The Corner

The Corner

cropped-Logo_round_grey-background.png

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၂)

Share မယ်

ပိတ်လိုက်ဆို့လိုက်နဲ့ ရှုပ်နေတဲ့ ကမ္ဘာ

ဦးမိုး – တော်ပါသေးရဲ့ဗျာ။ သင်္ကြန်တွင်း ကျွန်တော်တို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကလေး ဖွင့်ပေး နေလို့။ မဟုတ်ရင် ကျွန်တော်တို့ ဘယ်ဆိုင်မှာသွားထိုင်ပြီး မနက် စောစော ကျွန်တော်တို့ လေပစ်ရမှန်းတောင် မသိတော့ပါဘူးဗျာ။

ဦးတိုး – ဟုတ်ပဗျာ။ သူတို့ကို ကျေးဇူးတင်ပါတယ်ဗျာ။ သူတို့လည်း ပိတ်ရက်အတွင်း ဝင်ငွေလေးရ ကျွန်တော်တို့လည်း အဆင်ပြေ။ သြော်… ဒါနဲ့ ကျွန်တော်တို့ ငယ်စဥ်က အခုလို အခါကြီး ရက်ကြီးဆိုရင် ဆိုင်တွေ နှစ်ရက် သုံးရက် ဆက်တိုက်ပိတ်ကြတော့ စားဖို့ သောက်ဖို့အတွက် တော်တော်ခက်သားဗျ။ ခင်ဗျား မှတ်မိသေးလား။

ဦးမိုး – မှတ်မိပါတယ်။ အိမ်မှာ အမေက သင်္ကြန်တွင်းမတိုင်ခင် အိမ်မှာ စားဖို့သောက်ဖို့ရော၊ လှူဖို့တန်းဖို့တွေကိုပါ ကြိုကြိုတင်တင် ဝယ်ပြီး စုဆောင်းထားရသေးတာ။ အခုတော့ ဒီလိုမဟုတ်။ တစ်ဆိုင်မဟုတ် တစ်ဆိုင်ကတော့ ဖွင့်ထားတော့ အဲဒီလို ကိစ္စဝိစ္စတွေတော့ မရှိတော့ဘူး။ ဒါနဲ့ ဒီပိတ်ရက်ရှည်ထဲ ကိုတိုးတို့ ဘာတွေလုပ်ဖြစ်ကြသေးလဲ။

ဦးတိုး – အိမ်က ကျွန်တော့် အမျိုးသမီးကတော့ အိမ်နားက ဘုန်းကြီးကျောင်းမှာ သီလယူဥပုဒ်စောင့် လုပ်နေလေရဲ့။ ကျွန်တော်ကတော့ ထုံးစံအတိုင်းပါပဲဗျာ။ အငြိမ်းစားတွေဆိုတော့ ပိတ်ရက်ရယ်၊ ဖွင့်ရက်ရယ်မဟုတ်ပါဘူး။ ကိုယ်လုပ်စရာရှိတာလေးတွေ လုပ်လိုက်၊ ကမ္ဘာ့သတင်းလေး နားစွင့်လိုက် လုပ်နေတာပါပဲ။ သားတွေကလည်း အဝေးမှာဆိုတော့ ကလေးတွေ လာဖို့ဆိုတာလဲ ဒီနှစ်မှာ မရှိဘူးလေ။ ဒီလိုပေါ့။ ခင်ဗျားရော။

ဦးမိုး – ဒီလိုပါပဲဗျ။ ခင်ဗျားလိုပဲပေါ့။ ကျွန်တော်ကတော့ လူလွတ်သမားဆိုတော့ ခင်ဗျားထက်တော့ အိမ်မှာအချိန်နည်းနည်း ပိုရမယ်ထင်တယ်။ ဒါပေမဲ့ တကယ်လုပ်မယ်ဆိုရင် လုပ်စရာလေးတွေက မပျက်ပါဘူး။ တပည့်လေးတွေက သူတို့လုပ်ငန်းတို့ ကျောင်းကိစ္စတို့အတွက် မေးတာ ရှာဖွေခိုင်းတာလေးတွေ ရှိတော့ နေ့စဥ်တော့ သတင်းလေးတွေဖတ်လိုက် စာဖတ်လိုက် လုပ်နေတာပဲ။

