သမ္မတဟာ အမေရိကန်ရဲ့ ဒီမိုကရက်မြို့တွေအပေါ် ပစ်မှတ်ထား ကိုင်တွယ် ဆောင်ရွက်ဖို့ အရူးအမူး ဖြစ်နေပါတယ်။ မိုက်ဂရံ့ (Migrants) လို့ခေါ်တဲ့ နိုင်ငံရွှေ့ပြောင်း အခြေချ နေထိုင်သူတွေကို ကြိုဆိုတဲ့ မြို့တွေအပေါ် ပစ်မှတ်ထားတာက သမ္မတရဲ့ စိတ်ကြိုက်အတွေ့ဆုံး မူဝါဒ ဖြစ်နေပါတယ်။ သို့ပေမဲ့လည်း စက်တင်ဘာလ ၄ ရက်နေ့မှာ ဟွန်ဒိုင်း (Hyundai) လျှပ်စစ်ကား စက်ရုံမှာ ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမား ၄၇၅ ဦးကို ဖမ်းခဲ့တာက ထူးခြားနေပါတယ်။ ဒီလျှပ်စစ်ကား စက်ရုံက ဂျော်ဂျီယာ ပြည်နယ် အယ်လက်ဘဲလ် (Ellabell) မြို့ပြင်နားမှာ တည်ရှိတာဖြစ်ပြီး ဒီမြို့ဟာ ရီပတ်ဘလီကင်တွေ အားကောင်းရာ ဒေသမှာ ရှိတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ကျေးလက် မြို့ကလေးပါ။ စက်ရုံဝန်းကျင်မှာ တပ်ဖွဲ့ဝင် ၄၀၀ လောက် ဖြန့်ကြက်ပြီး အလုပ်သမား တွေကို နေထိုင်ခွင့် စာရွက်စာတမ်းတွေ ပြခိုင်းပြီး မရှိတဲ့ သူတွေကို ဖမ်းဆီး ခေါ်ဆောင်သွားကြပါတယ်။ ဖမ်းဆီးခံရသူ အများစုဟာ တောင်ကိုရီးယား နိုင်ငံသားတွေ ဖြစ်ပြီး သူတို့လက်ဝယ်ရှိတဲ့ ဗီဇာတွေဟာ အလုပ်လုပ်ခွင့် ပြုထားတဲ့ ဗီဇာမျိုး မဟုတ်ပါဘူး။ ပြည်တွင်း လုံခြုံရေးဌာနက သူတို့ ဌာနရဲ့ ဆယ်စုနှစ် နှစ်ခု သမိုင်းမှာ ဒါဟာ အကြီးမားဆုံး ဝိုင်းရံပိတ်ဆို့ဖမ်းဆီးမှု ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အပေါ်ယံကြည့်လိုက်ရင်တော့ ဒါဟာ သဘာဝကျပါတယ်။ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို များနိုင်သမျှ များများ ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးမယ်ဆိုတဲ့ သူ့ရဲ့ရည်မှန်းချက်ကို ဒေါ်နယ်ထရမ့်က ရှင်းရှင်းလင်းလင်း ပြောထား ပြီးသားပါ။ ဒါပေမဲ့ အမေရိကန်မြေပေါ်မှာ နိုင်ငံခြား ကုမ္ပဏီတွေ၊ ပရောဂျက် ကြီးကြီးမားမား တွေအတွက် ရင်းနှီး မြှုပ်နှံ ချင်လာအောင် ဆွဲဆောင်ချင်တာကလည်း သမ္မတ ဒေါ်နယ်ထရမ့်ပါပဲ။ ပြောရရင် ဂျော်ဂျီယာပြည်နယ်မှာ ဟွန်ဒိုင်း လျှပ်စစ်ကား စက်ရုံဟာ သမ္မတ ထရမ့် မူဝါဒအတိုင်း လုပ်ဆောင်နေတာပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု စွန်းစွန်း ဝန်းကျင်လောက်က ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ ဆာဗားနား (Savannah) မြို့နဲ့ အနီးဝန်းကျင် ခရိုင်လေးခုဟာ စုစည်းပြီး ကုမ္ပဏီကြီးတွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရည်ရွယ်ချက်က