The Corner

The Corner

cropped-Logo_round_grey-background.png

ဆင်းမ်ကတ် (SIM Card) မှသည် eSIM ဆီသို့

Share မယ်

ဆင်းမ်ကတ်ဆိုတာ ကျွန်တော်တို့တွေရဲ့ ဖုန်းထဲမှာထည့်ပြီး ကိုယ်ပိုင်ဖုန်းနံပါတ်တွေနဲ့အတူ ကမ္ဘာကြီးကိုဆက်သွယ်ဖို့ လိုအပ်တဲ့ လက်သည်းခွံအရွယ် နည်းပညာဆိုင်ရာကတ်လေးဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါတုန်းက အဲဒီ ဆင်းမ်ကတ် တွေက ခရက်ဒစ်ကတ်အရွယ်အစားလောက်ရှိခဲ့ပါတယ်။ ဆင်းမ်ရဲ့ အရှည်ကောက်က (Sim – Subscriber Identity Module) ဆိုပြီးဖြစ်ပါတယ်။ ဆင်းမ်ကတ် တွေဟာ ငွေပေးချေတဲ့ကတ်/ခရက်ဒစ်ကတ် အရွယ်အစားကနေ တဖြည်းဖြည်း သေးငယ်လာခဲ့ပြီး အခုနောက်ဆုံး ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာတော့ ထိတွေ့ကိုင်တွယ်လို့ မရတော့တဲ့ ခေတ်မီ ဒစ်ဂျစ်တယ် နည်းပညာတွေ အသုံးပြုထားတဲ့ eSIM အထိ အဆင့်ဆင့် တိုးတက် ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။

ဆင်းမ်ကတ် (Physical Sim Card) များ ပြောင်းလဲလာပုံ

၁၉၉၁ ခုနှစ်မှာ ဂျီအက်စ်အမ် (GSM) ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ ခရက်ဒစ် ကတ်အရွယ်အစား ဆင်းမ်ကတ်တွေ စတင်တီထွင်ခဲ့ကြပါတယ်။ ဒါဟာ ဆင်းမ်ကတ်နည်းပညာရဲ့ ပထမဦးဆုံးတီထွင်မှုဖြစ်ခဲ့ပါတယ်။ ကတ်အရွယ်အစားအနေနဲ့ (၈၅.၆ မီလီမီတာ x  ၅၃.၉ မီလီမီတာ) ရှိပါတယ်။ လက်မအနေနဲ့ မြင်သာအောင် ပြောမယ် ဆိုရင် အလျား သုံးလက်မကျော် နဲ့ အနံ နှစ်လက်မ ဖြစ်ပါတယ်။ အဲ့ဒီဆင်းမ်ကတ်တွေကို standard SIM ဆိုပြီး ခေါ်ကြပါတယ်။ စမတ်ဖုန်းနည်းပညာ စတင်တဲ့ကာလမှာ မိုဘိုင်းလ်ဖုန်းတွေ ထုတ်လုပ်လာနိုင်ချိန်နဲ့ တစ်ပြိုင်နက် တည်း ဒီဆင်းမ်ကတ်တွေကို ထုတ်လုပ်လာနိုင်တာပဲဖြစ်ပါတယ်။ ဆင်းမ်ကတ်ကို ပလတ်စတစ် အမာသားနဲ့ ပြုလုပ်ထား ပြီးတော့ တစ်ဖက်မှာ ချစ်ပ်ပြား (Chip) ထည့်ထားပြီး ဖုန်းနံပါတ်တွေနဲ့ ကွန်ရက်လုံခြုံရေးစနစ် စတဲ့ အရေးကြီး အချက်အလက်တွေကို သိမ်းဆည်းထားပါတယ်။

Physical SIM card အရွယ်အစားများ ပြောင်းလည်းလာပုံ (Source: Wikimedia)

မိုဘိုင်းလ်ဖုန်းတွေ အရွယ်အစားသေးငယ်အောင် တီထွင်ထုတ်လုပ်နိုင်ဖို့အတွက် ၁၉၉၆ ခုနှစ် ဝန်းကျင်မှာ ဆင်းမ်ကတ် အရွယ်အစားကို မီနီဆင်းမ် (Mini-SIM) အဖြစ် သေးငယ်အောင် လျှော့ချနိုင်ခဲ့ပါတယ်။  ကတ်အရွယ်အစားအနေနဲ့ (၂၅ မီလီမီတာ x  ၁၅ မီလီမီတာ) ရှိပြီးတော့ standard SIM ထက် သုံးဆခန့် သေးငယ်တာပဲဖြစ်ပါတယ်။ Mini-SIM ကို ဂျီအက်စ်အမ် (GSM-Global System for Mobile Communication) 2G အတွက် အဓိက အသုံးပြုခဲ့ပြီး နောက်ပိုင်း မှာ 3G/4G တွေမှာ လည်း ဆက်လက်အသုံးပြုနေဆဲဖြစ်ပါတယ်။

