လတ်တလောမှာ ကင်ဆာဝေဒနာအတွက် ကီထရူဒါ (Keytruda) လို့ အမည်ရတဲ့ဆေး ဟာ စျေးကွက်မှာ ရောင်းအား အကောင်းဆုံး ဆေးတစ်မျိုးပါ။ ၂၀၁၄ခုနှစ်မှာ စတင်ဖြန့်ချိခဲ့ပြီး အမေရိကန် ဆေးကုမ္ပဏီကြီး Merck က ဒီဆေးနဲ့ ဒေါ်လာ ၁၃၀ ဘီလီယံ ရောင်းချပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တည်း မှာတင် ၂၉.၅ ဘီလီယံ ရောင်းချနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက နောက်ထပ် ဆေးသစ် တစ်မျိုးကို စတင်စမ်းသပ်ခဲ့ရာမှာ အရင်က မရခဲ့ဖူးတဲ့ ရလဒ်ကောင်းတွေကို ရခဲ့ကြောင်း သိရှိရပါတယ်။ small cell ဆိုတဲ့ အဆုတ်ကင်ဆာ တစ်မျိုးရဲ့ နောက်ဆုံးအဆင့် ရောက်နေတဲ့ ကင်ဆာ ဝေဒနာရှင်များကို ကီထရူဒါဆေး ပေးမယ်ဆိုရင် ကင်ဆာလူနာတွေရဲ့ အသက်ကို ၅.၈ လလောက် ဆွဲဆန့်ထား နိုင်ပြီး အခု ပေါ်လာတဲ့ ဆေးကတော့ ကင်ဆာ ဝေဒနာ ပိုဆိုးမလာစေဘဲနဲ့ ကီထရူဒါထက် နှစ်ဆ ၁၁.၁ လ ပိုပြီး အသက်ရှင်ခွင့် ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ရလာဒ်တွေကတော့ အံ့မခန်းပါပဲ။ ဒီဆေး ထုတ်လုပ်တဲ့ ဇီဝနည်းပညာကုမ္ပဏီ အမည်က အကီဆို (Akeso) ဖြစ်ပါတယ်။ အကီဆို က တရုတ်နိုင်ငံကပါ။

မကြာသေးခင် လများအတွင်း တရုတ်နိုင်ငံက ထွက်ပေါ်လာတဲ့ ဉာဏ်ရည်တု (AI) က တစ်ကမ္ဘာလုံးကို မင်တက်စေခဲ့ပါတယ်။ အခု နောက်တစ်ခါ ဇီဝနည်းပညာရပ်မှာလည်း တိတ်တိတ် ဆိတ်ဆိတ်နဲ့ အားလုံးကို အံ့အားသင့်စေဖို့ရာ နီးစပ်လာပါပြီ။ ဆေးဝါးလောကမှာ တရုတ်နိုင်ငံကို လူသိများကြတာက မျိုးရင်းဆေး (ဥပမာ ပါရာစီတမောလို အမှတ်တံဆိပ်မရှိတဲ့ဆေးများ) တွေကို စက်နဲ့ လှည့်ထုတ်နေသလို ထုတ်လုပ်နေတာ၊ ဆေးဝါး ကုန်ကြမ်းများ ရောင်းချတာနဲ့ ဆေးများကို စမ်းသပ်တဲ့နေရာမှာ မျိုးလောက်ပါပဲ။ အခုဆိုရင်တော့ တရုတ်နိုင်ငံက ဆေးထုတ်လုပ်သူများဟာ နောက်ဆုံးပေါ် နည်းပညာများ အသုံးချပြီး တီထွင်ထားတဲ့ ဆေးဝါးအသစ်တွေကို စျေးပေါပေါနဲ့ ယှဥ်ပြိုင်ဖို့ တာစူ နေကြပါပြီ။ အမေရိကန်ပြီးရင် တရုတ်နိုင်ငံဟာ ဆေးဝါးအသစ်တွေ ဒုတိယ အများဆုံး ထုတ်လုပ် ပေးမယ့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေပါပြီ။
