သွင်းကုန်သတ္တုများကို မှီခိုအားထားမှု ခဲယဉ်းလာမည်။
ဒေါ်နယ်ထရမ့်ကတော့ တွင်းထွက်ပစ္စည်းတွေကို လိုချင်တယ်။ အများကြီးကိုလိုချင်နေတာပါ။ အမေရိကန် သမ္မတက ဂရင်းလန်ကျွန်းကို စိတ်ဝင်စားတာကလည်း တခြားအကြောင်းတွေထက်ကို တွင်းထွက် ပစ္စည်းတွေ ကြီးမား ကျယ်ပြန့်အောင် သိုမှီးထားတဲ့ အချက်က ပိုပြီးအရေးပါတယ်။ အထူးသဖြင့်ကတော့ တရုတ်ပြည်ရဲ့ ပြင်ပမှာ အကြီးဆုံးဖြစ်တဲ့ မြေရှား တွင်းထွက်သိုက်ကြီးတွေရှိလို့ပဲ ဖြစ်တယ်။ ယူကရိန်းမှာလည်း သူက ထင်ရှားပေါ်လွင်နေတဲ့ လစ်သီယမ် တွင်းထွက် ရင်းမြစ်တွေကို မျက်စိကျနေတာဖြစ်တယ်။ အခုနှစ် ဖေဖော် ဝါရီလထဲမှာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ ခေါင်း ဆောင်တွေက သူတို့နိုင်ငံက မတူးဖော်ရသေးတဲ့ တွင်းတွက် သဘာဝ သယံဇာတ ရင်းမြစ်တွေကို ရောင်းချဖို့ကမ်းလှမ်းတာကို မစ္စတာထရမ့်က စိတ်ဝင်စားခဲ့တာကို သတိပြုသင့်တယ်။
နိုင်ငံခြားကတွင်းထွက်သယံဇာတတွေကိုစွဲလမ်းတပ်မက်နေတာက တစ်ပိုင်းဖြစ်နေပေမယ့် မစ္စတာ ထရမ့်ဟာ သူ့နိုင်ငံတွင်းက သယံဇာတတွေနဲ့ စပ်လျဉ်းလို့လည်း ရည်မှန်းချက်ကြီးမားတယ်။ မဟာဗျူဟာ အရ အရေးပါမှုတွေ ရှိခဲ့ပြီး အခုအခါလုပ်ငန်းကျဆင်းလာနေတဲ့သတ္တုတွင်း လုပ်ငန်းကို ပြန်ပြီးသက်ဝင် လှုပ်ရှားလာအောင် စွမ်းရည်မြှင့်တင်နိုင်ဖို့ သူကမျှော်လင့်ထားတယ်။ အမေရိကန်နိုင်ငံမှာ မြေရှားတွင်း ထွက်နဲ့ တခြား မရှိမဖြစ် အရေးပါလှတဲ့ တွင်းထွက်ပစ္စည်းတွေကို ထုတ်လုပ်တာ တိုးချဲ့ဆောင်ရွက်ဖို့ သမိုင်း တွင်မယ့်ဆောင်ရွက်မှုတစ်ရပ်ကို ဖော်ဆောင်ဖို့သူစီစဉ်ထားတဲ့အကြောင်း မစ္စတာထရမ့်က အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ မတ်လတုန်းက မိန့်ခွန်းပြောရာမှာ ထည့်သွင်း ပြောကြားခဲ့တယ်။ မတ်လ ၂ဝရက်နေ့ မှာတော့ သူက ဆယ်စုနှစ်တွေအတွင်း အမေရိကန် သတ္တုတွင်းလုပ်ငန်းမှာ အရဲဝံ့ဆုံး လုပ်ငန်း ဆောင်ရွက်မှုတွေကို စီစဉ်ပြီး ခွင့်ပြုမိန့် ပေးတာတို့ သတ္တုတွင်း လုပ်ငန်းအတွက် မြေအသုံးချမှုကို အထူး ဦးစားပေး တာတို့ ငွေကြေး ထောက်ပံ့ကူညီမှုတွေ ဖြည့်ဆည်းပေးတာတို့ကို ဆောင်ရွက်လိုက်ပါတယ်။
ပထဝီနိုင်ငံရေးအခြေအနေအရ မသေချာမရေရလှဘဲ အရဲစွန့်ဆောင်ရွက်ရတဲ့အခြေအနေမျိုးမှာ ရောင်းချတဲ့ နေရာတွေက ဝရုန်းသုန်းကား အခြေအနေဆိုက်တဲ့အခါ အမေရိကန်ရဲ့သတ္တုသွင်းကုန်တွေကို မှီခို အားထားရလွန်းတဲ့ အချက်က အမေရိကန် အစိုးရကို စေ့ဆော်ခဲ့ပုံရပါတယ်။ မစ္စတာထရမ့်ရဲ့ အဟုန်မြှင့်ဝါဒဟာ သတ္တုလုပ်ငန်းက သူဌေးတွေကို မဝံ့မရဲ မျှော်လင့်ချက်မျိုးထားရှိစေလာတယ်။ဒါပေမဲ့ သူ့ရဲ့အဆိုပြုချက်တွေဟာ အမေရိကန် သတ္တုတွင်းတွေနဲ့သတ္တုရိုင်းသန့်စင်တဲ့လုပ်ငန်းတွေဆီကို ရင်းနှီးမြှုပ်နှံမှုတွေဆွဲဆောင်နိုင်ဖို့ လုံလောက် ပါ့မလားဆိုတာကို သံသယတွေရှိကြတယ်။ ဒီအဆိုပြုချက် တွေဟာ တွင်းထွက်တွေ တူးဖော် ထုတ်လုပ်ဖို့ လုံလောက် နိုင်ဖွယ် မရှိပါဘူး။

၁၉၅ဝပြည့်လွန်နှစ်တွေကာလ ဒီလုပ်ငန်း တာထွက်အနေအထားမှာ အမေရိကန်ဟာ သတ္တုနဲ့ တွင်း ထွက်တွေ တူးဖော်ရေးနဲ့ သန့်စင်ရေးလုပ်ငန်းတွေမှာ အတော်ကြီးကို နောက်ကျကျန်နေခဲ့တာပါ။ အမေရိကန် သတ္တုလုပ်ငန်းရဲ့ စွန့်စားပြီး မဝံ့မရဲလုပ်ရတဲ့စွမ်းရည်ဟာလည်း ကျဆင်းခဲ့တယ်လို့ သတ္တု လုပ်ငန်း သူဌေး တစ်ယောက်က ဆိုပါတယ်။ သတ္တုရိုင်း ထုတ်လုပ်လုပ်မှုဟာ ၂ဝ၁၉ -၂၄ ခုနှစ်အတွင်းမှာ တစ်နှစ်ကို ၃ ရာခိုင်နှုန်း လောက်ကျဆင်းခဲ့တယ်။ ကြေးနီနဲ့နီကယ်လို အင်မတန်အရေးပါတဲ့ တွင်းထွက် မျိုးတွေ ထုတ်လုပ်တာ ဟာလည်း ကျဆင်းလာတယ်။ ဂယ်လီရီယမ်၊ ခဆြံနက်ခေါ်တဲ့ ဂရိုက်ဖိုက်နဲ့ မန်ဂနိစ်တွေအပါအဝင် အမေရိကန်မှာ အရေးကြီးတဲ့တွင်းထွက်အဖြစ် သတ်မှတ်စာရင်းတင်ထားတဲ့ တွင်းထွက်အမျိုးပေါင်း ၅ဝထဲက ၁၂ မျိုးဟာ နိုင်ငံခြား တိုင်းပြည်တွေကို မှီခိုအားထား နေရတယ်။ အထူးသဖြင့် လျှပ်စစ် မဟာ ဓာတ်အားလိုင်းတွေနဲ့ အချက်အလက်မှတ်တမ်းဌာန Data Centre တွေမှာ အသုံးပြု ဖို့လိုအပ်တဲ့သတ္တုတွေကို တရုတ်က ထိန်းချုပ်ထားတာနဲ့ စပ်လျဉ်းလို့ အမေရိကန်အစိုးရက ပူပန်နေရ တယ်။
တူးဖော်မှုတွေ မစတင်နိုင်ခင် ရင်းနှီးမြှုပ်နှံမှူတွေ အမြောက်အမြားလိုအပ်ပါလိမ့်မယ်။ သတ္တုတွင်း လုပ်ငန်း ဆိုတာမျိုး ကလည်း မတည်အရင်းအနှီး အတော်ကို ဆိုးဆိုးရွားရွား လိုအပ်တဲ့လုပ်မျိုးပဲ ကလား။ ကြေးနီ တွင်းထွက် တစ်မျိုးတည်း အတွက်ကိုပဲ ကမ္ဘာအနှံ့ကနေတင်သွင်းမှု ကိုပိတ်ပင် နိုင်ဖို့အတွက် လာမည့် ဆယ်စုနှစ်အတွင်း အရင်း အနှီးအတွက်အသုံးစရိတ် ဒေါ်လာ ဘီလီယံ နှစ်ရာ လိုအပ်လိမ့်မယ်လို့ လုပ်ငန်း အတိုင်ပင်ခံအဖွဲ့ဖြစ်တဲ့ မက္ကင်ဇီက ဆိုပါတယ်။ ယူရေနီယံကနေ နီကယ်နဲ့ကျောက်မီးသွေးအထိ အပါအဝင် အစစ အရာရာအတွက် မစ္စတာထရမ့် တင်ထားတဲ့ တွင်းထွက်နဲ့သတ္တုတွေ အတွက်ဆိုရင် ဒီထက်ကိုအများကြီးပို လိုအပ်လာမှာ ဖြစ်တယ်။ ဒီထက်ပိုဆိုး တာက သတ္တုလုပ်ငန်းရဲ့ အချိန်ဇယားက ဆယ်စုနှစ်တွေနဲ့ ချီပြီးကြာခဲ့တယ်။ နှောင့်နှေးတာတွေ လည်းရှိခဲ့တယ်။ ဒေါ်လာ တစ် ဘီလီယံကျော် တန်ဖိုးရှိတဲ့ လုပ်ငန်း စီမံကိန်းကြီးတွေ အတွက်ဆိုရင် ထပ်တိုးနှောင့်နှေးမှုက ပျမ်းမျှအားဖြင့် ဆိုရင် ကနဦးအချိန်ဇယားထက် ၅ဝ ရာခိုင်နှုန်းကျော်ပိုပြီး ဘတ်ဂျက်လျာထားခ ကိုကလည်း ၈ဝ ရာခိုင်နှုန်းကျော်မယ်လို့ အတိုင်ပင်ခံ မက္ကဇီ ကုမ္ပဏီက ဆိုတယ်။
အမေရိကမှာ အသစ်ဖွဲ့စည်းထားပြီး ထောင်ထောင် ထောင်ထောင် လုပ်နေတဲ့ အမျိုးသား စွမ်းအင် လွှမ်းမိုးရေး ကောင်စီ (National Energy Dominance Council ) လို့ နာမည်ခံထားတဲ့ အဖွဲ့ကတော့ အခုချမှတ် ထားတဲ့လုပ်ငန်းစဉ်ကို ထိရောက်ပြီးလုပ်ငန်းတွက်ခြေကိုက်အောင် ဆောင်ရွက်သွားဖို့မျှော်လင့်တယ်။ သတ္တုတွင်း လုပ်ငန်း စီမံကိန်း တစ်ခုဟာ ပြည်ထောင်စုအဆင့် ကဖြစ်စေ၊ ပုဂ္ဂလိက ဒါမှမဟုတ် တိုင်းရင်း သားမျိုးနွယ်စုက လုပ်ကိုင်တာမျိုး ဖြစ်စေ ဒါမှမဟုတ် အမျိုးသား သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ အရဖြစ်စေ သို့တည်းမဟုတ် ငါးနှင့်တောရိုင်းသတ္တဝါများ ဆိုင်ရာလုပ်ငန်းဌာန ကတစ်ဆင့်ဆောင်ရွက်သည် ဖြစ်စေ ခွင့်ပြုမိန့်ပေါင်း ၃ဝ လိုအပ်နိုင်တယ်။ ဒေသန္တရ အစိုးရကအစ တိုင်းရင်းသားအမေရိကန်လူမျိုး တွေအထိ လူတိုင်း ပါဝင်တဲ့ အတိုင်ပင်ခံ အဖွဲ့တွေရှိသေးတယ်။ ဒီဖြစ်ရပ်စဉ် အရှည်ကြီးအတွက် အချိန် ပျမ်းမျှအားဖြင့် နှစ်ပေါင်း သုံးဆယ်နီးပါး အချိန်ယူရမှာ ဖြစ်တယ်။ ကမ္ဘာပေါ်မှာ ဒုတိယ အချိန်အရှည် ကြာဆုံးဖြစ်မယ်လို့ s and p Global ဆိုတဲ့ ငွေရေးကြေးရေးကိန်း ဂဏန်းဆိုင်ရာ ကုမ္ပဏီ ကဆိုပါတယ်။ သတ္တုလုပ်ငန်းတွေ ချောမွေ့လွယ်ကူအောင် ဆောင်ရွက်ပးတဲ့ စီရင်ပိုင်ခွင့် နယ်မြေ အများစုမှာတောင် သတ္တုတွင်း လုပ်ငန်းတစ်ခု ထူထောင်ဖို့ အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက် အချိန် ယူရနိုင်တယ်။
မစ္စတာထရမ့်ရဲ့ လုပ်ငန်းစီမံဆောင်ရွက်ခွင့်အမိန့်အရ ပြည်ပရေးရာတွေကိုပဲ အထူးအာရုံစိုက် ဆောင်ရွက် ရလေ့ ရှိတဲ့ ပို့ကုန်သွင်းကုန်ဘဏ်နဲ့ အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ဘဏ္ဍာရေး ကော်ပိုရေးရှင်း တို့လို ဌာနဆိုင်ရာ အဖွဲ့အစည်းတွေဟာ ပြည်တွင်းက သတ္တုတွင်း လုပ်ငန်း စီမံကိန်းတွေနဲ့ သူတို့ ထုတ်ကုန်တွေကို အမေရိကန်နိုင်ငံမှာထုတ်လုပ်နိုင်တဲ့ နိုင်ငံခြားက ကုမ္ပဏီတွေကို ငွေကြေး ဖြည့်ဆည်းပေးရမှာ ဖြစ်တယ်။ ဒီလုပ်ငန်းစဉ်မှာ ပြည်တွင်း ကုန် ထုတ်လုပ်ငန်း တွေအတွက် လိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ လုံလောက် အောင် အမြောက်အမြား ဖြည့်ဆည်းပေးဖို့ သမ္မတကိုခွင့်ပြုထားတဲ့ ကာကွယ်ရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု ဥပဒေ (The Defence Production Act) ကိုလည်း ကိုးကားထားတယ်။ ဒါပေမဲ့ မဟာဗျူဟာနဲ့ အပြည်ပြည်ဆိုင်ရာ လေ့လာရေး ဗဟိုဌာန ဆိုတဲ့ သုတေသန အဖွဲ့ အဆိုအရကတော့ “ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့အတွက် အေဂျင်စီတွေကို နောက်ထပ်သင့်လျော်တဲ့ ထပ်ဆောင်း ရင်းမြစ် ” တွေကိုတော့ သမ္မတက ခွင့်ပြုမပေး နိုင်ပါဘူးလို့ သိရတယ်။ တကယ်လို့ မစ္စတာထရမ့်ဟာ တွင်းထွက် တူးဖော်ရေး လုပ်ငန်းမှာ ငွေကြေးတွေ ပိုပြီးရင်းနှီးမြှုပ်နှံလိုတယ် ဆိုရင်တော့ ကွန်ဂရက်လွှတ်တော်ကနေ တစ်ဆင့် သွားရမှာ ဖြစ်တယ်။ ရီပတ် ဘလစ်ကင်ပါတီရဲ့ လုံလောက်တဲ့ အမတ်ဦးရေ အများစုနဲ့ ရသုံးမှန်းခြေ ငွေစာရင်းမှာ လိုငွေပြနေတာကို လျှော့ချဖို့သူတို့အဓိက အာရုံစိုက် ဆောင်ရွက် နေချိန်မျိုးမှာ ဒီလို ဆောင်ရွက်ဖို့ ဆိုတာက လွယ်ကူလှတဲ့ လုပ်ငန်း တာဝန်တစ်ရပ်တော့ မဟုတ်ပါဘူး။
သတ္တုတွင်း လုပ်ငန်းရဲ့ သဘောသဘာဝ ကိုယ်တိုင်က အခုအစီအစဉ်မှာ တစ်ဝက်လောက်ကို ပါဝင် နေတယ်။ မြေကြီးထဲကနေ တူးဖော်လို့ရတဲ့ ကုန်ကြမ်းပစ္စည်းတွေက ဆာလ်ဖိုက် ဒါမှမဟုတ် အောက် ဆိုက်ဒ်တွေ အဖြစ် ရောနှောပြီး ပါဝင်နေတာဖြစ်တယ်။ အဲဒါကြောင့် သန့်စင်ဖို့လိုအပ်တယ်။ (၉၉ % လောက်စစ်တဲ့ ကြေးနီကိုမှ လျှပ်စစ် ဓာတ်ကြိုး အဖြစ် အသုံးပြုလို့ရတာ မျိုးမဟုတ်လား) အဲဒီလို ကောင်းမွန်အောင် ပြုပြင်ရတဲ့ လုပ်ငန်းအဆင့်ဆင့်ကိုက အမေရိကန်ပြည်ထောင်စုမှာ အခက်ခဲဆုံး လုပ်ငန်း တစ်ရပ် ဖြစ်ပါလိမ့်မယ်။ နီကယ်ကို ကျိုပြီး သန့်စင်တဲ့ စက်ရုံတစ်ရုံ ဆိုရင် တစ်နှစ်ကို ကုန်ကျစရိတ် ဒေါ်လာ နှစ်ဘီလီယံနီးပါး နဲ့ သန့်စင်ပြီး နီကယ်သတ္တုတန်ချိန် ၅ဝ,ဝဝဝ ထုတ်လုပ်နိုင်တယ်။ ပုံမှန်အားဖြင့်ကတော့ ဒီလိုလုပ်ငန်း စီမံကိန်ကြီး မျိုးတွေမှာ ရင်းနှီး မြှုပ်နှံမယ် ဆိုရင် ပြန်ရတဲ့အကျိုးအမြတ်ငွေက ဆယ်နှစ်သက်တမ်းရှိ ငွေစုစာချုပ် (Treasury Bond) ဝယ်ထားလို့ရတဲ့ ဝင်ငွေထက် ကိုလျော့နည်းသေးတယ်။ သတ္တုရိုင်း တူးဖော်တာနဲ့ ယှဉ်လိုက်ရင် အမြတ်အစွန်း ရတဲ့ပမာဏက အတော့်ကို နည်းဖို့ အလားအလာရှိတယ်။ ကြေးနီ သတ္တုရိုင်းတွေကို ကျိုချက်ပြီး သန့်စင်တဲ့စက်ရုံတွေကို ပေးတဲ့ ဈေးနှုန်း ကလည်း ဆယ်စုနှစ်တွေ အတွင်းမှာ အနိမ့်ဆုံးဈေး ဖြစ်တယ်။
နောက်ထပ်ရှိသေးတယ်။ ဒီဇိုင်းရေးဆွဲတာ၊အဆောက်အအုံဆောက်လုပ်တာနဲ့ သတ္တုသန့်စင် စက် လုပ်ငန်းကို ဆောင်ရွက်ရတာတွေ ကလည်း လွယ်ကူလှတာမဟုတ်ပါဘူး။ ဒီလုပ်ငန်းမျိုးတွေက ညစ်ညမ်းတဲ့ လုပ်ငန်းမျိုးတွေ ဖြစ်တာမို့ ဒေသခံတွေက ကန့်ကွက်လေ့ ရှိကြပါတယ်။ စက်ရုံ ဆောက်တာကလည်း ပြီးစီးလို့ စက်ရုံစတင် လည်ပတ်တဲ့ အချိန်အထိ ဆို ငါးနှစ်လောက်ကြာပါတယ်။ စက်စွမ်းအား အပြည့် လည်ပတ် နိုင်ဖို့ဆိုရင် နောက်ထပ်နှစ်တွေ အတန်ကြာ စောင့်ရပါသေးတယ်။ လုပ်ငန်းများမြောင် လှတဲ့ စက်ရုံကြီးနဲ့ စွမ်းအင် တရားလွန် သုံးစွဲတဲ့ လုပ်ငန်းအဆင့်ဆင့်ကျပြန်တော့လည်း လက်တွေ့ လုပ်ငန်းခွင်မှာ ရှားပါးတဲ့ ကျွမ်းကျင် အလုပ်သမားတွေ လိုအပ်ပါတယ်။
