အကြံဉာဏ် တစ်ခု ပေးစရာ ရှိပါတယ်။ အဲဒါကတော့ ဝတ္ထု (fiction) များများဖတ်ပါ။
နွေရာသီမှာ ပျော်ရွှင်စရာ တစ်ခုက ဇိမ်နဲ့ စာဖတ်ရင်း အချိန်ကုန်ဆုံးရတာပါ။ ကျွန်တော်တို့လို အရွယ်တွေက တစ်နာရီ လောက် တင်းနစ် ရိုက်လိုက်ရင်ဖြစ်ဖြစ်၊ အလယ်ခေတ် ကျောက်ခင်းလမ်းမပေါ် ခြေကျင် လမ်းလျှောက်ရရင် ဖြစ်ဖြစ် အရိုးအဆစ်တွေ နာကျင်လာတတ်ပါတယ်။ နေသာတဲ့ နေ့ရက်တစ်ရက်မှာ စိတ်ကူးယဉ်ဝတ္ထုကောင်း တစ်အုပ်ကို ထိုင်ဖတ် လိုက်ရတာက နာနေတဲ့ အရိုးအဆစ်တွေကို ဒဏ်ကျေလိမ်းဆေး လိမ်းပေးလိုက်သလိုပါပဲ။ ဒီလိုပြောလိုက်ရင် ကျွန်တော့် ဝါသနာက အများနဲ့မတူ ထူးခြားနေတယ်လို့ မြင်ကောင်းမြင်ပါလိမ့်မယ်။ ဒစ်ဂျစ်တယ်ခေတ်က ကျွန်တော်တို့ကို ပေးလိုက်တဲ့ ရောဂါတွေထဲမှာ စာမဖတ်တတ်တော့တဲ့ ရောဂါလည်း အပါအဝင် ဖြစ်ပါတယ်။
ဒီရောဂါက ငယ်ရွယ်စဉ် ကတည်းက စတင်ဖြစ်ပွားပါတယ်။ National Association for Educational Procurement က မှတ်တမ်းရယူခဲ့ရာ ပြီးခဲ့တဲ့ အနှစ် ၃၀ အတွင်း ကျောင်းသားများ စာဖတ်နှုန်း သိသိသာသာ ကျဆင်းလာတာကို တွေ့ရပါတယ်။ ၁၉၈၄ ခုနှစ်မှာ အသက် ၁၃ နှစ်အရွယ် ကျောင်းနေကလေး ၃၅ ရာနှုန်းက အပျင်းပြေ စာဖတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ၁၃ ရာနှုန်းအထိ ကျဆင်းသွားပါတယ်။

အခြား လူမှုရေးဆိုင်ရာ ရောဂါ အများအပြား အပြင် အမျိုးသားများက ရောဂါကို အဆိုးဝါးဆုံး ကြုံတွေ့ရပါတယ်။ National Endowment for the Arts ရဲ့ လေ့လာချက်အရ ဝတ္ထု (fiction) ဖတ်ရှုခြင်းကို အမျိုးသားများ လုပ်ဆောင်မှု အနည်းဆုံး ဖြစ်ကြောင်း တွေ့ရတယ်။ ဒါပြင် လျင်မြန်စွာ ကျဆင်းနေပါတယ်။ ၂၀၁၂ ခုနှစ်မှာ အမျိုးသား ၃၅ ရာခိုင်နှုန်းက ဝတ္ထုတွေ ဖတ်ရှုကြတယ်လို့ ဆိုပါတယ်။ အလားတူပဲ အမျိုးသမီး ၅၅ ရာနှုန်းက ဝတ္ထုဖတ်ကြတယ်။ ဆယ်စုနှစ် တစ်ခု ကြာပြီးတဲ့အခါ ဖတ်ရှုသူ အမျိုးသားက ၂၈ ရာနှုန်းအထိ ကျဆင်းသွားပြီး အမျိုးသမီးကတော့ ရာခိုင်နှုန်း ထက်ဝက်ခန့် ကျဆင်းသွားပါတယ်။
အမျိုးသား လေးယောက်မှာ တစ်ယောက်ကတောင် ဝတ္ထု မဖတ်ကြတော့ပါဘူး။ James Patterson ၊ Lee Childs ၊ Harlan Coben တို့ အပါအဝင် အမျိုးသားများ စိတ်ထဲမှာတော့ အပေါစား ဝတ္ထုများပင် သူတို့ခေါင်းထဲ မရောက်ပါ။