ဦးတိုး – အေးဗျ။ ကျွန်တော်တောင်မှ အရင်က စဥ်းစားနေသေးတာ။ သင်္ကြန်ရက်အတွင်း ပြည်မှာရှိတဲ့ နှမဆီကို ကားလေးမောင်းပြီး သွားလည်ရင်း သူတို့ဆီမှာ တရား စခန်းလေးဘာလေး ဝင်မလားလို့။ အခုလို ဓာတ်ဆီ ခက်ခဲနေပုံနဲတော့ မဖြစ်သေးပါဘူးလေဆိုပြီး လက်လျှော့လိုက်ပါတယ်ဗျာ။

ဦးမိုး – အေးဗျာ ဒီကိစ္စက ပြီးမလို ပြီးမလိုနဲ့ အခု နောက်တမျိုး ဖြစ်လာပြန်ပြီ။ အပစ်အခတ်ရပ်မယ် သဘောတူကြတယ်။ အမေရိကန်နဲ့ အီရန်တို့ ပါကစ္စတန်က ကမကထလုပ်ပေးလို့ နှစ်ဖက် ညှိနှိုင်း ကြတယ်။ ၂၁ နာရီကြာအောင် မာရသွန် ညှိနှိုင်းပွဲ လုပ်ပြီးတော့မှ ဘာမှမထူးဘဲ လက်ဗလာနဲ့ ပြန်လာကြတယ်တဲ့။ ကိုတိုး စဉ်းစားကြည့်ဦး… နှစ်ပေါင်း ၄၇ နှစ်လုံး ရန်ဖြစ်လာတာကို ၂၁ နာရီအတွင်း ပြေလည်သွားမယ်လို့ ထင်နေတာကိုက အံ့သြစရာကြီး ဖြစ်မနေဘူးလားဗျာ။

ဦးတိုး – ဟုတ်ပါ့ဗျာ။ စစ်ပွဲအစတုန်းက ဟော်မုဇ် ရေလက်ကြားဆိုတဲ့ကိစ္စ မပါခဲ့ပါဘူး။ အခုအချိန်ကျတော့မှ ဒီကိစ္စဟာ ဒီပဋိပက္ခရဲ့ ဗဟိုချက်မ ဖြစ်လာတာ။ ဒါဟာ သမိုင်းကို မလေ့လာခဲ့လို့ ဒါမှမဟုတ် လျစ်လျှူရှုခဲ့တာလို့ ကောက်ချက်ချက်နိုင်မယ်ထင်တယ်။

ဦးမိုး – ကျွန်တော်နားလည်တာကတော့ အာရှနိုင်ငံတွေဟာ မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင်ဆိုသလို ဒီကိစ္စကြီးထဲကို အတင်းဝင်ပါရမလို ကိုယ့်နိုင်ငံ အခက်အခဲတွေကလည်း မဖြေရှင်းနိုင်သေး။ ခက်သားလားဗျ။  

ဦးတိုး – အဲဒါပဲ ကိုမိုးရဲ့။ ကျွန်တော်တို့ နားမလည်နိုင်တဲ့ အမြင်တွေနဲ့ ဘယ်လိုဗျူဟာတွေ ခင်ပြီး ကစားနေကြသလဲတော့ မသိဘူး။ အခုကြည့်လေ… အရင်တုန်းက တိုက်မယ်ခိုက်မယ် မျိုးဖြုတ် ပစ်မယ်လို့ ပြောနေရာကနေ  အခုတော့ ‘ပိတ်ဆို့မယ်’ ဖြစ်ပြီး လမ်းလွှဲလိုက်ပြန်ပြီ။ ထရမ့်ကတော့ ‘ပန်ဒိုရာသေတ္တာ’ ကို ဖွင့်လိုက်တာပဲ။ သူက အီရန်ကို နျူကလီးယားကော၊ ရေလက်ကြားကော အကုန်ကို အတင်းအကြပ် ‘အညံ့ခံ’ ခိုင်းနေတာကိုးဗျ။ ညှိနှိုင်းဖို့ဆိုတာထက် တစ်ဖက်သက် အနိုင်ယူ ချင်လို့တော့ မရဘူး ထင်တာပဲဗျ။

