The Corner

The Corner

cropped-Logo_round_grey-background.png

ဗင်နီဇွဲလားကမ်းလွန်မှာ အမေရိကန်ရဲ့ စစ်ရေးတည်ဆောက်မှုဘာသဘောလဲ

Share မယ်

ကမ္ဘ့ာအကြီးဆုံး လေယာဉ်တင် သင်္ဘောကြီးဟာ ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ပြင်မှာ စစ်ရေးအတွက် အဆင်သင့် ဖြစ်နေတယ်။ သူ့ရဲ့ စစ်ရေး ရည်မှန်းချက်ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကမ္ဘာပေါ်မှာ အကြီးဆုံး လေယာဉ်တင် သင်္ဘောကြီးဖြစ်တဲ့ ယူအက်စ်အက်စ် ဂျရယ်ဖို့ဒ် ဟာ  အောက်တိုဘာလ ၂၆ ရက်နေ့ တုန်းက ခရိုအေးရှားနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ စပလစ် မြို့ကနေတိတ်တဆိတ်ထွက်ခွာလာခဲ့တယ်။အဲဒီနေ့မတိုင်ခင် စောစောပိုင်း ရက်တွေထဲမှာ အမေရိကန် ကာကွယ်ရေး (စစ်ရေး) ဝန်ကြီး ဌာန (ပင်တဂွန်) ရဲ့ အကြီးအကဲ ပိ ဟက်ဆက် (Pete Hegseth)က ဒီလေယာဉ်တင်သင်္ဘောကြီးကို ကြီးမားကျယ်ပြန့်ပြီး အခုအချိန်အထိရှင်းလင်းမပြနိုင်သေးတဲ့ စစ်ရေး ပြင်ဆင်မှုမှာ ပူးပေါင်း ပါဝင်ဖို့  ကာရစ်ဘီယံ ပင်လယ်ကို ထွက်ခွာရေး အမိန့်ပေးခဲ့တယ်။ တပ်ချထားတဲ့ အမေရိကန် စစ်သင်္ဘောအားလုံးရဲ့ ၁ဝ ရာခိုင်နှုန်း ကျော်ရှိတဲ့ အမေရိကန် စစ်သင်္ဘောတွေ အပါအဝင်နဲ့ စစ်‌ရေးဆိုင်ရာ ပိုင်ဆိုင်မှုတွေဟာ လောလောဆယ် အ‌ခြေအနေမှာ ပင်တဂွန်ရဲ့ တောင်ပိုင်းစစ်တိုင်း ကြီးကွပ်ကဲမှု (SOUTHCOM) ကထိန်းချုပ် ထားတယ်။အဲဒီ စစ်တိုင်းကြီးဟာ အလယ်ပိုင်းနဲ့ တောင်အမေရိက ဒေသတွေက စစ်ဆင်ရေး ကိစ္စတွေကို ကြီးကြပ်ကွပ်ကဲပါတယ်။ ထရမ့်အစိုးရက ဗင်နီဇွဲလား နိုင်ငံက သမ္မတ မာဒူရို အစိုးရကို သူ့မျက်စိအောက်မှာ ထားချင်တာလားလို့ မေးစရာ ရှိတယ်။