အမျိုးသားတွေ စာဖတ်ကြရင် သူတို့က ဝတ္ထု မဟုတ်တဲ့ သမိုင်း စာအုပ်တွေ၊ နာမည်ကြီး အားကစား သမားများရဲ့ အတ္ထုပ္ပတ္တိတွေ၊ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်များရဲ့ အတ္ထုပ္ပတ္တိတွေ၊ မိမိ ကိုယ်တိုင် သင်ယူလုပ်ကိုင်နိုင်တဲ့ self-help လမ်းညွှန်စာအုပ်တွေ ၊ ဘဏ္ဍာရေးဆိုင်ရာ တိုးတက်ရေး စာအုပ်တွေ ၊ အလုပ်အကိုင် တိုးတက်ရေး ၊ စီမံခန့်ခွဲရေး ဆိုင်ရာ လမ်းညွှန်စာအုပ် တွေကို ပိုကြိုက်ကြပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်တိုင်လေ့လာချက်အရ လေဆိပ်တွေ၊ အပန်းဖြေ ကမ်းခြေတွေ၊ ဟိုတယ်တွေရဲ့ နံနက်စာ စားပွဲတွေမှာ ဒေါ်လာ ၃၀ လောက်နဲ့ ဝယ်သွားလို့ရမယ့် စာအုပ်တွေကို ရှာကြည့်ရင် နံပါတ်တွေပါတဲ့ ပုဂ္ဂိုလ်ရေး တိုးတက်ရေး စာအုပ်တွေ ဥပမာ ဘဏ္ဍာရေး အမှီအခို ကင်းစေရန် နည်းလမ်း ခုနစ် သွယ် ၊ စီးပွားရေး ဦးဆောင်မှု ဆိုင်ရာ နည်းလမ်း ငါးရပ် စတဲ့ စာအုပ်များကိုသာ တွေ့ရလေ့ ရှိပါတယ်။
ဘီလ်ဂိတ်စ် (Bill Gates) နဲ့ ဝါရင် ဘူဖတ် (Warren Buffet) စတဲ့ သူဌေးကြီးတွေက သူတို့လို ချမ်းသာအောင် ဘာစာအုပ်တွေ ဖတ်ရမလဲ အကြံပေးတဲ့ အခါမှာလည်း ဝတ္ထုဖတ်ရှုဖို့ အကြံပေးတာမျိုး မတွေ့ရပါ။ ထိုစာအုပ်များမှာ လုပ်ငန်းဆောင်တာနဲ့ ပတ်သက်တဲ့ စာအုပ်များ၊ စိတ်နဲ့ ဦးနှောက်ကို အားဖြည့်ပေးမယ့် စာအုပ်များ၊ နည်းပညာ စာအုပ်များ၊ စီးပွားရေး စာအုပ်များ၊ ရင်းနှီးမြှုပ်နှံမှု၊ စီမံခန့်ခွဲမှုနဲ့ သမိုင်း စာအုပ် တစ်အုပ်နှစ်အုပ်သာ ပါဝင်ပါတယ်။ အားလုံးကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လူတွေက ဒီအုပ်တွေကိုတောင် ဖတ်ကြရဲ့လား မသိပါဘူး။ ရုံးခန်းထဲက စင်ပေါ်မှာ တင်ရုံ တင်ထား ကြတာပါ။
ဒါကတော့ ရှက်စရာပင် ဖြစ်နေပါတယ်။ ကျွန်တော် ရဲရဲဝံ့ဝံ့ ပြောနိုင်တာကတော့ ဇာတ်လမ်းကောင်း တစ်ပုဒ်က သင့်ကို ဖျော်ဖြေပေးရုံ မကပါဘူး။ လူသားရင်းမြစ် စီမံခန့်ခွဲရေး ပညာရပ် အချက်အလက် စင်တာတွေကပေးတဲ့ အကြောင်းအရာ တွေ ထက်တောင် ပိုမိုအသုံးဝင်နေတတ်ပါတယ်။ ဝတ္ထုရေး ဆရာကောင်း တစ်ယောက်က သင့်ကို ဇာတ်လမ်းကောင်း တစ်ခုနဲ့ ဆွဲဆောင် ထားရုံ မကပါဘူး။ ဇာတ်လမ်း နောက်ခံ ဘဝ၊ စီးပွားရေး၊ နိုင်ငံရေး စတာတွေရဲ့ အခြေခံ အကြောင်းအရာဖြစ်တဲ့ လူသားတွေ စေ့ဆော်မှုကို သင်ပြပေးပါတယ်။

အပျော်တမ်း ဝတ္တုတွေက ဝတ္တု မဟုတ်တဲ့ စာအုပ်တွေက မပေးနိုင်တဲ့ စိတ်ခံစားချက်တွေ ပေးရုံမက တစ်ချို့ဆို အသိပညာတွေပါ ပေးစွမ်းနိုင်ပါတယ်။ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ပရိသတ်ကို ဆွဲဆောင်ထားနိုင်သဖြင့် ပေးချင်တဲ့ သတင်းစကား ကလည်း ပရိသတ် စိတ်ထဲ စွဲကျန်ရစ်ပါတယ်။ ကျွန်တော်ကိုယ်နှိုက်က ဇာတ်လမ်း အစ၊ အလယ်၊ အဆုံးပါတဲ့ ဇာတ်ကြောင်းတစ်ခုကို အဖိုးတန်တယ်ဆိုတဲ့ လမ်းညွှန်ချက် စာရင်များထက် ပိုမိုမှတ်မိလွယ်ပါတယ်။ ကျွန်တော် ဘွဲ့ကြို ကျောင်းသားဘဝက ပြဋ္ဌာန်း စာအုပ်က စာမျက်နှာ တစ်ခုကို မမှတ်မိပေမယ့် ကလေးဘဝက ပုံပြင်တစ်ပုဒ်ကိုတော့ မှတ်မိ နေပါတယ်။
