခြေစိုက်စခန်းကို စက်တင်ဘာ (၈)နှင့် (၉) ရက်နေ့များအတွင်း အီရန်တို့က တိုက်ခိုက်ခဲ့ရာ အမေရိကန်စစ်လေယာဉ် အများအပြား ပျက်စီးခဲ့ကြောင်း CBS News က ဖော်ပြခဲ့သည်။ A-10 Thunderbolt တိုက်ခိုက်ရေးလေယာဉ်တစ်စင်းမှာ တိုက်ခိုက်ခံရပြီး တောင်ပံတစ်ဖက် ပျက်စီးသွားခဲ့သည်ဟု သတင်းက ဆိုသည်။ F-15 လေယာဉ် ရှစ်စင်းလည်း ထိခိုက်ပျက်စီးမှုရှိသော်လည်း ပြန်လည်အသုံးပြုနိုင်ခဲ့သည်ဟု သတင်းကဆိုသည်။

အမေရိကန်ရေတပ် စစ်ရေယာဉ်တစ်စင်းကို အီရန်တို့က တိုက်ခိုက်ခဲ့၍ အီရန်ရေနံတင်သင်္ဘော ငါးစင်းကို   လက်တုံ့ပြန်  တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ဘက်က စက်တင်ဘာ (၈)ရက်နေ့တွင် ကြေညာခဲ့သည်။ ယင်းကို တုံ့ပြန်သည့် အနေဖြင့် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ရေနံတင်သင်္ဘော ရှစ်စင်းနှင့် စစ်ရေယာဉ် နှစ်စင်း တို့ကို တိုက်ခိုက်ခဲ့ပြီး ဂျော်ဒန်ရှိ အခြေစိုက်စခန်းကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အမေရိကန်လေတပ်၏ Fairchild A-10C Thunderbolt II ‘Warthog’ တိုက်ခိုက်ရေးလေယာဉ်တစင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က ပျံတက်နေစဥ်။

ဂျော်ဒန်ရှိ အမေရိကန်တပ်ဖွဲ့များသည် အီရန်၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် Patriot ဒုံးကျည် အစင်း ၃၀ ကျော်ကို ပစ်လွှတ်ခဲ့သည်။ Patriot ဒုံးကျည်များနှင့် အခြား တိကျစွာပစ်ခတ်နိုင်သည့် လက်နက်ခဲယမ်း လက်ကျန် ပမာဏ လျင်မြန်စွာ လျော့နည်းလာနေသဖြင့် မေရိကန်အရာရှိများ စိုးရိမ်ပူပန်နေကြောင်း CBS News က ယခင်က ဖော်ပြခဲ့ဖူးသည်။

အခြားတစ်ဖက်မှ ကြည့်လျှင် ထရမ့်သည် တစ်မူထူးသော လောင်းကြေးတစ်ခု ကို ထပ်မံ အလောင်းအစား လုပ်နေ သည်ဟု ဆိုသည်။ ထိုလောင်းကြေးမှာ အမေရိကန်၏ ကြားဖြတ်ရွေးကောက် ပွဲများ (midterms) အထိ အီရန် ပဋိပက္ခ ကို မြွေမသေ တုတ်မကျိုး ထိန်းထားရန် ဖြစ်သည်။ သံတမန်ရေးအရ သဘောတူညီချက်တစ်ရပ်ကိုလည်း မရယူ၊ အခြေအနေကိုလည်း အပြည့်အဝစစ်ပွဲအဖြစ် မဆိုးရွားစေဘဲ ထိန်းထားရန် ဖြစ်သည်။

ထိုသို့ဖြင့် ရွေးကောက်ပွဲများ မတိုင်မီကာလတွင် အတော်အတန် တည်ငြိမ်သည့် အခြေအနေတစ်ရပ် ဖန်တီးပြီး သတင်းခေါင်းစီးများမှ အီရန်ကို ဖယ်ထုတ်ထားရန် ရည်ရွယ်သည်။ မြင့်တက်လာသော ငွေဖောင်းပွမှုနှင့် ဓာတ်ဆီ ဈေးနှုန်းများ၊ တစ်ဖက်တွင် ထရမ့်ကိုယ်တိုင် ရွေးချယ်ဆင်နွှဲခဲ့သည့် မိုက်မဲသော စစ်ပွဲတို့အကြား ဆက်နွှယ်မှုကိုလည်း ရွေးကောက်ပွဲ နီးလာချိန်တွင် အားနည်း မှေးမှိန်သွားစေရန် ‘ထရမ့်’က ရည်ရွယ်ပုံရသည်ဟု ဆိုသည်။