တလောတုန်းကပဲ အမေရိကန်ပြည်ထောင်စုဟာ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ စွပ်စွဲထားတဲ့ ရေယာဉ်ငယ်တွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေ တိုးမြှင့်ပြီး ဆောင်ရွက်ခဲ့တယ်။ အခု နောက်ဆုံး အောက်တိုဘာ ၂၉ ရက်နေ့က တိုက်ခိုက်ရာမှာတော့ လူလေးယောက် သေဆုံးခဲ့တယ်။ အခုအထိတော့ ကာရစ်ဘီယံ ပင်လယ်နဲ့ ပစိဖိတ် သမုဒ္ဒရာ နှစ်နေရာ စလုံးမှာ လေကြောင်း တိုက်ခိုက်မှု ၁၄ ကြိမ်လုပ်ခဲ့ပြီး လူ ၆၁ ယောက် သေဆုံးခဲ့တယ် လို့ ခန့်မှန်း ထားတယ်။ တိုက်ခိုက်တဲ့ အခါတိုင်းမှာ ထရမ့်အစိုးရက သူတို့ရဲ့ တိုက်ခိုက်မှုတွေဟာ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ထဲ မှာပဲ ဆောင်ရွက် ခဲ့တာပါလို့ အလေးထား ဖော်ပြခဲ့တယ်။ ဥပဒေရေးရာ ကျွမ်းကျင်သူ အတော်များများ ကတော့ ဒီလုပ်ရပ်တွေဟာ တရားဥပဒေကို မျက်နှာပြောင်တိုက်ပြီး အရှက်မရှိ ကျူးလွန်တာ ဖြစ်တယ်။ ထရမ့် အစိုးရရဲ့ ကျိုးကြောင်း ပြချက်ဖြစ်တဲ့ အခု ဖြစ်ရပ်က မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေနဲ့ ဖြစ်ပွားတဲ့ လက်နက်ကိုင် ပဋိပက္ခ ဆိုတာကလည်း မေးခွန်း ထုတ်စရာ ဖြစ်နေတယ်လို့ ဆိုကြတယ်။ ကွန်ဂရက်ကရော အမေရိကန်စစ်ဘက်က တပ်မှူးကြီးတွေကရော ဒီလို ပြောဆိုချက် တွေကို မနှစ်သက်တဲ့ သဘောနဲ့ပဲ တုံ့ပြန်ကြတယ်။ ဒါပေမဲ့ တောင်ပိုင်းတိုင်း ကွပ်ကဲမှု ဌာနချုပ်က တိုင်းမှူး ရေတပ် ဗိုလ်ချုပ်ကြီး အယ်လ် ဗင်ဟော်စလေကတော့ တလောကပဲ သူရာထူးကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့တယ်။ ဒီတိုက်ခိုက်မှု တွေနဲ့ စပ်လျဉ်းလို့ သူနဲ့ ကာကွယ်ရေးဝန်ကြီး မစ္စတာဟက်ဆက်တို့ သဘောထားကွဲခဲ့တယ်လို့ဆိုတယ်။

စစ်ရေးတည်ဆောက်မှုတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတာက  အနိမ့်ဆုံး အဆင့်တော့ မာဒူရိုကို တစ်စိတ်တစ်ပိုင်း ဦးတည်တာ ဖြစ်ပုံရတယ်။ ဗင်နီဇွဲလား သမ္မတ မာဒူရိုဟာ ၂ဝ၂၄ခုနှစ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ကလိမ်ကကျစ် လုပ်ပြီး သူနိုင်တယ်လို့ ကြေညာခဲ့တဲ့သူဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုက သူ့ကို မူးယစ်ဆေး မှောင်ခို ရောင်းဝယ် ဖောက်ကားတဲ့ တရားမဝင် ကုန်သွယ်ရေးမှာ အခရာကျတဲ့သူလို့ စွပ်စွဲထားပြီး လေ့လာ ဆန်းစစ်သူ အတော်များများ ကတော့ ဒီအချက်ကို သံသယနဲ့ မြင်ကြတယ်။ ကိုလံဘီယာ နိုင်ငံ သမ္မတ ဂူးစတာဗို ပီထရိုကို မူးယစ်ဆေးဝါး လုပ်ငန်း ခေါင်းဆောင် လို့ ဖော်ပြခဲ့တဲ့ မစ္စတာ ထရမ့်က ဗင်နီဇွဲလားကို ဝင်တိုက်ခိုက်ဖို့ အလားအလာရှိတယ်လို့ ပြောင်ပြောင်ပဲ စကားဦး သန်းခဲ့တယ်။ “ကျုပ်တို့မှာ ဗင်နီဇွဲလား နိုင်ငံကနေ ဝင်လာတဲ့ မူးယစ်ဆေးဝါးတွေ အမြောက်အမြားရှိတယ်။ ကုန်းလမ်း ကနေ ဝင်တာတွေကို ရပ်တန့်သွားအောင် အခု တားဆီးတော့မယ်။ နောက်ပြီးရင်တော့ ဒီနိုင်ငံထဲကို ဝင်တိုက်မှာပဲ” လို့ ထရမ့်က ပြောလိုက်တယ်။

