The Corner

The Corner

cropped-Logo_round_grey-background.png

အင်ဒိုနီးရှား ရှစ်လေးလုံး

Share မယ်

အင်ဒိုနီးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဇာတာစန်းလဂ်ဟာ တစ်ခုခုတော့ တိုက်ဆိုင်နေသလား မသိပါ။ အင်ဒိုနီးရှားမှာ အာဏာရှင် ဆူဟာတို နဲ့ ဆူကာနို လက်အောက်မှာ ခံခဲ့ကြရတဲ့ တစ်ချိန်တည်းမှာ  မြန်မာမှာလည်း အာဏာရှင်တွေရဲ့ အောက်မှာပါပဲ။ လွတ်ပြန်တော့လည်း အင်ဒိုနီးရှားမှာ လုပ်သလို ၂၅ ရာခိုင်နှုန်း သော စစ်ဗိုလ်တွေက လွှတ်တော်ထဲမှာ ထိုင်နေကြပြန်ပါတယ်။ ၁၉၉၈ မှာ ဆူဟာတို ကျဆုံးသွားတဲ့အခါ တို့တော့ ဒီမိုကရေစီရပြီလို့ အင်ဒိုနီးရှားပြည်သူတွေ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ဆူဟာတိုရဲ့ ဂိုဏ်းဝင်ဗိုလ်ချုပ်တွေက စစ်တပ်ရာထူး တွေစွန့်လွှတ်၊  ဒီမိုကရေစီ အရေခြုံပြီး အုပ်စုတွေ ပြန်ဖွဲ့၊ ပါတီတွေကို အုပ်စီးကာ သူတို့ရဲ့ ချမ်းသာမှုတွေအတွက် လုပ်ဆောင်လာကြပါတယ်။ သြဂုတ်လအတွင်းမှာ အင်ဒိုနီးရှား နိုင်ငံအတွင်း မြန်မာတွေ ကြုံခဲ့ရတဲ့ အရေးအခင်းကြီးမျိုး ကြုံနေကြရပြန်ပါတယ်။

Photo: Thedepositphotos

အရေးအခင်းကြီးဖြစ်လာစေဖို့ လှုံ့ဆော်ခဲ့တဲ့ အကြောင်းတွေကတော့ ပြည်သူကို ကိုယ်စားပြုပြီး ပြည်သူနဲ့ တစ်သားတည်း နေရမယ့် လွှတ်တော်အမတ်တွေက ပြည်သူနဲ့ ကင်းကွာပြီး အခွင့်အရေးတွေ မတရား ရယူနေခဲ့ တာလည်း အဓိက အကြောင်း တစ်ခု ဖြစ်ပါတယ်။ လွှတ်တော်အမတ်ဦးရေ ၅၈၀ ရှိပြီး လွှတ်တော်အမတ် တစ်ယောက်ရဲ့ ရပိုင်ခွင့်ဟာ တစ်လကို အမေရိကန် ဒေါ်လာ ၆,၁၅၀ ရှိပြီး သာမန် ပြည်သူ တစ်ယောက်ရဲ့ လစဉ်ဝင်ငွေထက် အဆ ၃၀ ရှိတယ်လို့ South China Morning Post ရဲ့ Tell Me အစီအစဉ်က ဆိုပါတယ်။ အိမ်အသုံးစရိတ် အတွက် တစ်လကို အမေရိကန်ဒေါ်လာ ၃,၀၀၀ ရပါတယ်။ ဂျကာတာ မြို့လယ်က ပုံမှန် အခန်း သုံးခန်းပါ တိုက်ခန်းငှားခရဲ့ သုံးဆကို ရရှိတာပါ။ လူထုက လွှတ်တော်အမတ်တွေရဲ့ လစာငွေတွေကို လျှော့ချပြီး အနိမ့်ဆုံး လုပ်အားခကို မြင့်တက်နေတဲ့ ငွေကြေး ဖောင်းပွနှုန်းတွေနဲ့ အညီ တိုးမြှင့် ပေးစေချင် ကြပါတယ်။ လွှတ်တော်အမတ်တွေဟာ ခြစားမှုတွေ အများဆုံး ကျူးလွန် နေကြသူ တွေလို့ လူထုက မြင်ပါတယ်။ ပြည်သူတွေထံက တိုးမြှင့်ကောက်လိုက်တဲ့ အခွန် ငွေတွေဟာ နိုင်ငံတော်ဘတ်ဂျက်ထဲမှာ လွှတ်တော်အမတ်တွေရဲ့ အသုံးစရိတ်တွေ ဖြစ်ကုန်ပါ တယ်။ လွှတ်တော်အမတ်တွေအတွက် ဘတ်ဂျက်ဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၃၄၀ ရှိပြီး အခု ၂၀၂၅မှာ တော့ ၄၀၆ သန်း ဖြစ်လာပါတယ်။