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အီရန်အစိုးရ သတ်မှတ်ထုတ်ပြန်သည့် ကန့်သတ်နယ်အတွင်း ကြိုတင်ညှိနှိုင်းခွင့်ပြုချက် မရှိဘဲ ဝင်ရောက်လာခွင့်မပြုကြောင်း၊ ခွင့်မပြုဘဲ ဝင်လာခဲ့ပါက မည်သည့် သင်္ဘောကိုမဆို အရေးယူသွားမှာဖြစ်ကြောင်း စက်တင်ဘာ ၉ ရက် ရိုက်တာသတင်း၌ ဖော်ပြထားသည်။ ယင်းနေ့၌ပင် အီရန်နို င်ငံခြားရေးဝန်ကြီးဌာနက အီရန်ရေနံတင် သင်္ဘောများကို အမေရိကန် စစ်တပ်၏ တိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ယင်းသို့ တိုက်ခိုက်မှုသည် “ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက် ဥပဒေများ” ကို ချိုးဖောက်ခြင်းဖြစ်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က အရေးယူပေးရန် တောင်းဆိုခဲ့သည်ဟု ရိုက်တာသတင်း က ဆိုသည်။

အီရန်စစ်ပွဲကြောင့် မြင့်တက်လာနေသော ငွေကြေးဖောင်းပွမှုနှင့် ဓာတ်ဆီဈေးနှုန်းများကို ထိန်းချုပ်မရ ဖြစ်လာ နေသည်။ အခြားတစ်ဖက်တွင် သူကိုယ်တိုင် ရွေးချယ်ဆင်နွှဲခဲ့သော မိုက်မဲသည့် စစ်ပွဲ၏ ဆိုးကျိုး သက်ရောက်မှုများကို ထရမ့်က လျှော့ချဖော်ပြလိုသည်။ သို့သော် အမေရိကန်မဲဆန္ဒရှင်များနှင့် အီရန်ပြည်သူများက ‘ထရမ့်’ကို ထိုသို့ လုပ်ခွင့် ပေးကြဖွယ်မရှိဟု အကဲခတ်များက ယူဆနေကြသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ ‘အီရန်စစ်ပွဲ’ ဆင်နွှဲခဲ့မှု အကျိုးဆက်ကြောင့် ရေနံဈေးနှုန်း မြင့်တက်မှုကို ရင်ဆိုင်နေရသည်။ ယင်းအချက်က ရွေးကောက်ပွဲတွင် ရီပတ် ဘလစ်ကန်ပါတီ အရေးနိမ့်ဖွယ်ဖြစ်လာနေခြင်းသည် အဓိကပြဿနာ ဖြစ်လာသည်။

“နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အီရန်စစ်ပွဲ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပေမဲ့ နောင်တမရဘူး။” ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဆိုသည်။

နိုဝင်ဘာလ (midterms) ရွေးကောက်ပွဲတွင် အီရန်စစ်ပွဲကြောင့် ထောက်ခံသူများ၏ စိတ်ပျက်မှုများ ကျယ်ပြန့် လာနေမှု အပေါ်  Fox News နှင့် အင်တာဗျူး၌ ‘ထရမ့်’ ကနောင်တမရဟု ဆိုလိုက်သည်။ ထို့အပြင် ‘ထရမ့်’ က ရွေးကောက်ပွဲပြီးချိန်၌ အီရန်စစ်ပွဲ အဆုံးသတ်သွားလိမ့်မည်ဟု ထင်မြင်ချက်ပေးလိုက်သေးသည်။ 

လက်ရှိ မြင်သာထင်သာ ဖြစ်စဉ်တွင် အမေရိကန်-အီရန် နှစ်နိုင်ငံအကြား မည်သည့်ဘက်ကမျှ အလျှော့ပေးလိုခြင်း မရှိ ဖြစ်နေသည်ကို တွေ့ရသည်။ ဇာတိပုည ဂုဏ်မာနကို ဘယ်ဘက်ကမှ အလျှော့မပေးလိုသည့် သဘောထား တင်းမာမှုဟု ဆိုနိုင်သည်။ ဤသို့ဖြင့် အခြေအနေ တင်းမာမှုကို အပြန်အလှန် မြှင့်တင်ခဲ့ကြသည်။ ထို့နောက်တွင် တင်းမာမှု ပြန်လျှော့ချရေးအတွက် သံတမန်ရေးလမ်းကြောင်းကို ပြန်ရှာကြ ပြန်သည်။ သံတမန်ရေး ညှိနှိုင်းမှုဖြင့် သဘော တူညီချက်အချို့ရလာပြန်သည်။ သို့သော် သဘောတူညီမှုကို လိုက်နာရေးအတွက် ဖိအားပေးမှုများ ပြန်လုပ်ကြ ပြန်သည်။ အဆင်မပြေထပ်ဖြစ်သောအခါ စစ်ရေးအရ အပြန်အလှန် တုံ့ပြန်ကြပြန်သည်။ နောက်တော့ ထပ်မံ၍ သံတမန်ရေး နည်လမ်းရှာရေးဆီသို့ ပြန်လည်ရောက်ရှိကြပြန်သည်။ ဤသို့ဖြင့် အဆုံးအစ မမြင်ရသော ဝဲသြဃ၌ သံသရာလည်နေကြပေသည်။

တီဟီရန်၏ ပိုမိုရဲတင်းပြတ်သားလာသော ပြောဆိုမှုများက ပဋိပက္ခ၏ ပိုမိုအန္တရာယ်များသော အဆင့်သစ်တစ်ခုကို ဦးတည်နေပြီဟုလည်း ဝေဖန် ပြောဆိုနေကြပြန်သည်။

