The Corner

The Corner

cropped-Logo_round_grey-background.png

ဆီးရီးယားအရှေ့မြောက်ပိုင်းကိုလက်လွှတ်လိုက်တဲ့ ကာ့ဒ်လူမျိုးစုများ

Share မယ်

တစ်ချိန်က အမေရိကန်ရဲ့မဟာမိတ်ဖြစ်ခဲ့သည့် ကာ့ဒ်လူမျိုးစုများ ဦးဆောင်သော ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့များကို အသုံးတည့်သည်ဟု သဘောမထားကြတော့ပေ

တိုက်ခိုက်ရေး ရဲမေတွေနဲ့ ဂုဏ်ယူခဲ့ရတဲ့ ကာ့ဒ်လူမျိုးလက်နက်ကိုင်တပ်ဖွဲ့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာဟာ ယူဖရေးတီး မြစ်ကမ်းပါးမှာပဲ ဆွဲချ ခံလိုက်ရပါတယ်။ အမေရိကန်က ထောက်ပံ့ ကူညီပေးထားတဲ့ သူတို့ရဲ့ ဟမ်းဘီး ကားတွေကိုလည်း လမ်းဘေးမှာပဲ စွန့်ပစ် ထားခဲ့ ကြတယ်။ အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ (Islamic State – IS)ကို တိုက်ခိုက်ရာမှာ ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ရခဲ့တဲ့ ကာ့ဒ် လူမျိုးစုတွေရဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (Syrian Democratic Forces – SDF) ဟာ ရက်ပိုင်း အတွင်းမှာပဲ ပြိုကွဲ သွားခဲ့ရတယ်။ ဆီးရီးယားမှာ သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ ထူထောင်ရေး လက်တွေ့ စမ်းသပ်မှုလည်း အဲဒါနဲ့အတူ ပါသွားတော့တယ်။

ဒီပြိုကွဲမှုဟာ ဆီးရီးယား အစိုးရနဲ့ အက်စ်ဒီအက်ဖ်တို့ရဲ့ နှစ်နဲ့ချီ ကြာမြင့်ခဲ့တဲ့ စေ့စပ်ဆွေးနွေးမှုဟာ စမ်းတဝါးဝါးနဲ့ ကြိုးပမ်း ရုန်းကန် ခဲ့ပြီး ကတည်းက စခဲ့တာပါပဲ။ ဇန်နဝါရီလ ၆ ရက်နေ့မှာတော့ ဆီးရီးယား နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ အလက်ပိုမြို့က ကာ့ဒ်လူမျိုးတွေ နေထိုင်တဲ့ အပိုင်းမှာ အစိုးရတပ်နဲ့ အက်စ်ဒီအက်ဖ် တပ်ဖွဲ့တွေ တိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေ ရုတ်တရက် ပေါ်ပေါက်လာခဲ့တာမို့ ဆီးရီးယား အစိုးရက တပ်ကူတွေ အဆောတလျင် ထပ်ပို့ပေး ခဲ့ရတယ်။ ရက်သတ္တပတ်လောက် ကြာပြီးတဲ့ နောက်မှာတော့ အက်စ်ဒီအက်ဖ်က တပ်တွေ အလက်ပိုကနေ ဆုတ်ခွာသွားခဲ့တယ်။ ဆီးရီးယား တိုင်းရင်းသားတွေကတော့ ဒီအချိန်ဟာ ကာ့ဒ် လူမျိုးစုတွေနဲ့ ခွဲထွက်ပြီး ဆီးရီးယားအစိုးရနဲ့ မဟာမိတ် ဖွဲ့ရမယ့် အချိန် ရောက်ပြီလို့ သဘောပေါက်ပြီး ဆော်ဩ စည်းရုံးခဲ့ကြတယ်။ အဲဒီ အခြေအနေဟာ အက်စ်ဒီအက်ဖ် အတွက် ပြည်ဖုံးကားကြီး ချလိုက်ပြီ ဆိုတာကို အချက်ပြ လိုက်တာပါပဲ။

