The Corner

The Corner

cropped-Logo_round_grey-background.png

ရှောင်မီ ငွေကြေး

Share မယ်

တရုတ်နိုင်ငံက စမတ်ဖုန်း ချန်ပီယံဟာ ကမ္ဘာ့ အထင်ကရ ကားထုတ်လုပ်သူ ဖြစ်လာတော့မယ်

Source: The Economic Times

တရုတ် နည်းပညာကုမ္ပဏီကြီးရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ လီဂျန်ဟာ ရှောင်မီကုမ္ပဏီကို ၂၀၁၀ ခုနှစ်က စပြီး ဖက်စပ် တည်ထောင်ခဲ့ သူပါ။ ရှောင်မီကို တည်ထောင်ချိန်ကစလို့ စွမ်းဆောင်ချက်တွေ တစ်ခုပြီးတစ်ခု လုပ်နိုင်ခဲ့ပြီး ကုမ္ပဏီကို ထိပ်တန်းရောက်အောင် ပို့ဆောင် နိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တစ်ခုကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်က စမတ်ဖုန်း ၂ ဒသမ ၁သန်းကို ၂၄ နာရီအတွင်း ရောင်းချနိုင်ခဲ့လို့ ဂင်းနစ် စံချိန် တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူက စျေးပေါပေါဖုန်းတွေ စျေးကွက်ထဲ စက်နဲ့ လှည့်ထုတ်သလို ထုတ်နေရုံပဲ မဟုတ်တော့ပါ။ ဇွန်လက ရှောင်မီက သူရဲ့ ပထမဆုံး လျှပ်စစ်ကား SUV ပုံစံ YU7 မော်ဒယ်ဟာ စျေးကွက်ထဲရောက်ပြီး သုံးမိနစ်အတွင်း အစင်းရေ နှစ်သိန်း စံချိန်တင် ရောင်းချနိုင်ခဲ့ ပါတယ်။

လွန်ခဲ့တဲ့ နှစ်အတွင်းမှာ ရှောင်မီရဲ့ တိုးတက်ပြောင်းလဲလာမှုက သိပ်ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ ကမ္ဘာမှာ ရောင်းအကောင်းဆုံး ဖုန်းအမျိုးအစားတွေက အက်ပဲလ်နဲ့ ဆမ်ဆောင်း တံဆိပ် ဖုန်းများပါ။ ရှောင်မီကုမ္ပဏီဟာ သူ့ရဲ့ စမတ်ဖုန်းတွေနဲ့ တွဲသုံးဖို့ လေအေးပေးစက်၊ အလိုအလျောက် ဖုန်စုပ်စက်မျိုးက စလို့ လူစီး စကူတာတွေ၊ ရုပ်မြင်သံကြားစက်တွေကိုပါ အများအပြား ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၂၂ခုနှစ်မှာ တရုတ်နိုင်ငံအတွင်း လူသုံးကုန် လျှပ်စစ်ပစ္စည်းစျေးကွက်ဟာ ပြိုင်ဆိုင်မှုပြင်းထန်လာတာကြောင့် အရောင်းထိုင်းကာလကို ဖြတ်ကျော်ခဲ့ပြီး တဲ့နောက် ရှောင်မီဟာ ပြန်လည် ရှင်သန်ကြီးထားလာခဲ့ပါတယ်။ မနှစ်ကဆိုရင် သူ့ရဲ့ ရောင်းရငွေ ၂၃ ရာခိုင်နှုန်းထိ တက်လာခဲ့ပါတယ်။ ၂၀၂၄ခုနှစ် အစကနှိုင်းယှဥ်မယ်ဆိုရင် သူရဲ့ စျေးကွက်တန်ဖိုးဟာ လေးဆလောက် တက်လာပြီး ဟောင်ကောင် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ  (အမေရိကန် ဒေါ်လာ ၁၉၀ ဘီလီယံ နီးပါး) ဖြစ်လာပါတယ်။