စစ်ရေးတိုက်ခိုက်မှုများကို ပြန်လည်စတင်လိုက်ပြီ

၂၀၂၆ စက်တင်ဘာ ၂ ရက်နေ့ ‘နယူးစ်ဝိခ်’ ၏ သတင်းပေးပို့ချက်အရ အမေရိကန်ပြည်ထောင်စုသည် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများကို ပြန်လည်စတင်လိုက်ပြီဟုဆိုသည်။ မဟာဗျူဟာအရ အရေးပါသော ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အတွင်းနှင့် ၎င်းပတ်ဝန်းကျင်ရှိ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ဆက်နွှယ်သည့် စစ်ရေးအခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ် (U.S. Central Command) က ပြောကြားကြောင်း ဖော် ပြထားသည်။

စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ စစ်ရေးလှုပ်ရှားမှုသည် ထရမ့်အစိုးရ၏ အီရန်အပေါ် စီးပွားရေးဖိအားပေးမှုနှင့် တစ်ပြိုင်နက်တည်း ပိုမိုတင်းတင်းကျပ်ကျပ် ဖိအားပေးလိုက်ခြင်း ဖြစ်သည်။ ဘဏ္ဍာရေး ဝန်ကြီး ‘စကော့ ဘက်ဆင့်’ (Scott Bessent) က မြောက်ကာရိုလိုင်းနားပြည်နယ်တွင် ကျင်းပသည့် G20 အစည်းအဝေး ၌ အင်္ဂါနေ့က ပြောကြားရာတွင် ဝါရှင်တန်အစိုးရအနေဖြင့် “အီရန်အစိုးရကို စီးပွားရေးအရ အသက်ရှူမရအောင် ဖိအားပေးသွားမည်” ဟု ဆိုခဲ့သည်။ တီဟီရန်ကို ဆွေးနွေးရေးစားပွဲသို့ ပြန်လည်ရောက်ရှိလာစေရန် ထပ်မံပိတ်ဆို့ အရေးယူမှုများ ချမှတ်သွားမည်ဟု  ‘စကော့ ဘက်ဆင့်’ က ပြောကြားခဲ့သည်။

ယခု စစ်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းသည် ပြီးခဲ့သည့်သြဂုတ်လက ‘သမ္မတ ထရမ့်’ က ထုတ်ဖော်ပြောကြားခဲ့သည့် မဟာဗျူဟာနှင့် သိသိသာသာ မတူကွဲလွဲနေသည်ဟု ဆိုသည်။ ထိုစဉ်က ထရမ့် သည် တီဟီရန်အပေါ် စီးပွားရေး ဖိအားပေးမှုကို အဓိကထားမည်ဟု အလေးပေးပြောကြားခဲ့သည်။ အီရန်အပေါ် “Economic D-Day” ဟု ခေါ်ဆိုသည့် ကြီးမားသော စီးပွားရေးဖိအားပေးမှုတစ်ရပ် ပြုလုပ်မည်ဟု ထရမ့်က ပြောခဲ့သည်။ ထရမ့်အစိုးရအရာရှိများကလည်း ပိုမိုတင်းကျပ်သော ပိတ်ဆို့အရေးယူမှုများနှင့် အီရန်၏ အရေးပါသော ဘဏ္ဍာရေးအသက်သွေးကြောများကို ပစ်မှတ် ထားခဲ့ကြသည်။ ဤနည်းဖြင့် အီရန်ကို ဆွေးနွေးရေး စားပွဲသို့ ပြန်လည်ရောက်ရှိလာအောင် ဖိအားပေးနိုင်မည်ဟု ယူဆခဲ့ကြသည်။

‘သမ္မတ ထရမ့်’ ၏ ပိတ်ဆို့အရေးယူမှုအသစ်များနှင့် မကြာသေးမီက အီရန်ပိုင် ‘လာရတ်ကျွန်း’ (Larak)  ကို အမေရိကန်က တိုက်ခိုက်ခဲ့မှုတို့ကြောင့် မတည်ငြိမ်မှုများ ရှိနေသော်လည်း ဖြစ်ရပ်အများအပြားက ထရမ့်သည် အီရန်အပေါ် သိသိသာသာ ဖိအားမြှင့်တင်နေသည်ဟု ဆိုသည်။ စက်တင်ဘာလဆန်းတွင် ထွက်ပေါ်လာသော သတင်းများအရ အမေရိကန်စစ်တပ်သည် တီဟီရန်က ဟော်မုဇ်ရေလက်ကြားအတွင်း မိုင်းအသစ်များ ချထားခြင်းကို တားဆီးရန် Larak ကျွန်းပေါ်ရှိ အီရန်၏ ဒုံးပစ်လွှတ်ရေးစနစ်များကို တိုက်ခိုက်ခဲ့သည်။ ထရမ့်က ဇူလိုင်လတွင် အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက်ပိုင်း အီရန်နိုင်ငံအပေါ် အမေရိကန်က ပြုလုပ်ခဲ့သည့် ပထမဆုံး လူသိရှင်ကြား တိုက်ခိုက်မှု ဖြစ်သည်။

