
“မိုးမာယာတွေက တိမ်ပလီတွေနဲ့ မိတ်ဆွေဖွဲ့ပြီး ရွာယောင်ဟန်ပျိုးပေမယ့် မိုးကတော့ တစ်ပေါက် နှစ်ပေါက်တောင် အားနာပါးနာ ကျမလာပါဘူး၊ ရွာမယ်ဆိုရင်လည်း မိုးပြေးကလေး ရယ်သွမ်းသွေးသလို အပြေးအလွှား မစို့မပို့ ရွာမပြေးပါနဲ့၊ ချစ်မိုးကြီးသွန်းဖြိုးလို့ရွာ တစ်မိုးလုံး အိပြီးပြိုကျ လိုက်စမ်းပါ”
တိမ်မည်းညိုလေးတွေ တစ်လိပ်ပြီးတစ်လိပ် ပြေးလွှား နေသည့် မိုးကောင်းကင်နောက်ခံ ဖြင့် ပြဇာတ်မင်းသား ဝင်းသူ၏ အာဝဇ္ဇန်းရွှင်ရွှင်၊ အလင်္ကာမြောက်သော အပြောအဆိုက ပွဲကြည့်ပရိသတ်ကြီးကို ဖမ်းစားထားသည်။ ငယ်ကလည်း ငယ် ရုပ်ရည်လေးကလည်း သနားကမားမို့ သွက်သွက်လက်လက် ထက်ထက်မြက်မြက် ဇာတ်ရုပ် နှင့်လည်း လိုက်ဖက်လှသည်။
“စင်ပေါ်မှာ စကားပြောကောင်းသလောက် စင်အောက် မှာတော့ စကားနည်းလိုက်တာနော်၊ မေးနိုင်လွန်းမှ တစ် ခွန်းထက် နှစ်ခွန်းမပိုဘူး၊ စာအုပ်နဲ့မျက်နှာ ခွာတယ်လို့လည်း မရှိဘူး”
မင်းသမီး မရွှေကြည် ပြောသလိုပင် ကိုဝင်းသူက အနေတည်သည်။ အနေစိမ်းသည်ဟုလည်း ဆိုနိုင်သည်။ မာနကြီးသူဟု မဆိုနိုင်သော်လည်း ဇာတ်အဖွဲ့သားများနှင့် တသီးတခြားစီ နေသည်။ ဇာတ်အဖွဲ့၏ ဇာတ်သေတ္တာတွေ ထဲတွင် ကိုဝင်းသူ၏ စာအုပ်သေတ္တာက ဘယ်သွားသွား ပါမြဲပါသည်။
စိန်မြရံခြယ် ဇာတ်အဖွဲ့သစ် တည်ထောင်ဖို့ လူစုနေစဉ် လူကငယ်ငယ် နာမည်လည်း မထင်ရှားသော ကိုဝင်းသူက ပြိုင်ဘက် ဝါရင့်သမ္ဘာရင့် ပြဇာတ်မင်းသားကြီးများနှင့် ယှဉ်ပြိုင် အရွေးခံခဲ့သည်။ တကယ်ဆိုလျှင် အရည်အချင်း ဘယ်လောက်ရှိရှိ နာမည်မကျော်လျှင် လူကြိုက်မများ။ နာမည် မကြီးလျှင် လူကြိုက်နည်းမည်။ ဇာတ်အဖွဲ့အစည်းတွေ ပြိုကွဲသော ဤခေတ်ကြီးတွင် နာမည်ကျော် ပြဇာတ်မင်းသားတွေ အပြိုင်းအရိုင်း ပေါလှသည်။
သို့ရာတွင် နာမည်ကြီး သလောက်၊ နာမည်ကျေ ာ်သလောက် အသုံးကြီးကြီး ထုတ်မည့်အရေး၊ ကြေးကြီးကြီး တောင်းမည့် အရေးကို ဇာတ်ထောင် သွေးလန့်၍လား မပြောတတ်။ ဘာမဟုတ် ညာမဟုတ်၊ အမည်ကလည်းမထင်ရှား နာမည်ကလည်း မကျော်ကြားသော ကိုဝင်းသူကိုသာ ရွေးခဲ့သည်။ ထို့ကြောင့်လည်း ပြဇာတ်မင်းသားကြီးများက ပေါချောင်ကောင်း ဇာတ်သူဇာတ်သားတွေနှင့် ဖွဲ့စည်းထားသည် ဟု အမနာပသတင်းလွှင့်ခဲ့သည်။
“နာမည်ဆိုတာ သူ့အလိုလိုကြီးလာတာမှ မဟုတ်တာ၊ သူ့အလိုလို ကျော်လာတာမှမဟုတ်တာ၊ အဲဒီနာမည်ကျော် ပြဇာတ်မင်းသားတွေရဲ့ဇာတ်ရုပ်ကထူးခြားပြီး တိုးတက်မလာဘူး၊ ပြဇာတ်ဇာတ်လမ်းတွေကလည်း သမားရိုးကျတွေပဲ ရှိတာ၊ မောင်ဝင်းသူက ပြဇာတ်မင်းသားအဖြစ် အရွေးမခံမီ သူရေးထားတဲ့ ပြဇာတ်တွေ သူ့စိတ်ကူးတွေကို တင်ပြပြီး ကြိုက်လို့ရွေးလိုက်တာ၊ သူဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့”
ဇာတ်ထောင်၏ သဘောထားက ရိုးရိုးလေးပဲဖြစ်သည်။ ကိုဝင်းသူ ဘယ်လောက်လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ဖို့ စမ်းသပ်ခေါ်ထားသည့် သဘော။ တကယ်တော့ ဇာတ်ထောင်က ငွေကြေးအင်အား တောင့်တင်းသူမို့ ပေါချောင်ကောင်း သဘောမျိုးဖြင့် ဇာတ်ရုပ်ကို ရွေးချယ်သူ မဟုတ်။ ဇာတ်ကန်ထရိုက်တာ၊ ဆက်တင်မန်နေဂျာ၊ မီးဘက် ဆိုင်ရာကအစ ဇာတ်စီး ဇာတ်နင်းကောင်းသူ၊ အပြောကောင်း၊ အဆိုကောင်း၊ အကကောင်း၊ သရုပ်ဆောင်ကောင်းသူ ဇာတ်သူ ဇာတ်သား အများအပြားကို ကြေးကြီးကြီးပေး၍ ငှားရမ်းစုစည်းခဲ့သည်။ ပြဇာတ်မင်းသား ကိုဝင်းသူတစ်ယောက်သာ လက်ညှိုးထိုးစရာ ဖြစ်နေသည်။
မိုးမကုန်ခင် တစ်လ နှစ်လ ကတည်းက ဇာတ်သူ ဇာတ်သားတွေကို နေစရာ စားစရာ သုံးစရာ စွဲစရာ ပေး၍ ငါးည ခြောက်ညစာ စင်တင် အသုံးတော်ခံမည့် အတီးအမှုတ် အကအခုန် အလှအပြများ၊ ဇာတ်အစီးအနင်းများ၊ နှစ်ပါးခွင်များ၊ အော်ပရာများ၊ ပြဇာတ်များ၊ နောက်ပိုင်း ဇာတ်ထုပ်များကို နေ့ညမပြတ် ဇာတ်တိုက်နေသည်။
ဇာတ်ထောင်ပြောသလို ဟုတ်နေသည်။ သူ့ပြဇာတ်က ဇာတ်ဆောင်အားလုံး သူ့နေရာနှင့်သူ ကောင်းအောင် စုပေါင်းထားသော ဇာတ်လမ်းများဖြင့် ဖွဲ့စည်းထားသည်။ ပြဇာတ်မင်းသားက အများကြားထဲ အနည်းငယ် ထင်ပေါ်သည်က လွဲလျှင် တစ်ဇာတ်လမ်းလုံး လွှမ်းမိုးမထား။ ပြဇာတ်ကောင်းဖို့သာ ရည်ရွယ်သည်။
ဘယ်ဇာတ်ဆို ဘယ်လိုအခင်းအကျင်း၊ မီးပိုင်းဆိုင်ရာ အလင်းအမှောင်၊ ရောင်စုံဆလိုက် အတိုးအလျှော့ အားလုံး အားလုံး အကွက် မလပ်အောင် ဆက်စပ် စီစဉ်ထားရသည်။ အသက်လေးဆယ် အရွယ် စီးပွားရေးလုပ်ငန်းရှင်က ဇာတ်သဘင်သစ်ကို စီးပွားရေးအတွက် မဟုတ်ဘဲ ဝါသနာအရ မြန်မာ့ဇာတ်သဘင်ကို ဆန်းသစ် တီထွင်လိုသော ဆန္ဒသာရှိသည်။ နားမလည်သည့်လုပ်ငန်း ကျွမ်းကျင်မှုလိုအပ်ချက်များကြောင့် နားလည်သူ၊ ကျွမ်းကျင်သူများ၏ အကူအညီကို ယူရသည်။ အဓိကအားဖြင့် ဇာတ်သူဇာတ်သားတို့ကို ပညာကောင်းသလောက် စည်းကမ်းကောင်းသူ ဖြစ်စေချင်သည်။
စာချုပ်ကတည်းက အသောက်အစား မများဖို့၊ အချင်းချင်း ညီညွတ်ဖို့၊ ဖိုမ ပြဿနာ ကင်းရှင်းဖို့ ဇာတ်လောက သားများ၏ (ကျင့်ဝတ်) စည်းကမ်းကို တစ်သဝေ မတိမ် းလိုက်နာဖို့ စသည်တို့ကို သတ်မှတ်ထားသည်။ စည်းကမ်း ဖောက်ဖျက်ပါက ဇာတ်အဖွဲ့က အချိန်မရွေး ထုတ်ပယ်မည်ဟူသော ဝန်ခံကတိကိုလည်း ပြုရသည်။ ဇာတ်ထောင်က မက်လောက်အောင် ပေးထားမှတော့ ဇာတ်သမားတိုင်း လွယ်လင့်တကူ လက်ခံလိုက်ကြသည်။
ပြဇာတ်မင်းသား ကိုဝင်းသူကတော့ စည်းကမ်းချက်နှင့် တစ်သားတည်းဖြစ်နေသည်။ ဇာတ်တိုက် ဇာတ်က ရာတွင် ဇာတ်လမ်းအလိုက် လှုပ်ရှားသက်ဝင်သော်လည်း ဇာတ်မတိုက် ဇာတ်မကပါက စာအုပ်ဖတ်လိုက်၊ ကိုယ်လက်လှုပ်ရှား ကစားလိုက်၊ အချိန်တန်စား အချိန်တန်အိပ် ၊ မည်သူ့ကိုမျှ အနှောင့်အယှက်မပေး။ အားချိန် နားချိန်များတွင် အရောတဝင် လာလုပ်သူများကို ခပ်ပြတ်ပြတ် ဟန့်တားသည်။ သို့ရာတွင် သူ့အလုပ်ကိုတော့ စိတ်ပါဝင်စား စိတ်အား ထက်သန် သည်။ ပြဇာတ်ကိစ္စ ဆွေးနွေးလာသူတိုင်းကို သူ့စိတ်ကြိုက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တလေးတစား အချိန်ပေး နားထောင်သည်။ ဆွေးနွေး အကြံဉာဏ်ယူသည်။
ပြောရလျှင် ဇာတ်လောကသားတွေက ဇာတ်ရည်လည်ကြသူတွေချည်း ဖြစ်သည်။ ဘယ်ဇာတ်ရုပ် ဘယ်လိုထားထား သင်ကြားစရာ သိပ်မလို။ သူလိုချင်သည့်ခွင် အတိုင်း ထိထိမိမိ သရုပ်ဆောင်နိုင်သည်။ ကိုဝင်းသူက သူ့ပြဇာတ်ကောင်းသည်ထက် ကောင်းအောင်၊ အကောင်းဆုံး ဖြစ်အောင် ဇာတ်တိုက်ရင်းပြင်ဆင်သည်။ ပြင်ဆင်ရင်း ဇာတ်တိုက် သည်။ လူရွှင်တော် ပြက်လုံးကအစ သူ့နေရာနှင့် သူ အံဝင်ခွင်ကျ ဖြစ်အောင် စီစဉ်ညွှန်ကြားသည်။ အထူးသဖြင့် ထိမိတောက်ပြောင်သော စကားလုံးတွေကို သူ့နေရာနှင့်သူ အသုံးချဖို့ သင်ကြားပေးသည်။
“ပြဇာတ်တစ်ပုဒ်မှာ ရည်ရွယ်ချက်ကောင်းဖို့ လိုတယ်၊ ရည်ရွယ်ချက်ရောက်အောင် ရည်မှန်းချက်ပေါက်အောင် အပြနဲ့ လည်း သရုပ်ဖော်ရတယ်၊ အပြောနဲ့လည်း သရုပ်ဆောင်ရတယ်။ များများမပြောဘဲ လူအများ နားထဲရောက်အောင် တောက်တောက် ပြောင်ပြောင် စကားလုံး တစ်ခွန်းစ နှစ်ခွန်းစနဲ့ ထိမိအောင်ပြောရတယ်”