ဦးမိုး – ဘာလဲဗျ ‘ပန်ဒိုရာ သေတ္တာ’ဆိုတာ။

ဦးတိုး – ဒါက ဂရိပုံပြင်တွေဆီကနေ ပေါ်လာတာဗျ။ ကမ္ဘာပေါ်မှာ ပထမဆုံး အမျိုးသမီးဖြစ်ခဲ့တဲ့ မိန်းမ နာမည်က “ပန်ဒိုရာ” တဲ့။ အဲ ပန်ဒိုရာက သူ့ ရလာတဲ့ အဖုံးပိတ်ထားတဲ့ အိုးကလေးကို ဖွင့်မကြည့်နဲ့ မှာထားတဲ့ ကြားထဲကနေ စပ်စပ်စုစုနဲ့ ဖွင့်လိုက်တော့ အဲဒီအိုးထဲကနေ မကောင်းတာတွေ၊ ရောဂါဘယတွေ ထွက်လာပြီး ဒီနေ့အထိ လူသားတွေကို ဒုက္ခပေးနေတာလို့ အဆိုရှိတယ်ဗျ။ အဲဒါကို အစွဲပြုပြီး မသိနားမလည်ပဲ “Pandora box” ကိုဖွင့်လိုက်မိရင် ဖြေရှင်းဖို့ ခက်တဲ့ ပြဿနာတွေ တန်းစီပြီး ထွက်လာတတ်တာကို ခေါ်တာပါဗျ။

ဦးမိုး – ဟုတ်ပြီ နားလည်ပြီ။ ဒါဆိုရင် ထရမ့်က အီရန်ကို စစ်မီးမွှေးလိုက်တာဟာ တကယ့် ‘ပန်ဒိုရာ’ သေတ္တာသွားဖွင့်လိုက်သလို ဖြစ်သွားတာပေါ့။

ဦးတိုး – ဟုတ်တယ်။ ခင်ဗျား ပြောသလို အားလုံးလည်း ဒီလိုပဲ ပြောနေကြတာလေ။

ဦးမိုး – အေးဗျာ။ ဒီလောက်တောင် ဖြစ်ပြီးတော့မှ ဒီကိစ္စကို ပြီးပြတ်အောင် ကိုင်တွယ်ဖို့ အီရန်နဲ့ ညှိနှိုင်းရေး ဆွေးနွေးပွဲကို ဆွေးနွေးတာနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ အစဥ်အလာ မရှိခဲ့တဲ့ ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကို လွှတ်လိုက်တာကို နားမလည်ဘူးဗျာ။ ဒီကိစ္စကို ပေါ့ပေါ့သေးသေးလေး ထင်နေတာလား။

ဦးတိုး – အဲဒီလိုတော့ ဟုတ်ဟန်မတူဘူးဗျ။ ဒါပေမဲ့ ထရမ့်ရဲ့ လက်စွဲ ငြိမ်းချမ်းရေး တမန်တော်တွေ ဖြစ်တဲ့ စတိဝစ်ကော့်နဲ့ အစိုးရဲ့ တရားဝင် ညှိနှိုင်းရေးသမားမဟုတ်တဲ့ ထရမ့်ရဲ့ သားမက် ဂျာရက် ကူရှနာတို့ကို အီရန်ဘက်က စကားမပြောဘူးလို့၊ လွှတ်ချင်ရင် ဒုသမ္မတကို လွှတ်ပေးဖို့ ပြောတယ်လို့  သတင်းတွေလဲ ထွက်ခဲ့တယ်။ အကြောင်းကတော့ ဝစ်ကော့နဲ့ ကူရှနာတို့ကို အီရန်က မယုံကြည်ဘူး။ ဒီလူတွေနဲ့ စကားပြောမယ်ဆိုရင် အချည်းနှီးပဲ ဖြစ်မယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ။ ဘယ်လိုပဲပြောပြောလေ ထရမ့်က သူ့ကိုယ်သူ အလွန်တော်တဲ့ ညှိနှိုင်းရေး သမားလို့ အမြဲတမ်း ဂုဏ်ဖော်နေခဲ့တာ နောက်ပြီး သူနိုင်နေတယ်လို့လည်း ပြောခဲ့တာပဲ။ တကယ်သာ အမှန်ဆိုရင် တစ်ကမ္ဘာလုံးနဲ့ ဆိုင်ပြီး ဒီလောက်အရေးကြီးတဲ့ ညှိနှိုင်းပွဲကို ဒီထက် သင့်တင့်လျှောက်ပတ် အောင် စီစဥ်သင့်တာပေါ့။