ပစ်အား ကောင်းတဲ့ လက်နက်မျိုးစုံ အမြောက်အမြားကိုတော့ နေရာ ချထား ပြီးပါပြီ။ ရေတပ် သင်္ဘောတွေနဲ့ စစ်အင်အား တည်ဆောက်တာ မျိုးဟာ ၁၉၆၂ ခုနှစ် ကျူးဘား ဒုံးပျံ အရေးအခင်း နောက်ပိုင်းမှာ ဒီဒေသအတွင်း အကြီးဆုံးပဲ ဖြစ်တယ်။ တွမ်မဟော့ ဒုံးကျည် အစင်းပေါင်း ၁၁ဝနဲ့ ပစ်ခတ် တိုက်ခိုက်ဖို့ စွမ်းပကားရှိတယ်။ ဖို့ သင်္ဘောကြီးနဲ့အတူ ခြံရံ လိုက်ပါလာတဲ့ ဖျက် သင်္ဘော သုံးစင်းကတော့ တွမ်မဟော့ အစင်း ၇ဝကျော်ကို စုပေါင်း ပစ်လွှတ် တိုက်ခိုက်နိုင်တယ်လို့ ဝါရှင်တန်မှာရှိတဲ့ မတ်ကက်ဆီယံ နဲ့ ခရစ္စပတ်ခ် မဟာဗျူဟာ နဲ့ အပြည်ပြည်ဆိုင်ရာ လေ့လာရေးဗဟိုဌာန (CSIS) က တွက်ချက် ဖော်ပြ ထားပါတယ်။ အမေရိကန် ပြည်ထောင်စု အထူးတပ်ဖွဲ့တွေကို တာဝန်ချထားတဲ့ B-1 နဲ့ B-52  ဗုံးကြဲလေယာဉ်ကြီးတွေအပြင် ရဟတ်ယာဉ်တွေ ကလည်း ဗင်နီဇွဲလားနိုင်ငံ ကမ်းရိုးတန်း အနီးမှာ ပျံသန်းနေခဲ့တယ်။ ဒီလို ဆောင်ရွက်တာတွေ အားလုံးက မစ္စတာ မာဒူရိုကို စိုးရိမ် ထိတ်လန့်လာအောင် လှုံ့ဆော်တဲ့ ကြိုးပမ်းချက် ဒါမှမဟုတ် တလောကမှ မာဒူရို ထုတ်ကြွားထားတဲ့ သူ့လေတပ်ကို ထုတ်သုံးဖို့ စေ့ဆော်တာလည်း ဖြစ်နိုင်တယ်။ အဲဒီ နှစ်ချက်စလုံးလည်း ဖြစ်နိုင်တယ်။

အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ စစ်ရေး လေ့ကျင့်မှုလို့ အမေရိကန်က ခေါ်ထားတဲ့ လုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန် ဖျက်သင်္ဘော တစ်စင်းကို ဗင်နီဇွဲလားနိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်ဒေသကနေ ၁၁ ကီလိုမီတာ (ရေမိုင် ခြောက်မိုင်) သာ ဝေးတဲ့ ကျွန်းနိုင်ငံ တစ်ခုဖြစ်တဲ့ ထရီနီဒက်နဲ့ တိုဘာဂို နိုင်ငံက ဆိပ်ကမ်းမှာ ဆိုက်ကပ် ထားသေးတယ်။ ဒီသင်္ဘောကြီးက ရေတပ် သင်္ဘောတွေနဲ့ စစ်ရေး စစ်ရာပစ္စည်းတွေ ကမ်း‌ခြေကို ကပ်လာနိုင်ဖို့အတွက် ပစ်ကူပေးမှာ ဖြစ်တယ်။ ဝန်ကြီး ဟက်ဆက်ဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူး လုပ်ငန်းအဖွဲ့သစ် တစ်ခု ဖွဲ့စည်းလိုက်တဲ့ အကြောင်း‌ ကြေညာပြီး အဲဒီ အဖွဲ့ကို နိုင်ငံခြား စစ်ဆင်ရေးအတွက် ဖွဲ့စည်း စေလွှတ်လိုက်တဲ့ မရိန်းတပ်ဖွဲ့ သုံးခုထဲက တပ်ဖွဲ့တစ်ခုက ဦးဆောင်မယ်လို့ ဆိုတယ်။

ဒီလို လက်နက်အင်အားပြပြီး ခြိမ်းခြောက်တဲ့ သံခင်းတမန်ခင်း နည်းပရိယာယ်ရဲ့ ရည်ရွယ်ချက်ကတော့ အတော် ရှုပ်ထွေး ပါတယ်။ မစ္စတာထရမ့်ရဲ့ အစိုးရအဖွဲ့ အတွင်းက အကြံပေးအရာရှိ အမျိုးမျိုးကတော့ အခုအချိန်အထိ ဗင်နီဇွဲလား နိုင်ငံအရေးကို ကွဲလွဲတဲ့ ချဉ်းကပ်မှုတွေနဲ့ ဆောင်ရွက် နေတုန်းပါပဲ။ ဖြစ်နိုင်ခြေရှိတဲ့ အချက်တစ်ခုကတော့ မစ္စတာထရမ့်ဟာ မစ္စတာ မာဒူရိုကို အထူး တပ်ဖွဲ့ စစ်ဆင်ရေးနဲ့ ဖမ်းဆီးဖို့ ဒါမှမဟုတ် သုတ်သင်ရှင်းလင်းဖို့ ကြိုးပမ်းတာ ဖြစ်နိုင်တယ်။ (စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်တာ ဒါမှမဟုတ် မြေပြင်ကနေ ကျူးကျော် ဝင်ရောက် တိုက်ခိုက်ဖို့ကတော့ အခုအချိန် အထိ ဖြစ်နိုင်ပုံ မရဘူး)။ မစ္စတာထရမ့် ပြောတာက သူဟာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ) ကို ဗင်နီဇွဲလား နိုင်ငံအတွင်းမှာ လျှို့ဝှက်စစ်ဆင်ရေး တစ်ရပ် ဆောင်ရွက်ဖို့ ခွင့်ပြုလိုက်ပြီလို့ ဆို တယ်။ အဲဒီမှာ အသေအပျောက် ရှိတဲ့ စစ်ဆင်ရေး တွေလည်း ပါတယ်လို့ သိရတယ်။

ရည်မှန်းချက်ကတော့ ဒီအာဏာရှင် သမ္မတကို သူ့ရဲ့ အတွင်းစည်းထဲကလူယုံ တစ်ယောက်ယောက်ကနေ သစ္စာဖောက်ဖို့ ထိအောင် ပြင်းပြင်းထန်ထန်နဲ့ တာရှည်ဖြစ်ပေါ်မယ့် ဖိအားမျိုး ပေးသွားဖို့လည်း ဖြစ်နိုင်တယ်။ သူ့ကို ဖမ်းဆီးစေနိုင်မယ့် သတင်း အချက်အလက် ကို ပေးနိုင်ရင် အမေရိကန်ဒေါ်လာ သန်း ၅ဝ ပေးမယ်လို့ အမေရိကန် ပြည်ထောင်စုက ဆုငွေထုတ်ထားပေမယ့် အခုအထိတော့ စိတ်ဝင်စားတဲ့သူ ရှိအောင် မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ အစိုးရကတော့ စိုးရိမ်ပူပန်ခဲ့တယ်။ ဒါကြောင့် လုံခြုံရေး တပ်ဖွဲ့တွေ တိုးမြှင့်ချထားတယ်။ လိုအပ်ရင် နိုင်ငံတော်ရဲ့ အရေးပေါ် အခြေအနေ ကြေညာဖို့ လမ်းဖွင့် ပေးထားတယ်။

မစ္စတာ မာဒူရိုနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ကို တိုက်ရိုက် တိုက်ခိုက်မယ့် အစား မစ္စတာထရမ့်ဟာ သူချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို ဆက်ပြီးတော့ အကောင်အထည် ဖော်နိုင်တယ်။ ဒါ့အပြင် ဗင်နီဇွဲလား နိုင်ငံတွင်းမှာ ရှိတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတဲ့ သူတွေနဲ့ ပတ်သက်ဖွယ် ရှိတယ်လို့ သူအခိုင်အမာ ဖော်ပြထားတဲ့ နေရာတွေကို တိုက်ခိုက်ဖို့ ရှိနိုင်တယ်။ ဒီလိုဆိုရင် မစ္စတာထရမ့်က အောင်မြင်မှုနဲ့ ဆက်လက် ဆောင်ရွက်နိုင်ဖို့ အ‌ခြေအနေ ရှိပေမယ့် အမေရိကရဲ့ မူးယစ်ဆေးဝါး ပြဿနာကို လျော့ပါးစေဖို့ကတော့ နည်းနည်းပါးပါးပဲ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ fentynal  ခေါ်တဲ့ နာကျင် ကိုက်ခဲတာ ပျောက်တဲ့ဆေး ဒါမှမဟုတ် တားမြစ်ထားတဲ့ မူးယစ်ဆေး တစ်မျိုးလို့လည်း သတ်မှတ်နိုင်တဲ့ ဆေးတွေ အမေရိကန် ပြည်ထောင်စုထဲကို ဝင်ရောက်တာ အများစုက မက္ကဆီကို နိုင်ငံကထုတ်လုပ်တာ ဖြစ်တယ်။ ဗင်နီဇွဲလား ကတော့ မဟုတ်ပါဘူး။ မြေပြင်ကနေ တိုက်ခိုက်မှု မှန်သမျှဟာ ဒီပဋိပက္ခကို နိုင်ငံတကာ ရေပိုင်နက်ကနေ အချုပ်အခြာ အာဏာပိုင်နက်အထိ ဆောင်ယူ သွားမှာ ဖြစ်တယ်။ ဒါ့ပြင် အဲဒီ အချက်ဟာ ထူးခြားတဲ့ အရှိန်မြှင့်မှု တစ်ခု ဖြစ်ပြီး တရုတ်ပြည်ရဲ့ အမေရိကန်ကို ကမ္ဘာ့အင်အားကြီး အနေအထားကနေ ပြုတ်ကျအောင် ဆောင်ရွက်နေတဲ့ ခြိမ်းခြောက်မှု အန္တရာယ် သတိပေး နေကြတဲ့ အမေရိကန် ကာကွယ်ရေး (စစ်ရေး) ဌာန (ပင်တဂွန်) က အရာရှိ အတော်များများက မရမက တောင်းဆို နေကြပေမယ့် အမေရိကန် ပြည်ထောင်စုကို ဥရောပနဲ့ ပစိဖိတ်ဒေသ အာရုံစိုက်မှုကနေ ဆွဲယူသွားမှာ ဖြစ်တယ်။

စက်တင်ဘာလ တုန်းက အမေရိကန် ကာကွယ်ရေး (စစ်ရေး) ဝန်ကြီး ပိထ် ဟက်ဆက်က သူ့ရဲ့ ကြည်းတပ် ဗိုလ်ချုပ်ကြီးတွေနဲ့ ရေတပ် ဗိုလ်ချုပ်ကြီးတွေကို မိန့်ခွန်းပြောကြားရာမှာ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲကို ထည့်သွင်း ချီးမွမ်းခဲ့ပြီး  “လွှမ်းမိုးနိုင်ပြီး အကန့်အသတ်ရှိတဲ့ စစ်အင်အား နည်းနည်းနဲ့ စစ်ရေး ရည်မှန်းချက်တွေကို ပြည့်စုံ အောင်မြင်အောင် တိုက်နိုင်ခဲ့တဲ့ စစ်ပွဲ” လို့ သူက ထောမနာ ပြုခဲ့တယ်။ သူက ဗီယက်နမ် စစ်ပွဲမှာ အမေရိကန် ကြုံခဲ့ရတဲ့ mission creep လို့ခေါ်တဲ့ စစ်ဆင်ရေး လမ်းကြောင်း တစ်ခုအတွင်း စစ်ရေး ရည်မှန်းချက်တွေကို တိုးချဲ့ လိုက်တာ၊ အထူးတာဝန်ရဲ့ မူလရည်မှန်းချက် ပန်းတိုင်နဲ့ ဘောင်တွေ ချဲ့ထွင်ပြီး ကနဦး အောင်မြင်မှုတွေကိုပါ ထိခိုက်ပျက်စီး စေတဲ့ အခြေအနေမျိုးကို ဝေဖန်ခဲ့တယ်။ အခုတော့ သူကိုယ်တိုင် ဗင်နီဇွဲလား အရေးမှာ ဆုပ်ဆူးစားရူး အ‌ခြေအနေထဲမှာ ရောက်ပြီး ဘေးကျပ်နံကျပ် ဖြစ်နေရတယ်။ အသေးအဖွဲ လေကြောင်း တိုက်ခိုက်မှု ကလေးတွေ ကတော့ ထိရောက်မှု ရှိမှာ မဟုတ်ပါဘူး။ မြေပြင် ထိုးစစ် ကျပြန်တော့လည်း နွံနစ်နေ သလို ရုံးထွက် မရတဲ့ အ‌ခြေအနေ အခက်အခဲ တွင်းထဲ ကျဆင်း သွားနိုင်တယ်။ တကယ်လို့ မာဒူရိုကို ဖြုတ်ချနိုင်လိုက်ပြီး မနှစ်က ရွေးကောက်ပွဲတွေမှာ အနိုင် ရခဲ့တဲ့သူ အက်ဒ်မန်ဒို ဂွန်ဇာလက်ကို အာဏာ အပ်လိုက်ရင် ဗင်နီဇွဲလားနိုင်ငံမှာ ရွှင်လန်း ဝမ်းမြောက်ပြီး ပီတိ ဖြစ်ကြမှာကတော့ သံသယ ရှိစရာ မလိုပါဘူး။ ဒါပေမဲ့ နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ရှင်းရှင်းလင်း မရှိပါဘူး။ “မာဒူရိုအလွန်ခေတ် အခင်းအကျင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပေါ်လာနိုင်တဲ့ အခြေအနေမျိုး ကိုတော့ လျှော့တွက်လို့ မရပါဘူး။ စစ်ဘက်က အထက်တန်း အရာရှိကြီး အတော်များများက အစိုးရ အပြောင်းအလဲကို ခုခံ တွန်းလှန် လာနိုင်တယ်” လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆယ်လ်မြို့က သုတေသနဌာန တစ်ခုဖြစ်တဲ့ အပြည်ပြည် ဆိုင်ရာ အရေးအခင်းများ လေ့လာရေး အုပ်စုက သဘောထား မှတ်ချက်ပေးပါတယ်။

ကာရစ်ဘီယံဆီကို ချဥ်းကပ်လာတဲ့ အမေရိကန် လေယာဥ်တင် သင်္ဘောကြီး (Credit: The Hill)

ဘယ်လိုပဲဖြစ်ဖြစ် အချိန်ကတော့ တရွေ့ရွေ့ ကုန်နေပါပြီ။ လေယာဉ်တင် သင်္ဘောကြီး ဖို့ဒ်ဟာ အသုံးမပြုရင် ဆုံးရှုံးသွားမယ့် ပိုင်ဆိုင်မှုမျိုး ဖြစ်တယ်လို့ မဟာဗျူဟာနဲ့ အပြည်ပြည်ဆိုင်ရာ လေ့လာရေး ဗဟိုဌာန (CSIS) က သဘောထား အမြင်ကို ဖော်ပြတယ်။ ဘာကြောင့်လဲ ဆိုတော့ အမေရိကန် ကာကွယ်ရေး (စစ်ရေး) ဝန်ကြီးဌာန (ပင်တဂွန်) ဟာ သူ့ရဲ့ အရေးအကြီးဆုံး စစ်သင်္ဘောကြီးကို ကာရစ်ဘီယံပင်လယ်ထဲမှာ အမှန်တကယ်လည်း အသုံးမလိုဘဲနဲ့ အချိန်အကြာကြီး မထားလိုပါဘူး။ ဒီသင်္ဘောကြီး အဲဒီကို ရောက်ဖို့ကလည်း အနည်းဆုံး ရက်သတ္တပတ် ဒါမှမဟုတ် ဒီထက်ပိုပြီး အချိန် လိုအပ်ပါတယ်။ စီအက်စ်အိုင်စ် ပြောတာကတော့ ဒီစစ်သင်္ဘောကြီး တပ်စွဲ နေရာယူထားစေတာက “တိုက်ခိုက်ပြီး အလုံးအရင်းနဲ့ ဝင်ရောက်မယ်” ဆိုတဲ့ အနာဂတ် ဖြစ်နိုင်ခြေကို ဖော်ညွှန်းတဲ့ အချက် နှစ်ချက်ထဲက တစ်ချက်ပဲ ဖြစ်တယ်။ တခြား အချက်ကတော့ ကာရစ်ဘီယံ ပင်လယ်မှာရှိတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပိုင်နက် နယ်မြေ ဖြစ်တဲ့ ပွာတိုရီကို နိုင်ငံမှာ “ယာယီ ရွက်ဖျင်တဲ မြို့တော်” (tent cities) ကို ဖန်တီးဖို့ပဲ ဖြစ်လိမ့်မယ်။ အဲဒီမှာ အမေရိကန် တပ်ဖွဲ့ဝင် အတော်များများကို တပ်ချပြီး နေထိုင်ဖို့ပဲ ဖြစ်တယ်။ အခုတော့ အဲဒီ အရိပ်လက္ခဏာမျိုး မတွေ့ ရ သေးပါဘူး။

အခုအချိန်မှာ ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုကလည်း ရုရှား ခေါင်းဆောင် ဗလာဒီမာ ပူတင်ကို စစ်ရေး အကူအညီပေးဖို့ မေတ္တာရပ်ခံ ထားတဲ့အကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက အမေရိကန် ပြည်ထောင်စု ပြည်တွင်းရေး စာရွက်စာတမ်း အထောက် အထားတွေကို ကိုးကားပြီး ရေးပါတယ်။ စာရွက် စာတမ်း အထောက်အထားအရ မာဒူရိုက သူ့နိုင်ငံက စစ်လေယာဉ် တွေကို အဆင့်မြှင့်ပေးဖို့နဲ့ ပြင်ဆင်ပေးဖို့ရယ် ကာကွယ်ရေး ရေဒါစနစ်ကို ပြုပြင်ပေးဖို့နဲ့ ဖြစ်နိုင်ရင် ဒုံးကျည်တွေ ဖြည့်တင်း ပေးဖို့ကိုပါ တောင်းခံ ထားတယ်လို့ ဆိုတယ်။ တရုတ်နဲ့ အီရန်နိုင်ငံကိုလည်း နောက်ထပ် အကူအညီ တွေပေးဖို့ မေတ္တာရပ်ခံ နိုင်အောင် ချဉ်းကပ်ခဲ့တယ်လို့ သိရတယ်။

ရည်ညွန်း  – 

1. The Economist November 1st -7th 2025.                        

2. The Defense Post, Nov 4, 2025

Click to rate this post!
[Total: 1 Average: 5]