ပင်လယ်ကမ်းခြေ တစ်လျှောက်မှာ တည်ရှိနေတဲ့ လယ်ယာစိုက်ပျိုးရေး အခြေခံ ခရိုင်တွေမှာ စီးပွားရေးအရ ပြန်လည်သက်ဝင် ရှင်သန်လာအောင် ဆောင်ရွက်နိုင်ဖို့ပါ။ ဒီခရိုင်တွေမှာ အထက်တန်းအောင် လူငယ်တွေ ဒေသကနေ ထွက်မသွားအောင် ဆွဲဆောင်ပေးမယ့် အလုပ်အကိုင် အခွင့်အလမ်း လုံလုံလောက်လောက် မရှိကြပါဘူး။ ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး ဘရိုင်ရန်ကမ့် (Brian Kemp) က တောင်ကိုရီးယားကို သွားရောက်ညှိနှိုင်းပြီး နောက်ဆုံးမှာတော့ ဟွန်ဒိုင်း ကုမ္ပဏီကနေ ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံ ပမာဏရှိတဲ့ ရင်းနှီးမြှုပ်နှံမှုကို ညှိနှိုင်းရယူ နိုင်ခဲ့ပါတယ်။ ဒီ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဟာ အလုပ်အကိုင် အခွင့်အလမ်း ၈,၅၀၀ ဖန်တီး ပေးမယ်လို့ ကတိပြုထားပါတယ်။ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ဟာ တောင်ကိုရီးယား အမှုဆောင် အရာရှိကြီးတွေကို ဒီကျေးလက်ဒေသအပေါ် စိတ်ဝင်စားလာအောင် မနားမနေ ကြိုးပမ်းခဲ့ပါတယ်။ မိသားစုတစ်စုချင်းလိုက် နေအိမ်တွေ၊ မိသားစု အများ နေထိုင်နိုင်တဲ့ အိမ်တွေ ဆောက်လုပ်နိုင်အောင် ဒီဒေသဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ဟာ နယ်မြေမှာ လိုအပ်သလို ဇုန်တွေ ပိုင်းခြား သတ်မှတ်ပေးခဲ့ပါတယ်။ လူထုဆန္ဒခံယူပွဲမှာလည်း နယ်မြေလူထုက ကျောင်းအသစ်တွေ ထပ်မံ ဆောက်လုပ်ရေး အပေါ် ထောက်ခံ လာအောင် ကြိုးပမ်းခဲ့ပါတယ်။ ပရောဂျက် စတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်က စပြီး ပြည်နယ်နဲ့ ဒေသဆိုင်ရာ အစိုးရ အဖွဲ့တွေဟာ လမ်းတွေ ကောင်းမွန်လာအောင် ဒေါ်လာသန်း ၃၅၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေ အထုတ်အသွင်း ပြုလုပ်နိုင်ဖို့ ဒီအစိုးရ အဖွဲ့တွေဟာ ဒေသရဲ့ ဆိပ်ကမ်းတွေကို ရေစူး ပိုနက်လာအောင်၊ ပိုကျယ် လာအောင် ပြုလုပ်ခဲ့ပါတယ်။
ဒီပရောဂျက်ဟာ လက်ဖျားခါရလောက်အောင် အောင်မြင်ခဲ့ပါတယ်။ စက်ရုံက တရားဝင် စက်ရုံဖွင့်ပွဲကို မတ်လမှာ ကျင်းပခဲ့ပါတယ်။ ကားတွေမှာရော၊ တီရှပ်တွေမှာပါ “ဂျော်ဂျီယာမှာ ပြုလုပ်သည်” ဆိုတဲ့ စတစ်ကာတွေ ပလူပျံခဲ့ပါတယ်။ ဒီစက်ရုံကြီးရဲ့ အကြီးအကဲတွေဟာ နိုင်ငံခြားသားတွေ ဖြစ်ပေမယ့် စက်ရုံအတွက် လိုအပ်တဲ့ သွင်းကုန်တွေ ဖြည့်ဆည်းပေးသူ အများစုဟာ ဒေသခံတွေပါ။ စက်ရုံကနေ ကားမောင်းသွားရင် တစ်နာရီခရီး အကွာအဝေး ဝန်းကျင်အတွင်း ဟွန်ဒိုင်းကို လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစိတ်အပိုင်းတွေ တင်သွင်းမယ့် ကုမ္ပဏီ ၂၀ လောက် အလျိုအလျို ထွက်ပေါ်လာပါတယ်။ ကားတစီး တပ်ဆင် ပြီးစီးချိန်မှာ ဒီကားမှာ ဒေသထုတ် အစိတ်အပိုင်း ပစ္စည်းတွေက ၉၀ ရာခိုင်နှုန်းကျော် ပါဝင်နေမှာပါ။ ဒီပရောဂျက်ဟာ ဂျော်ဂျီယာ ပြည်နယ်အတွက် အတ္တလန္တာ အိုလံပစ် ပွဲတော်ထက် ပိုကြီးမားတဲ့ စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တယ် (အတ္တလန္တာ ဟာ ဂျော်ဂျီယာပြည်နယ်ထဲက မြို့ပါ) ဆိုပြီး စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အာဏာပိုင်အဖွဲ့ရဲ့ အကြီးအကဲ ထရစ်ပ် တော်လီဆန် (Trip Tollison) က ပြောဆိုခဲ့တယ်။ ဒီဒေသမှာ လျှော့စျေးပေး ဆွဲဆောင်တဲ့ လက်လီဆိုင်လေးတွေနဲ့ ဒေသအကြိုက် အသားကင် ဆိုင်တွေ ကြီးစိုးခဲ့ရာကနေ ဒီကနေ့မှာတော့ ကိုရီးယား ကုန်စုံဆိုင်တွေ၊ စျေးကြီး အဆင့်မြင့် ဟော့ပေါ့ ဆိုင်တွေလွှမ်းမိုး လာခဲ့ ပါတယ်။
အခုလို ပိတ်ဆို့ဝိုင်းရံ ဖမ်းဆီးမှုဟာ ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး ဘရိုင်ယန်ကမ့်ကို ကသိကအောက် ဖြစ်စေခဲ့ ပါတယ်။ ဘရိုင်ယန်ကမ့်ဟာ သမ္မတထရမ့်ရဲ့ စိတ်ကြိုက် ရီပတ်ဘလီကင် မဟုတ်ပေမယ့် သြဇာကြီးမားတဲ့ ရီပတ်ဘလီကင် နိုင်ငံရေး သမားတွေထဲက တစ်ဦးပါ။ ပြည်နယ် အုပ်ချုပ်ရေးမှူး ဘရိုင်ယန်ကမ့်က ဟွန်ဒိုင်းလျှပ်စစ်ကားစက်ရုံကို သူ့ရဲ့ အကြီးမားဆုံး စီးပွားရေးဆိုင်ရာ အောင်မြင်မှုလို့ ရှုမြင် သတ်မှတ် ထားတာပါ။ ရီပတ်ဘလီကင် ပါတီဝင်တွေက သူ့ကို ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ပြန်ပြည့်မြဲစွမ်းအင် (renewable energy) စီမံကိန်းအပေါ် ထောက်ခံတယ်ဆိုပြီး ကန့်ကွက်နေတဲ့ ကြားထဲက ပြည်နယ် အုပ်ချုပ်ရေးမှူး ဘရိုင်ယန်ကမ့်ဟာ ဒီစီမံကိန်းကို ကာကွယ် အကောင်အထည် ဖော်ခဲ့ပါတယ်။ ယခုအချိန်မှာ ဘရိုင်ယန်ကမ့်ဟာ မသိလိုက် မသိဘာသာ လုပ်နေပါတယ်။ ဒီပိတ်ဆို့ဝိုင်းရံ ဖမ်းဆီးမှုမှာ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့ရဲ့ အခန်းကဏ္ဍ ပါဝင်နေတာ ငြင်းမရအောင် ပေါ်လွင်နေလို့လည်း ဖြစ်နိုင်ပါတယ်။ ဖက်ဒရယ် (ပြည်ထောင်စု) လုံခြုံရေး တပ်ဖွဲ့တွေ ဝင်ရောက် မစီးနင်းခင်မှာ ဂျော်ဂျီယာပြည်နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့တွေက လမ်းတွေကို ပိတ်ဆို့ပေးခဲ့သလို ဂျော်ဂျီယာပြည်နယ် အကျဥ်းဦးစီးဌာန (Department of correction) က ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား တွေကို ဘတ်စ်ကားကြီးတွေနဲ့ ခေါ်ထုတ်သွားပါတယ်။