(2G – 2nd Generation, 3G – 3rd Generation, 4G – 4th Generation ဆိုသည်မှာ မိုဘိုင်းလ် ဆက်သွယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုအဆင့်များဖြစ်ပြီး အဆင့်တစ်ဆင့် တက်လာတိုင်း ပိုမို ကောင်းမွန်တဲ့ ဆက်သွယ်ရေးစနစ်၊ ပိုမိုမြန်ဆန်တဲ့ ကွန်ရက်ချိတ်ဆက်မှုများကို ဆိုလိုပါသည်။)

ဖုန်းတွေ တဖြည်းဖြည်းပါးပြီး သေးငယ်လာတာနဲ့အမျှ ဆင်းမ်ကတ်ကိုလည်း ပိုသေးအောင် လုပ်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ၂၀၁၀ ခုနှစ်မှာ (၁၅ မီလီမီတာ x  ၁၂ မီလီမီတာ) အရွယ်အစားသာ ရှိတော့တဲ့ မိုက်ခရိုဆင်းမ် (Micro-Sim) ကို ဈေးကွက်မှာ မိတ်ဆက်ခဲ့ကြပါတယ်။ Micro-Sim နဲ့ Mini-SIM က ချစ်ပ်ပြား (Chip) ရှိတဲ့နေရာအတူတူပဲမို့ Mini-SIM ကို ဖြတ်ထုတ် လိုက်ရင်လည်း Micro-Sim ရပါတယ်။ Micro-Sim က ဆင်းမ်ကတ် အဆင့်ဆင့်ပြောင်းလဲလာမှုမှာ တတိယပုံစံ ဖြစ်ပါတယ်။ ယနေ့ထိ သုံးနေကြဆဲဖြစ်ပါတယ်။

ဖုန်းတွေမှာ ဆင်းမ်ကတ်နေရာသာ လျှော့နိုင်ရင် ဘတ္ထရီကိုပိုကြီးအောင် ထည့်ပေးနိုင်မယ် ဆိုတဲ့အချက်အပါအဝင် ဖုန်းတွေကို ပိုပြီး ပါးပါးသေးသေး ထုတ်လုပ်လာတာကြောင့် ဆင်းမ်ကတ်ကို (၁၂.၃ မီလီမီတာ x  ၈.၈ မီလီမီတာ) လက်သန်းလက်သည်းခွံ အရွယ်အစား နာနိုဆင်းမ် (Nano-SIM) အထိ သေးငယ်အောင် ၂၀၁၂ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့ ကြပြီး ၂၀၂၅ ခုနှစ် နောက်ဆုံးထုတ် ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနေတဲ့ ပုံစံပဲဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တာကတော့ ကိုင်တွယ်လို့ရတဲ့ (Physical Sim) ဆင်းမ်ကတ် တွေရဲ့ အရွယ်အစား အဆင့်ဆင့် ပြောင်းလဲလာခဲ့ပုံပဲဖြစ်ပါတယ်။ ခေတ်မီနည်းပညာတွေ တိုးတက် လာတာနဲ့အမျှ ဆင်းမ်ကတ်ကို ဖုန်းထဲ ထည့်ထား စရာမလိုဘဲ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဖုန်းထဲ တိုက်ရိုက်ထည့်သွင်းအသုံးပြုတဲ့ e-SIM နည်းပညာစနစ်ကလည်း ၂၀၁၆ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ ပါတယ်။

e-SIM အဖြစ် ပြောင်းလဲလာပုံ

အိုင်ဖုန်းတွင် eSIM ထည့်သွင်းပုံ အဆင့်ဆင့် (source: Microesim)

အီးဆင်းမ် (e-SIM embedded SIM) ဆိုတာ ပလတ်စတစ်ဆင်းမ်ကတ် ထည့်သွင်း အသုံးပြု စရာမလိုဘဲနဲ့ စမတ်ဖုန်း ထဲမှာ ထည့်ထားတဲ့ ချစ်ပ် (Chip) မှာ ဆော့ဖ်ဝဲ (Software) အနေနဲ့ ဒစ်ဂျစ်တယ်နည်းနဲ့ တိုက်ရိုက် ထည့်သွင်း အသုံးပြု ရတဲ့ ဆင်းမ် ဖြစ်ပါတယ်။ GSMA (Global System for Mobile Communications Association) က ၂၀၁၆ ခုနှစ်မှာ e-SIM ရဲ့ စံနှုန်းကို ထုတ်ပြန်ခဲ့ ပါတယ်။

မြန်မာနိုင်ငံမှာ အီးဆင်းမ် (e-SIM) ကို ၂၀၁၈ နှောင်းပိုင်းကာလမှာ Mytel ဆက်သွယ်ရေး ဝန်ဆောင်မှုက စတင် မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ် အစောပိုင်းမှာ Telenor (ယခု ATOM) ကုမ္ပဏီ၊ MPT Myanmar နဲ့ Ooredoo (ယခု U9) တို့ကလည်း e-SIM ဝန်ဆောင်မှုကို ပေးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

e-SIM သုံးခြင်းရဲ့ အကျိုးကျေးဇူးများ

၁) အီးဆင်းမ် က QR ကုတ်ကို ဖတ်ပြီး ဖုန်းရဲ့ စနစ်ထဲကို ထည့်ထားတာကြောင့် ဆင်းမ်ကတ် ပျောက်ဆုံး ပျက်စီးခြင်းမရှိနိုင်ခြင်း

၂) ဖုန်းတစ်လုံးတည်းမှာ နံပါတ် နှစ်ခုထက်ပို၍ အသုံးပြုနိုင်ခြင်း (ကတ်ထည့်လို့ရတဲ့ စမတ်ဖုန်းတွေက  ဆင်းမ်ကတ် နှစ်ကတ်သာ အများဆုံးထည့်လို့ရလေ့ရှိပါတယ်)

၃) ဖုန်းပျောက်ဆုံးသွားတဲ့အခါမှာ ဖုန်းထဲက ဆင်းမ်ကတ်ကို ခိုးယူသူ/ကောက်ရသူက အလွယ်တကူ ထုတ်ပစ်လို့ မရတာကြောင့် ပြန်ရှာတွေ့ဖို့ အလားအလာရှိခြင်း။

၄) နိုင်ငံတစ်ခုနဲ့ တစ်ခု ကူးသန်း သွားလာမှု များတဲ့ သူတွေအတွက် ပိုမို အဆင်ပြေ လွယ်ကူခြင်း။ နိုင်ငံတစ်နိုင်ငံ ကို ရောက်တဲ့အခါ အဲ့ဒီနိုင်ငံအတွင်း သုံးနိုင်တဲ့ ဆင်းမ်ကတ်ကို ပြောင်းလဲဖို့ ဖုန်းထဲကို ထုတ်/ထည့် လုပ်စရာမလိုတော့ဘဲ ဖုန်းရဲ့ ဆက်တင် (setting) ကနေတစ်ဆင့် e-SIM ကို အလွယ်တကူ ထည့်နိုင်ပါတယ်။

e-SIM ကို ဘယ်လိုရယူနိုင်မလဲ။ ဘယ်လိုအသုံးပြုနိုင်မလဲ။

ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ ဆင်းမ်ကတ်ကို e-SIM ပြောင်းလို့ရသလို အသစ်လည်း လျှောက်ထားလို့ ရပါတယ်။ e-SIM ကို Apple Device များနဲ့ အဆင့်မြင့် Andriod စမတ်ဖုန်းများမှာ ထည့်သွင်း အသုံးပြု နိုင်နေပြီ ဖြစ်ပါတယ်။ e-SIM ထည့်သွင်းအသုံးပြုပုံ အဆင့်ဆင့်၊ အသုံးပြုလို့ရနိုင် တဲ့ စမတ်ဖုန်းစာရင်း၊ e-SIM  လျှောက်ထား ရရှိနိုင်တဲ့ အရောင်းဆိုင်နေရာများကို မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ ဖုန်းအော်ပရေတာများရဲ့ ဝက်ဘ်ဆိုက်  (Website) တွေမှာ အသေးစိတ် ကြည့်ရှု နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဝန်ဆောင်မှုပေးနေတဲ့ ဖုန်းအော်ပရေတာအားလုံးက e-SIM ဝန်ဆောင်မှုများ ပေးနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလထဲမှာ Apple က မိတ်ဆက်ခဲ့တဲ့ အိုင်ဖုန်း (iPhone) 17 စီးရီးထဲက အိုင်ဖုန်းအဲယား (iPhone Air) မှာဆိုရင် ဆင်းမ်ကတ် ထည့်ဖို့ ကတ်အိမ် (sim slot) မပါတော့ဘဲ E sim ပဲ ထည့်လို့ရမှာပဲ ဖြစ်ပါတယ်။ နည်းပညာတွေမြင့်မားလာတဲ့ ဒစ်ဂျစ်တယ်ခေတ် ထဲမှာ ဆင်းမ်ကတ်တွေကိုလည်း ကိုင်တွယ်လို့မရတော့ဘဲ Virtual Sim တွေအဖြစ် ပြောင်းလဲလာပုံ အသေးစိတ်ကို တင်ပြရင်း ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကို အမောတကော လိုက်နေဆဲပါပဲ။

Click to rate this post!
[Total: 4 Average: 4.8]