ကိုဝင်းသူက ပြောသလောက် လုပ်ပြသည်။ ဇာတ်လမ်း ဇာတ်ညွှန်းကလည်းကောင်း၊ သူ့သရုပ်ဆောင်ပုံကလည်း ပြောစရာမရှိဆိုတော့ သူနှင့်တွဲဖက်သရုပ်ဆောင်ရတာ ပျော်ဖို့ကောင်းလှသည်။ သူကတော့ မသက်သာပါ။ ဇာတ်လမ်း အဝင်အထွက်၊ ဇာတ်ကွက်အခင်းအကျင်း၊ တီးလုံးတီးကွက် အပို့အယူ အကူးအပြောင်း၊ သူတစ်ဦးတည်းကသာ တာဝန်ယူ ဆောင်ရွက်ရလေ့ရှိသည်။ ဒါရိုက်တာနှင့် မင်းသား အလုပ်က ထွေပြားသည်မို့ ဝေဝါး၍ မဖြစ်။
တကယ်တော့ ပြဇာတ်ဆက်ထုံးသည်စင်ပေါ်ရောက် မှတင်ဆက်ရင်း အံဝင်ခွင်ကျ ဖြစ်လေ့ရှိသည်။ နေရာတကာ လိုအပ်ချက် မရှိအောင်၊ လစ်ဟင်းချက်မတွေ့အောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သည်။ ပြဇာတ်တွေက ခံစားသက်ဝင်မှုအားကောင်း၍လား မပြောတတ်။ ပြဇာတ် မင်းသားသစ်နှင့် ပြဇာတ် ဇာတ်လမ်းအသစ်တို့သည် ပရိသတ်စိတ်ကြိုက် ဖြစ်သွားသည်။ ပွဲဦးကောင်း၍ ပွဲလယ်တွင် တစ်ခဲနက်၊ ပွဲနှောင်းတွင် ပွက်ပွက်ရိုက်အောင် အားပေးကြသည်။
စိန်မြရံခြယ် ဇာတ်သဘင်သစ်၏ နိဒါန်းသည် ပန်းနံ့လေးတွေ သင်းကာ ပန်းသတင်းကို လေညင်းဆောင်ယူ၍ လူသိများလာသည်။
(၂)
ပြဇာတ်မင်းသမီးချော မရွှေကြည်က ရုံဇာတ်ကလာသူ မဟုတ်။ ဗလာဇာတ်မှာ နာမည်ကြီး ဖြစ်သည်။ ဗလာဇာတ် ဆိုသော်လည်း မရွှေကြည် ပါဝင်သည့် ဇာတ်က မန္တလေးတွင် ကြေးအမြင့်ဆုံးပေးမှ ငှားနိုင်သည့် ဇာတ်ကြီး ဇာတ်ကောင်း ထွက် မင်းသမီးဖြစ်၍ ထင်ရှားကျော်ကြားပါသည်။
နယုန်လကုန်ပြီဆိုလျှင် မန္တလေးဇာတ်အဖွဲ့တွေ ဇာတ်ခေါင်းကွဲပြီ။ သည်အချိန်တွင် အငြိမ့်အဖွဲ့၊ ဆိုင်းအဖွဲ့များလည်း ဇာတ်အဖွဲ့နည်းတူ သဘင်ရာသီကုန်ဆုံးခြင်းပင် ဖြစ်သည်။ သဘင်ရာသီကုန် ဇာတ်ခေါင်းကွဲလျှင် လာမည့် သဘင်ရာသီ အသစ်အတွက် ဇာတ်အဖွဲ့တွေ အဖွဲ့သစ်တည်ထောင်ဖွဲ့စည်းကြရလေပြီ။
မန္တလေးဇာတ်နှင့် အငြိမ့်များက တစ်နှစ်တာ သဘင်ရာသီကို ဝါဆိုလဆန်း တစ်ရက်မှာ ပြန်စသည်။ ဇာတ်ခေါင်းကွဲပြီးပြီးချင်း ဇာတ်အသီးသီးတို့ စဉ်တိုက်ဆက်တိုက် စီးမျောလိုက်ပါရသည့် သဘောမျိုးပင်။ ဇာတ်အဖွဲ့တစ်ဖွဲ့ချင်းစီမှာ မင်းသား၊ မင်းသမီး၊ လူရွှင်တော်၊ လူကြမ်း၊ ဇာတ်ပို့ဇာတ်ရံများ၊ မြန်မာဆိုင်းအဖွဲ့၊ ခေတ်ပေါ်တီးဝိုင်းအဖွဲ့၊ မီးအဖွဲ့၊ ကားဆွဲ၊ အလုပ်သမား (ထမ်းဆင့်) များ ပါဝင်သည်။ ဇာတ်အဖွဲ့သားအားလုံး ဇာတ်တည်ထောင်သူ နှင့် စာချုပ်ချုပ် ဆိုပြီးမှ ကပြကြရသည်။
မန္တလေးထုံးစံ ဇာတ်အဖွဲ့တစ်ဖွဲ့ လူအင်အား (၄၀) ပြည့်မှသာ သဘင်အစည်းအရုံးက ဇာတ်တည်ထောင်ခွင့် ပါမစ် ထုတ်ပေးရသည်။ ဇာတ်ပါမစ်အတွက် ဇာတ်တည်ထောင်သူက အဖွဲ့သား(၄၀) စာရင်းကို စာချုပ်နှင့်တကွ သဘင် အစည်းအရုံးထံ တင်ပြရသည်။ သဘင်အစည်းအရုံးက ကွင်းဆင်းစစ်ဆေးပြီးမှသာ တည်ထောင်ခွင့်ပါမစ် ထုတ်ပေး ရသည်။
ငွေကြေးတောင့်တင်းသည့် ဇာတ်တည်ထောင်သူတို့က ငွေအရင်းအနှီး တတ်နိုင်ကြ၍ သဘင်ရာသီသစ် အတွက် လက်ရှိ လူဟောင်းထဲက ကြိုက်သူကို ကြိုက်ဈေးပေး၍ ပြန်ခေါ်၊ မကြိုက်သူကို စာဆက်မချုပ်တော့ဘဲ လူသစ် လူစားထိုးဖို့ ကြိုတင်စီစဉ်ထားရသည်။
ဇာတ်အတွက် အဓိကကျသော ခေါင်းဆောင် မင်းသားမင်းသမီး၊ ဆိုင်းဆရာ၊ အော်ဂင်တီးသူနှင့် လူရွှင်တော်များကို သဘင်ရာသီ မကုန်ခင် နတ်တော်လမှစတင်၍ ဇာတ်စည်းကမ်းနှင့်အညီ လူသစ် ကြိုရှာလေ့ရှိသည်။ အခြား ဇာတ်အဖွဲ့ မှာ ကပြသူများထဲက မိမိဇာတ်အတွက် ခေါ်မည့်သူကို ငွေကြေးစကား ပြောရသည်။ လက်ခံပါက လက်ရှိ ကပြ နေသည့် ဇာတ်အဖွဲ့နှင့် ငွေကြေးကိစ္စကို နောက်ခေါ်မည့် အဖွဲ့က စာရင်းရှင်းစရာရှိ အပြီးအပြတ် ရှင်းပေးရသည်။ အသုံးငွေ အမ်းစရာရှိပါက အမ်းပေးရသည်။ စာချုပ်ပါ တစ်ပါတည်း ချုပ်ဆိုရသည်။
ဇာတ်အဖွဲ့ထဲမှာ ဇာတ်သမားအချင်းချင်း ဆက်ဆံရေးအဆင်မပြေသူ၊ ပွဲကပြရာမှာအားမစိုက်သူ၊ ပွဲခွင် ရက်ပျက် များသူ၊ အသောက်အစား လွန်ကဲသူ၊ လူမှုရေး စည်းကမ်း ဖောက်ဖျက်သူ၊ ဇာတ်လောကသားများ၏ (ကျင့်ဝတ်) စည်းကမ်း မလေးစားသူ စသည်များကို ဇာတ်တည်ထောင်သူက ကြည့်ပြီး သဘင်ရာသီသစ်အတွက် ဆက်လက် ခေါ်ယူမည့်သူများကိုသာ စာချုပ်ချုပ်ဆိုရခြင်းပင်ဖြစ်သည်။
ဇာတ်သူဇာတ်သားတွေ တခြားဇာတ်အဖွဲ့က ညကြေးပိုပေး၍ ပြောင်းသူပြောင်း၊ လက်ရှိဇာတ်နှင့် အဆင်မပြေ၍ ပြောင်းသူပြောင်း၊ လင်ဖြစ်သူ ဇာတ်တစ်ဖွဲ့၊ မယားဖြစ်သူက ဇာတ်တစ်ဖွဲ့ ဖြစ်နေ၍ တစ်ဇာတ်တည်း အတူကပြရန် ပြောင်းသူပြောင်းစသည်ဖြင့် အကူးအပြောင်း အကြောင်းအရာများ မျိုးစုံလှသည်။ ညကြေး ပိုတောင်းရာမှ မရ၍ လက်ရှိဇာတ်နှင့်ခွဲခွာသူ၊ လက်ရှိဇာတ်က မခေါ်တော့၍ ခေါ်ရာဇာတ်အဖွဲ့နှင့် လိုက်ရသူ၊ ဇာတ်သဘင်လောကမှ သူ့ရဲ့ သဘောဆန္ဒအလျောက် လုံးဝအနားယူမည့်သူ စသည်ဖြင့် အပြောင်းအလဲတွေ အကြောင်းအရာကွဲပြားစွာ ရှိနေသည်။
အဖွဲ့သစ် တည်ထောင်သူက နတ်တော်လ ကတည်းက ဇာတ်သမား ကြိုတင်ရှာပြီး ဖြစ်သည်။ လက်ရှိ ဇာတ်အဖွဲ့က အမျိုးမျိုးနားချ၊ အမျိုးမျိုး တားမြစ်သော်လည်း ရုံဇာတ်ကပြခွင့် ရရှိသဖြင့် မရွှေကြည်က စိန်မြရံခြယ် ဇာတ်အဖွဲ့နှင့် စာချုပ်ချုပ်ဆိုရခြင်း ဖြစ်သည်။
ငွေကြေးပြည့်စုံသည့် မန္တလေးဇာတ်ထောင် တချို့မှာ ပွဲရာသီနတ်တော်လကတည်းက ဇာတ်သမား ကြိုတင်ရှာ ထားပြီး ဖြစ်သည်။ ဇာတ်ခေါင်းမကွဲမီ လူဟောင်း လူသစ်ဖြင့် ဇာတ်တစ်ဖွဲ့စာ လူအင်အား (၄၀) အပြည့်ရပြီးပါက သဘင်ရာသီ ကုန်တာနှင့် ဇာတ်တည်ထောင် ခွင့်ပြုမိန့် ပါမစ် စောစီး စွာရယူနိုင်သည်။ ပါမစ်ရပြီး ဇာတ်တွေက ဝါဆိုလဆန်းတာ နှင့် ဇာတ်စတင် တီးလုံ းတိုက်နိင်ကြပြီ။
ဇာတ်စတင်တိုက်ချိန်မှာ မြန်မာ့ဆိုင်းဝိုင်းနှင့် ခေတ်ပေါ်တီးဝိုင်းအဖွဲ့တို့ ဦးစွာစတင်ဇာတ်တိုက်ရသည်။ ပဏာမ ဧည့်ခံ တီးလုံး၊ တစ်ညတာ တင်ဆက်ကပြမည့် အစီအစဉ်များ၊ အခန်းကူး အခန်းပြောင်း စသည်ဖြင့် တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပေးအယူ အချိတ်အဆက်မိအောင် ခုနစ်ရက်ခန့် ဇာတ်တိုက် လေ့ကျင့်ရသည်။
တီးဝိုင်းအဖွဲ့ ဇာတ်တိုက်ရက် သုံးလေးရက် တိုက်သားကျချိန် ဖျော်ဖြေရေးကဏ္ဍများ မှာ ပါဝင်သည့် ဇာတ်သူ ဇာတ်သား များဖြင့် တွဲဖက်ကာ တစ်ပြိုင်နက်တည်း ဇာတ်တိုက် လေ့ကျင့်ရသည်။ အပျိုတော်အက၊ ယိမ်းအက၊ မင်းသားပြိုင် အက၊ မြန်မာသံတေးဂီတ၊ အော်ပရာ၊ ပြဇာတ်၊နှစ်ပါးသွားမှသည် နောက်ပိုင်းဇာတ်တော်ကြီးများအထိ ကဏ္ဍ တစ်ခုချင်းစီ ပါဝင်မည့် အဖွဲ့သားများဖြင့် နေ့စဉ် ဇာတ်တိုက်ရသည်။ အားလုံး ဇာတ်တိုက်ပြီးပါက နောက်ဆုံးအဆင့် အဖွဲ့သားစုံညီ ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်ကာ ဇာတ်ပွဲ ကပြနိုင်သည်အထိ ကြိုးစားပမ်းစား ဆောင်ရွက်ကြရသည်။
ဇာတ်ကရန် အဆင်သင့် ပါမစ်စောစီးစွာ ရရှိထားသူက ဝါဆိုလဆန်း (၁၂) ရက် (၁၃) ရက်တွင် ကျင်းပသည့် (၁၉) လမ်း အနောက်ထိပ်၊ ကျောက်သပိတ် ကမ္ဘာလုံးကျောင်း ဘုရားပွဲတွင် စတင် ကပြနိုင်သည်။ ထိုဘုရားပွဲမှာ ဇာတ်ပွဲပါ သည့် အဦးဆုံးပွဲ ဖြစ်သည်။ သည့်နောက်ပိုင်း ဝါဆိုလထဲမှာ ပင် ရန်ကင်းတောင် ဘုရားပွဲ၊ မြောက်ပြင်ရွှေပြားရပ် ဘုရားပွဲများ ဆက်တိုက် ရှိနေပါသေးသည်။ မန္တလေးမြို့ပေါ်ထက် ပိုစောသည့် နယ်ဘုရားပွဲတွေလည်း ရှိသေးသည်။ ဝါဆိုလဆန်း (၇)ရက် (၈)ရက်မှာ စစ်ကိုင်းမြို့ထုံးဘိုရပ် လုံးတော်ကြီးဘုရား ဗုဒ္ဓပူဇနိယပွဲတော်၊ ဝါဆိုလဆန်း (၁၀)ရက် (၁၁)ရက်မှာ ပုသိမ်ကြီးမြို့ နယ် ဆည်တော်လေးနတ်ပွဲ၊ ဝါဆိုလဆန်း(၁၂)မှ(၁၅) မြစ်သားမြို့နယ် ဆည်ဆွဲကြီး ဘုရားပွဲ၊ ချောင်းဦးမြို့နယ် အမြင့်ဘုရားပွဲများ ဖြစ်ကြသည်။