Source: The Buzz EV News

ပထမဆုံး အောင်မြင်ခဲ့တဲ့ လျှပ်စစ်ကား YU7 ထုတ်အပြီးမှာ ဒုတိယ အလန်းစား ခပ်ပေါ့ပေါ့ ဆီဒင်အမျိုးအစား လျှပ်စစ်ကား နောက်တစ်မျိုးကို ပြီးခဲ့တဲ့နှစ် မတ်လမှာ ထုတ်ခဲ့ပါသေးတယ်။ ကမ္ဘာကျော် အက်ပဲလ် ကုမ္ပဏီကြီးဟာ ၁၀နှစ်ကျော်ကြာ အချိန်ယူပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံပြီးတော့မှ လျှပ်စစ်ကား ထုတ်ဖို့ လက်လျှော့သွားခဲ့တယ်။ ရှောင်မီကတော့ ဒီလို မဖြစ်အောင် ရုန်းကန် ကြိုးစားရင်း အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ရှောင်မီဟာ သူတို့ လျှပ်စစ်ကား ထုတ်မယ်လို့  ၂၀၂၁ ခုနှစ်မှာ ကြေညာပြီး ၁၅လ အကြာမှာ ကားအစီးရေ သုံးသိန်းလောက်ကို တရုတ်ပြည်က လမ်းမများပေါ်ကို အရောက်ပို့ပေးခဲ့တယ်။ အော်ဒါလက်ကျန်တွေကလည်း နောက်တစ်နှစ်ကျော်လောက်ကြာအောင် ထုတ်ပေးရဦးမှာ။ လောလောဆယ် သူတို့ရဲ့ ကားထုတ်လုပ်တဲ့ ဌာနမှာ အရှုံးပြနေပေမယ့်လည်း မစ္စတာ လိုင်က ၂၀၂၅ ခုနှစ် နောက်ပိုင်းလောက်မှာတော့ စပြီး အမြတ်ပြနိုင်လိမ့်မယ်လို့ ထင်ကြောင်း ပြောပါတယ်။ သူပြောတဲ့အတိုင်း ဖြစ်လာမယ်သာဆိုရင် ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်လို့ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံက ကားစျေးကွက်အတွင်း ပြိုင်ဆိုင်မှုဟာ ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန်ပါတယ်။

အခုတော့ ရှောင်မီက တရုတ်ပြည်တင်မဟုတ်တော့ဘဲ ကမ္ဘာ့စျေးကွက်ကိုပါ စိုးမိုးဖို့ အာရုံကျနေပါပြီ။ အရင်က နိုင်ငံရပ်ခြားမှာ ဆိုင်ခွဲ ရာဂဏန်းလောက်ဖွင့်ရာကနေ နောက်နှစ် အနည်းငယ်အတွင်း ဆိုင်ပေါင်း ၁၀,၀၀၀ လောက်တိုးချဲ့ဖွင့်လှစ်သွားဖို့ ရည်မှန်းထားပါတယ်။ ဒီဆိုင်တွေမှာ သူတို့ရဲ့ကားသစ်တွေကို လူသုံးကုန် လျှပ်စစ်ပစ္စည်းတွေနဲ့အတူ ပြသရောင်းချသွားဖို့ ရည်မှန်းထားပါတယ်။ ဒီလို ပြောင်မြောက်တဲ့ တိုးတက်မှုကို ဘာတွေက တားနိုင်မှာလဲ။

ရှောင်မီရဲ့ လျှပ်စစ်ကား အောင်မြင်ခဲ့ခြင်းဟာ ပေးလာတဲ့ အချိန်နဲ့ နေရာ အခွင့်အရေးကို အရယူနိုင်ခဲ့တာကြောင့်ကလည်း တစ်စိတ် တစ်ဒေသ ပါဝင်ပါတယ်။ ဒီဘက်ခေတ်မှာ တရုတ်နိုင်ငံမှာ ကားထုတ်လုပ်တဲ့ နည်းပညာဟာ အဆန်းတကြယ်မဟုတ်တော့ပါဘူး။ မစ္စတာလိုင် ဟာ ကားနဲ့ပတ်သက်လို့ အတော်ဆုံး ပညာရှင်တွေကို အခြား ကားလုပ်ငန်းတွေထံကနေ ရအောင် ယူနိုင်ခဲ့တယ်။ ကားပစ္စည်းများ နဲ့ ကား ထုတ်လုပ်တဲ့ စက်ကိရိယာစျေးတွေက ထိုးဆင်းနေတဲ့အပြင် ဝယ်လိုအားထက် ရောင်းလိုအားက ပိုများနေတာလေ။ နောက်ပြီး တရုတ်နိုင်ငံဟာ အခြားနိုင်ငံတွေထက်စာရင် ကားထုတ်လုပ်တဲ့ စက်ရုံတည်ဆောက်ဖို့ ခွင့်ပြုချက်ပေးတာ၊ မြန်မြန်ဆန်ဆန် စက်ရုံ တည်ဆောက် နိုင်တာ အားသာချက် တစ်ခုပါ။

ဒီနေရာမှာ မစ္စတာ လိုင် ကိုယ်တိုင် စိတ်ရော ကိုယ်ပါ အားသွန်ခွန်စိုက် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့တာတွေအတွက်လည်း အသိအမှတ် ပြုရမှာပါ။ အက်ပဲလ် စီအီးအို တင်မ်ကွက်လို မဟုတ်ဘဲ သူကိုယ်တိုင် ကုမ္ပဏီရဲ့ ကားထုတ်လုပ်ဖို့ ရည်မှန်းချက်ကို အကောင်အထည် ဖော်တဲ့နေရာမှာ ပါဝင်ခဲ့တယ်လို့ အတွင်းသတင်းတွေအရ သိရပါတယ်။ ဒီလို အောင်မြင်လာဖို့အတွက် ကုမ္ပဏီအတွင်း မှာလည်း သိသာတဲ့ ပြောင်းလဲမှုတွေ လုပ်ဖို့လို့ပါတယ်။ အီးဗီကား ထုတ်လုပ်ဖို့ စိတ်အားထက်သန်စွာ ကြိုးစားစဥ်ကာလတုန်းက ရှောင်မီမှာ ကိုယ်ပိုင် စက်ရုံဆိုတာ မရှိပါဘူး။ အက်ပဲလ်တို့လိုပဲ ဖုန်းနဲ့ အခြားပစ္စည်းအားလုံးကို ထုတ်လုပ်တပ်ဆင်သူများထံ အပ်နှံ၊ ထုတ်လုပ်ပြီးကာမှ သိုလှောင် ရောင်းချ ဖြန့်ချိတာ ဖြစ်တယ်။ ဒါပေမဲ့ အီးဗီ ကားစက်ရုံကို ပေကျင်းမှာ တည်ဆောက်ခဲ့ပြီး အခုလဲ ဆက်လက်တိုးချဲ့နေဆဲပါ။ ကိုယ်ပိုင်ကားစက်ရုံကိုလဲ အမြဲမပြတ် မျက်ခြည်မပြတ် စောင့်ကြည့်နိုင်အောင် စီစဥ်ခဲ့ပုံရပါတယ်။ ဒါကိုပဲ အခြေခံကာ အခြား နေရာများမှာရှိတဲ့ ရှောင်မီရဲ့ စီးပွားရေး လုပ်ငန်းများကို ကိုယ်တိုင်ထုတ်လုပ်သွားမယ်လို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့နှစ်က စမတ်ဖုန်းများကို ပေကျင်းက စက်ရုံတစ်ခုမှာ ထုတ်လုပ်ခဲ့ပြီး ဝူဟန် ဘက်မှာ လေအေးပေးစက်လို ဖုန်းနဲ့ ဆက်စပ်သုံးရတဲ့ စမတ် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်ဖို့ စက်ရုံတစ်ရုံ ဆောက်လုပ်နေပါတယ်။

