The Corner

The Corner

cropped-Logo_round_grey-background.png

ထရမ့်၊ ပူတင်၊ ဇလန်းစကီး တို့နဲ့ တိုမာဟော့ခ် ဒုံးကျည်ဗျူဟာ ဘယ်လဲ ဘာလဲ

Share မယ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းစစ်ပွဲကို အကြောင်းပြုပြီး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဗိုလ်လုပ်ဖို့ ကြံစည် နေတယ်။ လက်ရှိအခြေအနေမှာ ယူကရိန်းစစ်ပွဲကြောင့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်နေတဲ့ ရုရှားသမ္မတ ပူတင် ကို နယ်ရုပ်တစ်ရုပ်အဖြစ် ကစားဖို့ ထရမ့်က ဗျူဟာခင်းနေတာတွေ့ရတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီး ကတော့ နိုင်ငံအရွယ် ပမာဏနဲ့ စစ်အင်အားအရ ရုရှားကို မယှဉ်နိုင်ဘူးလို့ ထင်ရပေမယ့် အမေရိကန်နဲ့ နေတိုးမဟာမိတ်တို့ဆီက လက်နက်တွေရရှိအောင်ကြံဖန်နိုင်တာကြောင့် စစ်ပွဲအနေအထားက သရေပွဲ ဖြစ်နေတာတွေ့ရတယ်။ ဒါကြောင့် စစ်ပွဲချိန်ခွင်လျှာ အပြောင်းအလဲဖြစ်စေဖို့အတွက် အမေရိကန်ဆီက မဟာဗျူဟာ လက်နက်တွေရရှိနိုင်ရေး ကြိုးပမ်းနေရတာ တွေ့ရတယ်။

ဒါကြောင့် ယူကရိန်းက တိုမာဟော့ခ်ဒုံးကျည်တွေ လိုချင်တဲ့ အကြောင်းဖြစ်လာတယ်။ ၂၀၂၂ ခုနှစ် ရုရှားရဲ့ အလုံးစုံ ကျူးကျော်စစ် စတင်ကတည်းက တာဝေးပစ်ဒုံးကျည်တွေ ရရှိရေးအတွက် ယူကရိန်းက အခွင့်သင့်တိုင်း တောင်းဆို ခဲ့တာ တွေ့ရတယ်။ ရုရှားရဲ့ တွက်ကိန်းလွဲချော်ခဲ့ပြီး နှစ်နဲ့ချီ ရှည်ကြာလာနေတဲ့ စစ်ရေး ပဋိပက္ခမှာ ရှေ့တန်း စစ်မျက်နှာပြင် ကနေ အလှမ်းဝေးတဲ့ ရုရှားနိုင်ငံ အတွင်းပိုင်းက အရေးကြီးပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ယူကရိန်း ဘက်က အကျိုးအပြစ် ချိန်ဆရင်း တိုမာဟော့ခ် ဒုံးကျည်တွေတောင်းဆိုလာတာဖြစ်တယ်။

တစ်ဖက်မှာလည်း ‘ဝါရှင်တန်အစိုးရ’ အနေနဲ့ တိုမာဟော့ခ် တာဝေးပစ်ဒုံးကျည်တွေ ယူကရိန်း အစိုးရကို မပေးဖို့ မော်စကိုရှိ ‘ကရင်မလင်အစိုးရ’က အမြဲလိုလို သတိပေးနေခဲ့တာ တွေ့ရတယ်။ အမေရိကန်ဟာ ယူကရိန်းကို တာဝေးပစ် ဒုံးကျည်တွေ ပေးလိုက်မယ်ဆိုရင် စစ်ပွဲပဋိပက္ခဟာ ပိုမိုပြင်းထန်လာမယ့်အပြင် အမေရိကန်-ရုရှား ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်လိမ့်မယ်လို့ ရုရှားသမ္မတ ပူတင်က ပြောဆိုထားပါတယ်။

ထရမ့် အနေနဲ့  အောက်တိုဘာ (၁၇) ရက်နေ့ အိမ်ဖြူတော်မှာ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့တဲ့ အခါ တိုမာဟော့ခ် တာဝေးပစ် ဒုံးပျံတွေ ယူကရိန်းကို ပေးပို့ရေးကိစ္စ ဖြစ်နိုင်ခြေရှိ/မရှိဆွေးနွေးဖွယ်ရာရှိတယ်လို့ သတင်းတွေ ဖြစ်ခဲ့တယ်။  ထရမ့် ဒီနှစ် ဇန်နဝါရီလမှာ ဒုတိယအကြိမ် အာဏာပြန်လည်ရရှိချိန်ကစပြီး ယူကရိန်း သမ္မတ ဇလန်းစကီးနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာမှာ ဒီတစ်ကြိမ်ဟာ လေးကြိမ်မြောက် ဖြစ်ပါတယ်။

တစ်လအတွင်း ဒုတိယအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်တယ်။ ဒါပေမဲ့ ထရမ့်က လတ်တလော  တိုမာဟော့ခ် တာဝေးပစ် ဒုံးပျံတွေ ယူကရိန်းကို ပေးပို့ရေးကိစ္စ ဆုံးဖြတ်ဖို့ မဖြစ်သေးကြောင်းနဲ့ တိုမာဟော့ခ်တွေဟာ အမေရိကန်အတွက် လည်း လိုအပ်နေသေးတယ်လို့ မတင်မကျပြောသွားတယ်။ ဒါကြောင့် လက်ရှိ အနေအထား မှာတော့ ဇလန်းစကီး ဟာ သူ့တောင်းဆိုချက် မအောင်မြင်ဘဲ ယူကရိန်းဆီကို လက်ဗလာနဲ့ ပြန်သွားခဲ့ရတယ်။

တိုမာဟော့ခ် တာဝေးပစ် ဒုံးပျံတွေက ဘာကြောင့် အရေးပါနေတာလဲ။   

တိုမာဟော့စ် ဒုံးကျည် အမျိုးအစားအချို့ဟာ ကီလိုမီတာ ၂၅၀၀(၁,၅၅၀ မိုင်) အထိ ပစ်ခတ် နိုင်ပြီး ယူကရိန်း နယ်မြေထဲကနေ မော်စကိုအထိ ရောက်အောင် ပစ်ခတ်နိုင်တယ်လို့ ဆိုတယ်။ နောက်ပြီး ဒီဒုံးကျည်တွေရဲ့ အဆင့်မြင့် လမ်းညွှန်မှုစနစ်ကြောင့် ပစ်မှတ်ကို ပစ်ခတ် ရာမှာ တိကျမှုရှိတယ်လို့ ဆိုတယ်။

ယနေ့ခေတ် သမားရိုးကျ စိတ်ကြိုက် ပစ်ခတ်နိုင်စွမ်းကတော့ ၉၉၅ မိုင်(၁,၆၀၀ ကီလိုမီတာ)အကွာအဝေးရှိ ပစ်မှတ် ကို ပစ်ခတ် တိုက်ခိုက်နိုင်တယ်လို့ ဆိုတယ်။ တစ်နာရီ ၅၅၀ မိုင်နှုန်းနဲ့ ခပ်နိမ့်နိမ့် ပျံသန်းပြီး ပစ်မှတ်ကို တိုက်ခိုက် နိုင်တယ် လို့ သိရတယ်။ တိုမာဟော့ခ်ဒုံးကျည်ဟာ ၆ ဒသမ ၁ မီတာရှည်တယ်။ တောင်ပံတစ်ဖက်ကနေ တစ်ဖက် အရှည် ၂ ဒသမ ၅ မီတာ ရှိတယ်။ အလေးချိန်က ၁,၅၁၀ ကီလိုဂရမ် ရှိတယ်။ တန်ဖိုးအားဖြင့် တစ်စင်းအတွက် ဒေါ်လာ ၁ ဒသမ ၃ သန်း (ပေါင်စတာလင် ၁ သန်း) တန်တယ်လို့ သိရတယ်။ 

Photo: US Navy Institute

ယူကရိန်းက ဘာကြောင့် တိုမာဟော့ခ်ဒုံးကျည်တွေ လိုချင်တာလဲ။

ယူကရိန်းကို တိုမာဟော့ခ်တွေ ပေးလိုက်ရင် တာဝေးပစ်ခတ်နိုင်စွမ်းကို ထူးထူးခြားခြား ချဲ့ထွင်ပစ်ခတ်တိုက်ခိုက်နိုင်မှာ ဖြစ်တယ်။ ရုရှားနိုင်ငံအတွင်းပိုင်း နက်နက်ရှိုင်းရှိုင်းမှာရှိတဲ့ စစ်အခြေခံစခန်းတွေကို ယူကရိန်းအနေနဲ့ ပစ်ခတ် တိုက်ခိုက်နိုင်မှာ ဖြစ်တယ်။ ရုရှားရဲ့ စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးစခန်းတွေ၊ လေယာဉ်ကွင်းတွေ၊ အမိန့်ပေး ဌာနချုပ်တွေဟာ လက်ရှိ အခြေအနေမှာ ယူကရိန်းအနေနဲ့ တိုက်ခိုက်ဖို့ လက်လှမ်းမမီဘဲ ရှိနေတယ်။ တိုမာဟော့ခ်နဲ့ ဆိုရင် အဲဒီ အကွာ အဝေးမှာ ရှိတဲ့ စခန်းတွေကို တိတိကျကျ ထိမှန်အောင် တိုက်ခိုက်နိုင်မှာ ဖြစ်တယ်။ စစ်ရေး လေ့လာတဲ့အဖွဲ့ရဲ့ အဆိုအရ ရုရှားနိုင်ငံ အတွင်း ပိုင်းမှာ တိုမာဟော့ခ်နဲ့ ပစ်မှသာ လက်လှမ်းမီနိုင်တဲ့ စစ်စခန်းပေါင်း ရာနဲ့ချီ ရှိနေတယ်လို့ ဆိုတယ်။ 

တိုမာဟော့ခ် ဒုံးကျည်တွေဟာ ရှုပ်ထွေးတဲ့ လမ်းကြောင်းပြစနစ်တွေ အသုံးပြုထားတယ်လို့ဆိုတယ်။ ဒါကြောင့် ရန်သူတွေ အနေနဲ့ ရေဒါပေါ်မှာ တွေ့ရှိချိန်မှာ ဒုံးကျည်တွေကို တုံ့ပြန်တိုက်ခိုက်ဖို့ စက္ကန့်ပိုင်းလောက်သာ အချိန် ရတယ်လို့ ဆိုတယ်။ တိုမာဟော့ခ်တွေကို ကြားဖြတ်ဟန့်တားနိုင်ဖို့ဆိုရင် မြေနိမ့်ပိုင်းရေဒါတွေ လိုအပ်ပြီး၊ ပစ်မှတ်တွေကို မြန်မြန်ဆန်ဆန် အချိန်နဲ့ တစ်ပြေးညီတန်ပြန်တိုက်ခိုက်နိုင်တဲ့ လေကြောင်းရန် ကာကွယ်ရေး ကွန်ရက်စနစ် လိုအပ်ကြောင်း ယူကရိန်းရဲ့ သတင်းအမှားတိုက်ဖျက်ရေးဌာနမှ ‘အန်ဒရစ် ကိုဗာလန်ကို’(Andriy Kovalenko) က က ရှင်းပြတယ်။

ယူကရိန်းဘက်မှာ ဘာအားနည်းချက်တွေက ဘာတွေ ရှိနေသလဲ။

တိုမာဟော့ခ် ဒုံးကျည်တွေကို ပုံမှန်အားဖြင့် စစ်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်ရတာ ဖြစ်တယ်။ ဒါပေမယ့် ယူကရိန်းမှာ အဲဒါတွေ မရှိဘူး။ ယူကရိန်းအတွက် သင့်တော်မယ့် မြေပြင်ကနေ ပစ်ခတ်ရတဲ့ ဒုံးကျည် အမျိုးအစား ‘တိုင်ဖုံး’ ဆိုတာတော့ရှိတယ်။ ဒါပေမယ့် ဒုံးကျည်ပစ်စင်တွေ မရှိဘူး ဖြစ်နေလို့ အခက်အခဲ ဖြစ်နေတယ်။

တိုမာဟော့ခ်ဒုံးကျည်ရဲ့ တာဝေးပစ် စွမ်းဆောင်ရည် ကောင်းမှုကြောင့် ယူကရိန်းတပ်တွေအနေနဲ့ ရုရှားနိုင်ငံ အတွင်းပိုင်း ကီလိုမီတာ ၁,၆၀၀ (မိုင် ၁,၀၀၀ ခန့်) အကွာအဝေးမှာ တည်ရှိတဲ့ စစ်ရေးပစ်မှတ်တွေကို ထိထိရောက်ရောက် တိုက်ခိုက် နိုင်မှာ ဖြစ်တယ်။ ရုရှားရဲ့ စစ်လက်နက်စက်ရုံ အတော်များများ ပျက်စီးသွားနိုင်ခြေရှိကြောင်း Defense Express သတင်းဌာနရဲ့ အယ်ဒီတာချုပ် ‘အိုလေး ကတ်ကော့ဗ်’ (Oleh Katkov) က DW သတင်းဌာနကို ပြောပြခဲ့တယ်။

ယူကရိန်းအနေနဲ့ တိုမာဟော့ခ်ဒုံးကျည်တွေကို သုံးပြီး ရုရှားနိုင်ငံအတွင်းပိုင်းမှာ တည်ရှိတဲ့ အဓိက စစ်ရေးပစ်မှတ် ဖြစ်တဲ့  ‘တာတာစတန်ဒေသ’ က ‘ယယ်လာဘူဂါမြို့’ ရှိ ဒရုန်းစက်ရုံ (ဒါမှမဟုတ်) ယူကရိန်းကို အကြီးစား တိုက်ခိုက်မှုတွေ လုပ်ရာမှာ ဗုံးကြဲ လေယာဉ်တွေ အခြေစိုက် အသုံးပြုနေတဲ့ ‘ဆာရာတော့ဗ်မြို့’ ရှိ ‘အိန်ဂျယ်လ်-၂’ လေတပ်စခန်းနဲ့ အလား တူ ပစ်မှတ် တွေကို ထိထိရောက်ရောက် ဖျက်ဆီးပစ်နိုင်ကြောင်း အမေရိကန်အခြေစိုက် စစ်ရေးလေ့လာရေးဌာန  (ISW) က ဆိုတယ်။ ရုရှားနိုင်ငံရဲ့ အရေးကြီးတဲ့ စစ်ရေးပစ်မှတ် ၁,၆၀၀ မှ ၂,၀၀၀ ခန့်ဟာ တိုမာဟော့ခ် လက်လှမ်းမီတဲ့ အကွာအဝေးအတွင်း ရှိနိုင်‌ကြောင်း ISW က ခန့်မှန်းထားတယ်လို့ ဆိုတယ်။

ယူကရိန်းရဲ့ မဟာမိတ်တွေက လက်ရှိ ဘာဒုံးကျည်တွေ ပေးပို့ထားသလဲ။

လက်ရှိမှာ အနောက်နိုင်ငံ မဟာမိတ်တွေက ယူကရိန်းကို ဒုံးကျည်အများအပြားထောက်ပံ့ထားတယ်လို့ဆိုတယ်။ အမေရိကန်က ကြည်းတပ်သုံး ဗျူဟာမြောက် ဒုံးလက်နက် (ATCMS) နဲ့  တာတိုပစ်ဒုံးကျည် (GMLRS) တွေ ထောက်ပံ့ ထားတယ်။ ATCMS ဒုံးကျည်က မိုင် ၁၉၀ (ကီလိုမီတာ ၃၀၀) ပစ်မှတ်ကို ပစ်ခတ်နိုင်တယ်။ GMLRS ဒုံးတွေက ၁၅၀ ကီလို မီတာ အတွင်း ရာသီမရွေးပစ်ခတ်နိုင်တယ်လို့ဆိုတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကလည်း ဒုံးကျည်တွေ ထောက်ပံ့ထား တယ်လို့သိရ တယ်။

ယူကရိန်းကိုယ်တိုင်လည်း ဒုံးကျည်တွေ ထုတ်လုပ်ထားတာရှိတယ်။ Flamingo အမျိုးအစား ဒုံးကျည်က (မိုင် ၁,၀၀၀) အထိပစ်နိုင်ပြီး Neptune အမျိုးအစား သင်္ဘောပစ် ဒုံးကျည်က မိုင် ၆၀၀ အကွာအဝေးက ပစ်မှတ် အထိ ပစ်ခတ် နိုင်တယ် လို့ဆိုတယ်။

လတ်တလော ထရမ့်အစိုးရက အမေရိကန်စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးအဖွဲ့က ရုရှားရဲ့ ရေနံချက်စက်ရုံတွေ ကို ပစ်ခတ်တိုက်ခိုက်ရာမှာ တိကျဖို့အတွက် သတင်းအချက်အလက်တွေ မျှဝေပေးတယ်လို့ ဆိုတယ်။ အဲဒီပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ယူကရိန်းလုပ် ဒရုန်းတွေနဲ့ ATCMS ဒုံးကျည်တွေကို အသုံးပြုတယ်လို့သိရတယ်။ အဲဒီတိုက်ခိုက်မှုတွေ ကြောင့် ရုရှားမှာ လောင်စာဆီပြတ်လပ်မှုတွေကြုံနေရတယ်။ ရုရှားနိုင်ငံအနှံ့ ပြည်တွင်း ဓာတ်ဆီ‌ဈေးနှုန်းတွေ မြင့်တက်လာ နေတယ်လို့ဆိုတယ်။

ဒါပေမဲ့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေနဲ့ အောက်တိုဘာ ၁၆ ရက်နေ့က ဗလာဒီမာ ပူတင် နဲ့ တယ်လီဖုန်းက တစ်ဆင့် စကားပြောပြီးတဲ့နောက်မှာ စေ့စပ်ပြေငြိမ်းလိုတဲ့သဘော လေသံ ပြောင်းသွားတယ် လို့ဆိုတယ်။ ယူကရိန်းကို အရေးပေါ် အကူအညီပေးရေးကိစ္စက မရေမရာ အဖြစ်ရှိနေပြီး ဥရောပနိုင်ငံတွေကလည်း အမေရိကန်က မော်စကိုအစိုးရကို အညံ့ခံကာ စေ့စပ်သွားမှာလားလို့ စိုးရိမ်နေကြရကြောင်း ကြားနေရတယ်။

ဗလာဒီမာ ပူတင် နဲ့ တယ်လီဖုန်းက တဆင့် စကားပြောစဉ်က ယူကရိန်းကို တိုမာဟော့ခ်တွေ ပေးမယ့်အရေးကို ပူတင်က သဘောတွေ့ပုံမရဘူးလို့ ထရမ့်က ပြောတယ်။ သမ္မတ ဒေါ်နယ်ထရမ့် က တိုမာဟော့ခ်ဒုံးတွေကို အမေရိကန် နိုင်ငံအတွက် လည်းလိုအပ်တာဖြစ်လို့ ပေးဖို့ မသေချာသေးဘူးလို့ ဆိုပြန်တယ်။

ဒီနေရာမှာ ပဓာနကျတဲ့မေးခွန်းကတော့ ‘သမ္မတ ထရမ့်’ အနေနဲ့  သမ္မတပူတင် ကို ဖိအားပေးချင်တဲ့အတွက် တိုမာဟော့ခ် ဒုံးကျည်နဲ့ ‘ဇလန်းစကီး’ ကို သောင်မတင်ရေမကျ မျှော်လင့်ချက်ပေးထားတဲ့သဘောလားလို့ ဆိုရမှာ ဖြစ်တယ်။

တစ်ပြိုင်နက်တည်းမှာ ထရမ့်က “ရင်းနှီးတဲ့မိတ်ဆွေ” လို့ဆိုထားတဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်နဲ့ ထိပ်တိုက် ပဋိပက္ခဖြစ် လာမယ့်အရေးကို ရှောင်ရှားလိုတဲ့အတွက် ရှေ့တစ်လှမ်းတိုးဖို့ စိတ်မပါလက်မပါ ဖြစ်နေတာလားလို့ ယူဆစရာလည်း ဖြစ်နေတယ်။

Reference:

– What are Tomahawk missiles and why does Ukraine want them? (17 October 2025, The Guardian) 

– Why Ukraine wants, and Russia fears, Tomahawk missiles, Liliia Rzheutska | Roman Goncharenko/ 10/16/2025October 16, 2025, DW News.

– တိုမာဟော့ခ် ခရုစ်ဒုံးကျည်တွေက ယူကရိန်းစစ်ကို အပြောင်းအလဲဖြစ်စေမလား။ ၁၇ အောက်တိုဘာ ၂၀၂၅၊ ဘီဘီစီ။

Click to rate this post!
[Total: 1 Average: 5]