ဝါဆို ဝါခေါင်လဘုရားပွဲများ ကျင်းပချိန် ဇာတ်အဖွဲ့တချို့က တည်ထောင်ဆဲဖြစ်သည်။ ဤရက်များတွင် ကျင်းပသည့် ပွဲများမှာ ဇာတ်အဖွဲ့မစုံသေး၍ စိတ်ကြိုက်ဇာတ်ငှား မရနိုင်သေးပါ။ အဖွဲ့မပျက် ကျန်ရှိနေသည့် ဇာတ်များလောက်သာ အဆင်ပြေနေသည်။ ထို့ကြောင့် ရရာ ဇာတ်ထည့်သွင်းကျင်းပရသဖြင့် ထိုပွဲများကို မန္တလေး သဘင်တန်းက ကပ်ပွဲအဖြစ် သတ်မှတ်ကြသည်။
ဇာတ်အဖွဲ့တစ်ဖွဲ့ သဘင်ရာသီသစ်အတွက် စတင်ကပြရသည့်ပွဲက ဇာတ်အခေါ် သေတ္တာဖွင့်ပွဲ ဖြစ်သည်။ ဇာတ်ခေါင်း ကွဲပြီးနောက် ပိတ်ထားခဲ့သော ဇာတ်သေတ္တာများကိုသဘင်ရာသီသစ် စတင်ကပြရပြီဖြစ်၍ ကိုယ်ပိုင် ဇာတ်သေတ္တာများ စတင်ဖွင့်ကြရပါပြီ။
မန္တလေး ဇာတ်အဖွဲ့များမှာ ခေါင်းဆောင် မင်းသား၊ မင်းသမီးကလွဲ၍ ဇာတ်ထောင်က ဇာတ်အဖွဲ့သားများကို ဇာတ်ကရာမှာ ဇာတ်ပစ္စည်း ထည့်ရန် ကိုယ်ပိုင် သံသေတ္တာ တစ်လုံးသာ ယူဆောင်ခွင့် ပြုသည်။ ဇာတ်သေတ္တာထဲတွင် မိမိတို့ဝတ်ရမည့် ဇာတ်ဝတ်စုံပါသည်။ ကြည့်မှန်ကြီး တစ်ချပ်ပါသည်။ အလှပြင် ပစ္စည်းများပါသည်။ ဇာတ်ထောင်က ဇာတ်ဝင်ခန်းအတွက် လိုအပ်သည့် ဝတ်စုံများ ပံ့ပိုးတာရှိသည်။ အပျိုတော်အက၊ ယိမ်းအက၊ အော်ပရာ၊ ပြဇာတ် နှစ်ပါးခွင်များအတွက် ဝတ်စုံများ၊ လူရွှင်တော်ရင်ဖုံးအင်္ကျီတောင်ရှည်ပုဆိုး၊ခေါင်းပေါင်းစသည်များ ထူထောင် ပေးထားတာ ရှိသည်။
ဝတ်ဆင်ရမည့် ပစ္စည်းများကို မင်းသား၊ မင်းသမီး၊ လူရွှင်တော်များအား ထုတ်ပေးထားသည့် ဇာတ်များရှိသလို တချို့ဇာတ်တွေကတော့ ပစ္စည်း အထုတ်အသိမ်း လုပ်သည့် ဇာတ်ပစ္စည်းထိန်းက ကပြသည့်ညမှာ ဝတ်ဆင်ရမည့် အဝတ်အစားများကို ဇာတ်သေတ္တာကြီးထဲက ဖွင့်ထုတ် ပေးတာရှိသည်။
မန္တလေးဇာတ်အဖွဲ့များသည် မြို့ပေါ်ပွဲခွင်ရကြသလို နယ်ကြိုက်ဇာတ်တွေလည်း နယ်ပရိသတ်ရှိသည်။ သဘင် ရာသီမှာ ဇာတ်ကြီး၊ ဇာတ်လတ်၊ ဇာတ်ကလေးများအားလုံး သူ့အရပ်နှင့် သူ့ဇာတ် ပွဲခွင်ရကြသည်ချည်းပင်။ ဇာတ်အဖွဲ့ အားလုံး တော်သလင်း၊ သီတင်းကျွတ်လများတွင် စုံစုံညီညီ ပွဲဦးထွက် သေတ္တာဖွင့်၊ စင်တော်အဖွင့် ကပြ နိုင်ကြပါပြီ။ သဘင်ရာသီ အတွင်း သေတ္တာစတင်ဖွင့် ကပြရသည့် ပွဲဦးမှ တစ်နှစ်တာအတွင်း အနည်းဆုံးပွဲချီ (၅၀) ကျော်မှ (၁၇၀) ဝန်းကျင်အထိရသည့် ဇာတ်ပွဲများလည်း ရှိကြသည်။
(၃)
“အနုပညာမှာ စန်းက အရေးကြီးတယ်၊ ကိုဝင်းသူကို ကြည့်ပါလား၊ သူပြဇာတ်မင်းသား မဖြစ်ခင်ကတည်းက ကြိုးစားပမ်းစား ရေးထားတဲ့ ပြဇာတ်၊ စင်တော်မဖွင့်မီ ဇာတ်နားချိန် တစ်ချိန်လုံး တိုက်ထားတဲ့ ပြဇာတ်၊ မအောင်မြင်ဘူးတော့ မဟုတ်ပါဘူး၊ အထိုက်အလျောက်တော့ ကျော်ကြား လူကြိုက်များလို့လည်း ကိုဝင်းသူကို ပြဇာတ်မင်းသားအဖြစ် အသိအမှတ်ပြု ခံခဲ့ရတာပါ၊ ဒါပေမဲ့ ပွဲချီအတွင်း ပြဇာတ်တွေထပ်နေလို့ ဇာတ်ခုံပေါ် ဇာတ်ကရင်း ဖြစ်ကတတ်ဆန်း ဇာတ်လမ်းတွေရေး၊ ဇာတ်ရုပ်တွေရွေးရင်း နည်းနည်းနဲ့ ကျဲကျဲဝိုင်းတဲ့ ‘ကျွန်မကအကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင်’က ပွဲချီအရဆုံး ပြဇာတ် ဖြစ်သွားတယ်”
မင်းသမီး မရွှေကြည်က ပြဇာတ်မင်းသား ကိုဝင်းသူကို အကျေနပ်ကြီးတော့မဟုတ်။ အချို့ပြဇာတ်တွေမှာ ခက်ခက် ခဲခဲသရုပ်ဆောင်ရသည့် ဇာတ်ရုပ်မျိုးဆို မရွှေကြည်မှ မရွှေကြည်၊ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် လွယ်လင့်တကူ လှလှပပ သရုပ်ဆောင်ရသည့် ဇာတ်ရုပ်မျိုးဆို ငယ်ဂုဏ်နှင့် အလှသွေးကြွယ်သည့် စပယ်ဖူးငုံ မှ စပယ်ဖူးငုံ။ လုပ်ရတာချင်းက တခြားစီ။ မရွှေကြည် တကယ်လုပ်ရသလောက် စပယ်ဖူးငုံက ရုပ်ပြလေးနှင့် ပရိသတ်ပါးစပ်ဖျား ရေပန်းစားနေသည်။
‘ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါ မောင်’ ပြဇာတ်မှာတော့ မရွှေကြည်ရော စပယ်ဖူးငုံပါ မကျေနပ်တာချင်း တူနေသည်။ တကယ်ဆို ပြဇာတ်မင်းသမီးဆို၍ ဇာတ်တစ်ဇာတ်တွင် တစ်ယောက် နှစ်ယောက်ထက် မပိုပါ။ ရုံဇာတ်မို့ ဗလာဇာတ်ထက် ဇာတ်သူဇာတ်သား (၄၀) ထက်ပို၍ ဖွဲ့စည်းထားလို့သာ လိုရာသုံး ဇာတ်လောကသားတွေ များနေခြင်းဖြစ်သည်။ ခုတော့ ထိုပြဇာတ်အတွက် ပွဲထွက်ခါနီးမှ ပန်တျာကျောင်း ဆင်းဆင်းချင်း ရောက်ရှိလာသည့် ယိမ်းမင်းသမီးထဲမှာပင် ကျကျနန အသုံးတော်မခံရ သေးသည့် ပင်ကိုရုပ်ခံ မပေါ်လွင်သော ပိန်ပိန်ပါးပါး မပုမမြင့် ကောင်မလေးကို ရွေးချယ် လိုက်သည်။ ဝါရင့်ရုပ်ချော အပြောကောင်း မင်းသမီးတွေရှိပါလျက် မထင်မရှား ပညာသည် မဟုတ်၊ ပညာသင်လေးကိုမှ ရွေးချယ်ပွဲထုတ်လာသည်။
ဇာတ်ရုပ်ကလည်းနည်း၊ အဓိက မင်းသမီးကလည်း အားကိုးရလောက်အောင် သရုပ်မဆောင် နိုင်သေး သဖြင့် ဇာတ်ကွက် အားလုံး လိုလို ကိုဝင်းသူက အစွမ်းကုန် ထင်တိုင်း ကျဲရတော့သည်။ စာပေ ဝမ်းစာပြည့်သူမို့ ပြောတိုင်း တင့်တယ်ကာ ပရိသတ်အကြိုက် နှစ်ခြိုက်မှု အရှိဆုံး ပြဇာတ် ဖြစ်လာသည်။ ထိုပြဇာတ်တွင် မထင်မှတ်ဘဲ ကိုဝင်းသူ သရုပ်ဆောင်ရ လမိုင်းအကပ်ဆုံး၊ အေးမြရွှေစင်ကလည်း ကိုဝင်းသူနှင့် အတွဲအဖက်ညီရုံသာမက မရွှေကြည်တို့ စပယ်ဖူးငုံတို့ နှင့် တန်းတူရည်တူ မင်းသမီးအဖြစ် နေ့ချင်း ညချင်း ထင်ရှားကျော်ကြားသွားသည်။ ဇာတ်နားချိန်ရောက် သည်အထိ ထိုပြဇာတ်၏ ကျော်ကြားမှုသည် ရပ်တိုင်း ရွာတိုင်း မြို့တိုင်းမှာ ပြောစမှတ်တွင်လောက်အောင် ထင်ရှား သွားလေသည်။
မရွှေကြည်တို့ စပယ်ဖူးငုံတို့ မကျေနပ်မှု အစိုင်အခဲ ပွဲမသိမ်းမီ ဇာတ်နားနားချင်းမှာပင် ဗီဒီယိုဇာတ်ကားရိုက်ဖို့ ‘ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင်’ ပြဇာတ်ကို ဝယ်သွားသည်။ ထိုမျှမက ပြဇာတ်မင်းသား ကိုဝင်းသူနှင့် အေးမြရွှေစင်တို့ကိုပါ သရုပ်ဆောင်ဖို့ စာချုပ်ချုပ် ဆိုသွားသည်။ စိန်မြရံခြယ် ဇာတ်ပွဲ စင်တော်ဖွင့်အမီ မရှေး မနှောင်း မှာပင် ပြဇာတ်မင်းသား ဝင်းသူနှင့် အေးမြရွှေစင်တို့ ပါဝင်သော ‘ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါ မောင်’ ဗီဒီယို ဇာတ်ကားသည် ကျော်ကြားမှု အတန်အသင့် ရရှိသွားသည်။ အေးမြရွှေစင်မှာ ဇာတ်ထဲ စာမချုပ်တော့ဘဲ ရုပ်ရှင်နှင့်ဗီဒီယို မင်းသမီးအဖြစ် အဆက်မပြတ် ပါဝင်သရုပ်ဆောင်နေသည်။
အံ့ဩဖို့တော့ကောင်းသည်။ အေးမြရွှေစင်က ပင်ကိုရုပ်ထွက် သာမန်မျှသာဖြစ်သော်လည်း ရုပ်ရှင် ဗီဒီယို များတွင် အပြင်ထက်ပို၍ ကြည့်ကောင်းသည်။ ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာကလည်း ဖွံ့ထွားလှပနေပြန်သည်။ ကိုဝင်းသူကတော့ တစ်ကားကောင်း နှစ်ကားကောင်း ရိုက်ကူးလို၍လား ရုပ်ရှင် ဗီဒီယိုထက် ပြဇာတ်ဘက် စိတ်အား ထက်သန် လေရော့ သလား မသိနိုင်ပါ။ ပြဇာတ် ဇာတ်ထုပ်သစ်တွေနှင့်အတူ ဇာတ်တိုက်ချိန် ပြန်ရောက်လာသည်။ ထူးခြားသည်က ခက်ခဲသည့်ဇာတ်ရုပ်၊ ပေါ့ပါးပျော်ရွှင်သည့် ဇာတ်ရုပ် တို့ကို မရွှေကြည်နှင့် စပယ်ဖူးငုံတို့ အလှည့်ကျ သရုပ်ဆောင်စေသည်။ မရွှေကြည်၏ ရင်ထဲ အကျိတ်အခဲလေးတွေ ပြေချိန်တန်၍ ပြေပျောက်ခဲ့ရလေသည်။
