သူဟာ ဟက်ဇ်ဘူလာ (Hizbollah) စစ်ရေး ခေါင်းဆောင်အဖြစ် တာဝန်ယူတာ တစ်နှစ်ပြည့်တော့မှာပါ။
ဟက်ဇ်ဘူလာ ဆိုတာက ရှီယာနိုင်ငံရေးပါတီဖြစ်သလို လက်နက်ကိုင်တပ်ဖွဲ့လည်းဖြစ်ပြီး လက်ဘနွန်မှာသူ့ရဲ့လွှမ်းမိုးနိုင်တဲ့ အနေအထားကို ထိန်းသိမ်းနိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ အဖွဲ့ပါ။ စစ်ရေးခေါင်းဆောင်အဖြစ် တစ်နှစ်ဆိုတဲ့ ရည်မှန်းချက်ဟာ မျှော်လင့်ထားသလိုတော့ ဖြစ်မလာ တော့ပါဘူး။ နိုဝင်ဘာ(၂၃)ရက်နေ့မှာ ဟက်ဇ်ဘူလာရဲ့ စစ်ရေးခေါင်းဆောင်ဖြစ်တဲ့ ဟေသမ် အလီတာဘာတာဘိုင် (Haytham Ali Tabatabai) ဟာအနည်းဆုံး အခြားသူလေးဦးနဲ့အတူ ဘေရွတ် အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။
ဟေသမ်အလီ တာဘာတာဘိုင် လုပ်ကြံခံရမှုဟာ လွန်ခဲ့တဲ့တစ်နှစ်က လက်ဘနွန်နိုင်ငံနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီး နောက်ပိုင်း အစ္စရေးနိုင်ငံက ဆင်နွှဲခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေထဲက နောက်ဆုံးသော လေကြောင်း တိုက်ခိုက်မှု တွေပါ။ လက်ဘနွန်အစိုးရရဲ့ ပြောဆိုချက်အရ ဒီအစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ပြည်သူ (၃၃၁) ဦး ရှိပါတယ်။ ဒါပေမဲ့လည်း ဒါဟာ လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဘေရွတ်အပေါ် ဒုတိယမြောက် တိုက်ခိုက်မှုပါ။ အစ္စရေး ကတော့သူတို့ရဲ့ ဒီလိုတိုက်ခိုက်မှုဟာ အပစ်အခတ် ရပ်စဲရေးကို မချိုးဖောက်ပါဘူးလို့ အခိုင်အမာ ဆိုပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဥ်က အရှေ့ အလယ်ပိုင်း ဒေသအတွင်း အပစ်အခတ် ရပ်စဲရေးဆိုတာက ဘယ်လောက် အကဲဆတ်တယ် ဆိုတာကို လှစ်ဟ ပြသနေပါတယ်။
အပစ်အခတ် ရပ်စဲရေး အသက်ဝင်ခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ ဟက်ဇ်ဘူလာအဖွဲ့ရဲ့ စစ်ယန္တရား ပြန်တည်ဆောက်ရေးတာဝန်နဲ့ စစ်ရေး ခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဟေသမ်အလီ တာဘာတာဘိုင်ဟာ ပစ်မှတ်ဖြစ်လာပါတယ်။ သူ့အရင် စစ်ရေးခေါင်းဆောင် ဖြစ်တဲ့ အီဗရာဟင်အကီးလ် (Ibrahim Aqil) ဟာ တာဝန်လက်ခံပြီး နှစ်လမပြည့်ခင်မှာ သတ်ဖြတ် ခံခဲ့ရတာပါ။ အစ္စရေးက ဟက်ဇ်ဘူလာ စစ်ယန္တရားကို ၂၀၂၄ ခုနှစ် အတွင်း ဖျက်ဆီးခဲ့တာပါ။
ဟေသမ်အလီ တာဘာတာဘိုင် လုပ်ကြံခံရမှုဟာ အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံ ကြားက အပစ်အခတ် ရပ်စဲရေးအပေါ် ဖိအား၊ ပြဿနာတွေ ကြီးမားလာချိန်မှာ ဖြစ်ပေါ်လာခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာ အစ္စရေးက ဟက်ဇ်ဘူလာရဲ့ တာဝေးပစ် ဒုံးပျံ လက်နက် အတော်များများကို ဖျက်ဆီးခဲ့ သလို နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ရှိနေတဲ့ မြေအောက် တပ်စခန်းတွေကိုပါ ချေမှုန်းခဲ့ ပါတယ်။ ဒါတွေဟာ အစ္စရေးနိုင်ငံ မြောက်ပိုင်းက လူနေထိုင်ရာ နေရာတွေကို အလစ်အငိုက် တိုက်ခိုက်ဖို့ ဦးတည် ဖန်တီးထားတာပါ။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာ (၇) ရက်နေ့က တောင်ပိုင်း အစ္စရေးကို ဟားမက်စ်အဖွဲ့က တိုက်ခိုက်ခဲ့တာထက် သိသိသာသာ ဖျက်ဆီးအား ပြင်းထန်တဲ့ ပမာဏမျိုးပါ။ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံက ကြားဝင် စေ့စပ်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးဟာ ဟက်ဇ်ဘူလာအဖွဲ့ လက်နက် ပြန်လည်တပ်ဆင်တာကို ဟန့်တားဖို့ ရည်ရွယ်ခဲ့တာပါ။ ဒီအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ လက်ဘနွန်နိုင်ငံ တောင်ပိုင်း (အစ္စရေးနိုင်ငံ မြောက်ပိုင်းနဲ့ ထိစပ်တဲ့နေရာပါ။ ။ဘာသာပြန်သူ) မှာ လက်ဘနွန်စစ်တပ်ကို ဖြန့်ကြက်ထားပြီး ဟက်ဇ်ဘူလာအဖွဲ့ရဲ့ လက်ကျန် စစ်လက်နက် ပစ္စည်းတွေကို သိမ်းဆည်းပေးရမှာပါ။
အပစ်အခက်ရပ်စဲရေးသဘောတူညီချက်ရပြီးနောက်ပိုင်းလတွေမှာ သဘောတူညီချက်က အသက်ဝင် တည်မြဲနေပုံပါပဲ။ ဒါပေမဲ့လည်း အစ္စရေးနဲ့ အမေရိကန်အရာရှိတွေက ဟက်ဇ်ဘူလာအဖွဲ့ဟာ လက်ဘနွန်စစ်တပ်ကို လက်နက်ဖြုတ်သိမ်းမှု မလုပ်နိုင်အောင် အောင်အောင် မြင်မြင် ဟန့်တားနိုင်ခဲ့တယ်”လို့ မကျေမနပ် ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က မကျေနပ်မှုကို ဖော်ပြတဲ့ အနေနဲ့ အမေရိကန် နိုင်ငံဟာ ပင်တဂွန်(စစ်ဌာနချုပ်)မှာ လက်ဘနွန် စစ်ဦးစီးချုပ်နဲ့ တွေ့ဆုံဖို့ အစည်းအဝေးကို ဖျက်သိမ်းခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံက အစ္စရေးနိုင်ငံရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေနဲ့ လက်ဘနွန် နယ်မြေအတွင်းက တပ်စခန်း ငါးခု သိမ်းထားတဲ့ လုပ်ရပ်ဟာ အပစ်အခတ်ရပ်စဲရေးကကို ချိုးဖောက်တာ ဖြစ်ကြောင်း ပြစ်တင် ပြောဆိုခဲ့ပါတယ်။ အစ္စရေးနိုင်ငံ ကတော့ သူတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲမယ့် သဘောမရှိပါဘူး။ အစ္စရေး ဗိုလ်ချုပ်ကြီး တစ်ဦးက”အောက်တိုဘာ (၇) ရက်နောက်ပိုင်း ကျွန်တော်တို့ မဟာဗျူဟာ ဟာ ကျွန်တော်တို့ နယ်နိမိတ်အပေါ် ကျရောက်လာမယ့် ဘယ်လို ခြိမ်းခြောက်မှုမျိုးကို မဆို ကာကွယ် ဟန့်တားနိုင်ဖို့ပါ။ ဒီမဟာဗျူဟာ ရည်မှန်းချက်ကို အပစ်အခတ် ရပ်စဲရေး နည်းလမ်းနဲ့ လုပ်နိုင်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။ ဒီလို မဟုတ်ဘူး ဆိုရင်တော့ ကျွန်တော်တို့ကတော့ ဆက်တိုက်ရမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

ဟေသမ် အလီတာဘာတာဘိုင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် ဟက်ဇ်ဘူလာအဖွဲ့က အခုအချိန်ထိတော့ တုံ့ပြန်တာမျိုး မလုပ်သေးပါဘူး။ အစ္စရေး ထောက်လှမ်းရေး အေဂျင်စီတွေ ကတော့ ဟက်ဇ်ဘူလာအဖွဲ့ အနေနဲ့ ပြန်လည်တုံ့ပြန်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်လာမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အစ္စရေးနိုင်ငံမြောက်ပိုင်းမှာ Global Positioning System (GPS) စနစ် သုံးမရအောင် ဆောင်ရွက်ထားပါတယ်။
လက်ဘနွန်နဲ့ ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး မရေမရာဖြစ်နေမှုဟာ ဒေသရဲ့ အခြေအနေကို ထင်ဟပ်နေပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ အဆိုအရ အပစ်အခတ်ရပ်စဲရေး အသက်ဝင်ခဲ့တဲ့ အောက်တိုဘာ (၁၀) ရက် နောက်ပိုင်း ဂါဇာဒေသမှာ ပါလက်စတိုင်း ပြည်သူ (၃၄၀) ကျော် သတ်ဖြတ်ခံခဲ့ ရပါတယ်။ အစ္စရေးနဲ့ အီရန်ကြားက (၁၂) ရက်ကြာ စစ်ပွဲကို အဆုံးသတ်စေခဲ့တဲ့ ဇွန်လ အပစ်အခတ် ရပ်စဲရေးဟာ အခုအချိန်မှာ သက်ဝင် ရှင်သန်နေဆဲပါ။ ဒါပေမဲ့ အစ္စရေး အရာရှိတွေက အီရန်နိုင်ငံအနေနဲ့ နျူကလီးယားနဲ့ ဒုံးပျံ အစီအစဥ် တွေကို ဆက်အကောင်အထည် ဖော်နေမယ်ဆိုရင် အီရန်နဲ့ နောက်ထပ် ဆင်နွှဲရတဲ့ စစ်ပွဲဟာ အချိန်မရွေးဖြစ်လာမှာပါလို့ သတိပေး နေတာပါ။ ဂါဇာနဲ့ အီရန် သဘော တူညီချက်တွေဟာ သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင် စေ့စပ်ခဲ့တာပါ။ ဂိုလန် ကုန်းမြင့်နဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ ဆီးရီးယားနိုင်ငံတွေကြား အငြင်းပွားနေမှုအပေါ် အမေရိကန်နိုင်ငံရဲ့ဖြေရှင်းနိုင်ရေးကြိုးပမ်းအားထုတ်မှုဟာအခုအချိန်ထိတော့ ရလဒ် မထွက်သေးပါဘူး။
ဒီဖြစ်စဥ်တွေကို ကြည့်လိုက်ရင် စစ်ပွဲတွေ အဆုံးသတ်ဖို့ဆိုတာ စဥ်ဆက်မပြတ် ကြိုးပမ်း အားထုတ်မှု လိုအပ်ပါတယ်။ အစ္စရေးအရာရှိ တစ်ဦးက ”အမေရိကန် နိုင်ငံဟာ ကျွန်တော်တို့ကို ဟားမက်စ်နဲ့ ဟက်ဇ်ဘူလာ အပါအဝင် အီရန်နိုင်ငံနဲ့ အပစ်အခတ် ရပ်စဲရေး ရအောင် ဖိအားပေး ပုံဖော်ခဲ့ပါတယ်။ အခုလည်းပဲ ဆီးရီးယားနိုင်ငံနဲ့ အလားတူ ရလဒ်ရအောင် ကြိုးပမ်းနေပါတယ်။ ထရမ့်က သူအဆုံးသတ်ပေးခဲ့တဲ့ စစ်ပွဲတွေစာရင်း ဆိုတာမျိုး လုပ်ချင်နေပုံပါပဲ။ ဒါပေမဲ့ နောက်တစ်ကြိမ် စစ်မီးတွေ ထပ်မတောက်လောင်ဖို့ ဆိုတာ အများကြီး ကြိုးပမ်း အားထုတ်ရတဲ့ ကိစ္စပါ”လို့ သုံးသပ်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံမှာ စစ်ပွဲ အမြန် ရပ်ဆိုင်းနိုင်ရေး မျှော်လင့်နေသူတွေ အတွက် နှလုံးသွင်းရမယ့် သင်ခန်းစာလို့ ဆိုချင်ပါတယ်။
ကိုးကား – The killing of a Hezbollah commander shows how fragile truces are, The Economist, Nov 25