အီရန်၏ တာဝေးပစ်ဒုံး Qassem Basir ခြိမ်းခြောက်မှု

ထရမ့်၏ နောက်ဆုံးပိတ်ဆို့အရေးယူမှုများတွင် ‘ခြိမ်းခြောက်ပြောဆိုမှုက လက်တွေ့လုပ်ဆောင်ချက်ထက် ပိုမိုများပြားနေသည်’ ဆိုသည်မှာ အံ့သြစရာ မဟုတ်ပေ။ ထိုသို့ဆိုခြင်းသည်  ‘စကော့ ဘက်ဆင့်’ ၏ စီးပွားရေးစစ်ဆင်ရေးကြောင့် သာမန်အီရန်ပြည်သူများ ထိခိုက်မည်မဟုတ်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထိခိုက်မည်မှာ သေချာသည်။ အီရန်စီးပွားရေးလည်း ဖိအားဒဏ်ခံရမည်။ သို့သော် ထိုနာကျင်မှုဒဏ်ကြောင့် တီဟီရန်က ထရမ့်ထံ အလျှော့ပေးမည်ဟု ယူဆနိုင်စရာ အထောက်အထား အနည်းငယ်သာ ရှိသည်။

ထရမ့်၏ ပြင်းထန်သော စကားဖြင့် ခြိမ်းခြောက်မှုများရှိသော်လည်း ယခု ပိတ်ဆို့မှုများသည် အီရန်အား ကြီးကြီးမားမား ထိခိုက်နစ်နာစေမည့် အနေအထားမျိုးမဟုတ်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

စစ်ပွဲစတင်ပြီး ခြောက်လအကြာတွင် ပိုမိုတိုးတက်ကောင်းမွန်သော တာဝေးပစ်ဒုံး (ballistic missile)တစ်မျိုးဖြင့် အမေရိကန် စစ်သင်္ဘောများကို တိုက်ခိုက်မည်ဟု အီရန်က ခြိမ်းခြောက်လာသည်။ ဤသို့ဖြစ်လာခြင်းသည် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွက် ပိုမိုအန္တရာယ်များလာနိုင်သည့်  အဆင့်သစ်တစ်ခု ဖြစ်ပေေါ််လာနိုင်သည်ကို ဖော်ပြနေသည်။ တီဟီရန်၏ ပြောကြားချက်အရ ‘ကက်ဆမ်ဘာဆာ’ (Qassem Basir) ဒုံးကျည်သည် “ခြိမ်းခြောက်မှု တစ်ရပ်ကို မဖြစ်ပေါ်မီကတည်းကပင် တုံ့ပြန်ဆောင်ရွက်နိုင်ရန်” အီရန်ကို စွမ်းဆောင်ပေးနိုင်သည်ဟု ဆိုသည်။ သတင်းများအရ စက်တင်ဘာ ၅ ရက်နေ့တွင် အမေရိကန် စစ်သင်္ဘောများအပေါ် အီရန်က စမ်းသပ်ပစ်ခတ်ခဲ့သည်ဟု ဆိုထားသော တိုက်ခိုက်မှုများတွင် Qassem Basir ဒုံးကျည်ကို အသုံးပြုခဲ့ဖွယ်ရှိသည်။

အမေရိကန်ကလည်း အီရန်သည် ဟော်မုဇ်ရေလက်ကြားအနီးရှိ ၎င်း၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘော USS George Washington နှင့် guided-missile destroyer တစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း အသိအမှတ် ပြုခဲ့သည်။ သို့သော် အဆိုပါတိုက်ခိုက်မှုတွင် ဒုံးကျည်အသစ်ကို အမှန်တကယ် အသုံးပြုခဲ့ခြင်း ရှိ၊ မရှိ မသေချာကြောင်း အမေရိကန်က ဆိုသည်။ ၎င်း၏ စစ်သင်္ဘောများက အီရန်၏ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

သို့သော် အစ္စလာမ္မစ်သမ္မတနိုင်ငံ (Islamic Republic) ဘက်မှ ထွက်ပေါ်လာသော ပိုမိုရဲတင်းပြတ်သားသည့် ပြောဆိုမှုများက အီရန်သည် စစ်ပွဲတစ်လျှောက် အများအားဖြင့် ကျင့်သုံးခဲ့သည့် “တုံ့ပြန်တိုက်ခိုက်ခြင်း” (retaliatory strategy) ကို ကျော်လွန်လာနေပြီး မိမိကိုယ်တိုင် အခြေအနေကို ပိုမိုတင်းမာအောင် ဆုံးဖြတ် လုပ်ဆောင် လာနေကြောင်း ပြသနေသည်။