“အေးမြရွှေစင်က ယိမ်းမင်းသမီးဆိုပေမယ့် အကအလှ အပြအသလေးက သူများထက် ထူးခြားတယ်၊ ပုံစံတူကရပေမယ့် အယိမ်းအနွဲ့ အသွဲ့အပြောင်းလေးက ဘယ်သူနဲ့မှမတူဘူး၊ ဒါကြောင့် သူ့ကို ပြဇာတ်မင်းသမီး တင်ကြည့်တာပါ၊ မရွှေကြည်တို့ စပယ်ဖူးငုံတို့က ကိုယ့်ဇာတ်နဲ့ကိုယ် အသားကျနေတာဆိုတော့ ဇာတ်ထုပ်အသစ်မှာ ဇာတ်မရှုပ် စေချင်ဘူး၊ ဒါကြောင့် မင်းသမီးအသစ်ကို တင်ကြည့်တာပါ၊ သူ့ကြိုးစားမှုကြောင့် ပြဇာတ်မှာလည်း အောင်မြင်၊ ရုပ်ရှင်မှာလည်း ထင်ရှားသွားတာပါ၊ ကျွန်တော်ကတော့ ကိုယ့်အလုပ် ကိုယ်တန်ဖိုးထားလုပ်ချင်လို့ ဇာတ်ဘက်လှည့်လာတာပါ”
ကိုဝင်းသူက ရုပ်ရှင်မင်းသားထက် ပြဇာတ်မင်းသား ဘဝကို ဖြစ်လိုသူ၊ ဆန္ဒပြင်းပြသူဟု ဆိုရမည်။
“မရွှေကြည်က ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးပါ၊ ဘယ်နေရာ ထားထား၊ ဘာပဲ လုပ်ရလုပ်ရ စွယ်စုံ သရုပ်ဆောင်နိုင်သူပါ၊ မရွှေကြည်လောက် စပယ်ဖူးငုံက ပညာမစုံသေးဘူး၊ ငယ်ဂုဏ်လေး ရှိတာရယ်၊ ရုပ်ပြကောင်း တာရယ်ကြောင့် ပေါ့ပေ့ါပါးပါး ဇာတ်ရုပ်မျိုး၊ လှတပတ ပါဝင်ရတာမျိုးမှာ အံဝင်ခွင်ကျဖြစ်အောင် ရွေးချယ်ခဲ့တာပါ၊ ဒါပေမဲ့ စပယ်ဖူးငုံကို ခုလို သက်သောင့်သက်သာ ပါဝင်ရတာမျိုးချည်း သရုပ်ဆောင်ရရင် သူ့ဘဝအတွက် နောင်ရေး ခက်လိမ့်မယ်၊ ခက်ခက်ခဲခဲ ရေကုန်ရေခန်း သရုပ်ဆောင်ရတာမျိုး မလုပ်နိုင်ဘဲ ရုပ်ပြသက်သက် ဖြစ်သွားမှာ လည်း စိုးရိမ်တယ်၊ ဒါကြောင့်လဲ ဇာတ်ရုပ်အမျိုးမျိုး သရုပ်ဆောင်နိုင်အောင် မရွှေကြည်နဲ့ စပယ်ဖူးငုံ ဇာတ်စုံအောင်အလှည့်ကျ ပါဝင်ပြသခိုင်းရတာပါ”
မရွှေကြည် မကျေနပ်စဉ်က ချက်ချင်းလက်ငင်း ဖြေရှင်းချက်မထုတ်။ တစ်နှစ်ပြီး၍ နောက်တစ်နှစ် စတင်ရန် ပြင်ဆင်တော့မှ ကိုဝင်းသူ၏ သဘောထားအမှန်ကို မြင်တွေ့လာရသည်။ သူပြောတော့လည်း ဟုတ်ပေသားပဲ။ အလွယ်ကြောတွင်ကြာရှည် မျောနေလျှင် အကဲပါ၍ အစွဲနာ၍ နောင်တွင် အခက်တွေ့မည်မှာ သေချာသည်။ စွယ်စုံ အနုပညာရှင် ဖြစ်ဖို့ဆိုတာ ခုရေတွင်းတူး ခုရေကြည်မသောက်နိုင်သလိုပါဘဲ။
“လူရွှင်တော်တွေကလည်း ကျွန်တော့်အပေါ် ကျေနပ်ကောင်းမှ ကျေနပ်ကြပေလိမ့်မယ်၊ သူတို့ရဲ့ပွဲကျပြက်လုံးတွေကို နေရာတိုင်းမသုံးစွဲဖို့ ဟန့်တားခဲ့လို့ပဲ၊ ဇာတ်လမ်းမှာ အံဝင်ခွင်ကျ ဇာတ်ရုပ်ချပြီးသားမို့ ဇာတ်လမ်းထဲ က ဇာတ်ကောင် လိုပဲ မြင်စေချင်တယ်၊ သဘာဝကျကျ ဟာသပြက်လုံးတွေကိုတော့ သူ့နေရာနဲ့သူ သုံးခွင့်ပေးခဲ့ပါတယ်၊ ဇာတ်လမ်းနဲ့ လိုက်ဖက်တဲ့ ဟာသပြက်လုံးတွေကိုလည်း တတ်အားသမျှ တီထွင်သုံးစွဲစေတယ်၊ ပရိသတ် ပါးစပ်ဖျား ရေပန်းစား စေတဲ့အတွက် ပြဇာတ်မှာလည်း လိုက်လျော ညီထွေဖြစ်ပြီး လူရွှင်တော်တွေရဲ့ဂုဏ်ရည်ကိုလည်း တစ်မျိုးတိုး စေပါတယ်”
လူရွှင်တော်တွေ စိတ်မသက်မသာ ဖြစ်သည်ကိုလည်းယခုမှဖြေရှင်းချက် ထုတ်ပြောသည်။ စောစောတုန်းက အာပေါင် အာရင်းသန်သန် ပြောလျှင်လည်း ဆရာလုပ်သည်ဟုထင်မြင်၍ အများကကြိုက်မည်မဟုတ်။ အပြောထက် လက်တွေ့ ကျကျ လုပ်ဆောင်ပြလိုက်ခြင်းက အားလုံးအတွက် စိတ်သက်သာရာ ရစေသည်။ အပြောထက် အပြက စော၍ သဘောထားကို နားလည်စေသည်။ ကိုဝင်းသူကို ဆရာသမားအဖြစ် အားကိုးရာရောက်စေသည်။
တစ်နှစ်အတွင်းမှာပင် ဇာတ်ခုံပေါ်သာမက ရုပ်ရှင်ဗီဒီယိုအထိ ပေါက်ရောက်သွားတော့လည်း အများက လေးစား အားကျစရာ ဖြစ်လာသည်။ ရုပ်ရှင်ဗီဒီယိုတွင် ပြဇာတ်နှင့်မတူ တစ်မူထူးခြားအောင် သရုပ်ဆောင်နိုင်သည်။ ထို့ကြောင့် ရုပ်ရှင်ဗီဒီယို သမားများကလည်း ကိုဝင်းသူကို မျက်စိကျလာသည်။ ဝိုင်းဝိုင်းလည်လောက်အောင် မဖြစ်သော်လည်း ဗီဒီယိုတစ်ကားလောက်နှင့် ကျော်ကြားဖို့ဆိုတာ မဖြစ်နိုင်ပါ။
ယခင်ကတော့ ကောလိပ်ဂျင်နေဝင်းတို့၊ ဝင်းဦးတို့ လောက်သာ ပွဲဦးထွက် တစ်ကားတည်းနှင့် ကျော်ကြားသွားသည်ကို ပြောစမှတ် ပြုရသည်။ လူမင်းတို့ ပြေတီဦးတို့ဆို ဒုတိယမင်းသားနေရာက တွဲဖက် ပါဝင်ရင်း ခေါင်းဆောင်နေရာကို ကြိုးစားမှုဖြင့် အရယူခဲ့သည်။ ပြောရလျှင် ခေါင်းဆောင်မင်းသား နေရာရဖို့ နေ့ချင်းညချင်းဖြစ်ဖို့ မလွယ်ကူပါ။
ရုပ်ရှင်တို့ ဗီဒီယိုတို့ဆိုတာ လက်တစ်ကမ်းအကွာမှာရှိသော်လည်း ပြဇာတ်မင်းသမီး မရွှေကြည်အဖို့ မျက်ကန်းသာသာ ရမ်းသမ်းထင်ကြေးပေးရခြင်း ဖြစ်သည်။ ကိုဝင်းသူအောင်မြင်ပုံက ပြဇာတ်မှာရော ရုပ်ရှင်မှာပါ တစ်ပွဲလေးတိုးရုံနှင့် တစ်မိုးလုံးဖျောက်ဆိတ် ဖြစ်မည့်ပုံ။
(၄)
ဘာကြောင့်ရယ်မသိ။
ဇာတ်ထောင်က ပြဇာတ်မင်းသား နောက်တစ်ယောက်ကို ပွဲထုတ်လာပြန်သည်။ ကိုကြည်သာက လူသစ်တော့ မဟုတ်ပါ။ ရုပ်အသင့်အတင့် အသက်အရွယ် အနည်းငယ် ရလာပြီ ဖြစ်သော်လည်း အပြောကောင်းသောကြောင့်ကျော် ကြားသည်။ သူ့အပြောတွင် မျောလွင့်ရင်း ပြဇာတ်ဇာတ်လမ်းက ကစဉ့်ကလျား ဖြစ်သွားသည်လည်း ရှိသည်။
“ကိုကြည်သာ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ဖို့ မောင်ဝင်းသူ ဇာတ်ညွှန်း ကောင်းကောင်းရေးပြီး ဒါရိုက်တာနေရာက ပါဝင် ညွှန်ကြားပေးပါ”
ဇာတ်ထောင် အပြောကို ကြိုက်ကြိုက် မကြိုက်ကြိုက်လိုက်လျောဖို့ပဲ ရှိပါသည်။
“ဒါရိုက်တာနဲ့ သရုပ်ဆောင် တစ်ဦးတည်းက တာဝန် ယူဆောင်ရွက်ရတာ ပင်ပန်းလွန်းပါတယ်၊ သရုပ်ဆောင်ဆို သရုပ်ဆောင် ၊ ဒါရိုက်တာဆို ဒါရိုက်တာ သူ့တာဝန် ကိုယ့်တာဝန်ခွဲခြားယူရင် ပိုပြီးအဆင်ပြေမယ်ထင်လို့ ကိုကြည်သာ ကို ခေါ်ယူရတာပါ”
ဇာတ်ထောင်၏ စေတနာအမှန်လည်း ဖြစ်နိုင်ပါသည်။ ကိုဝင်းသူ ဗီဒီယိုမင်းသားဖြစ်ပြီး ဇာတ်ကထွက်သွားလျှင် ပြဇာတ်မင်းသား လက်မဲ့ ဖြစ်သွားမည်ကိုလည်း စိုးရိမ်ပုံရသည်။ ခက်တာက ကိုဝင်းသူ ဇာတ်ရုပ်ချတိုင်း ကိုကြည်သာ လုပ်ပါ့မလား။ ကိုကြည်သာဆိုတာ နှယ်နှယ်ရရမှ မဟုတ်တာ။ တစ်ခေတ်မှာ တစ်ယောက် ထွန်းပေါက်ကျော်ကြားသော ပြိုင်ဘက်ကင်းသူဟု ဆိုနိုင်သည့်ပြဇာတ်မင်းသား။ ကိုဝင်းသူနှင့်ကွာခြားသည်မှာ ကိုကြည်သာက တစ်ဇာတ်လုံး အကောင်းဆုံး အပြောနှင့် တသောသောဖြစ်အောင် စွမ်းဆောင်နိုင်သည်။ ဩဘာလက်ခုပ်သံ အရဆုံးလည်းဖြစ်သည်။ ကိုကြည်သာက ပြဇာတ်ကောင်းဖို့ထက် ပြဇာတ်မင်းသားကောင်းဖြစ်ဖို့ လိုလားသည်။
ကိုဝင်းသူက ပြဇာတ်တစ်ဇာတ်လုံး ဇာတ်ရုပ်အသီးသီး ချထားသည့်အတိုင်း ပြဇာတ်ရုပ်လုံးကြွစေရန် ဖန်တီးသည်။ ပြဇာတ်မင်းသားနှင့် မင်းသမီးက အခြားဇာတ်ရုပ်များထက် တာဝန်ပိုယူရသော်လည်း တစ်ဇာတ်လုံးလွှမ်းမိုး မထား။ ထို့ကြောင့် ကိုဝင်းသူက ကိုကြည်သာလောက် မထင်ပေါ်။ အခြားဇာတ်ဆောင်များကိုလည်း မျှမျှတတလှလှ ပပနေရာ ပေးရသောကြောင့် ဖြစ်သည်။ ပြောရလျှင် ကိုဝင်းသူက ပြဇာတ်မင်းသားကောင်းဖြစ်ဖို့ထက် ပြဇာတ်ကောင်းဖြစ်ဖို့ လိုလားသည်။
ပြဇာတ်မင်းသားတွေ ခေတ်ကောင်းချိန်မှာ ရွှေမန်း ကျော်အောင်ဇာတ်က ဘီအီးဒီ အောင်သိုက်နှင့် လူငယ် ကြည်ခိုင်တို့ ပြဇာတ်မင်းသားနှစ်လက် စင်တင်ပွဲထုတ်ဖူး သည်။ သူ့ပြဇာတ် ကိုယ့်ပြဇာတ် အလှည့်ကျ တစ်ညစီ တင်ဆက် ကပြ ကြသည်။ ပွဲတောင်းလျှင်တော့ အလှည့်ကျ မဟုတ်ဘဲ ဦးစားပေး ကရသည်။ သူ့ပြဇာတ်တွင် တစ်ခန်းစ နှစ် ခန်းစ ဧည့်သည်အဖြစ်ပါဝင် ကူညီတာမျိုးကလွဲလျှင် သူ့ဇာတ်မှာ သူစိတ်တိုင်းကျကပြ၊ ကိုယ့်ဇာတ်တွင် ကိုယ့်စိတ်တိုင်းကျ ကပြခွင့်ရှိသည်။ ဘယ်သူကဒါရိုက်တာ၊ ဘယ်သူကပြဇာတ်မင်းသား ခွဲခြားတာဝန်ယူခြင်းမရှိပေ။
