The Corner

မက္ကဆီကိုက Tesla

Share မယ်

မက္ကဆီကိုက တက်စလာ ကားထုတ်လုပ်ရေး စက်ရုံစီမံကိန်း ရပ်ဆိုင်းတော့မလား

အီလွန်မတ်ဟာ ကြီးကြီးကျယ်ကျယ်တွေ တွေးပြီး အကောင်အထည် ဖော်ရတာကို သဘောကျတယ်။ အင်မတန် ကြီးမား  လှတဲ့ ဒုံးပျံကြီးတွေကစ ဝင်ငွေ အမြောက်အမြား ရနိုင်တဲ့ လုပ်ငန်းကြီးတွေနဲ့ အလုံးအရင်းနဲ့ ဆောင်ရွက် ရတဲ့ လုပ်ငန်းကြီးမျိုး တွေကိုသူတွေးတယ်။ လမ်းလွဲခဲ့တဲ့ ဆိုရှယ် မီဒီယာမှာ ရင်းနှီးမြုပ်နှံမှူ မျိုးတွေလဲ  ရှိခဲ့တယ်။ မက္ကဆီကိုက ဖြစ်ရပ်မှာတော့ ၂ဝ၂၃ ခုနှစ် မတ်လက “ကမ္ဘာပေါ် မှာ အကြီးဆုံး လျှပ်စစ်ဓာတ်အား စက်ရုံကြီး” လို့ကြေညာခဲ့တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုပဲ ဖြစ်ပါတယ်။ တက်စလာ (Tesla) ရဲ့သူဌေးကြီး အီလွန်မတ်က အမေရိကန် ပြည်ထောင်စုနဲ့ နယ်နိမိတ်ချင်း စပ်နေတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ နွယ်ဗိုလေယွန် (Nuevo Leon) မှာ လျှပ်စစ်ကားထုတ်မယ့် ဧရာမ စက်ရုံကြီး (giga-factory) ကို တည်ဆောက်ဖို့ ဒေါ်လာ ၅ ဘီလီယံ အသုံးပြုမယ်လို့  တက်စလာ သူဌေးကြီး အီလွန်မတ်က ဆိုပါတယ်။ giga- factory ဂိုက်ကာစက်ရုံ ဆိုတာက မော်တော်ယာဉ်သုံး ဘက်ထရီတွေ၊ ကားပစ္စည်း အစိတ်အပိုင်းတွေနဲ့ ကိရိယာ တန်ဆာပလာတွေ ကိုပါ ပမာဏ ကြီးမားစွာထုတ်မဲ့ စက်မှုကုန်ထုတ် လုပ်ငန်းကြီးမျိုးကို ခေါ် တာပါ။ ဒီစက်ရုံကြီးဟာ ၂ဝ၂၆ ခုနှစ်မှာ ပြီးစီးဖို့ ရည်မှန်းထားပြီး  အမေရိကန်၊ တရုတ်နဲ့ ဂျာမနီနိုင်ငံက လက်ရှိ သူပိုင်ဆိုင်တဲ့  လျှပ်စစ်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှုမှန် သမျှထက် ပိုမိုထုတ်လုပ်သွား နိုင်မယ်လို့ အီလွန်မတ်က ကြေညာ ထားတာပါ။ ဒါပေမဲ့ အခုလို ကြေညာပြီး နှစ်နှစ် ကျော်ကြာတဲ့ အချိန်အထိ စက်ရုံကြီးက အုတ်မြစ်တောင် မချရသေးပါဘူး။ စိတ်အပြောင်းအလဲ အင်မတန်မြန်တဲ့ မစ္စတာမတ်ရဲ့ စိတ်ပါ ဝင်စားမှု ဘာလို့များ အေးသွားရတာလဲ?။

ကမ္ဘာပေါ်မှာ ကားတွေအများ ဆုံးထုတ်တဲ့ ကုမ္ပဏီကြီးတွေက မက္ကဆီကိုနိုင်ငံမှာ မော်တော်ကား စက်ရုံတွေ တည်ထောင်ထားကြတယ်။ ဒီနိုင်ငံရဲ့ ဆွဲဆောင်မှုတွေထဲမှာ လုပ်အားခ ဈေးပေါတာ၊ ကောင်းကောင်း အခြေခိုင်နေတဲ့ ဖြန့်ချိရေး ကွန်ရက်နဲ့  ၂ဝ၂၄ခုနှစ် အတွင်းမှာ မော်တော်ယာဉ်စီးရေ ၁ ဒသမ ၅ သန်း အထိ ရောင်းချခဲ့ ရလောက်အောင် ကြီးမားတဲ့ ပြည်တွင်း ဈေးကွက်တွေပါဝင်တယ်။ အမေရိကန် ပြည်ထောင်စု နဲ့သာမက တခြားနိုင်ငံပေါင်း ၅ဝကျော်နဲ့ချုပ်ထားတဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ကလည်း ပို့ကုန်တွေ အတွက်အခြေခံကောင်း တစ်ရပ်အဖြစ် ဖန်တီး ပေးတယ်။ ဒီနိုင်ငံမှာ ဘက်ထရီ စွမ်းအင်အတွက် တခြားနိုင်ငံတွေထက် ပိုပြီး အသာစီးရတဲ့ အကျိုးကျေးဇူးတွေရှိ တယ်။ အမေရိကန် ပြည်ရဲ့ငွေကြေး ဖောင်းပွမှု လျှော့ချရေးဥပဒေ (Inflation Reduction Act –IRA) မက္ကဆီကိုလို လွပ်လပ်တဲ့ ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံ တွေအတွက် သူတို့နိုင်ငံရင်းကရတဲ့ ကုန်ကြမ်း ပစ္စည်းတွေနဲ့ လျှပ်စစ်ကား ထုတ်လုပ်မှုအတွက် ထောက်ပံ့ကြေး ကိုရယူဖို့ အခွင့်အရေးရှိတယ်။ မက္ကဆီကို နိုင်ငံဟာ ၂ဝ၂၂ ခုနှစ်မှာ သူ့နိုင်ငံက သဘာဝ သယံဇာတ တွင်းထွက် ပစ္စည်း မှန်သမျှကို ပြည်သူပိုင် လုပ်လိုက်တဲ့ တိုင်အောင် လျှပ်စစ်ကားတွေ အတွက် ဘက်ထရီ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ လစ်သီယမ် တွင်းထွက် ပစ္စည်း အမြောက်အမြား ရှိသေးတယ်။  သို့တိုင်  ဒေါ်နယ်ထရမ့် သမ္မတရွေးကောက်ပွဲ အနိုင်ရရှိတာက အိုင်အာအေကို အန္တရယ် အခြေအနေ မျိုး ဆိုက်စေပြီး မက္ကဆီကို နိုင်ငံက စက်ရုံတွေမှာလျှပ်စစ်ကားတွေ ထုတ်လုပ်နေတဲ့ ဖို့ဒ်နဲ့ ဂျင်နရယ် မော်တော် တို့အပြင် မစ္စတာမတ် ရဲ့ ဂိုင်ကာစက်ရုံ စီမံကိန်းကြီးတွေရဲ့ စီးပွားရေး အလားအလာကောင်း တွေကိုပါ မှေးမှိန် စေခဲ့တယ်။ ကုဋေကြွယ် သူဌေးကြီး အီလွန်မတ်က နဂိုကတည်းက နိုင်ငံရေးဟာ  ခလုတ်ကံသင်း အဟန့်အတား တစ်ခု ဖြစ်တယ်လို့ ဆုံးဖြတ် ထားပြီးသားပါ။ ၂ဝ၂၄ ဇူလိုင်လ အတွင်းက  တက်စလာရဲ့  စီမံကိန်းကြီးကို ခေတ္တဆိုင်ငံ့ ထားမယ်လို့ သူကပြောကြာခဲ့တယ်။ မစ္စတာထရမ့် ရွေးကောက်ပွဲ နိုင်ရင် မက္ကဆီကိုမှာ စက်ရုံ ဆောက်တာဟာ ဘာအဓိပ္ပါယ်မှ မရှိပါဘူး လို့သူကဆိုတယ်။ မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို အမေရိကန်မှာ ပြန်ပြီး ထုတ်လုပ် နိုင်ရေးကို အားပေးတဲ့ လုပ်ရပ်အဖြစ် အမေရိကန် နယ်နိမိတ်ရဲ့ တောင်ဘက်မှာ ထုတ်လုပ်တဲ့ ကားတွေကို အကောက်ခွန် ၁ဝဝ ကနေ ၂ဝဝ ရာခိုင်နှုန်းအထိ ကောက်မယ်။ ဒါတင် မကသေးဘူး တရုတ်မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း လမ်းကြောင်း ပြောင်းအောင် ဟန့်တားသွားမယ်လို့ မစ္စတာထရမ့်က ခြိမ်းခြောက် ထားခဲ့ပြီးတယ်။ တရုတ်ပြည်က လျှပ်စစ်ကားတွေထုတ်တဲ့  BYD နဲ့ တခြား ကားကုမ္ပဏီတွေက မက္ကဆီကိုမှာ စက်ရုံတွေ တည်ထောင်နိုင်ရင် တရုတ် သွင်းကုန်တွေကို အကောက်ခွန် အကြီးအကျယ် ကောက်ခံရပြီး သူတို့ကားတွေကို အမေရိက ပိတ်ပင်ခံရတဲ့ အကျိုးသက်ရောက်မှုကို ရှောင်ရှားနိုင်ဖို့ အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့် ခဲ့ကြတယ်။