ထို့အပြင် တီဟီရန်က အိုမန်နှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးရန် ပြင်ဆင်နေသည် ဟုလည်း ကြေညာထားသည်။ ထိုသဘောတူညီချက်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီး ပါရှန်းပင်လယ်ကွေ့ အတွင်းအထိ ဆက်လက်တည်ရှိမည့် ရေကြောင်းလမ်း (corridor) အသစ်တစ်ခု ဖန်တီးပေးမည်ဟု ဆိုသည်။ သို့သော် ယင်းသတင်းကို ယခုအချိန်အထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါဖြစ်ရပ်များကို စုစည်းကြည့်ပါက အီရန်သည် တစ်ဖက်မှ တင်းမာလာမှုများကိုသာ တုံ့ပြန်နေခြင်း မဟုတ်တော့ဘဲ ပဋိပက္ခ၏ တင်းမာမှုကို မိမိကိုယ်တိုင် ပိုမိုတိုးမြှင့်ရန် ကြိုးပမ်းလာနေသည် ဟု သုံးသပ်နိုင်သည်။

သို့သော် ယင်းသည် အီရန်က စစ်ရေးအရ အသာစီးရနေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ လုံးဝ ထိုသို့မဟုတ်သော်လည်း တီဟီရန်အနေဖြင့် ပဋိပက္ခကို ပိုမိုရှည်ကြာပြီး ကျယ်ပြန့်လာအောင် ပြုလုပ်ခြင်းအားဖြင့် အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံများ အတွက် စစ်ပွဲ၏ ကုန်ကျစရိတ်များကို ပိုမိုမြင့်တက်စေနိုင်ကာ ထိုမှတစ်ဆင့် မိမိတို့၏ ညှိနှိုင်းဆွေးနွေးရေးအနေအထား (bargaining position) ပိုမိုကောင်းမွန်လာနိုင်သည် ဟု ကောက်ချက်ချထားပုံရသည်။

တီဟီရန်၏ ဤအနေအထားသည် ထူးခြားသော ပြောင်းပြန်လှန်မှုတစ်ရပ် ဖြစ်သည်။ မူလက အီရန်အစိုးရကို အလျှော့ပေးလာအောင် ဖိအားပေးရန်နှင့် အဆုံးစွန်အားဖြင့် အစိုးရအပြောင်းအလဲ (regime change) အထိ ဖြစ်လာစေရန် ရည်ရွယ်ထားသည့် ပဋိပက္ခဖြစ်ခဲ့သည်။ သို့သော် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးအသာစီးသည် အီရန်အပေါ် ကြီးမားသော ထိခိုက်ပျက်စီးမှုများ ဖြစ်စေခဲ့သော်လည်း အမေရိကန်နှင့် အစ္စရေးတို့ ရည်ရွယ်ထားသည့် နိုင်ငံရေးရလဒ်များ (political outcomes) ကို မဖန်တီးပေးနိုင်ခဲ့ပေ။

အဓိကအားဖြင့် အီရန်သည် စစ်ရေးအရ အသာစီးရလာခြင်းမဟုတ်ဘဲ စစ်ပွဲကို ရှည်ကြာပြီး ပိုကျယ် ပြန့်အောင် လုပ်ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် အမေရိကန်အား ကုန်ကျစရိတ် ပိုမို ကြီးမားလာစေပြီး သံခင်းတမန်ခင်း ညှိကြပါက အပေါ်် စည်းမှ အရေးဆိုခွင့်ရကာ အခြေအနေ ပိုကောင်းလာစေနိုင်မည်ဟု တွက်ချက်လာပုံရသည်။

အီရန်အစိုးရသည် ဆက်လက် ရှင်သန်နေဆဲဖြစ်ပြီး ၎င်းတို့၏ ဒုံးကျည်များလည်း ဆက်လက်အသုံးပြုနိုင်စွမ်း ရှိနေဆဲဖြစ်သည်။ အီရန်နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် ပြဿနာမှာလည်း မဖြေရှင်းရသေးပေ။ ထို့အပြင် ၎င်း၏ ဒေသတွင်းမဟာမိတ်ကွန်ရက်သည်လည်း တိုက်ခိုက်ရေးစွမ်းရည်များကို ဆက်လက်ထိန်းသိမ်းထားသည်။ ဆော်ဒီအာရေဗျကို ဟူသီသူပုန်များက မကြာသေးမီက ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများတွင် ယင်းအချက်ကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။

တစ်ချိန်တည်းတွင် ဟော်မုဇ်ရေလက်ကြားသည်လည်း တီဟီရန်အတွက် အလွန်ထိရောက်သော စီးပွားရေး ဖိအား ပေးနိုင်သည့် လက်နက် (economic leverage) တစ်ရပ် ဖြစ်လာနေသည်။

မဆုံးနိုင်သော ပဋိပက္ခသံသရာ

သို့သော် ဤခြောက်လကြာ ပဋိပက္ခသည် ပြဿနာများကို ဖြေရှင်းပေးခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး တီဟီရန်ကို သင်ခန်းစာတစ်ခု ပေးလိုက်ပုံရသည်။ ထိုသင်ခန်းစာမှာ အမေရိကန်၏ ဖိအားကို ဆန့်ကျင်တောင့်ခံနိုင်လေလေ နောက်ဆုံးရရှိမည့် သဘောတူညီချက်၏ အခြေအနေများ ပိုမိုကောင်းမွန်လာနိုင်လေလေ ဖြစ်သည်။

ယခုနောက်ဆုံး တင်းမာမှုမြှင့်တင်လိုက်ခြင်းအားဖြင့် အီရန်သည် ထိုသင်ခန်းစာကို ယခု အသုံးချနေပြီဖြစ်ကြောင်း ပြသနေသည်။ တီဟီရန်အနေဖြင့် အမေရိကန်ရေတပ်ကို အနိုင်ယူရန် သို့မဟုတ် ဟော်မုဇ်ရေလက်ကြားတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ရန် မလိုအပ်ပေ။ သင်္ဘောများ ဖြတ်သန်းသွားလာရန် လုံလောက်အောင် အန္တရာယ်များစေပြီး၊ သင်္ဘောကုမ္ပဏီများကို တွန့်ဆုတ်စေကာ အာမခံကြေးများ မြင့်တက်လာစေပြီး စွမ်းအင်ဈေးကွက်များတွင် ရေနံတစ်စည်ချင်းစီ၏ ဈေးနှုန်းထဲသို့ ထောက်ပံ့ရေးပြတ်တောက်နိုင်ခြေကို ထည့်သွင်းတွက်ချက်စေရုံနှင့်ပင် လုံလောက်နေပြီဟု ဆိုသည်။

မကြာသေးမီက ရေကြောင်းသွားလာမှု အချက်အလက်များအရ ဟော်မုဇ်ရေလက်ကြားမှ ကုန်စည် သယ်ယူ ပို့ဆောင်မှုသည် အနိမ့်ဆုံးအဆင့် သို့ ကျဆင်းလာခဲ့သည်။ ဝါရှင်တန်က အီရန်စီးပွားရေးကို “အသက်ရှူမရအောင်” ဖိအားပေးရန် ဆက်လက်ကြိုးပမ်းနေပါက ရေကြောင်းသွားလာမှုအပေါ် ပိုမိုကျယ်ပြန့်သော ကန့်သတ်ချက်များနှင့် “စီးပွားရေးစစ်ပွဲ (economic warfare)” ကို လုပ်ဆောင်မည်ဟု တီဟီရန်က ယခု ခြိမ်းခြောက်နေသည်။

ဤအခြေအနေက ပဋိပက္ခ၏ အခြေခံတွက်ချက်ပုံကို ပြောင်းလဲပစ်နိုင်သည့် သဘောဆောင်သည်။ ‘ထရမ့်’ ၏ ရည်ရွယ်ချက်မှာ အီရန်၏ စစ်ရေးခံမှု ကုန်ကျစရိတ်ကို တဖြည်းဖြည်း မြင့်တက်စေရန် လုပ်ခြင်းဖြစ်သည်။ ယခုအခါ အီရန်ကလည်း အမေရိကန်၏ ဖိအားပေးမှုကုန်ကျစရိတ်ကို တဖြည်းဖြည်း မြင့်တက်အောင် ပြန်လည် လုပ်ဆောင် နေလေသည်။

အီရန်သည် အမေရိကန်၏ စစ်ရေးအင်အားကို တိုက်ရိုက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။ သို့သော် ဝါရှင်တန်က စစ်ရေး အင်အားသုံးရုံဖြင့် ဖယ်ရှားပစ်နိုင်ခြင်းမရှိသည့် အီရန်၏ ပထဝီဝင်တည်နေရာနှင့် ကမ္ဘာ့အရေးအကြီးဆုံး စွမ်းအင်ရေကြောင်းလမ်းများထဲမှ တစ်ခုဖြစ်သည့် ‘ဟော်မုဇ်’ကို  အီရန်က ထိန်းချုပ် ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် ဤပဋိပက္ခကို စစ်ရေးရလဒ်များဖြင့်သာမဟုတ်ဘဲ နိုင်ငံရေးရည်မှန်းချက်များနှင့် တိုင်းတာသင့်သည်။ “ထရမ့် နှင့် နေတန်ညာဟု”တို့၏ စစ်ဆင်ရေးနှင့် ဆက်စပ်သည့် ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်များမှာ အီရန်၏ နိုင်ငံရေးစနစ်ကို လုံးဝ အားနည်းချည့်နဲ့သွားစေရန် သို့မဟုတ် ပြောင်းလဲပစ်ရန်၊ ၎င်း၏ နျူကလီးယားခြိမ်းခြောက်မှုကို ဖယ်ရှားရန်၊ တာဝေးပစ်ဒုံးကျည်စွမ်းရည်ကို ဖျက်ဆီးရန်နှင့် ဒေသတွင်း မဟာမိတ်ကွန်ရက်ကို ဖြိုခွဲရန်တို့ ဖြစ်သည်။