ဦးမိုး – အေးဗျာ။ ခက်တာပဲ လူတွေက အထူးသဖြင့် ထရမ့်လို မိုးပေါ်ရောက်နေသူတွေက ကျရှုံးမှာ ဝန်ခံရမှာကို ကြောက်ပြီး မပိုင်ပဲနဲ့ အီရန်ကို အပြတ်အသတ် အညံ့ခံခိုင်းတာကိုးဗျ။ တကယ်ဆိုရင် စစ်ရေးအရပဲ ဖြစ်ဖြစ် နိုင်ငံရေးအရပဲဖြစ်ဖြစ် အသာစီးယူပြီးမှ စကားဝိုင်းပေါ်မှာ ကိုယ်လိုချင်တာ ပြောဖို့ ဖြစ်နိုင်တာမဟုတ်လား။ ကျွန်တော်ပြောတဲ့ စစ်ရေးဆိုတာ သာမန် ပြည်သူတွေကို အကြောင်းမဲ့ လူမျိုးတုန်းအောင် သတ်ပစ်တာကို ပြောတာမဟုတ်ဘူးနော် ကိုမိုး။

ဦးတိုး – အဲဒီလို ယောင်နန လုပ်ရပ်တွေကြောင့်ပဲ ဒီ ဆွေးနွေးပွဲဟာ ရလဒ်ကောင်း မထွက်တာလို့ ကျွန်တော်တို့ မြင်တာပဲ။ အဲဒီ ဆွေးနွေးပွဲ အီလည်လည်နဲ့ ပျက်သွားပြီးတဲ့နောက် အဲ့ဒါကြောင့်ပဲ အီရန် သံတမန်ဟောင်းကြီး မိုဟာမက် ဇာရစ်က “ဘင်ဂို” လို့ X စာမျက်နှာကနေ ထပြီး ကြွေးကြော် တော့တာပေါ့ ကိုမိုးရာ။ အီရန်ဆိုတာ ဘယ်သူ့စကားမှ နားယောင်မှာ မဟုတ်ဘူးတဲ့။ ကဲ ခင်ဗျားပဲ အခုကြည့်… အီရန်က ဟော်မုဇ် ရေလက်ကြားကို ထိန်းချုပ်ပြီး ဖြတ်သန်းတဲ့ သင်္ဘောတွေကို အခွန်တွေကောက်နေပြီ။ အမေရိကန်က ဒါကို မကျေနပ်တာလား။ နိုင်ငံတကာရေလက်ကြားဆိုတာ စျေးတွေ ကမောက်ကမ မဖြစ်ရအောင် အခမဲ့ ဖြတ်သန်းခွင့် လွတ်လပ်ခွင့်ပေးထားရမယ်လေ။ ဒါပေမဲ့ ရယ်ဖို့ကောင်းတာက အမေရိကန်ဟာ အရင်က ပင်လယ်ပြင်လွတ်လပ်ခွင့်အတွက် ရှေ့ဆောင်ခဲ့တဲ့နိုင်ငံ၊ အခုတော့ သူကိုယ်တိုင်က ရေလက်ကြားကို ပိတ်ဖို့ ကြိုးစားနေတာ။ ရှေ့နောက်မညီ တာတွေ ဖြစ်ကုန် ပြီဗျာ။ မဟုတ်မှလွဲရော ထရမ့်က အဲဒီအီရန်ရတဲ့ အခွန်အခတွေကိုပါ မျက်စပစ်နေပြီလား မသိဘး။ နောက်ပြီး ခင်ဗျားကို မေးကြည့်ပါဦးမယ်။ ရယ်စရာပါ။ ဒီအရေးကြီးတဲ့ ညှိနှိုင်းပွဲကြီး ပါကစ္စတန် နိုင်ငံမှာ လုပ်နေတဲ့အချိန် သမ္မတကြီး ဒေါ်နယ်ထရမ့် ဘယ်ရောက်နေတယ်လို့ ကိုမိုးထင်သလဲ။