အဲဒီ အချိန်ကတည်းက စပြီး မစ္စတာမတ်ဟာ ရွေးကောက်ခံရတဲ့ သမ္မတရဲ့ အင်မတန်ကို ရင်းနှီးတဲ့ မိတ်ရင်းဆွေရင်းကြီး တစ်ဦး ဖြစ်လာ ပါတော့တယ်။ ဒီလိုဖြစ်လာတဲ့တိုင် အခွန်အကောက် ကောက်ရတာ အင်မတန် စိတ်ဇောသန်ပြီး တက်ကြွလှသူ တစ်ဦးဖြစ်တဲ့ မစ္စတာထရမ့်ကို သူ့ရဲ့အစီအစဉ်တွေကိုစွန့် လွတ်ဖို့ ကိုတော့ သူဆွဲဆောင် ဖြားယောင်း နိုင်စွမ်းရှိလိမ့်မယ် မဟုတ်ပါဘူး။ မစ္စတာမတ်က မက္ကဆီကိုမှာ မော်တော်ကား ထုတ်လုပ်ဖို့ကို ဘာကြောင့်အ ရင်စလို မလုပ်တာလဲ ဆိုတဲ့ကိစ္စမှာ တခြားအကြောင်းရင်း တစ်ခုက မဟာဗျူဟာ အပြောင်းအလဲ တစ်ရပ်ကြောင့်ဖြစ်တယ်။ အခုအခါ တက်စလာကုမ္ပဏီဟာ သူ့ အနာဂတ် ရေရှည်အကျိုးစီးပွား အတွက် ဈေးပေါပြီး ဈေးကွက်မှာ အမြောက်အမြားရောင်းချရတဲ့  Model 2  ကားတွေထက် Robotaxis ကို ပိုပြီး အားထားတယ်။ ဒီကားမျိုးတွေကို တစ်နှစ်ကိုစီးရေ တစ်သန်းလောက် ထုတ်နိုင်တဲ့ စွမ်းရည်ရှိ စက်ရုံမျိုးတွေ မလွဲမသွေ ပေါ်လာမှာဖြစ်တယ်။

မက္ကဆီကိုနိုင်ငံက အရာရှိ ကြီးတွေက နောက်ဆုံးမှာ တက်စလာဟာ သူ့ရဲ့ စီမံကိန်းကို ပြန်လည် ဖော်ဆောင် လိမ့်မယ်လို့ မျှော်လင့်ကြတယ်။ မက္ကဆီကို စီးပွားရေးဝန်ကြီး မာဆီလို အက်ဘရက် က အစိုးရက ဘယ်လို အကူအညီပေး ရမလဲဆိုတာကို မေးမြန်းဖို့ မစ္စတာအီလွန်မတ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အလောတကြီး ဆောင်ရွက်နေ တယ်လို့ ပြောကြားလိုက်တယ်။ “မက္ကဆီကိုနိုင်ငံဟာ တက်စလာရဲ့ ရင်းနှီးမြုပ်နှံတွေကို အဆုံးရှုံး မခံနိုင်ပါဘူး” လို့ အတိုင်ပင်ခံပုဂ္ဂိုလ် အန်တိုနီယို အိုကာရန်ဇာက ပြောကြားပြီး ဒီစီမံကိန်းကြီးဟာ နိုင်ငံခြားက တခြား ကုမ္ပဏီတွေကို ဆွဲဆောင်ဖို့ သြဇာတိက္ကမ ကြီးလှတဲ့ နမူနာ ပြကွက်တစ်ခုပဲ ဖြစ်တယ်လို့ဆိုပါတယ်။

မက္ကဆီကိုဟာ ဒီစီမံကိန်း ရနိုင်ဖို့ အကူအညီအားလုံး လိုအပ်ပါတယ်။ မစ္စတာထရမ့်ဟာ သူ့ရဲ့ ပထမ တစ်ကြိမ် သမ္မတ သက်တမ်းတုန်းက တရုတ်ပြည်နဲ့ ကုန်သွယ်ရေးစစ်ပွဲ စတင်လိုက်ပြီး ကတည်းက ကားထုတ်လုပ်တဲ့ သူတွေလက်လှမ်း မမီတဲ့ တခြားနေရာကို သူရှာဖွေ ပြီးသားပါ။ သို့တိုင် အဲဒီနေရာဟာ ရေ၊ စွမ်းအင်နဲ့ ကျွမ်းကျင်တဲ့ လုပ်သားအင်အားတွေ ရှားပါးတယ်ဆိုတဲ့ စိန်ခေါ်မှုတွေ ကတော့ရှိတယ်။ မစ္စတာမတ် စိတ်ပြောင်း သွားတဲ့ အချက်တစ်ချက် တော့ရှိတယ်။ ဒီအခြေခံ ပြဿနာတွေကို ဖြေရှင်း ဖို့မအောင်မြင်တာက မက္ကဆီကို နိုင်ငံဟာ မစ္စတာထရမ့်ရဲ့ လေးနှစ်တာာ သက်တမ်းရှည်ကြီး အတွင်း အားကောင်းတဲ့ ရုတ်တရက် စိတ်အပြောင်းအလဲ လိုအင်ဆန္ဒ အပြောင်းအလဲ တစ်ရပ်နဲ့ ဆုံတွေ့ဖို့ကိုပဲ ပိုပြီး ငံ့လင့် ရမယ့် အခြေအနေပဲ ရှိပါ တော့တယ်။

Ref: The Economist, January 18 ,2025.

Leave a Comment

Your email address will not be published. Required fields are marked *