ကိုကြည်သာက အခန်းတိုင်းမှာ အသာစီးက နေရာယူသည်။ ခွင်တိုင်းမှာ သူကထင်တိုင်းကြဲသည်။ တွဲဖက်ပါဝင်သူက သူ့စကားကျ ကောက်တာ၊ သူ့စကားအရ ထောက်တာ လောက်ပဲ တာဝန်ယူရသည်။ ပြောရလျှင် ကိုဝင်းသူ ပြဇာတ်ထက် ကိုကြည်သာ ပြဇာတ်ကို လူကြိုက်များသည်။ ကိုကြည်သာမို့ ထွက်လာလျှင် ကျန်သည့်ဇာတ်ရုပ်တွေ ငုတ်တုတ်ဖြစ် ကျန်ရစ်သည်ကိုတော့ သတိမထားမိကြ။
ကိုကြည်သာကလည်း ကိုယ်ပိုင်ဇာတ်လမ်း၊ ကိုယ်တိုင်ဒါရိုက်တာ ဖြစ်သည်။ သူတို့နှစ်ယောက် အားပြိုင်မှုက ပွဲစပြီဆိုကတည်းက ထီခနဲကွဲဖို့ပြဲဖို့သာပြင်။ ဂူတစ်ဂူထဲ ခြင်္သေ့နှစ်ကောင် အောင်းခိုင်းသလို ဖြစ်နေသည်။ ကိုကြည်သာက စင်တင်ပြဇာတ်ကို အကောင်းဆုံး ပြင်ဆင်လာသည်။ သူ့ဇာတ်လမ်းက အသစ် ဆိုနိုင်သော်လည်း ယခင်ပြဇာတ်ဟောင်းထဲက အပြောတွေအပြတွေ ရောနှောပါဝင်နေသည်။ ကိုဝင်းသူပြဇာတ်တွေက အသစ်ဆိုမှ တကယ့်ကို ကျပ်ချွတ်အပြောမထပ်စေရ။ အပြ မထပ်စေရ။ ဟာသ ပြက်လုံးတွေက အစ မထပ်စေရ။
ကိုကြည်သာက ပြဇာတ်တိုက်ရာတွင် အချိန်များများ မပေးရ။ သူကဘာလုပ်၊ သူကဘယ်နေရာ စသည်လောက် သာ နည်းနည်းနှင့်ကျဲကျဲ ဝိုင်းရလေ့ရှိသည်။ တစ်ခါ တစ်ခါ စင်ပေါ်ရောက်မှ ဘာတွေပြော ဘာတွေပြောဟု တိုးတိုးတိတ်တိတ် မှာကြားတတ်သည်။ ပွဲကြည့်သူများက သူ့အပြောတွင် မျောလွင့်နေ၍ သတိမထားမိ။ စေ့စေ့စပ်စပ်သာ ကြည့်တတ်မည် ဆိုလျှင် ပိပိရိရိ သေသေသပ်သပ်မရှိ။ ဒါကို သူကျွမ်းကျင်သောအပြောနှင့် ဖုံးဖုံးဖိဖိ လုပ်နိုင်သည်။
ကိုဝင်းသူက ပြဇာတ်တိုက်ရာတွင် အချိန်များစွာ ယူသည်။ ကိုကြည်သာက တစ်ကြိမ်လောက် ဇာတ်တိုက်ရုံမျှ နှင့် လုံလောက်သည်။ စင်ပေါ်ရောက်တော့ လိုတာလေးတွေ ဖြည့်သည်။ ပိုတာလေးတွေ ဖြုတ်သည်။ လူရွှင်တော်တွေကိုလည်း ပြဇာတ် ဇာတ်လမ်းနှင့် ဆိုင်ဆိုင် မဆိုင်ဆိုင် ပွဲကျ ပြက်လုံးတွေ ပြက်ခွင့်ပေးသည်။
ကိုဝင်းသူ၏ မူအရ အထပ်ထပ် အခါခါ ဇာတ်တိုက်ရ သည်။ ဇာတ်ဆောင်၏ ထင်ရှားသောအမည်ထက် ဇာတ်လမ်း ထဲက လူအဖြစ် ထင်ရှားစေသည်။ ဇာတ်ရုပ်တိုင်း အားကောင်းစေရန် အဖက်ဖက်က အကောင်းဆုံး ပြင်ဆင်ပေးသည်။ ပွဲကြည့်ပရိသတ် ကြိုက်သည်၊ မကြိုက်သည်ထက် တွဲဖက်ပါဝင်သူတိုင်းကတော့ ကိုဝင်းသူနှင့် အလုပ်လုပ်ရတာ ပိုကြိုက် သည်။
ကိုကြည်သာနှင့် ကိုဝင်းသူ အရည်အချင်းကိုယ်စီ ရှိကြသော်လည်း ဇာတ်ထောင်အလိုကျ ပေါင်းစည်း၍တော့မရနိုင်ပါ။ ထို့ကြောင့် ကိုကြည်သာ ပြဇာတ်တွင် ကိုဝင်းသူ မပါဝင်သလို ကိုဝင်းသူ ပြဇာတ်တွင်လည်း ကိုကြည်သာက မလှုပ်ရှား။ တသီးတခြားစီသာ နေသည်။
မြို့တော်သိန်းအောင် ပြဇာတ်များ ကျော်ကြားသည်က ဇာတ်လမ်းကောင်းပြီး အဖွဲ့လိုက် ညီညွတ်၍သာ အတောမသတ်အောင် ပြောစမှတ် ပြုရသည်။ မိုးကြိုသည့်ပန်း၊ မိုးလား တိမ်လား မြူလား၊ နေပူထဲကစောင့်ပါ မပန်းဝေ၊ ယှဉ်မတုနဲ့ရှက်စရာ၊ သန်းခေါင်ကို နေ့မှတ်ပါလို့၊ ကောက်ပင်တရေးနိုး၊ ရွှေဖိနပ် ရှပ်တိုက်စီးမယ်၊ သဘင်သည် မဝင်ရ စသောပြဇာတ် များသည် တစ်ခါကြည့်ရုံနှင့် တစ်သက်လုံး မှတ်မိနေသည်။
ကိုဝင်းသူက မန္တလေး စာပေအသိုင်းအဝိုင်းနှင့် ဝင်ဆံ့သူဖြစ်သည်။ သူ့ထက် အသက်ကြီး၍ ပြဇာတ်ခေတ်ကောင်းကို မီလိုက်သူ ကာတွန်းခင်မောင်တင့် ထံမှကြားဖူး နားဝစကားတစ်ခွန်းကို မရွှေကြည်တို့ထံ တစ်ဆင့်ပြော၍ ကြား သိဖူးသည်။
“မြို့တော်သိန်းအောင်က သူနေထိုင်တဲ့ ထီးရိုးဝင်းရပ် ဇာတ်ရုံမှာ ‘ကိုးဆယ်ဆသာလိမ့်မယ်’ ပြဇာတ် ကတာ (၁၄) ည ဆက်တိုက် ကရတယ်၊ လမ်း ၈၀၊ ၃၂ လမ်း ၃၃လမ်း တရုတ်တန်း နန်းမြို့တော်ဇာတ်ရုံမှာ တစ်ညတည်း ပြဇာတ်နှစ်ထုပ် ကပေးရတယ်၊ (၁၂) ညတောင် ကရတယ်”
မြို့တော် မောင်ယဉ်အောင်၏ ပြဇာတ် ဇာတ်ညွှန်းများကို ကိုဝင်းသူက သတင်းကြားနှင့် နှစ်သက် သဘောကျသူ ဖြစ်သည်။ ပွဲစပြီ ဆိုကတည်းက ကိုကြည်သာ မျက်နှာပန်းလှသည်။ ယခင်က ထင်ရှားသော ပြဇာတ်မင်းသားဟူ၍ ပရိသတ်တောင်းဆိုမှုကလည်း ပိုများသည်။ ကိုဝင်းသူကတော့ ကိုကြည်သာ ပြဇာတ်သုံးဇာတ် တင်ဆက်ပြီးချိန်တွင် တစ်ဇာတ်လောက် စင်ပေါ်ရောက်လျှင်ကံကောင်း။ သို့ရာတွင် ကိုကြည်သာ၏ ကျော်စောမှုကို စိတ်ထဲမထား။ ကြိုးစားအားလည်း လုံးဝမလျှော့။ သူ့အလှည့်ဆို မနွဲ့တမ်း ကြိုးပမ်းကပြသည်။ ပရိသတ်ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ လက်ခုပ်သံရရ၊ မရရ သူဘယ်လိုမျှ သဘောမထား။ ကိုကြည်သာကို အခေါ်အပြောလည်းမပျက်။
“မောင်ဝင်းသူရေ – ကိုယ့်ပြဇာတ်ဘယ်လိုသဘောရသလဲ”
ပရိသတ်ကြိုက် အောင်မြင်နေသော သူ့ပြဇာတ်အပေါ်ကိုကြည်သာက ကိုဝင်းသူ၏သဘောထားကို မေးလာသည်။
“ကိုကြည်သာ စိတ်ကြိုက် ဖန်တီးထားတဲ့ ပြဇာတ်ပဲ ဗျာ၊ ကျွန်တော့်သဘောထား လိုအပ်မယ် မထင်ပါဘူး”
ဘယ်သူ့ကိုမှ ဆရာမတင်၊ သူ့နေရာမှာ သူဘုရင်မို့ ဝင်ရောက်ပြောဆိုရန် ခဲယဉ်းလှပါသည်။
“မဟုတ်ဘူးလေ၊ ဒီဇာတ်မှာ ပြဇာတ်မင်းသား နှစ်လက်ရှိတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မညှိနှိုင်း မတိုင်ပင်သင့်ဘူးလား”
“အကြိုက်ချင်းတူမှာ မဟုတ်လို့ ညှိနှိုင်းတိုင်ပင်ဖို့ အခြေအနေ ပေးမယ်မထင်ဘူး၊ ကိုကြည်သာ ပြဇာတ်ကို ကျွန်တော် ပြင်ရင် ကြိုက်မှာမဟုတ်သလို ကျွန်တော့် ပြဇာတ်ကို လည်း ကျွန်တော်စိတ်ကြိုက် ဖန်တီးထားတာပဲ၊ ကိုကြည်သာ ပြင်ရင် ဘယ်လက်ခံနိုင်ပါ့မလဲ”
“ပြင်ဖို့ပြောတာ မဟုတ်ရပါဘူးဗျာ၊ မောင်ဝင်းသူ ကြိုက်မကြိုက် မေးရတာပါ”
“ကျွန်တော့် အကြိုက်ထက် ပရိသတ်အကြိုက်က ပိုလိုအပ်ပါတယ်၊ ကျွန်တော့်သဘော ပြောရရင်တော့ ကိုကြည်သာ ကိုယ့်ပြဇာတ်ကို အကောင်းဆုံးဖြစ်အောင် အားထုတ်ထားတာ အားရပါတယ်၊ ဒါပေမဲ့ ကိုယ်နဲ့တွဲဖက် ဇာတ်ဆောင်တွေ ကိုတော့ ပါအောင် မခေါ်နိုင်ဘူးလို့ မြင်ပါတယ်”
ကိုဝင်းသူက တစ်ဖက်သားအကြိုက် မလိုက်လျော၊ နားဝင်ချောအောင် ပြောချင်ပုံမရ။ သူ့သဘောကို ခပ်ရှင်းရှင်း ခပ်ဘွင်းဘွင်းပြောတတ်သည်။
“အေးဗျာ- အကြိုက်ချင်း မတူတော့လည်း အယူအဆချင်း ကွဲလွဲနိုင်ပါတယ်” ဟူ၍ သူ့အမှားကို ဝန်မခံလိုသော သဘောဖြင့် ပြောသွားသည်။
ဇာတ်ပွဲစစ ချင်းသာ ကိုကြည်သာပြဇာတ်များ တာထွက်ကောင်းသော်လည်း ပွဲဆက်များပြီး ပွဲချီစိပ်လာတော့ ကိုဝင်းသူ ပြဇာတ်များကို လူကြိုက်များလာသည်။ ကိုဝင်းသူ၏ ပြဇာတ်သုံးဇာတ်လောက် တင်ပြီးမှ ကိုကြည်သာပြဇာတ်ကို တစ်ဇာတ်တလေ တင်ရလေ့ရှိသည်။ ဖြစ်ချင်တော့ ကိုဝင်းသူ၏ ပြဇာတ်တစ်ပုဒ်ကို ကနေဆဲ တန်းလန်း ဗီဒီယိုအဖွဲ့ ကဝယ်ယူသွားသည်။ ကိုဝင်းသူကို သရုပ်ဆောင်ဖို့လည်း စာချုပ်သွားသည်။
(၅)
“မန္တလေးက ပွဲကြိုက်မြို့ဗျ၊ တစ်နှစ်တာ (၁၂) လမှာ (၉)လ ကျော်က မြို့ပေါ်မှာ ဘုရားပွဲ၊ ကျောင်းပွဲ၊ ကထိန်ပွဲ အလှူမင်္ဂလာပွဲ စတဲ့ပွဲမျိုးစုံမှာ ကြည့်ချင်ပွဲတွေ အမြဲထည့်သွင်းကျင်းပလေ့ရှိတယ်၊ ကထိန်ရာသီဆို အငြိမ့်ပွဲတွေက နေ့ပွဲ ညပွဲ၊ ဇာတ်တွေကမိုးအလင်းပေါ့၊ ပွဲတိုင်းစည်တယ်”