ဦးမိုး – ဟာ ဒီလောက် အရေးကြီးတာကြီးကို။ အိမ်ဖြူတော်က ဘဲဥပုံစားပွဲပေါ်က တယ်လီဖုန်း ဘေးနားမှာ အချိန်ပြည့် ရှိနေမှာ လို့ထင်တယ်။ လိုအပ်တာတွေ ညွှန်ကြားရအောင်လို့လေ။ မဟုတ်ဘူးလား။

ဦးတိုး – ကျွန်တော်လည်း အဲဒီလိုထင်နေတာဗျ။ တကယ်တော့ မဟုတ်ဘူးဗျို့။ သူက မိုင်ယာမီမှာ လုပ်တဲ့ UFC ထိုးသတ်ပွဲ တစ်ခုဆီကို ရောက်နေတာ။ ဒီထက် အံ့သြစရာကောင်းတာက ဒီလိုအချိန်မှာ အရေးတကြီး လိုအပ်တာကို ပံ့ပိုးပေးရမယ့် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကိုပါ တပါတည်း ခေါ်သွားသေးတာ။ အဲဒီကိုသွားတဲ့ ခရီးမှာ သတင်းထောက်တွေကို “ဘာပဲဖြစ်ဖြစ် ကျုပ်တို့ နိုင်နေပြီ”လို့လဲ ပြောခဲ့သေးတယ်။ တကယ့်လူပါပဲဗျာ။

ဦးမိုး – ဟောဗျာ… ကျွန်တော် ဖတ်ရတာတဲ့ သတင်းတွေထဲမှာတော့ အီရန်နိုင်ငံဟာ အခုဆိုရင် ကျောင်းတွေ၊ ဆေးရုံတွေပါ ဗုံးဒဏ်သင့်ကုန်လို့ လူတစ်သန်းလောက် အလုပ်လက်မဲ့ ဖြစ်သွားပြီတဲ့။ ရေလက်ကြားကို မဖြစ်မနေဖြတ်သန်းနေရတဲ့ သင်္ဘောပိုင်ရှင် လုပ်ငန်းရှင်တွေကလည်း အီရန်ရဲ့  တိုက်ခိုက်မှု ဒဏ်တွေကို ကြောက်လို့ သူတို့သင်္ဘောတွေအတွက် အာမခံကြေးတွေ တက်ကုန်တော့ အာရှနိုင်ငံတွေဆို လောင်စာဆီ ရှားပါးမယ့် ကွင်းဆက် ဒုက္ခတွင်းထဲ ရောက်နေပြီဗျ။ အခုက တစ်ပတ်တခါ ဆီစျေးတက်သွားပေမယ့် ဆီလိုချင်ရင် တန်းစီနိုင်ရင် ရသေးတယ်။ နောက်တော့ ဘာတွေဖြစ်လာမလဲဆိုတာ မပြောတတ်တော့ဘူးဗျာ။

ဦးတိုး – ကိုမိုးရေ ခင်ဗျားပြောလို့… ထရမ့်အကြောင်း ထပ်ပြောရဦးမယ်။ လူတွေကတော့ ဒီလူကြီး စိတ်များ ဖောက်ပြန်နေပြီလားလို့ မေးခွန်းထုတ်နေကြပြီ။ တစ်နေ့က ပုပ်ရဟန်းမင်းကြီး လီယို ကိုလည်း အွန်လိုင်းကနေ စော်ကားမော်ကား ရေးလိုက်သေးတယ်။ ပြီးတော့ တောင်းပန်စရာ မလိုဘူးတဲ့။ ပြီးတော့ ဟိုးအရင်က ပြောခဲ့တဲ့ ဂရင်းလန်း (Greenland) ကျွန်းကြီးကို ဝယ်မယ်ဆိုတာကိုလည်း ထပ်ပြန်ပြောနေပြန်ပြီ။ အသက်တွေကြီးပြီး မာန်တွေ မလျှော့တာလား မသိပါဘူးဗျာ။ အရင်သမ္မတ ဂျိုး ဘိုင်ဒန် တုန်းက အသက်ကြီးပေမယ့် အစိုးရအဖွဲ့နဲ့ စနစ်တကျ လုပ်တာ၊ အခု ထရမ့်ကျတော့ သူ့သဘောနဲ့သူ တောင်စဉ်ရေမရတွေ လုပ်နေတာဗျ။ သူ့အနားမှာလည်း သူ့စိတ်ကြိုက်ခိုင်းနိုင်တဲ့သူတွေ ခန့်ထားတော့ အကျိုးသင့်အကြောင်းသင့် ပြန်ပြောမယ့်လူလည်း မရှိဘူး ထင်ပါတယ်ဗျာ။

ဦးမိုး – ဟုတ်ပါလိမ့်မယ်… အဲ့ဒါကြောင့်လည်း အရင်မိတ်ဖက်တွေဖြစ်တဲ့ ဥရောပ နိုင်ငံတွေက တုန်လှုပ်နေတာ နေမှာပေါ့။ အဲ အဲ ဟန်ဂေရီ ဘက်ကတော့ သတင်းကောင်းဗျ။ ၁၆ နှစ်လုံး အာဏာရှင်လို အုပ်ချုပ်လာတဲ့ အော်ဘန် (Viktor Orban) တစ်ယောက်တော့ ရွေးကောက်ပွဲမှာ ရှုံးသွားပြီ။ သူက ရုရှားဘက်ပါပြီး ယူကရိန်းကို ကူညီမယ့် ယူရို ၉၂ ဘီလီယံလောက်ကို ကြားကနေ ကန့်လန့်တိုက်ခဲ့လူလေ။ အခုတော့ သူ့ပါတီကနေ ခွဲထွက်သွားတဲ့ ပီတာမက်ရာ (Peter Magyar) ဆိုတဲ့လူက အပြတ်အသတ် နိုင်သွားပြီ။ ဟန်ဂေရီပြည်သူတွေကတော့ တော်တော် ပျော်နေကြပုံပဲ။ အောင်ပွဲခံနေကြတာ မြင်ရတာနဲ့တင် သူတို့ ဘယ်လောက် မျှော်လင့်နေကြသလဲဆိုတာ သိသာပါတယ်။

ဦးတိုး – အေးဗျာ…တကယ်တော့ ဗစ်တာအော်ဘန်ဆိုတာ အရင်က ဒီမိုကရေစီသမားပါ၊ အခုကျမှ ရုရှား ပူတင် နဲ့ ပေါင်းပြီး ‘အာဏာရှင်ဒီမိုကရေစီ’ လုပ်နေတာ။ ဒါက အမေရိကန်က လစ်ဘရယ် ဒီမိုကရက်တွေ အတွက်လည်း သင်ခန်းစာတစ်ခုပဲဗျ။ အစွန်းမရောက်ဘဲ လူထုအကြိုက်ကို သိဖို့လိုတယ်ဆိုတာလေ။ ကမ္ဘာကြီးကတော့ ရှုပ်ထွေးနေတုန်းပဲ ကိုမိုးရေ… စောင့်ကြည့်နေကြရုံ အပြင်တော့ အခြားနည်းလမ်းလည်း သိပ်ရှိမယ်မထင်ဘူး။

ဦးမိုး – မှန်တယ် မှန်တယ် ကိုတိုး… လောလောဆယ်တော့ တကယ့်ကို အရှုပ်တော်ပုံပဲ။ ခင်ဗျား မပြန်သေးဘူးမဟုတ်လား… ရေနွေးကြမ်း နောက်တစ်အိုး ထပ်မှာလိုက်ဦးမယ်!… ကောင်လေးရေ…

ဦးတိုး – မှာဗျာ။ ဒီနေ့တော့ အေးအေးဆေးဆေးပါပဲ။ အိမ်က မိန်းမတော့ ဘုန်းကြီးကျောင်း သီလယူဖို့ သွားပြီထင်တယ်။

ဦးမိုး – ဒါနဲ့ ခင်ဗျား သိပြီးပြီလား….. …. ….”

ကိုးကား – ၂၀၂၆ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် Youtube မှ ထုတ်လွှင့်ခဲ့သည့် Christiane Amanpour နှင့် အမေရိကန် သံတမန်ဟောင်း Jamie Rubin တို့၏ ဆွေးနွေးချက်များကို အခြေခံကာ ပြန်လည် ရေးသားသည်။

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *