အီလွန်မတ်ရော ဒေါ်နယ်ထရမ့်ပါ သူတို့အတ္တကို ရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာက ထင်းခနဲ မြင်နေရတာပါ။ ထရမ့်က ”အမေရိကန် တွေ အာရုံအစိုက်ဆုံး သတင်းဟာ သူ့သတင်းဖြစ်ရမယ်”လို့ ခံယူထားတာဟာ သိသာမြင်သာပါတယ်။ အီလွန်မတ်ရဲ့ ပုဂ္ဂိုလ်ရေး စရိုက် လက္ခဏာ ကလည်း ထူးမခြားနားပါ။ ဒီပုဂ္ဂိုလ်နှစ်ဦး တွဲထွက်လာကတည်းက ”ဒီနှစ်ယောက် ဘယ်တော့ ထချကြမလဲ”လို့ တွေးဆ ပြီးသားပါ၊ အီလွန်မတ်နဲ့ ထရမ့်တို့ ကွဲကြပြဲကြဆိုတာက အံ့ဩစရာမဟုတ်ပါဘူး။ တွေးထင် ထားတာထက်ကိုစောစောစီးစီး ”စလယ်ဝင် ဖင်မမည်းခင် ကတည်းကကွဲ” တာကသာ အံ့ဩစရာ ဖြစ်နေတာပါ။

နိုင်ငံရေးမှာ သက်ဆုံးတိုင် မဟာမိတ်တွေဖြစ်တော့မလိုလို၊ နှစ်ဦးစလုံးက ဒရာမာတွေခင်းခဲ့ကြပေမယ့် ကွဲပြကြတာ ဖင်မနွေးခင် မှာပဲ အီလွန်မတ်က ပါတီသစ် ”အမေရိကားပါတီ”ကို ထူထောင်မယ်လို့ ကြေညာလာပါတယ်။ ထရမ့်ကတော့ ထုံးစံအတိုင်း အီလွန်မတ်ကို ”နှာနုရိုက်ချိုးပစ်မယ်”ဆိုတဲ့ အပေါက်မျိုး ချိုးတာပေါ့။ ဒီတော့ အီလွန်မတ်ရဲ့ အမေရိကားပါတီ”အလားအလာက ဘယ်လိုဖြစ်မလဲ။ အီလွန်မတ်က ပါတီသစ် ”အမေရိကကားပါတီ”ထူထောင်လိုက်ပြီပြောလို့သာ အလားအလာ ကိစ္စတွေကို ဆွေးနွေးရတာပါ။ အီလွန်မတ်ရဲ့ ပါတီသစ်ထူထောင်တဲ့ လုပ်ငန်းစဉ်က ဘယ်လိုအခြေအနေ ရောက်နေပြီဆိုတာကို ”ဂဃနဏ”ပြောနိုင်တဲ့အခြေအနေ မရှိပါဘူး။ ရှင်းရှင်း လင်းလင်း မပြောနိုင်သေးပါဘူး။ ဝိုးတိုးဝါးတားပဲ ရှိပါသေးတယ်။

ပြဿနာက နစ်ပေါင်းရာချီကြာမြင့်ခဲ့ပြီဖြစ်တဲ့ ပါတီကြီးနှစ်ရပ်ကသာ ကြီးစိုးထားတဲ့ အမေရိကန် နိုင်ငံရေးစနစ်ကို အီလွန်မတ်ရဲ့ ”အမေရိကား ပါတီ”က ထိုးဖောက်နိုင်ဖို့ မလွယ်တာပါဘဲ။ ဒီမိုကရက်တစ် ပါတီနဲ့ ရီပတ်ဘလီကန်ပါတီတို့ဟာ ကိုယ်ပိုင် နိုင်ငံရေး အတွေး အခေါ် သီးခြားစီရှိကြသလို အမေရိကန်ပြည်သူတွေကြားမှာလည်း ”ဒီမိုကရက်တစ် ပါတီဝင်၊ ရီပတ်ဘလီကန် ပါတီဝင်”ဆိုပြီး သားစဉ် မြေးဆက် အစဉ်အဆက် အခိုင်အမာ ရှိနေခဲ့တာပါ။ တချို့ကလည်း အီလွန်မတ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သလို လူမှုမီဒီယာ”X” ကိုပါ ပိုင်ဆိုင်ထားတော့ အမေရိကန်သမိုင်းတစ်လျှောက် အခြားသူတွေ မလုပ်နိုင်ခဲ့တာကို လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်လို့ တွေးကြ တာလည်း ရှိပါတယ်။
အီလွန်မတ်ရဲ့ ပင်မအကျဆုံး အားနည်းချက်က နိုင်ငံရေးဖြတ်သန်းမှု မရှိခဲ့သလို နိုင်ငံရေးအတွေး အခေါ်တစ်ရပ် ပီပီပြင်ပြင် မရှိတာပါ။ အီလွန်မတ်က သူ့ပါတီအနေနဲ့ ပထမအဆင့်မှာ ”ဆီးနိတ်မှာ အမတ်နေရာ၊ နှစ်နေရာ၊ သုံးနေရာ။ အထက်လွှတ်တော်မှာ အမတ်နေရာ တစ်ဆယ်ဝန်းလောက်ကိုပဲ အာရုံစိုက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်က ရှင်းပါတယ်။ အရေးကြီးပြီး ဝိဝါဒ ကွဲပြားတဲ့ ကိစ္စရပ်တွေမှာ ”အမေရိကားပါတီရဲ့ ရပ်တည်ချက်”က ”ဒီမိုကရက်တစ် ပါတီ အသာစီးရမယ် (ဒါမှမဟုတ်) ရီပတ်ဘလီကန် အနိုင်ရမလား”ဆိုတာကို ဆုံးဖြတ်မယ့်သဘောပါပဲ။ တိတိကျကျ ပြောရရင် ”ဖျက်မြင်း”အနေအထားကို အမေရိကား ပါတီက ယူမယ့်သဘောပါ။ ပြဿနာက အမေရိကန်ပြည်သူအများစုဟာ သူတို့နိုင်ငံအတွက် မှန်ကန်ကောင်းမွန်တဲ့ လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်ရေးဆိုတဲ့ ရည်မှန်းချက်နဲ့ ပါတီကြီး တစ်ရပ်ရပ်ကို ရွေးချယ် မဲပေးတာဖြစ်လို့ ”ဖျက်မြင်း”တွေ ဝင်လာမှာကို စိုးရိမ်လေ့ ရှိပါတယ်။
နောက်အရေးကြီးတဲ့အချက်က အစိုးရစွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (Department of Government Efficiency) မှာ အီလွန်မတ် ဆောင်ရွက်ခဲ့တဲ့ ကိစ္စရပ်တွေကြောင့် အမေရိကန်ပြည်သူ အတော် များများက အီလွန်မတ်အပေါ်စိတ်ပျက် မထောက်ခံ ကြတော့ပါ။ သတင်းတွေအရ ဒေါ်နယ်ထရမ့်အစိုးရ အဖွဲ့ရဲ့ ပထမရက် (၁၀၀) ကာလမှာ အီလွန်မတ်က ဖက်ဒရယ် အစိုးရဝန်ထမ်းပေါင်း (၁၂၁၀၀၀) ကို ရာထူးက ထုတ်ပယ်ဖို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဆောင်ရွက်ချက်တွေဟာ အီလွန်မတ်ရဲ့ ပုဂ္ဂိုလ်ရေး၊ စီးပွားရေး အကျိုးအမြတ်နဲ့ ပတ်သက်နေတယ်လို့ ရှုမြင်ကြတဲ့အတွက် အီလွန်မတ်က နိုင်ငံရေးအရ ဘယ်လို ဦးဆောင်မှု ပေးမှာလဲဆိုတာက အကြီးအကျယ် မေးခွန်းထုတ်ရမယ့် ကိစ္စ ဖြစ်နေပါတယ်။ ပြောရရင် အီလွန်မတ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိသလို သံသယ ဝင်စရာတွေ တွဲပါနေပါတယ်။ ဥပမာပေးရရင် အီလွန်မတ်ရဲ့ အစိုးရဌာနဆိုင်ရာ အချက်အလက်တွေ ရယူခဲ့တာဟာ သူ့ရဲ့ ဉာဏ်ရည်တု (AI) ပလက်ဖောင်းတစ်ခုဖြစ်တဲ့ ‘Grok’ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ ဆက်စပ်နေတာပါ။
ပြောမယ်ဆိုရင် အီလွန်မတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အစိုးရ ဘတ်ဂျက်အပေါ် အများကြီး မူတည်နေတာပါ။ အီလွန်မတ်ရဲ့ စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ ‘Tesla ၊ Space X နဲ့ X’ တို့ကို ကြည့်ရင် ဒီအချက်က မြင်သာပါတယ်။ နိုင်ငံရေးပါတီ ခေါင်းဆောင်အနေ နဲ့ အီလွန်မတ်က လူထုအများစု အကျိုးရှိမယ့် မူဝါဒတွေကို အကောင်အထည် ဖော်မှာလား၊ လူထု အများအတွက် အကျိုးမရှိပေမယ့် သူ့စီးပွားရေး လုပ်ငန်းတွေ အတွက် အကျိုးရှိမယ့် မူဝါဒတွေ ချမှတ်မလား။ အကျိုး စီးပွားချင်း ထိပ်တိုက်တွေ့လာတဲ့အခါ လူထုဘက် ကလား (ဒါမှမဟုတ်) သူ့ စီးပွားရေး လုပ်ငန်းဘက်က ရပ်မှာလားဆိုတဲ့ အချက်အပေါ် အမေရိ ကန်ပြည်သူအများစုက သံသယနဲ့ ကြည့်ကြ မှာပါ။ သံသယရှိရမယ့်အကြောင်းရင်းကလည်း ရှိနေပါတယ်။ အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန အကြီးအကဲ (DOGE) အနေနဲ့ လူထု ကျန်းမာရေး စောင့်ရှောက်မှု (Medicaid) မှာ ဘတ်ဂျက်ပြတ်တောက်မှုတွေ ဆောင်ရွက်ခဲ့တဲ့အတွက် သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေ (အထူးသဖြင့် မရှိနွမ်းပါးသူတွေ)ဟာ ကျန်းမာရေး အာမခံ ဆုံးရှုံးရမယ့်ကိန်း ဆိုက်ခဲ့ရပါတယ်။
ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့အချက်တွေဟာ ပကတိအခြေအနေအရ ဖြစ်ပျက်နေတာ၊ ဖြစ်ပျက်နိုင်တာကို ပြောတာပါ။ တကယ်တမ်း က အီလွန်မတ်က နိုင်ငံရေးပါတီတစ်ရပ် ထူထောင်တော့မယ်ဆိုရင် သူဟာ ပုဂ္ဂိုလ်ရေး အရည်အသွေးအရ နိုင်ငံရေးခေါင်းဆောင် ဖြစ်ထိုက်/မဖြစ်ထိုက်ကို အရင် သုံးသပ်ရမှာပါ။ ဟုတ်ပါတယ်၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အနေနဲ့ အီလွန်မတ် အရည်အချင်း ရှိတယ် ဆိုတာက ပေါ်လွင် ထင်ရှားပြီးသားပါ။ အံ့မခန်း တီထွင် ဖန်တီးဉာဏ်တွေနဲ့ စီးပွားရေးကို အောင်မြင်အောင် လုပ်ပြီး ကမ္ဘာ့နံပါတ်တစ် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ် လာတာက လေးစား အားကျစရာပါ။ ဒါပေမဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရဲ့ သဘောသဘာဝနဲ့ တိုင်းပြည် စီးပွားရေး လုပ်ငန်းရဲ့ သဘောသဘာဝက မတူပါဘူး။ တိုင်းပြည် စီးပွားရေးကို ကိုင်တွယ်တဲ့အခါ နေရာတကာမှာ အကျိုးအမြတ်ကို ရှေ့တန်းတင်လို့ မရပါဘူး။ အပြင်ပန်းအရ လတ်တလော စီးပွားရေးအကျိုးအမြတ် မရှိပေမယ့် တိုင်းပြည်ရဲ့ လူများစုအကျိုးအတွက် ရေရှည်ကို မျှော်ကိုးပြီး သုံးစွဲရတဲ့ကိစ္စရပ်တွေ ရှိပါတယ်။ ပညာရေးနဲ့ကျန်းမာရေးလို ကိစ္စရပ်တွေကိုကြည့်ရင် ဒီသဘော သဘာ၀ကို မြင်နိုင်ပါတယ်။
အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE) အကြီးအကဲအနေနဲ့ အီလွန်မတ် ဆောင်ရွက်ခဲ့ပုံကို ကြည့်ရင် ”အလေအလွင့် တွေကို ဖြတ်တောက်မယ်၊ ဝန်ထမ်းတွေကို လျှော့ချမယ်”ဆိုတဲ့ ချဉ်းကပ်ပုံနဲ့ ဆောင်ရွက်ခဲ့တာပါ။ ပြောရရင် စီးပွားရေးအရ အကျိုးအမြတ် ရရှိရေးကို နံပါတ်တစ်ထားပြီး ဆောင်ရွက်ခဲ့တာပါ။ လူထုကိုယ်စားပြု အစိုးရတစ်ရပ်အနေနဲ့ ရပ်တည်ဆောင်ရွက်တဲ့အခါ စွမ်းဆောင်ရည်ထိရောက် ထက်မြက်ရေးဆိုတာ ဦးတည်သင့်တဲ့ ကိစ္စရပ်ဖြစ်ပေမယ့် ဒီဦးတည်ချက်အပေါ် အလွန်အမင်းပိုကဲပြီး အကောင်အထည်ဖော်လို့ မရပါဘူး။ အစိုးရယန္တရားရဲ့ ကျောရိုးဖြစ်တဲ့ ဝန်ထမ်းတွေရဲ့ လူမှုရေးလိုအပ် ချက်တွေကိုပါ ဟန်ချက်ညီညီ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ နောက်ပြီး အစိုးရယန္တရား ထိရောက် ထက်မြက်ရေးဆိုတာကလည်း ဦးဆောင်တဲ့ပုဂွိုလ် စိတ်ကူးပေါက် သလို ‘ထ’လုပ်လို့ရတဲ့ကိစ္စမျိုး မဟုတ် ပါဘူး။
