The Corner

The Corner

cropped-Logo_round_grey-background.png

မြို့တော်ဝန်သစ် ဒူတာတေး – မောင်ကိုကြီး

Share မယ်

ဖိလစ်ပိုင်နိုင်ငံမှ ကီလိုမီတာ တစ်သောင်းတစ်ထောင် အကွာအဝေးတွင်ရှိသည့် သည် ဟိဂ်မြို့ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) ၏ ထိန်းသိမ်းထားခြင်း ခံနေရသော ဖိလစ်ပိုင် သမ္မတဟောင်း ရော်ဒရီဂို ဒူတာတေးသည် သူ၏ဇာတိမြို့၌  မြို့တော်ဝန်ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲ ရလဒ်များအရ သိရှိရသည်။ ဒါဗိုး (Davao) မြို့တော်ဝန်ရွေးကောက်ပွဲ ဘုတ်အဖွဲ့က မေလ ၁၂ ရက်နေ့တွင် ကျင်းပသည့် မြို့တော်ဝန် ရွေးကောက်ပွဲ၌ ဒူတာတေးသည် သူ၏ အနီးဆုံး ပြိုင်ဘက် ကာလို နိုဂရာလီထက် မဲအရေအတွက် ရှစ်ဆကျော် (စုစုပေါင်းမဲ ၆၆၀,၀၀၀) အသာဖြင့် အနိုင်ရရှိသွားကြောင်း ကြေညာသွားခဲ့ပါသည်။ ရွေးကောက်ပွဲရလဒ် ကြေညာ သောအခါ ပျော်ရွှင် မြူးထူးနေကြသော ဒူတာတေး ထောက်ခံသူများက ‘ဒူတာတေး ဒူတာတေး’ ဟု အော်ဟစ်ခဲ့ကြသည်။

(Photo: SCMP)

ဒါဗိုး မြို့တော်ဝန်အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေသူမှာ သမ္မတဟောင်း ဒူတာတေး၏ အငယ်ဆုံးသား ဆီဗက်စျာန် (Sebastian) ဖြစ်ပြီး ယခုအခါ သူသည် ဒါဗိုး ၏ ဒုတိယ မြို့တော်ဝန် ဖြစ်လာ လေသည်။ ဒူတာတေး၏ သားအကြီးဆုံး ပေါင်လို (Paolo) မှာ အောက်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ဒူတာတေး ၏ မြေးနှစ်ယောက်မှာလည်း ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် ရွေးကောက်ခံ ခဲ့ကြရလေရာ သမ္မတဟောင်း ဒူတာတေး မိသားစု၏ အရှိန်အဝါမှာ လွှမ်းမိုးနေဆဲဖြစ်ကြောင်း ပြသလျက် ရှိသည်။

ဒါဗိုး မြို့တွင် ဒူတာတေး တောင်ပြိုကမ်းပြိုနိုင်ပြီဟု သူ၏ အငယ်ဆုံးသမီး ဗရော်နီကာ (Veronica) က သူ၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် တင်ထားခဲ့သည်။

မေလ ၁၂ ရက်နေ့ တနင်္ဂလာနေ့တွင် ကျင်းပသော သက်တမ်းဝက် ကြားဖြတ် ရွေးကောက်ပွဲများတွင် အတည် မပြုရ သေးသော ရှေ့ပြေးရလဒ် စာရင်းအရ ဆီးနိတ်အထက်လွှတ်တော် ၁၂ နေရာတွင် အနည်းဆုံး ငါး နေရာ၌ ဒူတာတေး မိသားစု ကျောထောက်နောက်ခံ ပြုထားသော လွှတ်တော်ကိုယ်စားလှယ်များက ရှေ့က ပြေးလျက်ရှိရာ မျှော်လင့်ထား သည်ထက် များစွာသာလွန်ခဲ့ခြင်း ဖြစ်လေသည်။ ရွေးကောက်ပွဲမတိုင်မီ လူထု သဘောထား စစ်တမ်းများအရ နှစ်ဦးသာ နိုင်ခြေရှိသည်ဟု ခန့်မှန်းခဲ့ကြခြင်း ဖြစ်သည်။

ထိုရွေးကောက်ပွဲ ရလဒ်များသည် ဒူတာတေး၏ သမီးဖြစ်သူ ဒုတိယသမ္မတ ဆာရာ ဒူတာတေး (Sara Duterte) အတွက်တော့ အားဆေးတစ်ခုသဖွယ်ပင် ဖြစ်သည်။ ဆာရာ ဒူတာတေး ကို ပြည်သူ့ဘဏ္ဍာ အလွဲသုံးမှု၊ သမ္မတ Ferdinand Marcos Jr၊ သူ၏ ဇနီးနှင့် လွှတ်တော် ဥက္ကဋ္ဌ  တို့ကို လုပ်ကြံရန် ကြံစည်မှု အပါအဝင် စွပ်စွဲချက်ပေါင်း များစွာဖြင့် ဇူလိုင်လတွင် ဆီးနိတ်အထက်လွှတ်တော်၌ စစ်ဆေး ကြားနာရန် စီစဥ်ထားသည်။

၁၅ ကြိမ်မြောက် ဒုတိယသမ္မတ ကျမ်းကျိမ်ပွဲ (Photo: ABS/CBN)

လာမည့် ၂၀၂၈ သမ္မတ ရွေးကောက်ပွဲတွင်လည်း ဆာရာ ဒူတာတေးကို အင်အားကြီးသော ပြိုင်ဘက် အဖြစ် ရှုမြင်ထားကြသည်။ သို့သော် ဆီးနိတ်အထက်လွှတ်တော်က အပြစ်ရှိကြောင်း အဆိုကို အတည် ပြုလိုက်ပါက လက်ရှိ ဒုတိယသမ္မတ ရာထူးမှ နုတ်ထွက်ရမည့်အပြင် နောင်အစိုးရ ရာထူးများကိုလည်း မည်သည့်အခါမျှ ထမ်းဆောင်ခွင့် မရှိတော့ချေ။ သူမ အပြစ်မှ လွတ်ငြိမ်းခွင့် ရရန်မှာ ဆီးနိတ် လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦးအနက် အနည်းဆုံး ကိုးဦး၏ ထောက်ခံမှု လိုအပ်သည်။ ဆီးနိတ်လွှတ်တော် ရွေးကောက်ပွဲ ရလဒ်များကို တစ်ပတ်အတွင်း သိကြရမည်။ ထိပ်ပိုင်းမှ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးအနက် ဒူတာတေးအား ထောက်ခံသူ ငါးဦးအပြင် အခြား ရှေ့က ပြေးနေသူများတွင် သမ္မတ မားကိုစ့်ကို ထောက်ခံသူ ငါးဦးနှင့် အခြားအတိုက်အခံ နှစ်ဦးတို့ ပါဝင်သည်။

ဆီးနိတ်လွှတ်တော် ရွေးကောက်ပွဲ ရလဒ်တွေက ဆာရာ ဒူတာတေး အတွက် အားတက်စရာဟု ဆိုစေကာမူ လွှတ်တော်တွင်း စွပ်စွဲပြစ်တင်မှု ကြားနာပွဲတွင် ရလဒ်မည်သို့ ရှိမည်ကို ဂျူရီအဖွဲ့က စောင့်ကြည့် နေဦးမည်သာ ဖြစ်သည်ဟု ဖိလစ်ပိုင် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဂျင်း ဖရန်ကိုက ပြောပါသည်။ ခိုင်မာသော သက်သေ အထောက်အထားများနှင့် သူမအပေါ် စွဲချက်တင်လာလျှင် သူမကို တရားသေ လွှတ်ပေးဖို့ ခက်လိမ့်မည်ဟု ၎င်းက ဆိုပါသည်။

ဧပြီလတွင် ပြုလုပ်ခဲ့သော လူထုသဘောထား စစ်တမ်းများအရ မားကို့စ် အပေါ် လူထုထောက်ခံမှုက ကျဆင်း နေသည်။ ဆီးနိတ်လွှတ်တော် ရွေးကောက်ပွဲ၏ အတည်မပြုရသေးသော ရလဒ်စာရင်းများအရလည်း မားကို့စ် အပေါ် ထောက်ခံမှု ကျဆင်းနေသည်ဖြစ်ရာ ၂၀၂၈ ရွေးကောက်ပွဲတွင် မထင်မှတ်သော ရလဒ်များ ထွက်ပေါ်လာနိုင်သည်ဟု ပါမောက္ခ ဖရန်ကို  က ပြောပါသည်။

ထုတ်ပြန်ချက် တစ်ခုတွင် သမ္မတ မားကို့စ်က မဲဆန္ဒရှင်များကို ကျေးဇူးတင် စကားပြောရင်း ‘ကျွန်တော် တို့ ဒီမိုကရေစီက ငြိမ်းငြိမ်းချမ်းချမ်း စနစ်တကျနဲ့ သိက္ခာရှိရှိ အသစ်တဖန် ဆန်းသစ်ခဲ့ပါပြီ။ ကျွန်တော်တို့ လွှတ်တော် နေရာ အားလုံးကိုတော့ နိုင်ချင်မှ နိုင်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ အလုပ်နဲ့ တာဝန်ကတော့ ဆက်လက် လုပ်ဆောင် နိုင်ခဲ့ပါတယ်’ ဟု ပြောပါသည်။

သမ္မတ မားကို့စ် နှင့် ဒု-သမ္မတ ဆာရာ ဒူတာတေး တို့ နှစ်ဦးအကြား ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မှုနှင့် နိုင်ငံရေး သဘောထား ကွဲပြားမှုများကြောင့် ဆက်ဆံရေး ပြိုကွဲခဲ့ပြီးနောက် သမ္မတဟောင်း ဒူတာတေးအား ဖမ်းဆီးကာ သည် ဟိဂ် နိုင်ငံတကာ ခုံရုံးသို့ လွှဲပြောင်းပေးမှုနှင့် ဆာရာ ဒူတာတေး အား စွဲချက်တင်မှု များ ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ သမ္မတဟောင်း ဒူတာတေးအား ဖမ်းဆီးပြီး သည် ဟိဂ် ခုံရုံးကို လွှဲပြောင်းပေးမှုကို ဒူတာတေး ထောက်ခံသူ များက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး တရားရုံး၏ စီရင်ပိုင်ခွင့်ကိုလည်း မေးခွန်း ထုတ်ခဲ့ကြသည်။

ပြစ်ဒဏ်စီရင်သူ The Punisher ဟု လည်းကောင်း၊ လူညစ် ဟယ်ရီ Dirty Harry ဟု လည်းကောင်း လှောင်ပြောင် ကင်ပွန်းတပ် ခံခဲ့ရသော ဒူတာတေးသည် ဖိလစ်ပိုင် သမ္မတ ဖြစ်မလာမီ ဒါဗိုး မြို့တော်ဝန်အဖြစ် အနှစ် ၂၀ ကြာအောင် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သမ္မတဟောင်း ဒူတာတေးသည် ၂၀၁၆- ၂၀၂၂ ၎င်း၏ သမ္မတ သက်တမ်းအတွင်း တရားမဝင် မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲတွင် ထောင်ပေါင်းများစွာသော အပြစ်မဲ့လူများ အသတ်ခံခဲ့ကြရသဖြင့် လူသားအပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြင့် အစစ်ဆေးခံရန် မတ်လကတည်းက နယ်သာလန်နိုင်ငံ သည် ဟိဂ် မြို့တွင် ထိန်းသိမ်းခံရင်း စောင့်ဆိုင်း နေခဲ့ရသည်။

ယခုလို သမ္မတဟောင်း ဒူတာတေး မြို့တော်ဝန် အဖြစ် ရွေးကောက်ခံ ရပြီးတဲ့နောက် ဖိလစ်ပိုင် ပြည်သူများနှင့် လေ့လာစောင့်ကြည့်သူများက ပြင်းပြစွာ သိလိုကြသည်မှာ နိုင်ငံရပ်ခြားတွင် အကျဥ်းစံနေရသည့်  အရွေးချယ်ခံ မြို့တော်ဝန်တစ်ယောက် အဖြစ် အဝေးမှ အုပ်ချုပ်ခွင့် ရှိ၊ မရှိဟူသည့် မေးခွန်း ဖြစ်လေသည်။ ၂၀၁၉ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံမှ အိုင်စီစီကို အသိအမှတ် မပြုခဲ့တော့သော်လည်း ဒူတာတေးကို ဖိလစ်ပိုင် အစိုးရမှ နောက်ထပ် တရားစွဲဆို နိုင်ခြေ များ လည်း ရှိနေပါသည်။

ဖိလစ်ပိုင် ဥပဒေအရ ရွေးကောက်ပွဲ ပါဝင်ယှဥ်ပြိုင်မည့် သူတစ်ဦးသည် ရာဇဝတ်မှု တစ်ခုခုဖြင့် တရား ရင်ဆိုင်နေရလျှင် ဖြစ်စေ၊ ဖမ်းဆီး ထိန်းသိမ်းခံနေရလျှင် ဖြစ်စေ အယူခံအားလုံး ကုန်ဆုံးပြီး စီရင်ချက် အချမခံရသေးပါက ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခွင့် ရှိသည်။ အလားတူဖြစ်ရပ်မျိုး ၂၀၀၇ ခုနှစ် ဆီးနိတ် ရွေးကောက်ပွဲတွင် အမတ် တစ်နေရာ အား သူပုန်တပ်သားတစ်ဦးဖြစ်သူ အန်တိုနီယို ထရီလေးနီစ် (IV) က အနိုင်ရသွား ခဲ့ဖူးပါသည်။ သို့သော် ထိုအချိန်က အန်တိုနီယိုအား ဖိလစ်ပိုင် စစ်ဌာနချုပ်တွင် ထိန်းသိမ်းခံရချိန် ဖြစ်သောကြောင့် ဆီးနိတ်လွှတ်တော်အမတ် တစ်ယောက် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ထမ်းဆောင် ခွင့် မရခဲ့ဘဲ ၂၀၁၀ ခုနှစ် ရောက်သည့်အခါ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အန်တိုနီယို လွတ်မြောက် လာချိန် မှာသာ တာဝန်များကို အပြည့်အဝ ပြန်လည် ထမ်းဆောင်ခွင့် ရသည့် ရှေ့က ဥပမာ ရှိခဲ့ဖူးသော်လည်း မြို့တော်ဝန် အသစ် ဖြစ်လာမည့် ဒူတာတေး တစ်ယောက် အိုင်စီစီ၌ ထိန်းသိမ်း ခံနေရချိန် မြို့တော်ဝန် တစ်ယောက် ၏ တာဝန်များကို တရားဝင် ထမ်းဆောင်ခွင့် ရှိ၊ မရှိကိုမူ မည်သူကမျှ တပ်အပ် မပြောနိုင် သေးသည့် အခြေအနေ ဖြစ်နေပါသည်။

တချို့ပြည်သူများက ဆိုရှယ်မီဒီယာများတွင် ဒူတာတေး တစ်ယောက် မြို့တော်ဝန် တာဝန်ကို WFH (Work from Hauge) လုပ်လိမ့်မည်ဟု Home အစား Hauge ဟု နောက်ပြောင် သုံးနှုန်း ကျီစယ်မှု မျိုးလဲ လုပ်နေ ကြသည်။

သမီးဖြစ်သူ လက်ရှိ ဒုတိယ သမ္မတတာဝန် ယူနေသည့် ဆာရာ ဒူတာတေးက ရွေးကောက်ပွဲ မဲပေးအပြီး သတင်းထောက်များကို ပြောကြားရာတွင် သူမ၏ ဖခင်သည် သံတိုင်များအကြား အကျဥ်းချခံထားရသော်လည်း မြို့တော်ဝန်အဖြစ် မည်သို့ ကျမ်းသစ္စာ ကျိန်ဆိုပြီး ရာထူးလက်ခံနိုင်မည် ဆိုသည်ကို ဖခင်၏ ရှေ့နေများနှင့် ဆွေးနွေး နေကြောင်း ပြောခဲ့သည်။ ဒုတိယ မြို့တော်ဝန်သည် မြို့တော်ဝန်ကိုယ်စား တာဝန်ယူနိုင်သည်ဟု ပြောခဲ့သည်။ နောက်ထပ်၍ “ကျမ်းသစ္စာကျိန်ဆိုခြင်းကို ဇွန်လ ၃၀ ရက်အတိုင်ခင် လုပ်ရမှာ၊ ဒါမှ သူ့ရဲ့ သက်တမ်း အသစ်ကို တရားဝင် စလို့ရမှာ” ဟု ရှေ့နေတစ်ဦးလည်း ဖြစ်သူ ဆာရာက သတင်းထောက် များကို ပြောကြားခဲ့ပါသည်။

တရားရေးဆိုင်ရာ ကျွမ်းကျင်သူများက ‘ဖိလစ်ပိုင်နိုင်ငံမှ အသိအမှတ်ပြုမထားတဲ့ နိုင်ငံရပ်ခြား တရားရုံး တစ်ရုံးတွင် တရားရင်ဆိုင်နေရသော ဖိလစ်ပိုင်လူမျိုးတစ်ဦး ရွေးကောက်ပွဲ အနိုင်ရသွားတဲ့ အလားတူ ကိစ္စရပ် မျိုး သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဘူး’ ဟု မှတ်ချက်ပြုကြပါသည်။ အငြိုးအတေးကြီး ကြသော ဒူတာတေး မိသားစု တစ်ဖန်ပြန် ပေါ်ထွက်လာခြင်းက လက်ရှိသမ္မတ မားကို့စ် အတွက် အကျပ်အတည်း အကြီးကြီး တစ်ခု ဖြစ်လာမှာ တော့ အသေအချာပဲ ဖြစ်ပါသည်။

ကိုးကား

၁) The Straits Times: ‘Work from Hauge’

၂) The Economist: Detained Philippines Ex-President wins mayor race in his home city 

Click to rate this post!
[Total: 0 Average: 0]