ကောင်းမွန်တဲ့ ဝတ္ထုတစ်ပုဒ်က ဇာတ်လမ်းဇာတ်ကြောင်းကို အသုံးချပြီး အမှန်တရား တစ်ခုကို ပြောပြပါတယ်။ Tom Wolfe ရဲ့ The Bonfire of the Vanities စာအုပ်လောက် ၁၉၈၀ ပြည့်နှစ်များက နယူးယောက်မြို့ရဲ့ လူနေမှုဘဝ ၊ စီးပွားရေး ၊ နိုင်ငံရေးကို ဖော်ပြနိုင်တဲ့ ဝတ္တု မဟုတ်တဲ့ စာအုပ်မျိုး မတွေ့သေးပါ။ သင်က ဘဝမှာ အကောင်းဆုံး နေထိုင် အသက်ရှင်နိုင်ဖို့ လမ်းညွှန်ချက် စာအုပ်တွေ အများအပြား ဖတ်ကောင်းဖတ်နိုင်ပါမယ်။ ဒါပေမဲ့ Evelyn Waugh ရဲ့ Brideshead Revisited ဝတ္ထုစာအုပ်လောက် ဘဝအကြောင်း ပျော်ရွှင်မှု၊ ယုံကြည်မှု၊ အကျင့်စရိတ္တကောင်းတွေ ပြသပေးနိုင်တဲ့ လမ်းညွှန်စာအုပ် မရှိနိုင်ပါဘူး။
စစ်အေးကာလရဲ့ သမိုင်းစာအုပ်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ John Le Corre ရဲ့ ထိုခေတ်က ဝတ္ထုလောက် ပထဝီ နိုင်ငံရေးရဲ့ အရှုပ်အထွေးတွေကို ပီပြင်အောင် မီးမောင်ထိုး ပြသနိုင်တဲ့ သမိုင်းစာအုပ် မရှိပါဘူး။ Booth Turkington ရဲ့ The Magnificent Ambersons ဝတ္တုလောက် ၂၀ ရာစု အမေရိကန် အရင်းရှင် ဝါဒကို မီးမောင်းထိုး ပြသနိုင်တဲ့ စီးပွားရေး ဆိုင်ရာ ကျမ်းစာအုပ် မရှိနိုင်ပါဘူး။ နည်းပညာက လူသားများရဲ့ စိတ်ဝိညာဉ်ကို တိုက်စားနေပြီဆိုတာကို သင် သိရှိစပြုလာပြီဆိုရင် Aldous Huxley ရဲ့ ၁၉၃၂ ခုနှစ်က Brave New World စာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။
ကျွန်တော်က အမျိုးသား ဝတ္ထုရေးဆရာများရဲ့ နာမည်ကြီး ဝတ္ထုတွေချည်း ရေးပြနေတယ် သင်ထင်ရင် ဇာတ်လမ်း ကောင်းကောင်း၊ ဇာတ်ကောင်စရိုက် ကောင်းကောင်းနဲ့ ရေးသားတတ်တဲ့ Kate Atkinson၊ Donna Tartt၊ Zadie Smith၊ Jane Harper တို့ရဲ့ ဝတ္ထုတွေကို ဖတ်ကြည့်ပါ။
အခုခေတ် misinformation သတင်းအလွဲများ ၊ disinformation သတင်းအမှားများဖြင့် ပြည့်နှက်နေတဲ့ အမှန်တရားကို ဦးစားမပေးတဲ့ခေတ်မှာ သင်ရော ဝတ္ထု (fiction) နဲ့ သုတ (non-fiction) စာပေများကို ခွဲခြား သိရှိ နိုင်ပါရဲ့လား။
ကိုးကား – Here’s novel idea: Read more fiction – Wall Street Journal