သူတို့လိုပဲ လုပ်ကိုင်နေတဲ့ တရုတ်လုပ်ငန်းတွေနဲ့မတူတာက အနောက်နိုင်ငံတွေရဲ့ကုမ္ပဏီတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်အတွင်း သတ္တုသန့်စင်တဲ့စက်ရုံတွေ တည်ထောင်ရာမှာ လွယ်ကူတာကို သိပ်ပြီး မတွေ့ရဘူးလို့ သတ္တု ကုန်ထုတ်လုပ်ငန်း အတိုင်ပင်ခံ တစ်ဦးဖြစ်တဲ့ လိုင်လီထရိုင်တန်က ဆိုပါ တယ်။ သြစတြေးလျနိုင်ငံ နောင့်ဝဲလဒ်ကနေ တင်သွင်းတဲ့သတ္တုရိုင်းတွေကို အသုံးပြုံပြီး မလေးရှား နိုင်ငံမှာ မြေရှား တွင်းထွက်လုပ်ငန်းကို ဆောင်ရွက်ခဲ့တဲ့ လိုင်းနတ်စ်ဆိုရင် သူ့စက်ရုံကိုလုပ်ငန်း မြှင့်တင် နိုင်ဖို့ ဆယ်စုနှစ် တစ်ခုလောက် နီးပါးကြာမြင့်ခဲ့တယ်။ တရုတ်လူမျိုး တွေတောင် နိုင်ငံရပ်ခြားမှာ စက်ရုံတည်တဲ့အခါ အတော်ကို ကြိုးပမ်းခဲ့ရ ပါသေးတယ်။ တရုတ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ ထျန်ကီ လစ်သီယမ် (Tianqi Lithium) ကပိုင်ဆိုင်တဲ့ သြစတြေးလျနိုင်ငံရှိ ကွင်းနားနား (Kwinana) လစ်သီယမ်စက်ရုံဆိုရင် သူ့ရဲ့ထုတ်လုပ်မှု စွမ်းအား တစ်စိတ် တစ်ပိုင်း ရဖို့ ကလေးကိုတောင် နှစ်တွေနဲ့ချီ လည်ပတ်ပြီး လုပ်ငန်း ဆောင်ရွက်ခဲ့ရတယ်။ စက်ရုံ လည်ပတ်ဖို့ အချိန် စောင့်ဆိုင်းရတာ ကြာလေ စရိတ်စက ပိုကုန်လေ ဖြစ်ရတာပေါ့။
ဒါကြောင့်မို့ ပြည်တွင်း ထုတ်လုပ်မှုကို မြှင့်တင် ဆောင်ရွက်တာဟာ ရှေ့အလားအလာအတွက် အခက်အခဲ ပိုတွေ့ပြီး ထိတ်လန့်စရာ ကောင်းလေ ဖြစ်ရတာပါပဲ။ ပြဿနာရဲ့ အဖြေတစ်ရပ်ကတော့ အမေရိ ကန်နိုင်ငံ က ထွက်တဲ့ သတ္တုရိုင်းတွေကို သန့်စင်ဖို့ လောလောဆယ် တင်ပို့ဆောင်ရွက်နေတဲ့ ကနေဒါနိုင်ငံလို အတွေ့အကြုံရှိတဲ့ မဟာမိတ်နိုင်ငံနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ဆောင်ရွက်ဖို့ ပဲဖြစ်တယ်။ တခြား နည်းလမ်း ကတော့ ကာလ တာရှည် ဆောင်ရွက်နေကြတဲ့ အမေရိကန်က သတ္တတွင်းလုပ်ငန်းရှင်တွေ အတွက် တည်ငြိမ်တဲ့ ဝန်းကျင်တစ်ရပ် ဖန်တီးပေးဖို့ပဲ ဖြစ်လိမ့်မယ်။ အကြောင်းမလှတာတာ ကတော့ မစ္စတာထရမ့်ရဲ့ပုံစံနဲ့ဆိုရင် အခုတင်ပြတဲ့ နည်းလမ်းနှစ်ခုစလုံး ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ခဲယဉ်းမှာပဲဖြစ်ပါတယ်။
ရည်ညွန်း – Trump digs deep into revive American mining. The Economist, April 1, 2025.