ခြောက်လကြာပြီးနောက်တွင် အဆိုပါ ရည်မှန်းချက်များထဲမှ တစ်ခုမျှပင် ပြတ်ပြတ်သားသား အောင်မြင်ခြင်း မရှိသေးပေ။ အထူးသဖြင့် တီဟီရန်၏ နျူကလီးယားရည်မှန်းချက်နှင့် ပတ်သက်သည့် မဖြေရှင်းရသေးသော ပြဿနာသည် စစ်ရေးအင်အား၏ ကန့်သတ်ချက်များကို ထင်ရှားစွာ ပြသနေသည်။ ဗုံးများက စက်ရုံများနှင့် အဆောက်အအုံများကို ဖျက်ဆီးနိုင်သော်လည်း နိုင်ငံများအနေဖြင့် မိမိတို့၏ မဟာဗျူဟာမြောက် ဟန့်တားမှုစွမ်းရည် (strategic deterrence) ကို ရှာဖွေရန် ဖြစ်ပေါ်စေသည့် နိုင်ငံရေးလှုံ့ဆော်ချက်များကိုမူ ဖျက်ဆီး၍ မရနိုင်ပေ။

ဒေသတွင်းရှိ အခြားအင်အားကြီးနိုင်ငံများကလည်း ဤအခြေအနေကို စောင့်ကြည့်နေကြသည်။ ဆော်ဒီအာရေဗျသည် ပြည်တွင်း၌ ယူရေနီယမ် သန့်စင်နိုင်စွမ်းရရှိရန် ကာလရှည်ကြာ ကြိုးပမ်းထားသည်။ အကယ်၍ အရှေ့အလယ်ပိုင်း နိုင်ငံများက “နျူကလီးယားစွမ်းရည်သည် ပြင်ပတိုက်ခိုက်မှုများမှ ကာကွယ်ပေးနိုင်သည့် အာမခံချက်တစ်ခု ဖြစ်သည်” ဟု ကောက်ချက်ချလာပါက နျူကလီးယားလက်နက် ပြန့်ပွားမှုကို တားဆီးမည့်အစား ပိုမိုမြင့်တက်လာနိုင်သည်။ နောက်ဆုံးတွင် နျူကလီးယားပြဿနာသည် မူလစတင်ခဲ့သည့် နေရာသို့ပင် ပြန်လည်ရောက်ရှိလာမည်ဖြစ်၍ ညှိနှိုင်း ဆွေးနွေးမှု (negotiation) စားပွဲဝိုင်းသို့သာ ပြန်ရောက်မည် ဖြစ်သည်။

ထရမ့် ၏ တင်းမာမှုမြှင့်တင်ရေး ထောင်ချောက်

တစ်ချိန်တည်းတွင် ပဋိပက္ခ၏ ကုန်ကျစရိတ်များသည် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့လာနေသည်။ စွမ်းအင်၊ အာမခံနှင့် ရေကြောင်းပို့ဆောင်ရေး ကုန်ကျစရိတ်များ အားလုံး မြင့်တက်လာပြီး ယင်းသည် နိုင်ငံရေးအပေါ်လည်း မလွဲမသွေ သက်ရောက်မှုရှိလာမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ရုရှားသည် ဟိုက်ဒရိုကာဗွန် (hydrocarbon) ဝင်ငွေများ မြင့်တက်လာခြင်းမှ အကျိုးအမြတ်ရရှိနေပြီး၊ အမေရိကန်၏ ရေတပ်အင်အား၊ ခဲယမ်းမီးကျောက်များနှင့် နိုင်ငံရေးအာရုံစိုက်မှုများကို အင်ဒို-ပစိဖိတ်ဒေသမှ လွှဲပြောင်းစေသည့်အခါတိုင်း တရုတ်သည် မဟာဗျူဟာအရ အကျိုးအမြတ်ရရှိနေသည်။

ပင်လယ်ကွေ့နိုင်ငံများအနေဖြင့်လည်း မသက်မသာဖြစ်စရာ သင်ခန်းစာတစ်ခု ရရှိနေသည်။ ၎င်းတို့၏ လုံခြုံရေးကို အာမခံပေးရန် ရည်ရွယ်ထားသည့် အမေရိကန်စစ်အခြေစိုက်စခန်းများသည် ၎င်းတို့ ဖန်တီးခဲ့ခြင်း မဟုတ်သည့် စစ်ပွဲတစ်ခုအတွင်း မိမိတို့ကိုယ်တိုင် ပစ်မှတ်များဖြစ်လာနေခြင်းဖြစ်သည်။

ဤအရာအားလုံးသည် အီရန်က စစ်ရေးအရ အနိုင်ရနေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အီရန်၏ စီးပွားရေးနှင့် အခြေခံအဆောက်အအုံများသည် အလွန်အမင်း ထိခိုက်ပျက်စီးခဲ့ပြီး အမေရိကန်သည် ယခုထက်ပင် ပိုမိုကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေနိုင်သေးသည်။ သို့သော် အီရန်အနေဖြင့် အမေရိကန်ကို အနိုင်ယူရန် မလိုအပ်ပေ။ ဝါရှင်တန်က ၎င်း၏ စစ်ရေးအသာစီးကို အသုံးပြုပြီး အီရန်ကို နိုင်ငံရေးအရ အညံ့ခံစေရန် မဖြစ်နိုင်အောင် တားဆီးထားရုံနှင့် လုံလောက်သည်။ ထို့အပြင် လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားမှုကို တဖြည်းဖြည်း ပိုမိုနာကျင်စရာ ဖြစ်လာအောင် ပြုလုပ်နိုင်ရမည်။