ဇာတ်နားချိန်လေးမှာ ဝါရင့်ဇာတ်သမားများနှင့် ပြဇာတ်မင်းသားကိုဝင်းသူက ပင့်ဖိတ်ဧည့်ခံရင်း စကားစမြည် ဝိုင်းကြီး စည်လေ့ရှိသည်။ မရွှေကြည်တို့ စပယ်ဖူးငုံတို့က လက်ဖက်ပွဲ၊ ရေနွေးကြမ်းပွဲတွေလိုက်ချရင်း နားထောင်ရသည်။ တစ်ခါတစ်ခါ ရှမ်းပြည်နယ်က ခေါစီ ခေါပုပ်တို့ကို ဆီနှင့်ကြော်ကာ ကျွေးမွေးဧည့်ခံရသည်။ ကိုဝင်းသူ မိတ်ဆွေ စာရေးဆရာ၊ ကဗျာဆရာများနှင့် ရှေ့မီနောက်မီ ဇာတ်ဝါရင့် လောကသားတွေလည်း ပါလာတတ်သည်။ အထူးသဖြင့် ဝါရင့် လူရွှင်တော်ကြီး ဦးထင်ပေါ်၏ စကားများက မှတ်သားစရာ ကောင်းလှသည်။
“ကျွန်တော် ဖတ်မှတ် လေ့လာ ဖူးတာကတော့ ဇာတ်ရုံနဲ့ ပထမဦးဆုံးကပြတဲ့မြို့က မန္တလေးမြို့လို့ ပြောကြတယ်၊ ဇာတ်ဆရာကြီး ဦးဘိုးစိန် အိန္ဒိယပြည် မဒရပ်မြို့ ကွန်ပိုတင်ကုမ္ပဏီက ရွက်ထည်ရုံ တစ်ရုံ (၉၈၀၀) ကျပ်နှုန်းနဲ့ ရွက်ထည်ရုံ နှစ်ရုံဝယ်ခဲ့တယ်၊ မန္တလေးမြို့ ရွှေတိုက်ရုံဝင်းအတွင်းမှာ ရွက်ထည်ရုံ ဆောက်လုပ်ကပြခဲ့တယ်လို့ ဆိုပါတယ်၊က ပြဆဲမြို့မှာတစ်ရုံဆောက်ပြီး နောက်ကမယ့်မြို့မှာ နောက်တစ်ရုံ ဆောက်ထားရတယ်”
ကိုဝင်းသူ၏အပြောကို ဦးထင်ပေါ်က ခေါင်းတညိတ်ညိတ်နှင့် ကျေနပ်သဘောကျနေသည်။

“ရုံဇာတ်ကြီးတွေက ရန်ကုန် အခြေစိုက်တွေက များတယ်၊ ရန်ကုန်မှာ မိုးများလို့ မိုးနည်းရာ အထက်ပိုင်းကို မိုးရှောင်ရင်း အထက်အညာ လမ်းတစ်လျှောက် တစ်မြို့ဝင် တစ်မြို့ထွက် ကပြပြီး မန္တလေးကိုတက်လာတယ်၊ အညာ ဘုရားပွဲတော် များမှာ ကပြကြသလို ဇာတ်အချို့ ကချင်ပြည်နယ်ဘက် သွားရောက် ကပြကြတယ်၊ မန္တလေးမြို့ပေါ် ဇာတ်ရုံကြီးတွေမှာ တစ်ရုံပြီးတစ်ရုံ လေးရက် ငါးရက်က တစ်ပတ် ဆယ်ရက်အထိ ပွဲရက်ရှည်တတ်တယ်၊ သီတင်းကျွတ်လ ကျောက်တော်ကြီး ဘုရားပွဲအပြီးမှာ အောက်ပြည်အောက်ရွာကို တစ်မြို့ဝင်တစ်မြို့ထွက် ကပြရင်း ရန်ကုန်ကို ဆင်းသွား ကြတယ်၊ မြို့တိုင်း မြို့တိုင်းမှာလည်း ဘုရားပွဲ ကျောင်းပွဲတွေနဲ့ တိုက်ဆိုင်လေ့ရှိတယ်၊ ကားလမ်း ရထားလမ်း မပေါက်ခင်တုန်းကတော့ ဧရာဝတီမြစ်ကြောင်း အတိုင်း အတက်အဆင်း လုပ်ရလေ့ရှိတယ်၊ ကားလမ်း ရထားလမ်း ပေါက်တော့ အတက်ကုန်းလမ်း အဆင်းရေလမ်း အဆင်ပြေသွားတော့တယ်၊ ပွဲချီလည်း များများရတာပေါ့”
ဦးထင်ပေါ်က အကြားအမြင် များသူမို့ သူ့အပြောကို နားထောင်ရတာမငြီးငွေ့လှပါ။
“ရန်ကုန် ဇာတ်ရုံကြီးတွေရဲ့ အောင်မြေက ကျိုက္ကဆံကွင်းမဟုတ်လား၊တန်ခူးလ ပဲခူး ရွှေမော်ဓော ဘုရားပွဲ ပြီးရင် ဇာတ်ခေါင်းကွဲတော့တာပဲမဟုတ်လား”
“ဟုတ်ပါ့ ပြဇာတ်မင်းသားက ငယ်သာငယ် အစွယ်နဲ့ပါလား၊ အဖတ်အမှတ်ကောင်းပါလေရဲ့”
“ဒါနဲ့ မန္တလေး ရုံဇာတ်ကြီးတွေအကြောင်း ပြောပြပါဦး”
“ဟုတ်တယ်၊ ဇာတ်ရုံကြီးတွေရဲ့ သမိုင်းကြောင်း မှတ်တမ်းမှတ်ရာ ရှိသင့်တယ်၊ ကျွန်တော် ဆယ်နှစ်သား ကတည်းက ဝါသနာပါလွန်းလို့ သဘင်လောကထဲရောက်တာ အမှတ်အသားနည်းတော့ ဇာတ်ရုံတွေအကြောင်း ခုနှစ်သက္ကရာဇ်နဲ့ မပြောနိုင်တော့ဘူး၊ ရုံနာမည်တွေလည်း မမှတ်မိတော့ဘူး၊ အစောဆုံး ဇာတ်ရုံတွေက လွန်ခဲ့တဲ့ ငါးဆယ် ခြောက်ဆယ် ကဆိုတော့ ကျွန်တော် မီလိုက်ရုံရှိတာပါ”
ဦးထင်ပေါ်က ရေ နွေးကြမ်းသောက်ရင်း စဉ်းစဉ်းစားစား ပြောနေသည်။
“အစောဆုံး ဇာတ်ရုံတွေမှာ ရှမ်းပွဲ ပြည်တော်သာဇာတ်ရုံ၊ ပြည်တော်သာ ဦးကျော်သိန်း လက်ဖက်ရည်ဆိုင်က ဇာတ်ရုံနဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်တာ၊ အဲဒီမှာ ထိုင်ဖူးတယ်၊ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က အောင်မြေသာဇံ ၂၂ လမ်း မိုးဗြဲကွင်း မှာ မိုးဗြဲဇာတ်ရုံ၊ ၃၅လမ်း ၈၉လမ်း ဒေးဝန်းရပ်မှာ မြသီတာရုံ၊ ၃၉လမ်း လမ်း၈၀ထောင့် ဝက်ရုံဟောင်းနေရာမှာ ဇာတ်ရုံတစ်ရုံ၊ ဝက်ရုံနေရာ ဇာတ်ရုံက ၄-၅ နှစ်ပဲကြာတာပါ၊ ၁၅-၁၆ လမ်းကြား ထီးရိုးဝင်းမှာ ၁၉၈၅ ဝန်းကျင်က အမြဲတမ်းဇာတ်ရုံ၊ ၁၁မှတ် အကွက် ၈၄၀ ဘောလုံးကွင်းမှာ ကံ့ကော်ဇာတ်ရုံရှိတယ်၊ ရုံပွဲများများစားစားရှိခဲ့တာ နှစ်သက်တမ်း ၃၀ ပတ်ချာလည်များပါတယ်”
ပန်တျာမြကြည်၏ညီ၊ ရုံပွဲဗလာပွဲကဖူးသူ၊ ရွှေဝေလျှံဇာတ်ထောင်သူနှင့်ပွဲငှားတာဝန်ခံ မင်းသားကြီးနေဝင်းအောင်က “မန္တလေး ဇာတ်ရုံတွေထဲမှာ မျက်ပါးရပ် ၇၈ လမ်း၊ ၃၆-၃၇ လမ်းကြားမှာ မာလာရွှေစင်ရုံ၊ လမ်း၈၀ ,၃၀-၃၂လမ်းကြား (ယခုကြည်လင် ဟိုတယ် နေရာ)မှာ တရုတ်တန်း နန်းမြို့တော်ဇာတ်ရုံ၊ လမ်း၈၀-၉ လမ်းမှာအရိပ်မထွက်ဘုရားဇာတ်ရုံ၊ ၈၅-၈၆ လမ်းကြား ရေကြည် ညောင်ပင်ရပ်သံတဲဝင်းမှာမြမာလာရုံ၊ လမ်း ၄၀-၄၁ ကြား ရွှေတချောင်းဘေး မေးတင် နေရာမှာ တစ်ရုံ၊ တောင်ပြင် ၄၃ လမ်း၇၈-၇၉လမ်းကြားမိုးတားဘောလုံးကွင်းမှာ ကံ့ကော်ဇာတ်ရုံ၊ ကံ့ကော်ရုံက မျက်ပါးရပ် မာလာရွှေစင်ရုံနဲ့ ခေတ်ပြိုင်ပေါ်ခဲ့တာပါ၊ ဝါခင်းကုန်းရပ် ဝါခင်းကုန်းဘုရားဇာတ်ရုံက ရှစ်နှစ်ကြာ ရှိခဲ့ဖူးတယ်၊ ၁၉ လမ်းအနောက်ရတနာမဉ္ဇူ ဘုရားဝင်း ကံ့ကော်မြိုင်ဇာတ်ရုံ၊ အဲဒီရုံက ပေါ်တဲ့နှစ်ပေါ် ပျောက်တဲ့ နှစ်ပျောက်ပဲ” ဟူ၍ ဖြည့်စွက်ပြောလာသည်။
ကဗျာဆရာ မောင်သင်းပန်က “လမ်း ၄၀ ၊ ၈၃-၈၄လမ်းကြား ပေါင်းလဲတိုက်တောင်ဘက် အခုလက်ရှိ အင်းဝဂျုံစက် နေရာမှာ ကြယ်တာရာဇာတ်ရုံကြီး ရှိခဲ့ဖူးတယ်၊ ကျွန်တော့်ကို မွေးတဲ့အချိန်မှာ မင်္ဂလာဦးအောင်မောင်းလို့ ခေါ်တဲ့အောင်မောင်းကြီးဇာတ်ကနေတာ ၊ ကျွန်တော့်အဒေါ် အောင်မြေအေး အငြိမ့်ပိုင်ရှင် ဒေါ်အေးက ဦးအောင်မောင်း ဇာတ်ကြိုက်တယ်၊ ဦးအောင်မောင်းကတဲ့အချိန် ကျွန်တော့်ကိုမွေး လို့ ကျွန်တော့်နာမည်ကို အောင်မောင်းလို့ မှည့်ပေးခဲ့တယ်၊ ဒါကတော့ အမှတ်တရပါပဲ”ဟု ပြောလာသည်။
အမည်ရင်း အောင်မောင်း ခေါ် ကဗျာဆရာမောင်သင်းပန်မှာ ယခုအခါ အသက် ၇၀ ကျော်ပါပြီ။
သူတို့တစ်တွေ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်ရာများပြောကြသည်ကို မရွှေကြည်တို့ကဧည့်ခံရင်း နားစွန်နားဖျား ကြားဖူးနားဝရှိ ကြရသည်။ မန္တလေးဇာတ်ရုံကြီးတွေမှာ ၁၂ပေခန်း ၁၀ ခန်းရှိသည်။ မျက်နှာဖွင့်ပေ ၆၀ ကျော် အထိရှိသည် ။ ရွှေမန်းတင်မောင်က ရွဲကုန်သည်၊ မောင်မှူး၊ လှည်းသားငါးရာအော်ပရာများ၊ လက်ဝဲသုန္ဒရ၊ ဖွားတော်မူခန်း၊လေးတော်တင်ခန်း၊ ဝိမာနစသော နောက်ပိုင်းဗုဒ္ဓဝင်ဇာတ်တော်ကြီးများဖြင့် လူကြိုက်များနေချိန်၊ မြို့တော်သိန်းအောင်က ကျော်ကြားထင်ရှား ပြဇာတ်များ၊ ရဲစိန် ညီဝင်းစိန် ဇာတ်က ပါတော်မူ၊ ပဋိက္ခရား၊ မင်းညီနောင်၊ ပန်တျာကြည်လင်က ဒါန်းစီးမောင်နှမ၊ မြစိမ်းရှင်သိုက်သမိုင်းဇာတ်များနာမည်ကြီးကြောင်းလည်း ကြားရသိရသည်။