ထရစ်တော်လီဆန်က နိုင်ငံရွှေ့ပြောင်း အခြေချ နေထိုင်လုပ်ကိုင်တဲ့ အလုပ်သမားတွေ ဖမ်းဆီးမှုဟာ ဟွန်ဒိုင်းနဲ့ ချုပ်ဆို ထားတဲ့ စာချုပ်ကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ အခြား ကုမ္ပဏီတွေကို စိုးရိမ် နောက်တွန့် စေနိုင်ပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ချိုဟွန်း (Cho Hyun) ဟာ စက်တင်ဘာလ ၈ ရက်နေ့မှာ ဝါရှင်တန်ကို သွားရောက်ခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတက သမ္မတထရမ့်နဲ့ အများဆုံး သွင်းကုန်အဖြစ် ၁၅ ရာခိုင်နှုန်း ကန့်သက်ချက်ကို ညှိနှိုင်းရယူပြီး မကြာခင်ကာလာအတွင်း သွားရောက်ခဲ့တာပါ။ တောင်ကိုရီးယားနိုင်ငံဟာ သက်ဆိုင်ရာ နယ်ပယ် အလိုက် ကျွမ်းကျင်မှုရှိတဲ့ ကိုရီးယား အလုပ်သမားတွေအတွက် ဥပဒေကြောင်းအရ ပိုမိုခိုင်မာတဲ့ ဗီဇာနည်းလမ်းတွေကို ရယူချင် နေတာပါ။ ဟွန်ဒိုင်း လျှပ်စစ်ကား စက်ရုံမှာ တရားမဝင် လုပ်ကိုင်နေကြသူတွေဟာ စစ်ဆေးတပ်ဆင်ရမယ့် ကိရိယာတွေ အတွက် ရောက်ရှိလာတဲ့ တစ်ဆင့်ခံ လုပ်ငန်း စာချုပ်ချုပ်ဆိုထားသူ တွေပါ။ ကိုရီးကား ကုမ္ပဏီတွေက တမေ့တမောစောင့်နေရတဲ့ ဗီဇာ လုပ်ထုံး လုပ်နည်းတွေကို ကန့်ကွက်နေခဲ့တာ ကြာလှပါပြီ။ ဗီဇာ နှောင့်နှေးမှုကြောင့် သတ်မှတ်ချိန်အတွင်း မပြီးတော့ပါဘူး။
ဆာဗားနား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့ဟာ ဒေသအတွင်းမှာရှိတဲ့ ကောလိပ်တွေမှာ အဆင့်မြင့် ကုန်ထုတ် လုပ်ငန်း အစီအစဥ်တွေ လေ့ကျင့်သင်ကြားပေးဖို့ စီစဥ်နေပါတယ်။ ဒီအဖွဲ့ဟာ ကုန်ထုတ်လုပ်ငန်း အခြေခံ ကကြီး ခခွေးကို မူလတန်း အဆင့်မှာကို သင်ကြားပေးနေပါတယ်။ တစ်နေ့မှာတော့ အယ်လက်ဘဲလ် မြို့ငယ်လေးဟာ သူတို့ဒေသမှာ ရှိတဲ့ စက်မှုကုန်ထုတ်လုပ်ငန်း အားလုံးအတွက် ကျွမ်းကျင်အလုပ်သမားတွေ အလုံအလောက် မွေးထုတ် ပေးနိုင်မှာပါ။ ဒါပေမဲ့ ဒီတိုးတက်ဖြစ်ထွန်းမှုဟာ ပစ္စုပ္ပန်ကာလဒေသနဲ့ နိုင်ငံလုံးဆိုင်ရာ ကားထုတ်လုပ်ရေးဆိုင်ရာ ရည်မှန်းချက်တွေအတွက် လိုအပ် နေတဲ့ ကျွမ်းကျင်လုပ်သားဖြည့်ဆည်းရေးကိုတော့ တစ်စုံတစ်ရာ ပံ့ပိုးပေးနိုင်မှာ မဟုတ်ပါဘူး။
ကိုးကား – ICE raid at Hyundai was a massive own goal, The Economist September 2025