အစိုးရ ယန္တရားအတွင်း နှစ်ပေါင်းများစွာ အပြင်ထွက်လာတဲ့ လုပ်ထုံးလုပ်နည်းတွေကို အချိန်ယူ လေ့လာသုံးသပ်ပြီး အားနည်းချက်၊ အားသာချက်တွေကို တိတိကျကျ သတ်မှတ်နိုင်ဖို့ လိုအပ်ပါတယ်။ အားနည်းချက်၊ အားသာချက်တွေနဲ့အတူ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တဲ့ နည်းလမ်းက ဘာလဲဆိုတာကိုလည်း ချပြနိုင်ရပါမယ်။ အရေးအကြီးဆုံးကတော့ ဒီလုပ်ငန်းစဉ် တစ်ရပ်လုံးမှာ ဝန်ထမ်းတွေအပါအဝင် ပြည်သူတွေ နားလည်လက်ခံလာအောင် ချပြဆွေးနွေး စည်းရုံးဖို့ လိုအပ်ပါတယ်။ ဒီလို မဆောင် ရွက်ဘူးဆိုရင်တော့ ”ခုတ်ရာတခြား၊ ရှရာတလွဲ”ဆိုသလိုဖြစ်ပြီး ရည်မှန်းချက်ကို ပေါက်မြောက်အောင် မြင်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။
လိုရင်း ပြောရရင် အီလွန်မတ်မှာ ဒီလိုအရည်အသွေးမျိုးမရှိပါဘူး။ စီးပွားရေးလုပ်ငန်းမှာ ဆောင်ရွက်တာက ”ဦးတည်ချက်ကို ချပြ၊ လိုအပ်တဲ့ဝန်ထမ်းတွေစုစည်းပြီး ဒီဦးတည်ချက်အောင်မြင်အောင်” ဆောင်ရွက်ရတာပါ။ ရည်မှန်းချက် တစ်ခုအောက်မှာ ကုမ္ပဏီ တစ်ခုတည်းရဲ့ ဝန်ထမ်းတွေ စုစည်း ဆောင်ရွက်တာဖြစ်လို့ အကျိုးစီးပွား ပဋိပက္ခဆိုတာ မရှိပါဘူး။ တိုင်းပြည် ကောင်းကျိုးအတွက် ဆောင်ရွက် ရတဲ့ နိုင်ငံရေးမှာတော့ အကျိုးစီးပွားပဋိပက္ခဆိုတာ ရှောင်လွှဲလို့ မရပါဘူး။ မတူတဲ့ အကျိုးစီးပွားတွေကို ဟန်ချက်ညီ မျှတ အောင် ပေါင်းစပ် ညှိနှိုင်း ပေးရတာက နိုင်ငံရေးသမားရဲ့ တာဝန်ပါ။ နိုင်ငံရေး သမားရဲ့ အရည်အချင်းပါ။
ကမ္ဘာ့ နံပါတ်တစ် အချမ်းသာဆုံး ဆိုတဲ့ အတ္တ မာန်မာနကို ကိုင်စွဲပြီး အီလွန်မတ် ဖွဲ့စည်းမယ့် ”အမေရိကားပါတီ”ဟာ အခြားသော အမေရိကန် ပြည်သူတွေရဲ့ မတူ ကွဲပြားတဲ့ အကျိုးစီးပွား တွေကို စိတ်ဝင်စားမှာ မဟုတ်သလို လက်ခံ ညှိနှိုင်းမှာလည်း မဟုတ်ပါဘူး။ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE) မှာ အီလွန်မတ် ဆောင်ရွက်ခဲ့ပုံကိုကြည့်ရင် ဒီအချက်က ပေါ်လွင်ပါတယ်။ အတ္တ အကျိုးစီးပွား ကိုသာ ရှေ့တန်းတင်တဲ့ အီလွန်မတ်က ပြည်သူအများစုအကျိုးစီးပွားကို ဦးတည်ဆောင်ရွက်ရတဲ့ နိုင်ငံရေး နယ်ပယ်မှာ ပါဝင်ဖို့ ကြိုးပမ်း လာတာကတော့ မစားကောင်းတဲ့အသီးကိုစားဖို့ ကြိုးပမ်းလာတာလို့ပဲ ဆိုချင်ပါတယ်။ ဒါကြောင့် အီလွန်မတ် ဖွဲ့စည်းမယ့် ”အမေရိကားပါတီ”ဟာ မအောင်မြင်နိုင်ဘူးလို့ပဲ ရဲရဲတင်းတင်း ဆိုပါရစေ။

