
“Transiting Pluto Semi sextile Natal Uranus in Capricorn”. ဒီစကားစုက ကိုစတား (Co-Star) လို့ခေါ်တဲ့ ဖုန်းတွေပေါ်မှာ သုံးလို့ရတဲ့ နက္ခတ်ဗေဒင် အက်ပ်ကို တစ်ယောက်ယောက်က ငါအလုပ်ပိုကြိုးစားဖို့ လိုမလားလို့ အင်္ဂလိပ်လို မေးလိုက်တဲ့ အခါနဲ့ ပြန်လာတဲ့ အဖြေပါ။ ဆိုလိုရင်းကတော့ ပလူတိုဂြိုလ်ရဲ့ တည်နေရာက ယူရေးနပ်စ်ဂြိုဟ်ခွင်ထဲကျနေတဲ့အတွက် လမ်းသစ်တွေ ဖောက်ပါ။ မလိုအပ်ဘဲ လုပ်နေကျ အလုပ်တွေပေါ်က မျှော်လင့်ချက်တွေ လျှော့ထားဖို့လိုမယ်။ ကိုယ့်အရည်အချင်းသစ်တွေကို ရဲရဲကြီး ထုတ်သုံးပြီး လမ်းဟောင်းတွေဆီကနေ ခွဲထွက်လိုက်ပါလို့ ဆိုလိုပါတယ်။ မေးတဲ့လူက ဒါကိုအဟုတ်ကြီး မှတ်ပြီး “ဗေဒင်က ဂြိုဟ်တွေ အပြောင်းအလဲရှိလို့ မင်းခိုင်းတာတွေ မလုပ်နိုင်ဘူး လမ်းသစ်တွေ ဖောက်ဖို့ လိုမယ်လို့ ငါလုပ်ချင်တာဘဲ လုပ်မယ်” လို့များ အလုပ်ရှင်ကို ပြန်ပြောမယ်ဆိုရင်တော့…။
ကမ္ဘာတစ်ဝန်း ဗေဒင်မေးကြတဲ့ သူတွေ တစ်စတစ်စ များလာနေပါပီ။ အမေရိကန်လုပ် ကိုစတား (Co-star) ကိုမေးမယ်ဆိုရင် မေးခွန်း ငါးခုအတွက် ၂.၉၉ ဒေါ်လာကျပါလိမ့်မယ်။ လက်ရှိ ကိုစတားကို သုံးနေတဲ့ လူသန်းပေါင်း ၃၀ ကျော်ရှိတယ်ဆိုပါတယ်။ အိန္ဒိယလုပ် အက်ထစရိုတော့ခ် (Astrotalk) ကတော့ ဗေဒင်ဆရာ လေးသောင်းကျော်နဲ့ ဗေဒင်မေးလိုသူ သန်း ၈၀ လောက်ကို ချိတ်ဆက်ပေးနေပါတယ်။ ဗေဒင်နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းများ အတွက် သုံးစွဲငွေဟာ ၂၀၂၁ခုနှစ်မှာ ဒေါ်လာ ၁၂.၈ ဘီလီယံမှ ၂၀၃၁မှာ ဒေါ်လာ ၂၂.၈ ဘီလီယံထိ တိုးလာနိုင်တယ်လို့ အလိုင်းထ် စျေးကွက် သုတေသန (Allied Market Research) လုပ်ငန်းက ခန့်မှန်းထားပါတယ်။
အမေရိကန် နိုင်ငံသားများထဲက ၇၀% က သူတို့ဟာ ဗေဒင်ကို နည်းနည်း (သို့မဟုတ်) တော်တော့်ကို ယုံကြတယ်လို့ ဆိုပါတယ်။ ဒီ စစ်တမ်းကို ၂၀၂၄ခုနှစ်မှာ ဟဲရစ် ပိုးလ် (Harris Poll) သုတေသန လုပ်ငန်းက ကောက်ယူခဲ့ပါတယ်။ ဒီလို ဗေဒင်အပေါ် စိတ်ဝင်စားလာကြတာဟာ စုစည်းမှု ပြိုကွဲလာတဲ့ ဘာသာရေး ကနေ အားကစားခန်း (Gym) တွေ နိုင်ငံရေးတွေဖက်ဆီကို ဘာလုပ်ရင်ကောင်းမလဲလို့ လှည့်လည်ရှာဖွေရင်း ဗေဒင်ဘက် ရောက်လာခဲ့ကြတယ်လို့ စစ်တမ်းက ဆိုပါတယ်။ နောက်တစ်မျိုး ကောက်ချက်ဆွဲတာကတော့ စိတ်ဖိစီးမှုတွေများတဲ့ ဒီဘက်ခေတ်မှာ ထွက်ပေါက်တစ်ခုအဖြစ် ရှာဖွေလာတာကြောင့်လည်း ဆိုပါတယ်။ အမေရိကန် ၆၁% တို့ရဲ့အဆိုအရ ဗေဒင်ဟာ မသေချာ မရေရာဖြစ်နေတဲ့အချိန်မှာ စိတ်သက်သာရ ရစေ တယ်လို့ ဆိုကြပါတယ်။ ကမ္ဘာ့ကပ်ဘေး ကိုဗစ် ကျရောက်ချိန်မှာ ဗေဒင်အပေါ် စိတ်ဝင်စားလာမှု အမြင့်ဆုံး အချိန်ကို ရောက်ခဲ့တယ်လို့လဲ ဆိုပါတယ်။ ၂၀၂၀ခုနှစ် ဒီဇင်လာလထဲမှာ လူအများ ဂူလဲ အွန်လိုင်းမှာ ရှာဖွေကြတဲ့အထဲ “နက္ခတ်ဗေဒ” ဆိုတဲ့ စကားလုံးက ဆယ်နှစ်အတွင်း အများဆုံးလို့ သိရပါတယ်။ အထူးသဖြင့် လူငယ်လူရွယ်များက စိတ်ဝင်စားမှု အရှိဆုံးလို့လည်း ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ရှေ့ဖြစ်ဟောသူများနဲ့ ဗေဒင်ကြည့်သူများကို ချိတ်ဆက်ပေးတဲ့ အင်စတာ အက်စထရိုကို သုံးစွဲသူ ၆၀% က ဂျန်ဇီ (Gen-Z) များ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အများစုက အဆိုပါ ဝန်ဆောင်မှုကိုသုံးကြပြီး များသောအားဖြင့် အချစ်ရေး အိမ်ထောင်ရေး ကိစ္စများကို မေးမြန်းကြတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာတော့ လူငယ်အများစု အကြိုက် စီစီ (Cece) ကို ဒီကိစ္စအတွက် အသုံးပြုကြပါတယ်။
နည်းပညာများ ထွက်ပေါ်လာခြင်းက အယူလွဲမှုများ ပပျောက်စေနိုင်ပါတယ်။ သို့သော် ဗေဒင်မှာတော့ ပိုမိုကျယ်ပြန့်လို့ လာနေပါတယ်။ ၂၀ရာစု အစပိုင်းမှာ သတင်းစာကော်လံများမှာ ၇ ရက်သားသမီး ဟောစာတမ်း ကဏ္ဍ ထည့်ပေးရသလို အင်တာနက် စမတ်ဖုန်းခေတ်မှာလည်း စိတ်ဝင်စားမှု မြင့်တက်နေဆဲပါ။
အခုဆို အေအိုင်ပါလာတော့ ဗေဒင်ဟာ ပိုပြီးလွယ်ကူလာပါပြီ။ အချစ်ရေးနဲ့ ဘဝရှေ့ရေးအတွက် ရှေ့ဖြစ်ဟောဆရာကို လိုက်ရှာနေမယ့် အစား အခုခေတ်မှာ မွေး အချိန် ရက် လ နဲ့ မွေးရာဇာတိကို ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ပေးနိုင်မယ့် ခွန်ဒလိဂျီဘီတီ (KhundliGPT) ရှိနေပါပြီ။ ဒီ အေအိုင် အက်ပ်ကို ဂြိုဟ်ခွင်တွေ၊ နက္ခတ်ဗေဒ ဆိုင်ရာ အွန်လိုင်းအချက်အလက်တွေနဲ့ သင်ကြားပေးထားလို့ ဒါတွေကို တွက်ချက်ပြီး မေးခွန်းတွေကို ဟောစတမ်း ထုတ်ပေးနိုင်နေပါပြီ။ ကိုစတား (Co-Star) ကတော့ နာဆာက ရယူထားတဲ့ အချက်အလက်တွေကို အခြေခံကာ ဗေဒင်ဆရာ စစ်စစ်တွေက ဗေဒင်ကြည့်လိုသူတွေ တစ်ယောက်ချင်းအလိုက် သီးသန့် ဟောချက်များ ထုတ်ပေးပါတယ်။ အေအိုင်နဲ့ ဗေဒင်ဟာ ဆက်စပ်မှု မရှိဘူးလို့ထင်ရပေမယ့်လဲ တကယ်တော့ နှစ်သန်းပေါင်းများစွာကထဲက ချိတ်ဆက်နေခဲ့ကြတယ်လို့ ဆိုပါတယ်။ A Scheme of Heaven စာအုပ် ပြုစုခဲ့သူ နဲ့ အချက်အလက် သုတေသီတစ်ဦးလည်းဖြစ်သူ ဗေဒင် သမိုင်းပညာရှင် အလက်ဇန်းဒါး ဘောက်စ်ဆာ (Alexandar Boxer) က ရှေးက ကြယ်များ ဂြိုဟ်များကို လေ့လာခဲ့ခြင်းစာ ကမ္ဘာ့ပထမဆုံး အချက်အလက်များကို အကြီးကျယ်ဆုံး ဆန်းစစ်မှု တွေလုပ်ခဲ့တာပါလို့ ရှင်းပြပါတယ်။ ဒီဆန်းစစ်မှုမှာ ဂြိုဟ်ခွင်များ ပြောင်းလဲမှုကို အခြေခံပြီး ဟောကိန်းများ တွက်ချက်ခြင်းဟာ ဒီနေ့ခေတ် အေအိုင်အသုံးချပြီး နက္ခတ်နဲ့ပေါင်းစပ်ကာ ဟောကိန်းများ ထုတ်ပေးနေခြင်းပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါဆို စကြဝဠာ တစ်ပတ်လည်တာပဲ မဟုတ်ပါလား။
မူရင်း The astrology boom, The Economist