အခြား အကြောင်းတရားတွေထဲမှာ ကျဆင်းလာတဲ့ စီးပွားရေးနဲ့အတူ အလုပ်လက်မဲ့ များလာတာ အခုဆို လူပေါင်း ခုနစ် သန်းခန့် အလုပ်လက်မဲ့ ဖြစ်နေတာပါ။ ဒါ့အပြင် အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့  ခြစားမှုတွေ ပါဝင်ပါတယ်။ လူထုဆန္ဒ အပေါ် လွှတ်တော် ကိုယ်စားလှယ်တွေက အရေးတယူ မရှိတဲ့အပြင် လှောင်ပြောင် သရော်တာတွေကို လုပ်ကြတဲ့ အတွက် မောက်မာတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ တုံ့ပြန်ပုံတွေကို လူထုက စိတ်ပျက်လာကြပါတယ်။

ကျွန်တော်က အခွန်ထမ်း တစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်ပေးတဲ့အခွန်တွေ ဘယ်သူ့ဆီ ရောက်သွား လဲ ကျွန်တော်မသိရဘူး။ လွှတ်တော်ထဲမှာ ထိုင်နေတဲ့ ပြည်သူ့ ကိုယ်စားလှယ်ဆိုသူတွေက ပြည်သူတွေရဲ့ အသံကို နားမထောင် ကြဘူး” လို့ ဆန္ဒပြ ပြည်သူတစ်ဦးက ပြောပါတယ်။

Photo: Jakatapost

အစိုးရရဲ့တုံ့ပြန်ပုံ

သမ္မတ ပရာဘိုဝိုဟာ မနှစ်က အောက်တိုဘာမှာ အာဏာ ရလာတာပါ။ သူ့ ဖခင်ဟာ ဝန်ကြီးဟောင်း တစ်ဦးဖြစ်ပြီး သူကိုယ်တိုင်လည်း ဗိုလ်ချုပ်ဟောင်းတစ်ဦးမို့ သူဟာ အင်ဒိုနီးရှား အထက်လွှာ လူတန်းစားထဲကပါ။ အရေးအခင်း စတဲ့အချိန် အစိုးရနဲ့ သူ့ရဲ့ ဦးဆောင်မှုကို ယုံကြည်ပါလို့ ပြောပေမယ့်လည်း ဆန္ဒပြမှုတွေဟာ နိုင်ငံ့အခြေခံအဆောက်အအုံတွေကို ထိခိုက် ပျက်စီးစေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်နဲ့ရဲကို ဖြေရှင်းခိုင်းလာတဲ့အတွက် လူထုက မယုံကြည်ကြ တော့ပါဘူး။  အရေးအခင်းအတွင်း သေဆုံးသွားတဲ့ ပစ္စည်းပို့သမားလေး ရဲ့ အိမ်အထိသွားပြီး မိသားစုကိုတွေ့၊ လူထုကို တောင်းပန်ခဲ့ပေမယ့် လူထုလိုချင်တဲ့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းဖို့ကို မလုပ်ခဲ့ပါဘူး။ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို အမြဲစောင့်ကြည့် ကြေညာချက်ထုတ်နေခဲ့တယ်လို့ Amnesty International Indonesia ရဲ့ ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။ စစ်တပ်နဲ့ သင့်လျော်တဲ့ အခြေအနေမဟုတ်ဘဲ အခု စစ်တပ်ကို ဆွဲသွင်းလာတာကိုလည်း စိုးရိမ်နေကြတာပါ။