“၁၉၈၈ နောက်ပိုင်းညမထွက်ရအမိန့်ကြောင့် ဇာတ်တွေလည်း အခြေယိုင်သွားတယ်၊ နောက်ပိုင်း ပြန်လည် ထူထောင်တဲ့ ရုံဇာတ်ကြီးတွေထဲမှာ သစ္စာမေတ္တာ ရွှေမန်းသဘင် မျိုးဆက် ဆန်းဝင်း၊ ဝင်းဗိုလ်၊ ချမ်းသာ၊ စိန်မာဒင် မျိုးဆက် မိုးဝင်း၊ မိုးမင်း၊ မန္တလေးသိန်းဇော် ညီဝင်းမြင့် မန္တလေးဇာတ်ပွဲ ရွှေနန်းတင် မျိုးဆက် နန်းဝင်း၊နန်းခင်မွေး ရွှေနန်းသဘင် တို့လောက်သာ တွေ့ရတယ်။ ဒီနောက်ပိုင်း လူငယ်မင်းသားတွေဖြစ်တဲ့ ဟန်ဇာမိုးဝင်း၊ မြို့ရွှေမန်းသား ဖိုးချစ်၊ ရွှေမန်းသဘင် တင်မောင်ဆန်းမင်းဝင်း ၊စွမ်းဇာနည်တို့ ဇာတ်ထောင်လာကြတယ်၊ သားတို့ စိန်မြရံခြယ် ဇာတ် ထူထောင်လာတာကိုကြိုဆိုပါတယ်၊ ဒါပေမဲ့ မန္တလေးမြို့ပေါ်မှာဇာတ်ရုံကြီးတွေ မရှိသလောက် ဖြစ်သွားပါပြီ၊ တောင်ပြုန်းပွဲ၊ ရတနာ့ဂူပွဲ၊ ကျောက်တော်ကြီးဘုရားပွဲနဲ့ ဘုရားကြီး ၄၅ တာကွင်းမှာသာ ပွဲတော်ရက် ယာယီရုံ တွေဆောက်လုပ်ကပြနိုင်တော့တယ်”
ခုတော့လည်း ပွဲကြိုက်မြို့မန္တလေးမှာ အရပ်ထဲဇာတ်ပွဲတွေ ဆိတ်သုဉ်းသလို ဖြစ်နေပါပြီ။ ရှေးက မန္တလေးမြို့ပေါ် မြန်မာအများစု အခြေချနေထိုင်ကြသည်။ အခြားရပ်တကာ ရွာအနှံ့က ပြောင်းရွှေ့လာသူတွေလည်း ဇာတိရပ်ရွာ အမည်ဖြင့် နဘဲကြူး၊ လက်ရွေးကြီး၊ ဖောင်တော်သီ၊ ရွှေလောင်းညွန့်၊ စိန်ပန်း အရာတော်ရပ်၊ ပေါက်မြိုင်စသည် အဖုံဖုံအလီလီ မြန်မာအမည်တွင်ရစ်သည်။ ယခုတော့မန်းရွှေမြို့တော်မှာအသားညိုချောရွှေမန်းသူတွေ ရှားသွားပြီ။ အသားဖြူဖြူ ရွှေမန်းသူလေးတွေသာ အတွေ့ရများလာသည်။ အသားဖြူဖြူရွှေမန်းသူလေးတွေက ပွဲကြိုက်ခင် လေးတွေမှ ဟုတ်ပါလေစ။
(၆)
ရှေးယခင်က ဆိုလျှင် ရွှေမန်းမြို့တော်တစ်ခွင် ဇာတ်ရုံကြီးတွေမှာ တစ်ရုံပြီး တစ်ရုံ လှည့်လည်ကပြရုံနှင့် နှစ်တစ် ဝက်ကျိုးလောက်သည်။ ခုတော့ မြန်မာပြည်အနှံ့ စားကျက်ကောင်းသော ရေကြည်ရာ မြက်နုရာ ပွဲနံ့ခံရင်း ပွဲကြိုက်မြို့ရွာတွေကို ရှာဖွေ ကပြ အသုံးတော်ခံရသည်။ မိတ်ဟောင်း မိတ်သစ် အဆက်အစပ်ဖြင့် မြို့ကြီးမြို့သေး၊ ရွာကြီး ရွာလေး နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ မရွေးနိုင်ဘဲ ပွဲလက်ခံပါက အလှည့်ကျတော့ မနွဲ့ရပေ။ ဇာတ်လေညင်းက ပန်းနံ့လေးတွေသင်းသလောက် မြို့တကာရွာအနှံ့ ခြေဆန့်ကာသွားလာရသည်။ ဇာတ်ကွန်ရက်က ဖြန့်ကြက်လေလေ အပြန့်ကျယ်လေလေမို့ ပွဲချီများ၍ ပွဲနားချိန်နည်းလေသည်။
ပွဲချီဘယ်လောက်များများ ဇာတ်အဖွဲ့သားတွေ ပွဲပန်းတာမျိုးမရှိပါ။ မကရလျှင်သာ ခေါင်းကိုက်နှာစေး ဖျားနာချင် သေးသည်။ ပွဲရက်များတွင် ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးဖြစ်အောင် အသုံးတော်ခံနေရလျှင် ခေါင်းကိုက်နှာစေး အဖျားသွေးတွေ ဘယ်ဆီရောက်မှန်း မသိနိုင်တော့ပါ။ ဝါသနာ ဗီဇအရ ဇာတ်ခုံအောက်တွင် ဘယ်လိုရှိရှိ ဇာတ်ခုံ ပေါ်ရောက်လျှင် ဝေဒနာမှန်သမျှ တစ်ခုမကျန် ကင်းရာကုန်ရာ ချုပ်ရာငြိမ်းရာဖြစ်တော့သည်။
ကိုကြည်သာနှင့် ကိုဝင်းသူတို့ကလည်း ပြိုင်မှန်းမသိ ပြိုင်နေကြသည်။ သူ့ထက် ငါကောင်း အကြောင်း ကြီးငယ် မရွေးတော့ပါ။ ကိုကြည်သာလည်း ယခင်ကိုကြည်သာမဟုတ်တော့ပါ။ ဇာတ်လမ်းဇာတ်ကွက်ကို ကောင်းနိုင်သမျှ ကောင်းအောင်ပြုပြင်လာသည်။ သရုပ်ဆောင်ရာတွင်လည်းပေါ့ပြက်ပြက်မလုပ်ဘဲ လေးနက်လာသည်။ ကိုဝင်းသူ ကတော့ အထူးတလည်အားထုတ်တာမျိုးမဟုတ်ဘဲ သူ့မူအတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားမြဲကြိုးစားသည်။ ကိုယ့်ထက်သာ မနာလိုစိတ်တော့ ကင်းပေလိမ့်မည်။
ပြောရလျှင် ကိုကြည်သာက ဇာတ်သဘင်မှာ ဝါရင့်သူ မို့ ပရိသတ်အထာကိုသိ၍ အညှာကိုင်နိုင်သည်။ ကိုဝင်းသူ ကတော့ သူ့အလုပ်ကိုအကောင်းဆုံးအားထုတ်သည်ကလွဲ၍ အထာကိုင်တာတွေ အညှာကိုင်တာတွေသိပုံမပေါ်ပါ။ ဒါကြောင့်လည်း ပရိယာယ်မပါ မာယာမနှောသည့် သူ့အပြောသူ့အပြကို စိတ်ရင်းအတိုင်းသဘောကျ လက်ခံကြသည်။ ဇာတ်အိမ်ခိုင်ခိုင်ခံ့ခံ့ တင်ပြတတ်တာကြောင့် သရုပ်ဆောင်ကိုဝင်းသူအမည်ထက် ပြဇာတ်အမည်က ပို၍ထင်ပေါ် ပို၍ကျော်ကြားသည်။ သူ့ဇာတ်ကိုယ့်ဇာတ် အပြိုင်ကပြရင်း အရည်အသွေးတွေ စွေးရာကနီလာသည်။ နီရာက ရင့်လာသည်။ စိန်မြရံခြယ်ဇာတ်အဖွဲ့တဲ့ဆို ပြဇာတ်ကောင်းကြောင်း သတင်းမွှေးလှသည်။ဇာတ်ထောင်ဆရာ၏ စိတ်ကူးအိပ်မက် ဖြစ်ကောင်းဖြစ်နိုင်သည်။ မတူညီသော ပြဇာတ်မင်းသားနှစ်လက်ကို စင်တစ်စင်တည်း အပြိုင်ကြဲ ပွဲလယ်တင့်စေခဲ့ သည်။
ဇာတ်ကလို့ကောင်းတုန်းမှာပင် အဖျက်အမှောင့်က မထင်မှတ်သော တစ်ထောင့်တစ်နေရာမှ ဝင်ရောက်လာသည်။ Covid-19 ကပ်ရောဂါသည် တရုတ်ပြည် ဝူဟန်မြို့က စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဖြစ်ဖြစ်ချင်း မှာတော့ ကမ္ဘာအနှံ့ ကပ်ရောဂါအသွင် အလျင်အမြန် ကူးစက်ပျံ့နှံ့သွားလိမ့်မည်ဟု မထင်မိ။ ဇန်နဝါရီလကုန်အထိ အရှိန်မပျက် ကလို့ကောင်းနေတုန်းပင်။ ဖေဖော်ဝါရီ ၁၀ ရက်လောက်တွင် ဇာတ်ထောင်ဆရာ ပျာယီးပျာယာ ရောက်လို့လာသည်။ ပွဲကလို့အကောင်းဆုံးအချိန်မှာမှ ဆတ်တငံ့ငံ့ ရပ်တန်းက ရပ်လိုက်ရတော့သည်။
“မန္တလေး ဝါခင်းကုန်းဘုရားပွဲတော်မှာ နှုတ်ဆက်ပွဲကပြီးရင် ဇာတ်ခေါင်းကွဲရတော့မယ်”
“ဝါခင်းကုန်းဘုရားပွဲက ဗလာဇာတ်ပဲကတာ မဟုတ်လား”
ဇာတ်ထောင်အပြောကို ဗလာဇာတ် ကလာသည့် မင်းသမီး မရွှေကြည်က ပြောလာသည်။
“ဟုတ်တယ်၊ ဒီနှစ်ဂေါပကအဖွဲ့က Covid-19 ကပ်ရောဂါကြောက်လို့ ပွဲမငှားဘဲနေရာက နီးမှ အစဉ်အလာ မဖျက်ဘဲလုပ်ကြမယ်ဆိုတော့ ဗလာဇာတ်တွေ ငှားမရတော့ဘူး၊ ဒီအချိန်က ပွဲကလို့အကောင်းဆုံး အချိန်မဟုတ်လား၊ ဒါကြောင့်လည်း ဂေါပကအဖွဲ့က လာငှားလို့ ကြေးမကိုက်ပေမယ့် လက်ခံလိုက်တယ်”
ဝါခင်းကုန်းဘုရားသည် ဘုရင့် ဝါစိုက်ရာ ဝါခင်းကုန်း အရပ်တွင်ရှိ၍ ဝါခင်းကုန်းဘုရားဟူ၍သာ လူသိများသည်။ တကယ်တော့ အစဉ်အလာ အလွန်ကြီးမားသည့် သမိုင်းနောက်ခံအရ သီပေါမင်းနှင့်စုဖုရားလတ်တို့၏ ကောင်းမှု မာရ်အောင်ရတနာစေတီဖြစ်သည်။ သီပေါမင်း၏ မွေးနံ “တေဇအရပ်” ဖြစ်သည့် မြို့တော်ကြီး၏အရှေ့တောင်ထောင့်၊ မဟာသီရိဟေမဝန်ဥယျာဉ်တော် အရှေ့တောင်ပိုင်းတွင်တည်ရှိသည်။ မာရ်အောင်ရတနာစေတီကို ၁၂၄၁-ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပြီး ၁၂၄၄- ခုနှစ်တွင်မင်းမိဖုရားကိုယ်တိုင် ဘုရားပူဇော်ပွဲကျင်းပရာက သီပေါမင်းအလွန်နှစ် များတွင် အနီးဝန်းကျင်ရွာများက ဆွမ်းကြီးလောင်းလှူပွဲ ပြုလုပ်ကြသည်။ ညပိုင်းတွင် ကြည့်ချင်ပွဲ ဗလာဇာတ်ပွဲထည့် သွင်းကျင်းပသည်။ စောစောပိုင်းက ရွာဘုရားအသွင်သာ မြင်တွေ့ရသည်။
၁၉၉၂- ခုနှစ်နောက်ပိုင်းတွင် မန္တလေးမြို့ပြတိုးချဲ့ရာက မာရ်အောင်ရတနာစေတီတော်မှာ ချမ်းအေးသာဇံ မြို့နယ်ထဲ ရောက်သွားသည်။ အောင်ပင်လယ် ရေကန်သောက်လယ်ကွင်းပြင်တွေပျောက်၊ လူနေအိမ်ခြေများရောက်လာသည်။ မာရ်အောင် ရတနာစေတီတော်သည် ယခင်ကလို လယ်ကွင်းပြင်ပတ်လည်ဝိုင်းသည့် ဝါခင်းကုန်းမြင့်ပေါ်ကဘုရား မဟုတ်တော့။ မြို့ပေါ် ရပ်ကွက်ထဲကဘုရား ဖြစ်လာသည်။
စိန်မြ ရံခြယ် ရုံဇာတ်ကြီးက ဗလာဇာတ် အသွင်ပြောင်းကာ ကပြအသုံးတော်ခံရဦးတော့မည်။
(၇)