အိုင်အက်စ်တွေကို ဒီအုပ်စုရဲ့စစ်ဆင်ရေးတွေကို နိုင်ငံတကာက ချီးကျူးခဲ့ကြတယ်။ ဒါပေမဲ့ ဆီးရီးယား နိုင်ငံရဲ့ အာရပ်လူမျိုးတွေ အများဆုံး နေထိုင်တဲ့ အပိုင်းတွေကို အုပ်ချုပ်ဖို့ ဒီအဖွဲ့က ကြိုးပမ်းခဲ့တာကတော့ ရေရှည် မတည်တံ့ခဲ့ပါဘူး။ ရက်ကာလို နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ မြို့ကြီးတွေဆိုရင် ကာ့ဒ်လူမျိုးတွေ ကင်းရှင်းတဲ့ နေရာတွေ ဖြစ်တယ်။ ဒါပေမဲ့ ဆွန်နီ မူဆလင် ဘာသာဝင် တိုင်းရင်းသား လူဦးရေ အများစု နေထိုင်ရာ ဒေသ ဖြစ်ပြီး အက်စ်ဒီအက်ဖ်တွေရဲ့ စိုးမိုးအုပ်ချုပ်မှု အောက်မှာ ဆူဆူပူပူ ဖြစ်နေတဲ့ ဒေသတွေပဲ ဖြစ်တယ်။ မကြာသေးတဲ့ နှစ်တွေ အတွင်းကတော့ အက်စ်ဒီအက်ဖ်တွေဟာ ပိုပြီးတော့ အာဏာရှင် ဆန်လာတယ်။ ဆီးရီးယားနိုင်ငံရဲ့ သမ္မတသစ် အာမက် အယ်လ်ရှာရားကို ဂုဏ်ပြု ကြိုဆိုတာမျိုး နဲ့ ဆီးရီးယား တော်လှန်ရေးအလံကို လွှင့်ထူတာမျိုးတွေဟာ ဖမ်းဆီး ချုပ်နှောင်ခံရဖို့ အခြေခံ အကြောင်းရင်းတွေ ဖြစ်လာခဲ့တယ်။ “ဒါဟာ ကျုပ်တို့ရဲ့ လွတ်လပ်ရေး မဟုတ်ဘူးလားဗျာ”လို့ ရက်ကာမြို့နေ အာရပ်ရှေ့နေ တစ်ယောက်က ပြောလိုက်တယ်။

ဆီးရီးယား အစိုးရတပ်ဖွဲ့တွေ ရက်ကာနဲ့ ဒိုင်ယာ အက်ဇောမြို့တွေဆီကို ရောက်ရှိလာချိန်မှာတော့ အဲဒီ ဒေသအများစုဟာ တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲဝင်သူတွေရဲ့ လက်အောက်ကိုကျရောက် သွားပါတယ်။ အက်စ်ဒီအက်ဖ် တပ်ဖွဲ့တွေထဲမှာ စစ်သား စုဆောင်း ခံထားရတဲ့ ထောင်သောင်းချီရှိတဲ့ အာရပ်လူမျိုး   တိုက်ခိုက်ရေး စစ်သည်တွေဘက် ပြောင်းကုန်ကြတယ်။ တိုက်ပွဲဖြစ်တာကတော့ နည်းနည်းပဲ ရှိတယ်။ တစ်ချိန်တည်းမှာပဲ သမ္မတအယ်လ်ရှာရားက ကာ့ဒ်လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေကို အသိအမှတ်ပြုကြောင်း သမ္မတရဲ့ အမိန့်ဒီကရီတစ်ရပ်ကို ထုတ်ပြန်လိုက်တာမို့ အက်စ်ဒီအက်ဖ်ရဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးရေး အနေအထားကို အားပျော့သွားစေတယ်။ ဒီအမိန့်က အက်စ်ဒီအက်ဖ်တွေကို စစ်တိုက်စရာမလိုဘဲ နိုင်ငံရေးအရ အကျပ်ရိုက်သွားအောင် လုပ်လိုက်တာ ဖြစ်တယ်။

ဆီးရီးယားနိုင်ငံအတွင်း လက်နက်ကိုင် တပ်ဖွဲ့မျိုးစုံ ထိန်းချုပ်ထားရာပြ မြေပုံ (credit: BBC)

အက်စ်ဒီအက်ဖ်အဖွဲ့ အတွက်ကတော့ ရွေးချယ်စရာတွေ နည်းလာပြီး စိတ်ဓာတ်ကျစရာ ဖြစ်ခဲ့တယ်။ သူ့ရဲ့တပ်ဖွဲ့တွေ လက်နက် ဖြုတ်သိမ်း ရမှာ ဖြစ်ပြီး တိုက်ပွဲဝင် တော်လှန်ရေးသမားတွေဟာ ဆီးရီးယား တပ်မတော်ထဲကို ပေါင်းစည်းရမှာ ဖြစ်တယ်။ ကာဒ့်လူမျိုး တပ်ရင်းတပ်ဖွဲ့ အများစု ရှိတော့မှာ မဟုတ်ပါဘူး။ အိုင်အက်စ်တွေကို တိုက်ပွဲဝင်နေတုန်း ကာလက ဖွဲ့စည်း တည်ဆောက်ခဲ့တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရ ဆိုတာ နိုင်ငံတော်သစ်မှာ ပူးပေါင်း ပါဝင်ရမှာ ဖြစ်တယ်။ ရက်သတ္တပတ်တွေ အတော်ကြာပြီးတဲ့ နောက်မှာတော့ အိုက်အက်စ်ဒီအက်ဖ် အုပ်စုကို ပိုပြီးကောင်းတဲ့ စေ့စပ်ညှိနှိုင်းမှု တစ်ခု ကမ်းလှမ်းခဲ့တယ်။ စစ်တပ်က တပ်မကြီး သုံးခု ဖွဲ့စည်းပေးပြီး သူတို့ အဖွဲ့ခေါင်းဆောင် မာဇလွန် အဘ်ဒီ (Mazloum Abdi) ကို စစ်တပ်ရဲ့ အထက်တန်းရာထူး တစ်နေရာပေးခဲ့တာပဲ ဖြစ်တယ်။

အမေရိကန် ကတော့ ‌ဒေသကြီးအတွင်း သူ့နိုင်ငံက ထားရှိတဲ့ မဟာဗျူဟာမှာ အက်စ်ဒီအက်ဖ်ကို အသုံးဝင် တယ်လို့ ဆက်ပြီး ရှုမြင်ပုံ မရတော့ ပါဘူး။ ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်ပြော တာကတော့ ဒီအုပ်စုရဲ့ မူလ ရည်မှန်းချက် တာဝန်က”လုံးဝကို သက်တမ်း ကုန်ဆုံး သွားပါပြီ”။ ကာ့ဒ်လူမျိုးတွေ အတွက် အကောင်းဆုံးမျှော်လင့်ချက်ကတော့ မစ္စတာရှားရားအစိုးရနဲ့ သဘောထားပေါ်မှာပဲမူတည် ပါတယ်။ အဖွဲ့အတွင်း သဘောထားအမြင် ကွဲပြား ခြားနားတာတွေကလည်း အက်စ်ဒီအက်ဖ်အဖွဲ့ကို ထပ်ပြီးအင်အားချည့်နဲ့စေခဲ့တယ်။

အက်စ်ဒီအက်ဖ်အဖွဲ့ရဲ့ လက်အောက်ခံအဖွဲ့အစည်းအသီးသီးကို သူတို့ကွပ်ကဲမှု လွှဲပြောင်းပေးနိုင်ဖို့ အချိန်ပေးတဲ့သဘောနဲ့ ဇန်နဝါရီလ ၂ဝရက် နေ့တုန်းက ဆီးရီးယား အစိုးရက လေးရက်ကြာ အပစ်အခတ် ရပ်စဲရေးကို ကြေညာခဲ့တယ်။ ကာ့ဒ်လူမျိုးတွေအများ အပြားနေ ထိုင်ရာ မြို့ကြီး ဖြစ်တဲ့ ဟာဆာကာ (Hasakah) အနားမှာ နေရာယူ စုရုံးထားကြတဲ့ ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေကတော့ အပစ်အခတ်ရပ်စဲရေး သက်တမ်း ကုန်တဲ့ အချိန်မှာ နောက်တစ်ခါထပ်ပြီး ရှေ့ဆက်ချီတက်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြတယ်။ ဆီးရီးယား အစိုးရ အရာရှိတစ်ဦးက အီကော် နောမစ် သတင်းထောက်ကို ပြောကြားရာမှာ ကာ့ဒ်တပ်ဖွဲ့တွေဟာ သတ်မှတ်ထားတဲ့ အချိန်ကာလ တစ်ခုအတွင်းမှာ လက်နက် မချရင် တော့ တိုက်ခိုက် ခံရလိမ့်မယ်လို့ ဆိုတယ်။ အခုအချိန်အထိ အကာအကွယ်တွေ အရံအတားတွေနဲ့ ဖြည့်တင်းပြီး အခိုင်အမာ ကာကွယ်ထားတဲ့ ကာ့ဒ် မြို့တွေ ရွာတွေကို သိမ်းပိုက်မယ် ဆိုရင်တော့ သွေးထွက်သံယိုတွေ ဖြစ်ပြီး အသေ အပျောက် များလိမ့်မယ်။ ဆီးရီးယား နိုင်ငံသား ကာ့ဒ် လူမျိုးတွေဟာ ဘာသာရေးနဲ့ လူမျိုးရေးအရ ခွဲခြားပြီး အကြမ်းဖက် တိုက်ခိုက်ခံရမှာတော့ စိုးရိမ် ကြောက်ရွံ့ ကြတယ်။ ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင်တွေက ချမ်းသာကြွယ်ဝတဲ့ ကာ့ဒ်လူမျိုးတွေ နေထိုင်ရာ ကာမီရှီလီကို ကားတွေ ခိုးယူဖို့ နေ့ကောင်း တစ်နေ့ပဲလို့ ဖော်ပြခဲ့ ကြတယ်။

အခြားအန္တရာယ်တွေလည်း ရှိပါသေးတယ်။ အက်စ်ဒီအက်ဖ်တပ်တွေဟာ ဆီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဖမ်းဆီးထားတဲ့ ထောင်သောင်းချီရှိတဲ့ အိုင်အက်စ်တပ်ဖွဲ့ဝင် စစ်သုံ့ပန်း အကျဉ်းသားတွေ ကိုလည်း စောင့်ကြပ် နေရသေးတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါတယ်။ ဝရုန်းသုန်းကား ဖြစ်နေချိန်မှာအကျဉ်းထောင်ကနေ အကျဉ်းသား ၁ဝဝကျော် ထွက်ပြေး လွတ်မြာက် သွားခဲ့တယ်။ အက်စ်ဒီအက်ဖ် အဖွဲ့ ပြိုကွဲသွားတာဟာ စစ်ပွဲတစ်ခုတော့ ပြီးသွားနိုင်ဖွယ်ရှိတယ်။ ဒါပေမဲ့ နောက်ထပ်စစ်ပွဲ တစ်ခုအတွက် မျိုးစေ့ချပေးတဲ့ အန္တရာယ်တွေကတော့ ရနေတုန်းပါပဲလို့  အီကော်နောမစ် ဆောင်းပါရှင်က သုံးသပ်ထားတဲ့ အကြောင်း တင်ပြလိုက်ရပါတယ်။

စာကိုး – The Economist, January 24th – 30th 2026.

Click to rate this post!
[Total: 1 Average: 5]