ဒီလို အခြေအနေကြောင့် အနောက်နိုင်ငံများက ဆေးထုတ်လုပ်သူများဟာ အရှေ့ဘက်ဆီကို လှမ်းကြည့် လာကြပါပြီ။ မူပိုင်ခွင့် မှတ်ပုံတင်ထားတဲ့ ထုတ်လက်စ ဆေးဝါး များ သက်တမ်းကုန် ခါနီး ဖြစ်တဲ့အတွက် ၂၀၃၀ ခုနှစ်လောက်မှာ အမေရိကန် ဒေါ်လာ ၁၄၀ ဘီလီယံလောက် ဆုံးရှုံးရဖွယ် ရှိနေပါတယ်။ လွန်ခဲ့တဲ့နှစ်က ဒေါ်လာသန်း ၅၀ မက တန်ဖိုးရှိတဲ့ ဆေး မူပိုင်ခွင့် လိုင်စင်တွေ ယူခဲ့တဲ့ ဆေးများရဲ့ သုံးပုံတစ်ပုံဟာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၀ခုနှစ်က ထက်စာရင် သုံးဆ များလာပါတယ်။ အတိုင်ပင်ခံ လုပ်ငန်းတစ်ခုဖြစ်တဲ့ LEK ရဲ့ အဆိုအရ တရုတ်နိုင်ငံက ဖော်ထုတ်ပေးခဲ့ ပြီး ထုတ်လုပ်ခွင့် လိုင်စင်ယူထားတဲ့ ဆေးဝါးများရဲ့ တန်ဖိုးဟာ ၅နှစ် အတွင်း ၁၅ဆ မြင့်တက်လာပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၄၈ ဘီလီယံဖိုးအထိ ရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၄ခုနှစ် နိုဝင်ဘာလက Merck ဆေးကုမ္ပဏီကြီးဟာ တရုတ်နိုင်ငံက အခြား ဆေးကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ လာနိုဗာ မက်ဒီဆင် LaNova Medicine ထံမှ အကီဆို ကုမ္ပဏီက ထုတ်ထားတဲ့ ဆင်တူတဲ့ ကုထုံးတစ်ခုအတွက် ဆေးတစ်မျိုးကို ဒေါ်လာသန်း ၅၈၈ နဲ့ ဝယ်ယူပြီး ထုတ်လုပ်ခွင့် မူပိုင်ခွင့် လိုင်စင် ရယူတယ်လို့ သိရတယ်။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် လောက်ကတည်းက တရုတ် အစိုးရဟာ ဇီဝနည်းပညာကို နည်းဗျူဟာကျကျ ရည်မှန်းချက် တစ်ခုအဖြစ် အလေးထား လုပ်ဆောင်ခဲ့ပါတယ်။ သို့သော်လည်း ဆေးဝါးဆိုင်ရာ စည်းမျဥ်း စည်းကမ်းများကို အရေးတစိုက် ပြန်လည် ကြပ်မတ်ခဲ့ချိန် ၂၀၁၅ ခုနှစ် မတိုင်ခင်အထိ အဆိုပါ ရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ဆေးဝါး မှတ်ပုံတင်ဖို့ တင်ထားတာ ကြာနေပြီဖြစ်တဲ့ လျှောက်လွှာ နှစ်သောင်းလောက်ကို ဝန်ထမ်း အင်အားတိုးချဲ့ပြီး နှစ်နှစ်လောက် အတွင်းမှာ ရှင်းလင်း ပေးခဲ့ရပါတယ်။ ဆေးဝါးဆိုင်ရာ လက်တွေ့စမ်းသပ်မှုများကို စနစ်တကျ နဲ့ ကမ္ဘာ့အဆင့် အတန်းမီအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပီကင်း တက္ကသိုလ်က ယင်မင်းကူနဲ့ လုပ်ဖော်ကိုင်ဖက်များက လေ့လာချက်တစ်ခု လုပ်ခဲ့ပြီး တွေ့ရှိချက်များ အရ ပြုပြင် ပြောင်းလဲရေးများ လုပ်ပြီးတဲ့ နောက်ပိုင်း ဆေးသစ်များအား လူနာများတွင် စမ်းသပ်ခြင်းကို ၅၀၁ ရက်မှ ၈၇ ရက်အထိ လျှော့ချခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ နိုင်ငံခြားကို အလုပ်ထွက်လုပ်သူတွေ ပညာသွားသင်သူများကို “ပင်လယ်လိပ် – sea turtles” တွေလို့ ခေါ်ပါတယ်။ ဒီလို ဇီဝနည်းပညာ တိုးတက်စေဖို့ အပြောင်းအလဲတွေ လုပ်တဲ့အချိန်ဟာ “ပင်လယ်လိပ်” တော်တော်များများ အိမ်ပြန်လာကြတဲ့ အချိန်နဲ့လဲ တိုက်ဆိုင် နေတယ်လို့လဲ ဆိုကြပါတယ်။ တရုတ်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ ပြည်တွင်း ဆေး စျေးကွက်ကြောင့် ဆေးထုတ်လုပ်သူ များဟာ ကိုယ့်နိုင်ငံအတွက် နည်းပညာနဲ့ ကျွမ်းကျင်သူများ ပြန်လာဖို့ ဖိတ်ခေါ် နေသလို ဖြစ်သွားပါတယ်။ အရင်က ရှိခဲ့တဲ့ စည်းမျဥ်းစည်းကမ်းများဟာ ဇီဝနည်းပညာမှာ ရင်းနှီး မြှုပ်နှံသူများ ဆက်လုပ်ချင်ကိုင်ချင်စိတ် မရှိအောင် ဖြစ်သွား စေခဲ့ပါတယ်။ အခုတော့ တရုတ် ဇီဝနည်းပညာ လုပ်ငန်းများအပေါ် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၆ ခုနှစ်မှာ ဒေါ်လာ တစ် ဘီလီယံကနေ ၂၀၂၁ ခုနှစ်မှာ ၁၃.၄ ဘီလီယံထိ မြင့်တက်ခဲ့ပါတယ်။
တီထွင်နိုင်စွမ်းနဲ့ ငွေကြေးအင်အား ရှိလာတဲ့အခါ တရုတ် စီးပွားရေး လုပ်ငန်းများဟာ အနောက်နိုင်ငံထုတ် ဆေးဝါးများကို ပုံတူကူးနေတဲ့ အဆင့်ကနေ နောက်တစ်ဆင့် တက်ကြ ပါတော့တယ်။ ဆေးဝါး မူပိုင်ခွင့် လိုင်စင်များ သက်တမ်းကုန်အောင် စောင့်နေမယ့်အစား မျိုးရင်းဆေးတွေ ထုတ်လုပ်နေမယ့်အစား တရုတ် ဆေးဝါး ထုတ်လုပ်သူများဟာ “မြန်မြန် နောက်ကလိုက်” နည်းဗျူဟာကို အသုံးချကာ ရှိပြီးသား ဆေးဝါးများကို ပြုပြင်ပြောင်းလဲကာ ပိုစိတ်ချရဖို့၊ အာနိသင် ပိုကောင်းဖို့နဲ့ မြန်မြန် ထုတ်လုပ်ကာ စျေးကွက်ထဲပို့ ရောင်းချနိုင်အောင် လုပ်ကြပါတော့တယ်။ ထုံးစံအရ ဆေးသစ်တစ်မျိုး ထုတ်လုပ်တော့မယ်ဆိုရင် ရောဂါကုသရမယ့် နေရာကို ရောဂါနဲ့ ဆက်စပ်နေတဲ့ မျိုးဗီဇ၊ ပရိုတင်း အစရှိသည်များကို ဖော်ထုတ် လေ့လာ ကြရပါတယ်။ ကုသရမယ့် နေရာကို တွေ့ရှိပြီ ဆိုရင် သိပ္ပံပညာရှင်များဟာ ဒီနေရာကို ရပ်တန့်ပစ်မလား အားကောင်း လာအောင်လုပ်မလား ဒီလိုလုပ်နိုင်ဖို့ မော်လီကျူးတွေကို နောက်တစ်ဆင့် ဆက်လက် ရှာဖွေကြရပါတယ်။ “မြန်မြန် နောက်ကလိုက်” မယ့်သူတွေဟာ ဒီအဆင့်တွေကို ဖြတ်စရာ မလိုတော့တဲ့ အတွက် အချိန်တိုတို နဲ့ စမ်းသပ်မှုအဆင့်ထိ ရောက်အောင် စရိတ် သက်သက်သာသာ နဲ့ လုပ်နိုင်နေကြပါပြီ။
၂၀၂၁ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ ဆေးဝါးသစ်များ ဖော်ထုတ်နိုင်မှု အရေအတွက် နှစ်ဆ တိုးမြှင့်ပြီး ၄,၃၉၁ မျိုး ဖော်ထုတ်နိုင်ခဲ့တယ်။ အခုဆိုရင် “မြန်မြန် နောက်ကလိုက်” နည်းလမ်းနဲ့ရော၊ အစကနေ စမည့် နည်းအသစ် နဲ့ရော ဖော်ထုတ်မယ့် ဆေး အမျိုးအစားများဟာ လျာထားချက်ရဲ့ ၄၂% ကို ရောက်ရှိနေပါပြီ။ LEK က ဟယ်လန်ချန်း ပြောတာကတော့ တရုတ်နိုင်ငံက ဖော်စပ်တဲ့ ADC (Antibody-drug conjugates) ကင်ဆာဆေးဟာ အစွမ်းထက်ပါတယ်တဲ့။ ဒီဆေးက ပဋိပစ္စည်း (Antibody) ကို ကီမိုသွင်းဆေးကနေ တစ်ဆင့် ကင်ဆာဆဲလ်များကို တိုက်ရိုက် ပစ်မှတ်ထား ကုသပြီး ကောင်းမွန်တဲ့ ဆဲလ်များကို မထိခိုက်စေတဲ့ ဆေးတစ်မျိုးပါ။ ဒီဆေးရဲ့ အဓိက ကုထုံးရဲ့ လုပ်နေကျ ကီမို သွင်းတဲ့ နည်းလမ်းအတိုင်း လုပ်တာဖြစ်လို့ အချိုးအစားမှန်မှန် ပေါင်းစပ်နိုင်ပြီဆိုရင် ဒီဆေး အောင်မြင်လာမှာ သေချာသလောက်ပါပဲ။ ဒီလို ကိစ္စတွေမှာ တရုတ် ဆေးပညာရှင်များက သာပါတယ်လို့ မစ်စ် ချမ်းက သူ ယုံကြည်ထားကြောင်း ပြောပါတယ်။
အာကီဆို တည်ထောင်သူ မစ်ရှဲ ဆီရာက သူတို့ ကုမ္ပဏီရဲ့ အားသာချက်တစ်ခုက “မြန်မြန် ဆန်ဆန် လုပ်နိုင်တာဖြစ်တယ်၊ ကျွန်မတို့ ကမ္ဘာတဝှမ်း ဘယ်သူနဲ့ပဲ ယှဥ်ယှဥ် နှစ်ဆ သို့မဟုတ် သုံးဆ ပိုမြန်အောင် လုပ်နိုင်တယ်” လို့ ဆိုပါတယ်။ ဆေးအမယ် သစ်တစ်မျိုး ဖော်ထုတ်တဲ့ အဆင့်တိုင်းမှာ စမ်းသပ်တဲ့ အဆင့်ဟာ အချိန်အကြာဆုံးနဲ့ အကုန်အကျ စရိတ် အများဆုံး ဖြစ်ပါတယ်။ ဒီနေရာမှာ လည်း တရုတ် လုပ်ငန်းများဟာ အနောက်နိုင်ငံများနဲ့ ယှဥ်ရင် ပိုမြန်ဆန်ပါတယ်။ လူနာ အများအပြားကို စမ်းသပ်ဖို့ အစီအစဥ်ထဲ ပါအောင် လွယ်လွယ်ကူကူပဲ လုပ်နိုင်တဲ့အပြင် အစိုးရက ဆေးရုံများ ဆရာဝန်များ ကိုပါ သုတေသန လုပ်ငန်းများ လုပ်သာကိုင်သာရှိအောင် ထောက်ပံ့မှုတွေ လည်းပေးထား ပါသေးတယ်။
စမ်းသပ်မှုတွေကို မြန်မြန်ဆန်အောင် လုပ်နိုင်ခြင်းဟာ တရုတ်ပြည်မှာ ရှာဖွေတွေ့ရှိထားတဲ့ ဆေးဝါးများကို ကမ္ဘာ့ ဆေးထုတ်လုပ်သူအတွက် ပိုမိုဆွဲဆောင် နိုင်စေပါတယ်။ စမ်းသပ်မှုဆိုင်ရာ အချက်အလက် များဟာ တရုတ်လူမျိုး လူနာများ ဆီမှသာ အများဆုံး ရရှိခဲ့တာ ဖြစ်သော်ငြားလဲ ရင်းနှီးမြှုပ်နှံသူများနဲ့ ဆေးကုမ္ပဏီများက အလာအလာကောင်းတဲ့ ကုထုံးတစ်ခုဖြစ်လာမယ်လို့ လက်ခံကြပါတယ်။ နောက် တရုတ်နိုင်ငံက အချက်အလက် အရည်အသွေးများ ပိုကောင်း လာသည့်နှင့် အမျှ ဆေးဝါးဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များရဲ့ အလေးထားမှု ပိုရလာကြတယ်။ အကီဆို ကုမ္ပဏီရဲ့ စမ်းသပ်မှုတွေက ရခဲ့တဲ့ ရလာဒ် ကောင်းများကြောင့် အမေရိကန် အစားအသောက်နဲ့ ဆေးဝါးများ ဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့က ဆေးများကို စမ်းသပ်မှု နောက်ဆုံးအဆင့်ကို ရောက်အောင် ယုံယုံကြည်ကြည့် ထောက်ခံချက် ပေးခဲ့ကြပါတယ်။
တီထွင်နိုင်စွမ်းနဲ့ ငွေကြေးအင်အား ရှိလာတဲ့အခါ တရုတ် စီးပွားရေး လုပ်ငန်းများဟာ အနောက်နိုင်ငံထုတ် ဆေးဝါးများကို ပုံတူကူးနေတဲ့ အဆင့်ကနေ နောက်တစ်ဆင့် တက်ကြ ပါတော့တယ်။
အမေရိကန်ကို ထုတ်ပြီးသားဆေးတွေ တိုက်ရိုက်ရောင်းတဲ့ တရုတ် ကုမ္ပဏီ နဲနဲပဲ ရှိပါတယ်။ ဒီလို တိုက်ရိုက် ရောင်းမယ့်အစား သူတို့ (တရုတ်ကုမ္ပဏီ) ဟာ ဆေးထုတ်ခွင့် မူပိုင်ခွင့် လိုင်စင်ကို နိုင်ငံတကာ စျေးကွက်ကြီးထံ ငွေကြိုပေးစနစ်နဲ့ ရောင်းချတာက သူတို့အတွက် ပိုကောင်းပါတယ်။ အကီဆိုက လုပ်တဲ့ ကီထရူဒါ ဆေးရဲ့ ပြိုင်ဘက်ဆေးအသစ် ထုတ်လုပ်ခွင့် လိုင်စင်ကို အမေရိကန် ဇီဝနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဆန်မစ် သီရာပျူတစ် (Summit Therapeutics) က လက်ငင်း ဒေါ်လာ ၅၀၀ မီလီယံအပြင် နောက်ထပ် ဒေါ်လာ ၅ ဘီလီယံ နဲ့ ပူးတွဲ မူပိုင်ခွင့် များပေးပြီး ဝယ်ယူ သွားပါတယ်။
နောက် တစ်မျိုး လုပ်နေကြတာကတော့ “ကုမ္ပဏီ အသစ် – NewCo” ဆိုတဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းကတော့ တရုတ် ဆေးဝါးလုပ်ငန်း တစ်ခုက သူပိုင်ပစ္စည်း ကရိယာများကို အမေရိကန်ရှိ ကုမ္ပဏီ တစ်ခုထံ လွှဲပြောင်းပေးပြီး စီမံခန့်ခွဲမှုတွေကိုတော့ ကျွမ်းကျင် တရုတ် လူမျိုးများကပဲ လုပ်ပါတယ်။ မိခင် ကုမ္ပဏီက ကုမ္ပဏီ အသစ်ကို တစ်စိတ်တစ်ဒေသ ပိုင်ဆိုင်ခွင့် ရမည့် အပြင် ဖော်ထုတ်ထားတဲ့ ဆေးအသစ်ရဲ့ မူပိုင်ခွင့် ကုမ္ပဏီ အသစ်ကို ရောင်းချလိုက်ပြီး တကယ်လို့ ဒီဆေး အမျိုးအစားသစ်ဟာ စျေးကွက်မှာ ပေါက် သွားရင် မူပိုင်ခွင့် ခွဲဝေမှုများကို ခံစားခွင့် ရှိစေမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဇီဝနည်းပညာ ဖွံ့ဖြိုး တိုးတက်လာရာမှ ဘာအခက်အခဲမှ မရှိဘူးဆိုတာတော့ မမှန်ပါဘူး။ ဆေးဝါး လိုင်စင်များ ရောင်းချမှု တိုးတက်လာခြင်းဟာ ကုမ္ပဏီ အငယ်စားများ ရပ်တည်ဖို့ ငွေကြေးလိုအပ်ချက် ရှိနေတာကို မျက်ကွယ်ပြုထားသလို ဖြစ်နေပါတယ်။ ကမ္ဘာ့မှာ ဇီဝနည်းပညာ စျေးကွက် နှေးကွေးလာတာနဲ့အတူ တရုတ်နိုင်ငံ အတွင်း ဇီဝနည်းပညာအတွက် ပုဂ္ဂလိက ရင်းနှီး မြှုတ်နှံမှုဟာ ၂၀၂၄ခုနှစ်မှာ ၇ နှစ်အတွင်း အောက်ဆုံး ရောက်သွားခဲ့ပါတယ်။ ငွေကြေး မြှုတ်နှံသူများရဲ့ ပထမ ဦးစားပေး မျှော်မှန်းချက်က ကုမ္ပဏီတွေဆီကနေ သူတို့ရင်းထားရတဲ့ငွေ မြန်မြန် ပြန်ဖော် နိုင်အောင်ဖို့၊ ဒါမှမဟုတ် နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့ ပါ။ ဆန်ဖရန်စစ်စကို မှာ အခြေစိုက်တဲ့ ရင်းနှီးမြှုပ်နှံသူ ဂျင်မီဇန်းက အခုအလုပ်ဖြစ်နေတဲ့ ဆေးဝါး ထုတ်လုပ်ခွင့် လိုင်စင်များဟာ အရင် ခေတ်ကောင်းစဥ်တုန်းက ထုတ်လုပ်ခဲ့တာတွေဖြစ်တယ်။ နောက်ထပ် ရင်းနှီးမြှုပ်နှံတာတွေ ထပ်မလုပ် ဘူးဆိုရင် တရုတ်နိုင်ငံက ဆေးအသစ်တွေ ထွက်လာနိုင်မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။
နောက်ထပ် စိုးရိမ်စရာ တစ်ခုကတော့ အမေရိကန်နဲ့ တရုတ် ဆက်ဆံရေး တင်းမာမှုတွေ ရှိလာတာပါပဲ။ စီးပွားရေး အကောင်းဆုံး နိုင်ငံကြီးဟာ ကမ္ဘာ့ ဆေးဝါး စျေးကွက် ကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် သူ့နိုင်ငံက ဆေးစျေးကွက်ကို ကိုင်တွယ်ပုံ ကတော့ လျော့တိလျော့ရဲ့ပါ။ ဒါကြောင့်မို့လို့ အမေရိကန်က လူနာများဟာ တရုတ် ဆေးဝါးလုပ်ငန်းတွေ အတွက် ငွေတွင်း တစ်ခုပါ။ အခုအချိန်ထိတော့ အမေရိကန်ရဲ့ ကုန်သွယ်ခွန် တင်းကျပ်မှုဟာ ခေတ်မီနည်းပညာနဲ့ ပတ်သက်တဲ့ ပစ္စည်းများ အပေါ်မှာပဲ တင်းကြပ်တာ ဖြစ်ပါတယ်။ လောလောဆယ် တရုတ် ဇီဝနည်းပညာ ထုတ်ကုန်များဟာ အခြေအနေ ကောင်းနေပါသေးတယ်။ အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ တရုတ်ပြည်ထုတ် ဇီဝနည်းပညာ ဝန်ဆောင်မှုများနဲ့ ဆေးပစ္စည်းများအပေါ် တင်သွင်းမှုကို ပိတ်ဆို့ဖို့ ကြိုးစားနေကြပေမယ့် အခုထိ ခရီး မပေါက်သေးပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့် ကြုံးဝါး နေသလို ဆေးဝါးဆိုင်ရာ သွင်းကုန်များ အပေါ် ကုန်သွယ်ခွန်များ ကောက်လာမယ်ဆိုရင်တော့ ဇီဝနည်းပညာ ထုတ်ကုန်များ ရေရှည်အတွက် အထိအခိုက် မမြင်မိပါ။ အမေရိကန်ကို ဆေးဝါး ထုတ်လုပ်ခွင့် လိုင်စင်ကိုပဲ ရောင်းချမယ့် နည်းလမ်းက အကန့်အသတ်နဲ့ပဲ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ တရုတ် ဇီဝနည်းပညာ ကုမ္ပဏီတွေရတဲ့ လိုင်စင်ကြေးဟာ အမေရိကန် ကုမ္ပဏီက ရတာထက်စာရင် နည်းပါသေးတယ်။ ဒါဟာ ပထဝီ နိုင်ငံရေးကြောင့်ဖြစ်ပါတယ်။ အံ့အားသင့်စရာ ကောင်းတာကတော့ တရုတ်ရဲ့ တီထွင်နိုင်စွမ်းကတော့ ကြီးမားလှတဲ့ ပထဝီ နိုင်ငံရေး အခြေအနေကို ယှဥ်နိုင်နေပါပြီ။
မူရင်း It’s not just AI. China’s medicines are surprising the world, too, The Economist, Feb 2025
ကိုးကား: ဆေးဆိုင်မှာသွားဝယ်ရင် ဈေးပိုချိုနေတတ်တဲ့ Generic Drugs – Hello Sayarwon