တပို့တွဲလပြည့်ကျော် (၂) ရက်နေ့တွင် ရပ်ကွက်အတွင်းမှ အပျိုစင်အမျိုးသမီးများသာပါဝင်သည့် ပန်းမွေ့ရာခင်းပွဲ ကျင်းပသည်။ ပန်းမွေ့ရာခင်းမည့် အမျိုးသမီးများသည် အပျိုစင်များသာ ဖြစ်ရမည်။ ဘုရားပွဲမတိုင်မီ သုံးလအ လိုကပင် လိုက်ပါမည့်အပျိုစင်များကို ရပ်ကွက်လူကြီးများက ကြိုတင်စာရင်းကောက်ယူကြရသည်။ ဝတ်ဆင်ဖို့ တူညီ ဝတ်စုံအရောင်ရွေး၊ အဆင်ရွေးကာ ချုပ်ထည်ကြိုတင်အပ်နှံထားရသည်။ဘုရားအနီးပတ်ဝန်းကျင် ကန်ကောက်ကြီး၊ ကန်ကောက်ဟောင်း၊ ကန်ကောက်သစ်၊ရွှေ ယာဉ်မွန်၊ယာဉ် ပျံ၊ ကျန်းမာရေး၊ ရွှေဂဲပွား၊ ရဲမွန်တောင်ရပ်ကွက်များက အဖွဲ့လိုက် မဲနှိုက်ထားသည့်အတိုင်း အလှဆင်အယဉ်တင့်သည့် ကုမ္မာရီအမျိုးသမီးများ တစ်သုတ်ပြီး တစ်သုတ် စေတီတော်ကို လက်ယာရစ်လှည့်ပတ်ပြီး ဘုရားခြေတော်ရင်းတွင် ပန်းများဖြင့် ဗုဒ္ဓဝင်ရုပ်လုံးရုပ်ကြွများ၊ အလှဆင် ပန်းခင်း၊ ပန်းမွေ့ရာများ၊ ပန်းကော်ဇောများကို နေ့လယ်(၁) နာရီကစတင်ခင်းကျင်းရာ ညနေ (၆) နာရီတွင် ပြီးစီးသည်။ ရောင်စုံ ပန်းခင်းကြီး အဆန်းတကြယ် ပေါ်ပေါက်လာသည်။
ဘုရားကြီး၏ အနောက်ဘက်ကွင်းတွင် ဈေးဆိုင်တန်းတွေရှိသည်။ ဇာတ်စင်ကြီးကိုလည်း တခမ်းတနား ဆောက်လုပ် ထားသည်။ တပို့တွဲလပြည့်ကျော်(၃) ရက် ပွဲဝင်ညတွင် ပွဲထွက်လာသည့် ဗလာဇာတ်မှာမြင်တွေ့ရခဲသော ပြဇာတ် မင်းသား ကိုကြည်သာကို ပရိသတ်အပေါင်း သောင်းသောင်းဖြဖြ လူ ကြိုက်များလှသည်။ ကိုကြည်သာကလည်း အကောင်းဆုံးသရုပ်ဆောင်သွားသည်။
ဒုတိယညတွင် ကပြသည့် ကိုဝင်းသူ၏ ပြဇာတ်ကိုလည်း အလွန်ကြိုက်နှစ်သက်ကြသည်။ တတိယ နောက်ဆုံးညတွင် ကိုကြည်သာနှင့်ကို ဝင်းသူတို့ ဘယ်သူ့ ပြဇာတ်ကိုရွေးချယ်မည်နည်း။ နောက်ဆုံး နှုတ်ဆက်ပွဲည ဖြစ်၍ ကိုကြည်သာရော ကိုဝင်းသူပါ ကပြချင်ကြသည်။ ဇာတ်ထောင်ကပွဲကသည့်ညတိုင်း လာအားပေးရာ ဇာတ်ထောင်၏အဆုံးအ ဖြတ်ကိုလက်ခံရဖို့ရှိလာသည်။
“မြို့တော်သိန်းအောင် ရှေ့သွားရှိပြီးသားပဲ၊ နောက်ဆုံးညမှာပြဇာတ်နှစ်ထုပ်တင်မယ်”
ကိုကြည်သာရော ကိုဝင်းသူပါ ကျေနပ်သွားကြသည်။ သို့ရာတွင် ပြဿနာကမပြီးသေး။ ဘယ်သူကရှေ့ ဘယ်သူက နောက်နေမည်နည်း။ ဒါကိုတော့ ဇာတ်ထောင်က အဆုံးအဖြတ် မပြတ်သားမီ အဆုံးအဖြတ် ပြတ်သားစရာ အကြောင်းက ဖန်လာသည်။
” ဟဲ့- အေးမြရွှေစင် ရုပ်ရှင်နားရက်ရလို့ လာလည် တာလား”
အခြေသတင်းကြီးသည့် ရွှေမင်းသမီးလေးရောက်လာပြီဆိုတော့ ဇာတ်တစ်ဖွဲ့သားအားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။ အေးမြရွှေစင်ကလည်း ယခင်အေးမြရွှေစင်မ ဟုတ်တော့။ ရုပ်ရှင် တစ်ကားပြီးတစ်ကား ပွဲဆက် များလာတော့ အပြင်အဆင်လေးလည်း တတ်လာသည်။ အဝတ်အစားကလည်း ဆန်းပေ့ညွန့်ပေ့ဝတ်စား မလာသော်လည်း ဖက်ရှင်ကျ၍လှပကာ ရွှေထုပ်သည့် မြပဝါမှန်း သိသာထင်ရှားသည်။ ပြောတာဆိုတာ နေတာထိုင်တာလေးကအစ စိတ်ဝင်စားစရာ ကောင်းနေသည်။
“ရုပ်ရှင်တစ်ကားပြီးလို့ နောက်ကားဆက်ရိုက်ဖို့ အခြေအနေမပေးတော့ဘူးလေ၊ Covid-19 ကပ်ရောဂါက မြန်မာပြည်ကို ရောက်လာပြီဆိုတော့”
“ဟုတ်ပါရဲ့ ၊ အစ်မတို့လည်း ဒီညကပြီးရင် ဇာတ်ခေါင်းကွဲပြီလေ၊ ဘယ်သွားပြီး ဘာလုပ်ရ ကိုင်ရမှန်း မသိတော့ ပါဘူးကွယ်၊ ဒါနဲ့အမှတ်တရ နောက်ဆုံးညမှာ ကပြသွားပါဦးလား”
မင်းသမီးမရွှေကြည်က ကမ်းလှမ်းသလို ပြောဆိုလာသည်။
“ဦးလေးသောင်းက ကျွန်မကသွားတဲ့ “ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင်” ကို ပါဝင်ကပြဖို့ ပြောလာတယ်၊ အစ်ကို့ကိုတောင် အသိမပေးရသေးဘူး”
ဦးလေးသောင်းက ဇာတ်ထောင်ကို ရည်ညွှန်းသလို အစ်ကိုကတော့ ကိုဝင်းသူကို ရည်ရွယ်ဟန်တူလေသည်။
“ဟုတ်တယ်၊ နောက်ဆုံးနှုတ်ဆက်ပွဲညမှာ ပြဇာတ်ရော ဗီဒီယိုမှာပါ လူကြိုက်များတဲ့ ပြဇာတ်နဲ့ ပွဲသိမ်း ချင်တယ်၊ ဒါကြောင့်လည်း သမီးလေးအေးမြရွှေစင်ကို လှမ်းခေါ်လိုက် ရတာ၊ သမီးလေး ဇာတ်ကားရိုက်နားချိန်နဲ့ တိုက်ဆိုင်လို့ အဆင်ပြေသွားတာ”
ပြဇာတ် ရှေ့နောက် အစီအစဉ် အဆင်ပြေသွားပြီ။ ရုပ်ရှင်မင်းသမီး အေးမြရွှေစင် ပါဝင်ကပြမည်ဆိုလျှင် နောက်ဆုံး ပွဲသိမ်းညသည် ခြိမ့်ခြိမ့်သဲသဲ စည်စည်ကားကား အားရစရာကောင်းပေလိမ့်မည်။ မိုးကျဲကျဲလင်းသည်အထိ တိုးမပေါက် အောင်စည်ကားမည်မှာ သေချာသည်။
“ကျွန်မ အရွယ်မရောက်တရောက် အချိန်လေးမှာပဲ ဖေဖေဆိုင်းဆရာ ကွယ်လွန်သွားတယ်၊ မေမေက မင်းသမီး ဆိုတော့ မေမေ ဇာတ်ကရာနောက် တကောက်ကောက်လိုက်ရင်း ကျောင်းဆက်မတက်ဖြစ်တော့ဘူး၊ တစ်နှစ် နှစ်နှစ်လောက် ဇာတ်ထဲလိုက်နေရတော့ အမြင်နဲ့အဆိုအကတွေယဉ်ပါးစပြုနေပါပြီ၊ ပွဲကတဲ့ ညတစ်ညမှာ မေမေလေဖြတ်ပြီး ကွယ်လွန်သွားတယ်၊ ပွဲလာကြည့်တဲ့ ဦးလေးသောင်း ကျေးဇူးကြောင့်သာ ကျွန်မဘဝ ရှင်သန်ခဲ့ရတာပါ၊ အဆိုအက ဝါသနာပါတဲ့ ကျွန်မကို ပန်တျာကျောင်းတက်ခိုင်းပြီး ကျောင်းဆင်းချိန်လောက်မှာ စိန်မြရံခြယ်ဇာတ်ကို ဦးလေးသောင်းက ဖွဲ့စည်းတည်ထောင်ပေးခဲ့တာပါ”
ကြည့်စမ်း၊ အေးမြရွှေစင်ကို ဇာတ်ထောင်မွေးစားသမီးမှန်းမသိအောင် ပိပိရိရိဖုံးကွယ်ထားပါပကောလား။ သာမန် ယိမ်းမင်းသမီးလေးအဖြစ် မရွှေကြည်တို့ တစ်ဖွဲ့လုံး ဆက်ဆံခဲ့ကြတာပါ။ အရှင်မွေးတော့ နေ့ချင်းကြီး သွားရသည့် အကြောင်းရင်းကို ခုမှသိရတော့သည်။
“ကျွန်မပြဇာတ်တစ်ပုဒ်တည်းကပြရုံနဲ့ နာမည်ကြီးသွားရတာက အစ်ကို့ ကျေးဇူးကြောင့်ပါ၊ ကျွန်မက အစ်မ စံပယ်ဖူးငုံလောက်လည်း မလှဘူး၊ အစ်မ ရွှေကြည်လောက်လည်း ပညာမပြည့်ဝဘူး၊ ဒါကြောင့် ရုပ်ရှင်မင်းသမီး အဖြစ်နဲ့ ကြိုးစားသရုပ်ဆောင်ဖို့လည်း အစ်ကိုပဲ တိုက်တွန်းခဲ့တာပါ”
မရွှေကြည်တို့ အံ့ဩပြီးရင်း အံ့ဩစရာစကားတို့ကိုကြားသိနေရသည်။
“ပြီးတော့ အံ့ဩစရာစကားကို ပြောရဦးမယ်”
“ဟဲ့ – မိရွှေစင် အံ့ဩကုန်နိုင်ဖွယ်စကားက မဆုံးသေးဘူးလား”
“ကျန်သေးတယ်အစ်မရဲ့ ဒီည နှုတ်ဆက်ပွဲကပြီးရင်’ ကျွန်မကအကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင်’ ဇာတ်ဝင် အဝတ်အစားတွေနဲ့ပဲ အစ်ကိုနဲ့ကျွန်မ ဒီဇာတ်ခုံပေါ်မှာ မင်္ဂလာအခမ်းအနား ကျင်းပကြမှာပါ”
“ဟင်- ဒါဆို ကိုဝင်းသူနှင့်အေးမြရွှေစင်တို့က အက ပြဇာတ်ပြီးတော့ ဘဝ ပြဇာတ် ဆက်ကကြတော့မှာပေါ့၊ ဘယ်သူမှ မသိအောင် နောက်ကွယ်က လှုပ်ရှားပုံက မယုံနိုင်စရာတွေချည်းပါလား”
စကားနည်းသော စပယ်ဖူးငုံ အပြောကို အားလုံးကသဘောကျနေကြသည်။ ဟုတ်ပါရဲ့၊ သူတို့နှစ်ယောက် ဘယ်အချိန်ကများ ခြေပုန်းခုတ်လိုက်ကြပါလိမ့်ဟု မရွှေကြည်တွေးနေမိသည်။ သူတို့ မျက်ကွယ် ဗီဒီယို ရိုက်ကူးတုန်းက ဖြစ်ပေလိမ့်မည်။
“အံ့ဩ ဝမ်းသာစရာ နောက်ဆုံး စကားတစ်ခွန်းပြောဖို့ကျန်ပါသေးတယ်”
“ပြောစရာရှိတာ မြန်မြန်ပြောစမ်းပါမိရွှေစင်လေးရယ်၊ အံ့ဩစရာစကား အံ့အားသင့်ရလွန်းလို့ အသက်ရှူတောင် ရပ်ရတော့မလို ဖြစ်နေပြီ”
ဟုတ်ပါသည်။ အလန့်တကြား အံ့အားသင့်စရာ စကားဆက်တိုက်ကြားနေရသည်။
“Covid-19 ကပ်ရောဂါကာလ ဇာတ်ပွဲခေတ္တ ရပ်နားနေစဉ် အတောအတွင်း အထိုက်အလျောက် အထောက်အကူ ဖြစ်စေဖို့ ဇာတ်သူ ဇာတ်သားအားလုံး တစ်ဦးကို ငါးသိန်း ကျွန်မတို့ မင်္ဂလာမောင်မယ်များက လက်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်”
အေးမြရွှေစင်စကားအဆုံး အားလုံးကလက်ခုပ်လက်ဝါးတီးကာ ဝမ်းသာရွှင်မြူး ကြည်နူးရွှင်ပြုံးသွားကြလေသည်။
သရုပ်ဖော်ပုံများ – ပန်းချီ မျိုးညွန့်ခင်
[ဇာတ်သဘင်ဆိုင်ရာ အချက်အလက်များကိုရှာဖွေပေးပါသော သတင်း ဆောင်းပါးရှင် အောင်မြင့်မြင့် (စစ်ကိုင်း) အား အထူးပင် ကျေးဇူးတင်ရှိပါသည်]