ဖြစ်ပျက်ပုံ နေ့စွဲအလိုက် မှတ်တမ်း

ဩဂုတ်လ ၁ ရက် – ၃ရက်

ဂျကာတာနဲ့ ဆူရာဘာယာ အပါအဝင် မြို့ကြီးများမှာ ဆူပူအုံကြွမှုတွေ စတင်ခဲ့ပါတယ်။ အစိုးရက ရဲတပ်ဖွဲ့အင်အားတွေ တိုးမြှင့်ချထားလိုက်ပါတယ်။

ဩဂုတ်လ ၅ ရက်

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ရှိကြောင်းနဲ့ အကြမ်းဖက်မှုတွေရှောင်ရှားဖို့ အစိုးရက ကြေညာချက် ထုတ်ပါတယ်။ ဆန္ဒပြ ခေါင်းဆောင်များနဲ့ အစိုးရကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးဖို့ အဆိုပြုပါတယ်။

ဩဂုတ်လ ၁၀ ရက်

ဆန္ဒပြခေါင်းဆောင်များနဲ့ အစိုးရကိုယ်စားလှယ်များအကြား မကျေနပ်ချက်များကို ဆွေးနွေးခဲ့ ကြပါတယ်။ အလုပ်သမား ဥပဒေနဲ့ စီးပွားရေး အထောက်အပံ့ အပါအဝင် မူဝါဒပြောင်းလဲမှုများ အဆိုပြုခဲ့ကြပါတယ်။

ဩဂုတ်လ ၁၅ ရက်

တင်းမာမှုတွေ မြင့်တက်လာတဲ့အတွက် မလိုလားအပ်တဲ့ သတင်းမှားတွေကို တားဆီးဖို့ အကြောင်းပြချက်နဲ့ အချို့သော ဆိုရှယ် မီဒီယာတွေကို အစိုးရက ကန့်သတ်လိုက်ပါတယ်။

ဩဂုတ်လ ၂၀

လက်ရှိ ဆောင်ရွက်ဆဲ စီမံကိန်းတွေအပြင် စီးပွားရေးအခက်အခဲများကို ဖြေရှင်းဖို့ လုပ်ဆောင်နေတဲ့ အစိုးရလုပ်ငန်းများကို ပြည်သူအများ သိရှိစေမယ့် လူထုသတင်းအချက်အလက် လှုပ်ရှားမှုကို အစိုးရက စတင် လုပ်ဆောင်ပါတယ်။

ဩဂုတ် ၂၅ – ၃၀

ဆန္ဒပြမှုများဆက်လက် ဖြစ်ပွားဆဲဖြစ်ပြီး တချို့နေရာတွေမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားပါတယ်။ အကြမ်းဖက်မှုကို လုံး၀ခွင့်မပြုဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့အပြင် စစ်တပ်ကိုပါ နေရာချလိုက် ပါတယ်။

ဩဂုတ် ၂၈

ရဲတပ်ဖွဲ့ကြောင့် ပစ္စည်းပို့ ဆိုင်ကယ် သမားလေး တစ်ဦးသေဆုံးခဲ့ရပြီးနောက် အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာပါတယ်။ သမ္မတနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးက တောင်းပန်တာတွေ လုပ်သော်လည်း ဆန္ဒပြမှုတွေ လျော့မသွားပါဘူး။ တချို့နေရာတွေမှာ လွှတ်တော်အဆောက်အအုံတွေကို မီးတင်ရှို့တာ တွေ ဖြစ်လာပြီး လူအသေအပျောက်လည်း ၁၀ ဦးအထိ ရှိလာပါတယ်။

အဲဒီနောက် လူအုပ်ကြီးက အစိုးရအဖွဲ့ဝင်တွေရဲ့ အိမ်တွေကို လုယက်တိုက်ခိုက်တာတွေ ဖြစ်လာပါတယ်။ ဆန္ဒပြလူထုကို ဓားပြတွေ၊ ကမ္ဘာပေါ်မှာ “အတုံးဆုံးကောင်တွေ”လို့ ခေါ်ခဲ့တဲ့ လွှတ်တော်အမတ် တစ်ယောက်ကတော့ ပြည်ပကို ထွက်ပြေး သွားပါတယ်။ သမ္မတက ဘေဂျင်း အစည်းအဝေးကို မတက်တော့ဘူး လို့ ကြေညာ‌ပြီးခါမှ ကောက်ကာငင်ကာ ဘေဂျင်းကို ထွက်သွားပါတယ်။ အဲဒီနေ့မှာပဲ ပန်းရောင်ဝတ် အမျိုးသမီးထုကြီးဟာ တံမြက်စည်းတွေ ကိုင်ဆောင်ပြီး လမ်းပေါ်ကို ထွက်လာပါတယ်။ တံမြက်စည်းနဲ့ အစိုးရရဲ့ ညစ်ပတ်မှုတွေ၊ စစ်တပ်ဝါဒီတွေ၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်မှုတွေကို လှည်းကျင်းပစ်မယ် လို့ ကြွေးကြော်လာတာပါ။ တချို့က အစိမ်းရောင် ဝတ်ထားပြီး အားလုံးက “သူရဲကောင်း ပန်းရောင်” “သတ္တိခဲအစိမ်း” လို့ နာမည်ပေးကြပါတယ်။

Photo: BBC

သမ္မတက အချို့သော လွှတ်တော်အမတ်တွေကို ပေးထားတဲ့ ခံစားခွင့်တွေကို လျှော့ချပေးမယ်လို့ ပြောသော် ငြားလည်း လူထုက ဒါဟာ တောင်းဆိုမှု အားလုံးအတွက် မလုံလောက်ဘူးလို့ ဆိုကြပါတယ်။ အရေးအခင်းကြီးကို အခြားသော အာဆီယံ နိုင်ငံသားများက ထောက်ခံနေကြပါတယ်။ ဖိလစ်ပိုင်သားတစ်ဦးက “ငါတို့အစိုးရလည်း အဲလိုပဲ ဆိုးတာပဲ၊ မင်းတို့ ( အင်ဒို နိုင်ငံသား တွေ) အားလုံး အတူတူ ရပ်တည်ပြီး ဆန့်ကျင်ကြတာ ငါတို့အတွက် အလင်းပွင့်စေတယ်” လို့ ဆိုပါတယ်။

အရေးအခင်းကြီး ဘယ်လို အဆုံးသတ်မယ်ဆိုတာ စိတ်ဝင်စားစရာပါ။ စစ်တပ်ကပဲ အာဏာသိမ်းမလား၊ သမ္မတ ဆင်းပေး ရမလား၊ လွှတ်တော် ဖျက်သိမ်းပြီး လူထုအသံကို နားထောင်မယ့် ကိုယ်စားလှယ် တွေ ပြန်ရွေးမလား၊ လက်နက်ကိုင် ပြန်တိုက်မယ့် အဖွဲ့တွေ ပေါ်လာပြီး ပြည်တွင်းစစ် ဖြစ်လာမလား။ လားပေါင်းများစွာနဲ့ပါ။

သေချာတာကတော့ လက်နက်ကိုင်အဖွဲ့အစည်းက လူထုဘက်က ရပ်ခဲ့ရင် တိုင်းပြည်ဟာ အကောင်းဘက်ကို ပြန်ရောက် လာမယ် ဆိုတာပါပဲ။

စုစည်းတင်ပြသည်

ကိုးကား – The Economist, Aljazeera, South China Morning Post and BBC News

Click to rate this post!
[Total: 0 Average: 0]