ရှောင်မီရဲ့ စျေးကွက် မဟာဗျူဟာတွေက မစ္စတာလိုင်ရဲ့  လမ်းစဥ်တွေ အတိုင်းပဲ သွားဦးမယ်လို့ ယူဆရပါတယ်။ သူ့ရဲ့ နည်းနာ တွေကြောင့် အီးဗီကား တိုးချဲ့စီးပွားရေးဟာ အောင်မြင်ခဲ့သလို အက်ပဲလ်ရဲ့ ပထမဦးဆုံး အိုင်ဖုန်းကို လူကြိုက်များအောင် ရောင်းချနိုင်တဲ့ စတိဗ်ဂျော့ကို ယုံကြည် ကိုးကွယ်တုန်း ခဲ့ကြသလိုပေ့ါ။ လွန်ခဲ့တဲ့ အနှစ် သုံးဆယ်လောက်က မစ္စတာ လိုင် တက်ရောက် သင်ကြားဖူးခဲ့တဲ့ ဝူဟန် တက္ကသိုလ်ဟာလည်း လူအများရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။ “Mi Fans” လို့ ခေါ်တဲ့ “ရှောင်မီ ပရိသတ်” များကလည်း ပစ္စည်းအသစ် တစ်ခု ထွက်တိုင်း အလုအယက် ပြေးဝယ်စုဆောင်းကြတဲ့ ဓလေ့တစ်ခု ဖြစ်လို့နေပါပြီ။ မကြာခင်က ဖြစ်ခဲ့တဲ့ ယာဥ်မတော်တဆ မှုကြောင့် လူသေဆုံးမှုတွေ ဖြစ်ခဲ့ပေမယ့်လည်း ရှောင်မီ အီးဗီတွေ အပေါ် လူတွေရဲ့ စိတ်လှုပ်ရှားမှု လျော့ကျမသွားအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မတ်လတုန်းက အဝေးပြေးလမ်းတစ်ခုပေါ်မှာ အလိုအလျောက် မောင်းနှင်တဲ့စနစ်ကို သုံးပြီး သွားနေတဲ့ SU7 ကား မတော်တဆ ဖြစ်မှုကြောင့် တက္ကသိုလ်ကျောင်းသားသုံးဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရှောင်မီရဲ့ လုံခြုံရေး အစီအမံတွေကို ပြစ်တင်ဝေဖန်ခဲ့ကြလို့ ကုမ္ပဏီ အရောင်း ရှယ်ယာတွေ ရောင်းချတာကို ခဏတာ ရပ်ဆိုင်းခဲ့ရတယ်။ ဒါပေမဲ့လည်း ဒီဖြစ်ရပ်က နောက် သုံးလအကြာမှာ ရောင်းချမယ့် YU7 အီးဗီကား အမှာစာတွေကို လျော့ကျ မသွားစေခဲ့ပါဘူး။

ရှောင်မီမှာ သူတို့ ထုတ်လုပ်တဲ့ ဖုန်းနဲ့ ဆက်စပ် ပစ္စည်းတွေ ကို စောင့်ကြည့်နေတဲ့ ပရိသတ် အုပ်လိုက်ကြီး ရှိနေပါတယ်။ ရှောင်မီရဲ့ အပြောအရ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက စစ်တမ်းအရ သူတို့ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေကို သုံးနေတဲ့လူပေါင်း သန်း ၇၀၀ လောက် ရှိတယ် ဒါဟာ ရှေ့နှစ်နဲ့နှိုင်းယှဥ်မယ်ဆိုရင် ၁၀ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်လို့လည်း ဆိုပါတယ်။ ဒီအထဲက လူတော်တော်များများဟာ ရှောင်မီက ရောင်းတဲ့ ဂိမ်းတွေကို ဝယ်ယူ ဆော့ကစားကြပြီး သူတို့ဆီရောက်လာတဲ့ ကြော်ငြာတွေကိုလည်း အားပါးတရ ကြည့်ကြတယ်လို့ ဆိုတယ်။

ရှောင်မီက သူတို့ထုတ်တဲ့ စျေးပိုကြီးတဲ့ ဖုန်း အသစ် အမြင့် တွေကို သုံးစွဲသူတွေ ကို ဆွဲဆောင် ရောင်းချတဲ့နေရာမှာလည်း အောင်မြင်တယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံက ရှောင်မီ ပရိသတ်ဟာ လူငယ်တွေများပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုတုန်းက သူတို့ အသက်နှစ်ဆယ်လောက်က ရှောင်မီဖုန်း တစ်လုံးကို ဝယ်ခဲ့တယ်ဆိုပါတော့ အခု သူတို့ အသက် ၃၀ အရွယ်လောက် ရောက်ကြပြီဆိုရင် ဒီလူအုပ်စုဟာ ရှောင်မီက ဖုန်းရောင်းဖို့ ကားဝယ်ဖို့ အာရုံစိုက်ခံရတဲ့ ပစ္စည်းဝယ်မည့်သူ အုပ်စု ဖြစ်သွားပြီပေါ့။

မစ္စတာလိုင်က တရုတ်နိုင်ငံရဲ့ ပြင်ပစျေးကွက်ကိုလည်းပဲ စိတ်ဝင်စားနေပါတယ်။ ကုမ္ပဏီရဲ့ ရောင်းရငွေ တစ်ဝက်လောက်နီးနီးက နိုင်ငံခြားကနေ ဝင်လာနေတာပါ။ အထူးသဖြင့် သူတို့ရဲ့ ဖုန်းတွေနဲ့ ဆက်စပ် လူသုံးပစ္စည်းတွေကို ဝယ်ယူနေကြတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ ဖြစ်ကြပါတယ်။ မစ္စတာ လိုင်က ရှောင်မီကားတွေကို ပြည်ပကို ၂၀၂၇ ခုနှစ်မှာ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ တရုတ်နိုင်ငံမှာ ကြုံခဲ့ရသလို သည်းသည်းလှုပ် အားပေးတာမျိုးတော့ မရနိုင်ပါဘူး။ ပြည်ပမှာ မစ္စတာလိုင်ဆိုတာ ဘယ်သူလဲဆိုတာ လူနည်းနည်း လောက်ကပဲ သိကြမယ်၊ ရှောင်မီ အမှတ်တံဆိပ်ကို တရုတ်နိုင်ငံက ပရိသတ်တွေလောက် သစ္စာရှိချင်မှ ရှိကြမှာပေ့ါ။

တစ်ချိန်တည်းမှာပဲ ကုမ္ပဏီကလည်း နောက်အသစ် စီးပွားရေးကို ချဲ့ထွင်ဖို့ စဥ်းစားနေရတယ်။ ဆိုင်ဘာဝမ်း (CyberOne) လို့ အမည်ပေးထားတဲ့ လူနဲ့အလားတူ စက်ရုပ်တစ်မျိုးကို သူတို့ကိုယ်တိုင် တီထွင်ထားတဲ့ နာနိုချစ်ပြားကို သုံးထားကြောင်း မေလက ချပြ ခဲ့ပါတယ်။ ရှောင်မီရဲ့ ဝန်ထမ်းထက်ဝက်ကျော်လောက်ဟာ သုတေသနနဲ့ တီထွင်ရေး လုပ်ငန်းဘက်မှာ လုပ်ကိုင်နေကြပါတယ်။ ဒီအတွက် ကုန်ကျစရိတ်ဟာ မနှစ်ကထက်စာရင် ၂၆ ရာခိုင်နှုန်း တိုးလာပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ လောက် အသုံးပြုတယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ ကုမ္ပဏီက ရှာပေးနေနိုင်တဲ့ အသားတင် အမြတ်ထက်တောင် ပိုပါသေးတယ်။ ဒီလို နည်းပညာ အပေါ် ရင်းနှီး မြှုပ်နှံမှုဟာ မဖော်ထုတ်နိုင်သေးတဲ့ ပစ္စည်းအသစ်တွေ တိုးတက် ရှာဖွေနိုင်လာပြီး စျေးကွက်မှာ ပိုမိုယှဥ်ပြိုင်လာစေနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရှောင်မီရဲ့ အကြီးမားဆုံး စွန့်စားရမှုတစ်ခုကို ပြောပါဆိုရင်တော့ သူ့ရဲ့ ထုတ်ကုန်တွေဟာ မျိုးစုံဖြစ်နေလို့ စျေးကွက် မျက်နှာစာတွေ အများကြီး ဖွင့်ထားရတဲ့အခါ ပြိုင်ဆိုင်မှုတွေလည်း များနိုင်တာပေါ့။ တရုတ်နိုင်ငံရဲ့ အီးဗီ ကား စျေးကွက်ဟာ ကြီးမားတယ်လို့ ဆိုပေမယ့်လည်း အပြိုင်အဆိုင် စျေးလျှော့ရောင်းတာ ကား ကုမ္ပဏီတွေ များပြား လွန်းတာကြောင့် ခက်ခဲပါတယ်။ ဒီထဲမှာ ကြည့်မယ်ဆိုရင် ရှောင်မီက ခပ်သေးသေး ဝင်ပါနေတာပါ။ သူက တစ်လကို ကား အစင်းရေ နှစ်သောင်းလောက်ပဲ ရောင်းနိုင်ပါသေးတယ်။ စျေးကွက်ကို ဦးဆောင်နေတဲ့ BYD ကုမ္ပဏီ မျိုးနဲ့ ယှဥ်မယ်ဆိုရင် ဆယ်ပုံတစ်ပုံလောက်ပဲရှိပါသေးတယ်။ စမတ်ဖုန်း ထုတ်လုပ်တဲ့ဘက်ကိုရော ကြည့်ဦးမလား ဟွာဝေးလို ကုမ္ပဏီကြီးတွေနဲ့ ထိပ်တိုက် ယှဥ်ပြိုင်နေရတာပါ။ ဒါပေမဲ့ မစ္စတာ လိုင်လို အရောင်းသမားကောင်း တစ်ယောက်ကို လျှော့မတွက် သင့်ပါဘူး။ 

ကိုးကား – Xiaomi the money, The Economist, Jul 25

Click to rate this post!
[Total: 3 Average: 5]