ထို့ကြောင့် ‘ထရမ့်’ သည် တစ်စိတ်တစ်ပိုင်းအားဖြင့် မိမိကိုယ်တိုင် ဖန်တီးခဲ့သည့် “တင်းမာမှုမြှင့်တင်ရေး ထောင်ချောက် (escalation trap)” ထဲတွင် ပိတ်မိနေသည်။

‘ထရမ့်’ အနေဖြင့် ပိတ်ဆို့မှုကို ပိုမိုတင်းကျပ်နိုင်သည်။ သို့သော် အီရန်က ဟော်မုဇ်ရေလက်ကြားကို အနှောင့်အယှက် ပေးနိုင်သည်။ ‘ထရမ့်’ အနေဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ပိုမို မြှင့်တင်နိုင်သည်။ သို့သော် တီဟီရန်က အမေရိကန်၏ ပင်လယ်ကွေ့မဟာမိတ်များအပေါ် တုံ့ပြန်တိုက်ခိုက်မှုများကို ပိုမိုကျယ်ပြန့်အောင် လုပ်နိုင်သည်။

‘ထရမ့်’  အနေဖြင့် ဆွေးနွေးဖို့ ပြောလာနိုင်သည်။ သို့သော် ယခုအခါ အီရန်တွင် ပိုမိုခိုင်မာသော အာမခံချက်များနှင့် ဇွန်လက လက်ခံခဲ့သည့် အခြေအနေများထက် ပိုမိုကောင်းမွန်သော သဘောတူညီချက်များကို တောင်းဆိုရန် အကြောင်းပြချက်ရှိနေသည်။

ထို့အပြင် တင်းမာမှုကို ထပ်ကာတလဲလဲ မြှင့်တင်ပြီး နောက်ဆုံးတွင် ဝါရှင်တန်က ဆွေးနွေးရေးစားပွဲသို့ ပြန်လည် ရောက်ရှိလာရသည့်အခါ အမေရိကန်၏ ခြိမ်းခြောက်မှုများသည် ဖိအားပေး၍ အောင်မြင်စေနိုင်သည့် စွမ်းအား (coercive power) တဖြည်းဖြည်း ဆုံးရှုံးသွားနိုင်သည်။

ထို့ကြောင့် အီရန်၏ နောက်ဆုံးလုပ်ဆောင်ချက်များသည် ဒုံးကျည်အပြန်အလှန် ပစ်ခတ်မှုတစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုအရေးကြီးလာသည်။ ‘ထရမ့် နှင့် နေတန်ညာဟု’ တို့က လက်နက်အင်အားဖြင့် အီရန်ကို အညံ့ခံစေရန် ကြိုးပမ်းခဲ့ပြီး ခြောက်လအကြာတွင် တီဟီရန်သည် သင်ခန်းစာတစ်ခု ရရှိလာခဲ့သည်။ မိမိတို့ ပိုမို ကြာရှည် ရှင်သန်နိုင်လေလေ၊ အခြားဘက်အပေါ် ကုန်ကျစရိတ်များ ပိုမို သုံးစွဲလာနိုင်လေလေ၊ နောက်ဆုံး ညှိနှိုင်းဆွေးနွေးရာတွင် မိမိတို့၏ ရပိုင်ခွင့်နေရာ (bargaining position) ပိုမိုခိုင်မာလာနိုင်လေလေ ဖြစ်သည်ဟု သိမြင်လာသည်။

အမေရိကန်သည် အီရန် မယှဉ်နိုင်သည့် အတိုင်းအတာထက်ပင် များစွာကျော်လွန်၍ စစ်ရေးအရ တင်းမာမှုကို မြှင့်တင်နိုင်သေးသည်။ သို့သော် “တင်းမာမှုကို မြှင့်တင်ခြင်းက အောင်ပွဲကို ပိုမိုနီးကပ်လာစေမည်” ဟု ယူဆနိုင်မည် တော့ မဟုတ်ပေ။

အီရန်၏ နောက်ဆုံးလုပ်ဆောင်ချက်များက တီဟီရန်အနေဖြင့် ယခုအခါ ဆန့်ကျင်ဘက်ကို ယုံကြည်လာနေသည်ဟု ဆိုသည်။ စစ်ပွဲကို ပိုမိုရှည်ကြာအောင် လုပ်နိုင်လေလေ၊ အမေရိကန်အတွက် ကုန်ကျစရိတ်ပိုများလာလေလေ၊ မိမိတို့၏ နိုင်ငံရေးအနေအထား ပိုမိုကောင်းမွန်လာလေလေ ဟု အီရန်က ယုံကြည်နေပေသည်။

References:

  1. Behind the Curtain: Trump, alone, Axios Media, 9 September 2026
  2. Iran signaling it has incentive to escalate the war, Asia Times, by Bamo Nouri and Inderjeet Parmar September 9, 2026
  3. Multiple U.S. military aircraft damaged in Iranian strikes on military base in Jordan, By James LaPorta, Jennifer Jacobs, September 10, 2026, CBS News Reuters,
  4. Fox News, BBC News
Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *