The Corner

The Corner

cropped-Logo_round_grey-background.png

မြောက်ကိုရီးယားကို စိုးမိုးမည့် ဆယ်ကျော်သက် သမီးတော်

Share မယ်

သူ့နာမည်ကသည်ပင်လျှင်အငြင်းပွားစရာဖြစ်သည်။

နှစ်သစ်ကူးနေ့မှာ မြောက်ကိုရီးယားနိုင်ငံက အုပ်စိုးသူ အသိုက်အဝန်းတွေဟာ သူတို့နိုင်ငံက ထာဝရ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ကင်အီဆွန်း နဲ့ ကင်ဂျုံအီးလ်တို့ရဲ့ မပုပ်မသိုးအောင် ဆေးစီရင်ထားတဲ့ ရုပ်ကလာပ်တွေ ထားရှိရာ ပြုံယမ်းမြို့တော်ရှိ ခမ်းနားထည်ဝါလှတဲ့ အာဇာနည် ဗိမာန်ကြီးမှာ စုဝေး ခဲ့ကြတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်ရှိ အာဏာရှင်နဲ့ ခေါင်းဆောင်နေရာကို ထိန်းသိမ်းထားနိုင်ဖို့ ကင်မိသားစုရဲ့ တတိယမြောက်မျိုးဆက် ကင်ဂျုံအန်းက သူရှေ့က ဆက်ခံခဲ့ရတဲ့သူတွေကို လာရောက် အလေးပြုတာ ဖြစ်တယ်။ သူ့ရဲ့ ညာဘက် ဘေးမှာ ရပ်နေတာက မိန်းခလေးငယ် တစ်ယောက်ဖြစ်ပြီး သီးသန့် အလေးအမြတ်ထားတဲ့ နေရာတစ်ခုအပေါ်က နေပြီး လူထုပရိသတ် ရှေ့မှောက်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင် ထွက်ပြတာလည်း ဖြစ်တယ်။ ဒီ ဆယ်ကျော်သက် အရွယ် မိန်းခလေးကတော့ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန်းရဲ့ သမီးပဲ ဖြစ်တယ်။

နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ပြီးကတည်းက မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံခြားအင်အားကြီး  နိုင်ငံတစ်နိုင်ငံက ဖြုတ်ချမှာကို စိုးရိမ် ပူပန်တာ လျော့နည်းလာတယ်။ ဒါပေမဲ့ ကင်ဂျုံအန်းဟာသူ့ရဲ့ အတွင်းစည်းက အန္တရာယ်တွေနဲ့ စပ်လျဉ်းလို့ ကတော့ အခုအချိန်အထိ အကြီးအကျယ်ကို ယုံမှားသံသယ ရှိလွန်းတယ်။ ဘယ်သူ့ကိုမှ စိတ်ချလက်ချ ယုံကြည်ထားတာမျိုး မရှိဘူး။ ဒါ့ပြင် အခု ကင်ဂျုံအန်းဟာ အသက်အရွယ်အရ ကြည့်ရင် လေးဆယ်ကျော်သာ ရှိသေးတဲ့တိုင် သူကွယ်လွန်သွားပြီးတဲ့ နောက်ပိုင်းမှာ ကင်မိသားစု သားစဉ်မြေးဆက် နိုင်ငံ့ အာဏာကို ဆက်ပြီးတော့ ထိန်းသိမ်းနိုင်ရေးကို ဘယ်လိုသေချာအောင် လုပ်ရမလဲ ဆိုတာကို စပြီး တွေးတော စဉ်းစားနေပုံ ပေါ်ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့တုန်းက အာဇာနည်ဗိမာန်မှာ သူ့သမီးကို နိုင်ငံရေး ပွဲထုတ်မှုဟာ တစ်နေ့မှာသူ့အရိုက်အရာကိုဆက်ခံပြီးလုပ်ငန်း ကို ဆက်လက် ဆောင်ရွက်ဖို့ ပြုစု ပျိုးထောင်ထားတာ ဖြစ်တယ်ဆိုတဲ့ တွက်ဆမှုတွေ ကောလာဟလတွေကို အရှိန်မြှင့် ပေးလိုက်တာပဲဖြစ်တယ်။

မစ္စတာကင်ရဲ့ သမီးတော်ကလေးဟာ အခုအခါ ဆယ်ကျော်သက်အရွယ် ရောက်ခါစ အပျိုပေါက် အရွယ်ကလေး ဖြစ်နေပြီလို့ ယုံကြည်ရတဲ့ ကလေးမလေး အကြောင်းကို နည်းနည်းပါးပါးပဲ သိထားကြတယ်။ သူ့ကလေးမလေးရဲ့ နာမည်ကိုကပဲ ငြင်းခုံစရာ ဖြစ်ခဲ့တယ်။ များသောအားဖြင့် ဒီအမျိုးသမီး ကလေးရဲ့ နာမည်ကို ကင်ဂျူအေး (Kim Ju Ae) လို့ ရည်ညွန်း ပြောကြားတတ် ကြတယ်။ သူ့သတင်းကို အမေရိကန်က နာမည်ကျော် ဘတ်စကက်ဘော ကစားသမားဟောင်း ဒင်းနစ်ရော့ဒ်မင်းဆီကနေ ပထမဆုံး ကြားသိခဲ့ကြရ တာပါ။   ၂ဝ၁၃ ခုနှစ်တုန်းက မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ပြုံယမ်းကို သူပထမဆုံးအကြိမ် သွားရောက်လည်ပတ် ခွင့်ရတုန်းက သူဟာ ဒီ ကလေးမ ကလေးကို ချီပိုးခွင့် ရရှိခဲ့တယ်လို့ ပြောခဲ့တယ်။ တလောကမှ မြောက်ကိုရီးယားနိုင်ငံကနေ ဘက်ပြောင်း ခိုလှုံသွားတဲ့ သံတမန်ဟောင်းတစ် ယောက်ကတော့ သူချီပိုးခဲ့တဲ့ ဒီကလေးရဲ့ တကယ့်နာမည်အရင်းက ကင်ဂျူယီ (Kim Ju Ye)လို့ ပြောကြားခဲ့တယ်။ တရားဝင် သတင်းစာတွေ ကတော့ သူ့ကို နားလည်ရခက်အောင် ပဟေဠိဆန်ဆန် “လေးစားအပ်တဲ့ ကလေးငယ်” ဒါမှမဟုတ် “ချစ်လှစွာသော” ကလေးလို့ပဲ ခေါ်ကြတယ်။

ဒီလေးစားအပ်တဲ့ ကလေးဟာ မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို လွှတ်တင်တဲ့  ၂ဝ၂၂ခုနှစ် နိုဝင်ဘာလ အတွင်းတုန်းက သူ့ဖခင်ရဲ့ ဘေးမှာ ပထမဆုံး စပြီးတော့ ပေါ်လာတာပဲ ဖြစ်တယ်။ သူ ဒီလို ပေါ်ပေါက်လာတာဟာ ပြည်သူလူထုအလယ်မှာ သူ့ဖခင်ရဲ့ ထင်ပေါ်ကျော်ကြားမှုကို ထပ်ပြီး အရောင်တင်ပေးဖို့၊ အမွှမ်းတင်ပေးဖို့ ပဲဖြစ်တယ်လို့ တချို့က ကောလာဟလ စကားတွေ ဆိုကြတယ်။ သူ့ဖခင်ဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ အင်အားတောင့်တင်းတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သလို ချစ်စရာ ကောင်းတဲ့ မိသားစု သံယောဇဉ်ကြီးတဲ့ ဖခင်ကြီးတစ်ယောက် ဖြစ်တယ်ဆိုတဲ့ နောက်ကွယ်က အကြောင်းအရာကို ရိပ်မိအောင် ပြလိုက်တာပါပဲ။ ဒါပေမဲ့ အဲဒီကလေး ခဏတစ်ဖြုတ် လူလုံးပြတာဟာ နောက်ပိုင်းမှာ အတော်ကလေး စိပ်လာတယ်။ ဂျပန်သတင်းစာ တစ်စောင်ဖြစ်တဲ့ နစ်ကိုင်း (Nikkei)က ဆန်းစစ်လေ့လာ သူတစ်ယောက်ရေးထားတာကတော့ ၂ဝ၂၂ကနေ ၂ဝ၂၄နှစ်တွေ အတွင်း မြောက်ကိုရီးယား ရုပ်မြင်သံကြားမှာ သူ့ပုံတွေဟာ နေ့တိုင်းနီးပါးကို ပေါ်လာခဲ့တယ်လို့ဆိုတယ်။၂ဝ၂၅ခုနှစ် မှာတော့ ဒီဆယ်ကျော်သက် အမျိုးသမီးကလေးဟာ ပြုံယမ်းမှာရှိတဲ့ ရုရှားသံရုံး ဧည့်ခံပွဲ အခမ်းအနားတစ်ခုနဲ့ တရုတ်ပြည် ပေကျင်းမြို့တော်ကို သူ့ဖခင်ရဲ့ အရေးပါတဲ့ ချစ်ကြည်ရေး ခရီးစဉ် တစ်ခုအပါအဝင် အရေးပါတဲ့ သံခင်းတမန်ခင်း အစည်းအဝေးတွေမှာ စပြီး တော့ပေါ်လာတယ်။

၂၀၂၆ ဇန်နဝါရီလ ၂ ရက်နေ့က ဖခင် ကင်ဂျုံအန်းနှင့်အတူ အခမ်းအနားသို့ တက်ရောက်လာသော သမီး ကင်ဂျုံအေး (credit: Koreajoongang Daily)

မြောက်ကိုရီးယားရဲ့ အင်အား သင်္ကေတဖြစ်တဲ့ နျူကလီးယား လက်နက်တွေရဲ့ ဘေးမှာ ဓာတ်ပုံရိုက်ပြတာက သူရဲ့ ဩဇာအရှိန်အဝါနဲ့ အင်အား ဖြည့်ပေးမယ့် သဘောလို့ ဆိုလိုတာဖြစ်တယ်။ ကင်ရဲ့ခေါင်းဆောင် အစဉ်အဆက်ကို ထောက်ခံသူ ဘွဲ့တံဆိပ်တွေ အများကြီး အဆောင် အယောင်တွေ ဆင်ယင်ပြီးတက်လာကြတဲ့ စစ်တပ် အရာရှိကြီးတွေနဲ့ အခုသမီးတော်ကတော့ အတော် ကွဲပြားခြားနားတယ်။ နိုင်ငံပိုင် လူထုဆက်သွယ်ရေး ကိရိယာတစ်ခုက ထုတ်လွှင့်တဲ့ စစ်ရေးပြ ချီတက်ပွဲတစ်ခု မှာ ချစ်လှစွာသော ဒီသမီးတော်ရဲ့ အနှစ်သက်ဆုံး မြင်းဖြူကြီး တစ်ကောင် ပါဝင်ပြသခဲ့တယ်။ ဒီလိုမျိုး အထင်ကရ ဖြစ်ရပ်တွေကို တော့ မြောက်ကိုရီးယား နိုင်ငံသူ နိုင်ငံသားတွေက ဘယ်တော့မှ မျက်စိထဲက ပျောက်ကြမှာ မဟုတ်ပါဘူး။ မြင်းဖြူကြီးတွေဟာ ကင်အီလ်ဆွန်း ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုရဲ့ အင်အားကောင်းတဲ့ အထိမ်းအမှတ် သင်္ကေတ ဖြစ်လို့ပါ။ တောင်ကိုရီးယား အရာရှိတွေကတော့ ဒီသမီးတော်ဟာ ကင်ဂျုံအန်းရဲ့ အရိုက်အရာကို ဆက်ခံမယ့် အလားအလာအရှိဆုံး အဖြစ်နိုင်ဆုံး ပုဂ္ဂိုလ်ပဲလို့ အခု သူတို့ ယူဆထားကြောင်း ပြောကြားခဲ့တယ်။ ကင်ဂျုံအန်းက နောက်တစ်ကြိမ် ကျင်းပမယ့် ပါတီညီလာခံမှာ သူ့သမီးတော်ရဲ့ အဆင့်အတန်းကို တရားဝင် ဖြစ်အောင်လုပ်မယ့်‌ ခြေလှမ်းတွေ လှမ်းလာနိုင်ကောင်းတယ်။ ငါးနှစ်တစ်ကြိမ် ကျင်းပတဲ့ ဒီပါတီညီလာခံကလည်း မကြာခင်လတွေ အတွင်းမှာ ကျင်းပမယ်လို့ မျှော်လင့်ထားကြတယ်။

သို့တိုင်.. တချို့ အကဲခတ်သူတွေကတော့ မြောက်ကိုရီးယားလို အမျိုးသားတွေ ကြီးစိုးတဲ့ လူအဖွဲ့အစည်းမျိုးမှာ အမျိုးသမီး ခေါင်းဆောင် တစ်ယောက်ကို လက်ခံပါ့မလား‌လို့  တွေးဆလာကြတယ်။ ကင်ဂျုံအန်းရဲ့ လက်အောက်မှာ အမျိုးသမီး အတော်များများ အလုပ်အကိုင်ကြီး တာဝန်ကြီးတွေကို ထမ်းဆောင်နေတာတွေတော့ ရှိတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ ဒုတိယ ဩဇာတိက္ကမအကြီးဆုံးသူဟာ ကင်ဂျုံအန်းရဲ့ ညီမ ကင်ယိုဂျုံး (Kim Yo Jong)ပဲ ဖြစ်တယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးကတော့ ချိုဆွန်ဝေ (Choe Son Hui) ပဲ ဖြစ်တယ်။

ဒါပေမဲ့ နိုင်ငံအာဏာရဲ့ အထွတ်အထိပ်မှာ အမျိုးသမီး တစ်ယောက်ရှိနေရင် ကင်မျိုးရိုးစဉ်ဆက် အာဏာ ဆက်ခံမှု အနာဂတ်အတွက် ပျော့ကွက်ဟာကွက် တစ်ခု ဖန်တီးလိုက်သလို ဖြစ်သွားနိုင်တယ်။ (အချိန်အခါ ရောက်လာတိုင်းမှာ) ခေါင်းဆောင် အမျိုးသမီးရဲ့ သားသမီးတွေဟာ တကယ်လို့သူတို့ဟာ မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ နိုင်ငံ့ဖခင်ကြီးရဲ့ အမျိုးသား စဉ်ဆက်က ဆင်းသက်လာခဲ့တယ်ဆိုတာကို ပြနိုင်စွမ်းမရှိရင်တော့ သူတို့ အာဏာရယူဖို့ ခဲယဉ်းတယ်ဆိုတာကို ကြုံတွေ့လာပါ လိမ့်မယ်။ မစ္စတာကင်ဂျုံ အန်းမှာ သားတစ်ယောက်ရှိတယ်လို့ ကောလာဟလ သတင်းထွက်ဖူးတယ်။ သံသယ ပွားတတ်သူ တချို့ ထင်ကြေးပေးတာကတော့ ကင်ဂျုံအန်းဟာ အဲဒီသားကလေးအရွယ်ရောက်လာချိန်အထိလူတွေကိုအာရုံလွှဲဖို့ ဖန်တီးတဲ့အယောင်ပြသက်သက်အဖြစ် သူ့သမီးကို နေရာယူထားတာပဲ ဖြစ်နိုင်တယ်လို့ ဆိုကြတယ်။

မစ္စတာကင်ဟာ သူလမ်းမှားကိုရွေးမိပြီလို့ဆုံးဖြတ်ခဲ့ရင်တောင် သူ့စိတ်ကို ပြောင်းလဲနိုင်ဖို့အချိန်တော် တော် ရှိနိုင်ကောင်း ပါသေးတယ်။ ဒါပေမဲ့ သူ့နေရာကို ဆက်ခံမယ့်သူ ရွေးချယ်တဲ့ အစီအစဉ်ကိုတော့ စောစော စတင်မယ့်ပုံ ပေါ်တယ်ဆိုတာကို ဘယ်သူကမျှ အံ့ဩမှာ မဟုတ်ပါဘူး။ တကယ်တော့ ကင်ဂျွန်အန်း ကိုယ်တိုင်ကိုက သူ့ဖခင် ကင်ဂျုံအီးလ် ၂ဝဝ၈ခုနှစ်မှာ ရုတ်တရက် လေဖြတ်တဲ့ ဝေဒနာကို ခံစားခဲ့ရပြီး နောက်ပိုင်းမှပဲ ရှင်းလင်းတဲ့ ဆက်ခံသူ အဖြစ် ပေါ်ထွက်လာခဲ့တာပါ။ ၂ဝ၁၁ခုနှစ် သူ့ဖခင် ကွယ်လွန်ပြီးတဲ့ နောက်ပိုင်းမှာ လုပ်ပိုင်ခွင့် အာဏာကို တစ်ခုတည်း စုစည်းပြီး ခိုင်မာ တောင့်တင်း ကျစ်လျစ်စေဖို့ အရေးမှာ သူ့ဦးလေးဖြစ်သူကို ကွပ်မျက်ဖို့ရယ်၊ သူနဲ့ ဖအေတူ မအေကွဲ အစ်ကို ဖြစ်သူကို မလေးရှားနိုင်ငံ လေဆိပ် လူစည်ကားတဲ့ ခရီးသည် စစ်ဆေးရာဌာနမှာ လုပ်ကြံသတ်ဖြတ်ဖို့တွေကို မဖြစ်မနေ လုပ်ဆောင် ရတော့ မယ်လို့ မစ္စတာ ကင် ခံစားမိခဲ့တယ်။ အဲဒီလို လုပ်ကြံရာမှာ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အစီအစဉ်တစ်ရပ်ကို အသုံးပြုခဲ့တယ်။ အဲဒီ အကြံအစည်မှာ အူတူတူ အတတ အကောင်နှစ်ယောက်က သူ့အစ်ကိုရဲ့ မျက်နှာကို အာရုံကြော ထိခိုက်စေတဲ့ ဆေးရည်တွေနဲ့ ပက်ဖျန်း လိမ်းကျံစေတဲ့ လှည့်ဖြားမှု တစ်ရပ်လည်း ပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ အပြင်ကလူတွေ တွက်ဆထားတာထက် ပိုပြီး ဒူပေနာပေ ခံတယ်။ အလိုက်သင့် တွန်းလှန် လွန်မြောက် စေနိုင်တယ်။ ဒါပေမဲ့ နောက်တစ်လှည့်မှာတော့ တက်လာမယ့် ခေါင်းဆောင်သစ်ကို တခြားသူတွေထက်‌ ခြေလှမ်းသာအောင် အစောကတည်းက အခွင့်အရေးသာပြီး လုပ်ငန်းစနိုင်အောင် အခွင့်အလမ်း ဖန်တီးပေးတာ ပိုကောင်းလိမ့်မယ်ဆိုတာကိုတော့ မစ္စတာကင် တွက်ဆ နိုင်ဖွယ်ရာ ရှိတယ်လို့ အီကော်နောမစ် ဆောင်းပါးရှင် သုံးသပ်ထားတာကို တင်ပြလိုက်ရပါတယ်။

စာကိုး – The teenage girl who may rule North Korea, The Economist, Jan 2026

Click to rate this post!
[Total: 0 Average: 0]