The Corner

The Corner

cropped-Logo_round_grey-background.png

ထရမ့်နေးဒိုး

Share မယ်

သင်္ဘောပဲ့ထိန်းတစ်ယောက်ဟာ မုန်တိုင်းထန် လှိုင်းလေကြီးချိန် တက်မ ကျိုးသွားလို့ ဘာမှ ဆက်လုပ်လို့မရတော့တဲ့ အချိန်မှာ မုန်တိုင်းမြန်မြန်စဲသွားဖို့နဲ့ ကမ်းကို အန္တရာယ်ကင်းကင်း ရောက်နိုင်ဖို့ ဆုတောင်းရုံကလွဲလို့ အခြားလုပ်စရာ သိပ်မရှိတော့ပါဘူး။ အတူတူပါပဲ ဒီမိုကရေစီဟာ နိုင်ငံရေး မုန်တိုင်းထန်ထန်ထဲမှာ ရောက်မိနေပြီဆိုရင် တည်ငြိမ်အေးဆေးမှုဆီကို ပြန်လည်ရောက်ရှိဖို့ လမ်းသစ်တွေ ဖောက်ဖို့ အလုပ်လုပ်ကြရမှာဖြစ်တယ်။  

စီးပွားရေး ကလည်း အဆင်မပြေ၊ မဲပေးသူပြည်သူများကလည်း ခေါင်းဆောင်တွေကို စိတ်တိုင်းမကျမချင်း ဆန္ဒမဲတွေနဲ့ ပြောင်းပစ်၊ မနီးမဝေးမှာ ဖြစ်နေတဲ့ စစ်ပွဲကြောင့် တည်ငြိမ်မှုမရတာ သုံးနှစ်တောင် ရှိပါရော့လား…။ ဒီကြားထဲ နောက်ထပ် စိုးရိမ်ကြောင့်ကြစရာ အကြီးကြီးတခုက လာနေသေးတယ်။ ထရမ့်နေးဒိုး လို့ခေါ်တဲ့ မုန်တိုင်းကြီးတခုဟာ ခနော်နီ ခနော်နဲ့ ပျက်လုလုသင်္ဘောဆီ ဦးတည်လာနေပါပီ။ အားလုံးကြိုးစားပြီးတော့ အပျက်အစီး နည်းနိုင်သမျှ နည်းအောင် ကာကွယ်ကြရပါလိမ့်မယ်။ သို့ပေမယ်လည်း အစဥ်အလာကြီးခဲ့တဲ့ ဥရောပ သင်္ဘောကြီး ကတော့ တည်ငြိမ်အောင် မနည်းကြိုးစား ကြရပါလိမ့်မယ်။ 

ပဲ့ထိန်းတစ်ယောက်ဟာ မသွားဖူးတဲ့ ပင်လယ်ရေလမ်းခရီးကို သွားရဖို့ စိုးရိမ်ကြောင့်ကြစိတ် အတော်ပဲများပါလိမ့်မယ်။ ဒါပေမဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ဒေါ်နယ်ထရမ့်  အမေရိကန်သမ္မတဖြစ်လာချိန် ဥရောပအနေနဲ့ မုန်တိုင်းထန် လှိုင်းလေကြီးတဲ့ ပင်လယ်ပြင်နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးပါတယ်။ မျိုးချစ် အမေရိကန် ဦးစားပေး သမ္မတကြီးက အနောက်ဘက်ခြမ်းမှာ ဆက်ဆံရေးနဲ့ အတ္တလန္တစ် မဟာမိတ်များ ကိစ္စများပေါ်မှာ ထိခိုက်ရှနာအောင် လုပ်လာနိုင်ပါတယ်။ ၂၀၁၇ တုန်းကတော့ ဥရောပ ဟာ သွားရာလမ်းကြောင်းက မသွေဖည် ခဲ့ပါဘူး။  ထရမ့်ရဲ့ ပထမသက်တမ်းကာလမှာ ဥရောပအတွက် သိပ်မဆိုးဘူးလို့ ပြောရမှာပါ။ ဂျာမနီရဲ့ မယိုင်းမယိုင် ကျောက်တိုင်ကြီး ဖြစ်ခဲ့တဲ့ အဓိပတိ အန်ဂျလာမာကယ်လ် ရဲ့  တည်တည်ငြိမ်ငြိမ် ဦးဆောင်မှုနဲ့ သူ့နိုင်ငံစီးပွားရေးကို ဥရောပဇုန် အခက်အခဲ လှိုင်းထန်စဥ် ကာလကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။  ဒါတောင်မှ မနည်း ရုန်းကန်ကြခဲ့ရတာပါ။ ၂၀၁၉ မှာ ပြင်သစ်သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဥရောပဟာ ချောက်ကမ်းပါးတစ်ခုနား ယိုင်ထိုးယိုင်ထိုးနဲ့ လမ်းလျှောက်နေတဲ့ သူလိုဖြစ်နေပြီး နေတိုးဟာလည်း အရုပ်သာသာပဲ ရှိတော့တယ် လို့ အီကောနောမစ် မဂ္ဂဇင်းကြီးကို ပြောခဲ့ဖူးပါတယ်။ 

ထရမ့် ဒုတိယအကြိမ် ပြန်အလာကို ဥရောပဟာ ဒီထက်မက ဆိုးရွားတဲ့ အခြေအနေနဲ့ စောင့်နေ ပါတယ်။ နိုင်ငံရေး ရှုပ်ထွေးမှုတွေဆိုတာ သူတို့ရဲ့ အဆိုးဆုံးနှစ်များပေ့ါ။ ဖေဖော်ဝါရီ ၂၃ ရက်မှာ ကျင်းပမယ့် ဂျာမနီ ရွေးကောက်ပွဲမှာ လက်ရှိခေါင်းဆောင် အိုလော့ဖ် ရှော့ဇ် ရှုံးနိုင်ခြေ များပါတယ်။ ဒါပေမဲ့ အစိုးရသစ်ဟာ ဧပြီလကုန်အထိ အလုပ်တွေ စ နိုင်သေးမှာ မဟုတ်ပါဘူး။ မှတ်မိသလောက်ဆိုရင် ပြင်သစ်လည်း နိုင်ငံရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်ပါ။ ဖရန်ဆွာ ဘေရော့ ဦးဆောင်တဲ့ အစိုးရအသစ်ဟာ သူ့အရင်က သုံးလသာခံခဲ့တဲ့ အစိုးရထက် ခပ်ကြာကြာ နေနိုင်ဖို့ ကြိုးစားရဦးမှာပါ။ ဒါကလည်း မုန်တိုင်းထန်ထန်ထဲက လှိုင်းလုံးတစ်လုံးပါပဲ။ နောက်ထပ် ဥရောပရဲ့  ‘ကြီး’ တစ်ခုဖြစ်တဲ့ ပိုလန်မှာတော့ သမ္မတ ရွေးကောက်ပွဲကို မေလအတွင်း ကျင်းပဖို့ ရှိနေပါတယ်။ နိုင်ခြေနည်းပေမယ့် ဒေါ်နယ်နဲ့ ပလဲနံပသင့်သူ လစ်ဘရယ်အားသာ သူသာ ဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုရင်တော့ နောက်လာမယ့် နှစ်တော်တော်များများ တုံ့ဆိုင်းသွားဖို့ ရှိပါတယ်။ ဘယ်လ်ဂျီယံမှာတော့ ရွေးကောက်ပွဲပြီးလို့ ရက်ပေါင်း ၂၀၀ ကျော်လာသည့်တိုင် အစိုးရမဖွဲ့နိုင် သေးဘဲ တွန်းဟယ်ထိုးဟယ် ဖြစ်နေဆဲပါ။

စိတ်ချလက်ချရှိနိုင်ဖို့ ကောင်းတဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ခုတစ်လေမှ မတွေ့ရသေး ပါဘူး။ ဩစထရီးယားက ဟားဘတ် ကဲလ်နဲ့ ဟန်ဂေရီက ဗစ်က်တာ အော်ဘန်တို့လို လက်ယာ ယိမ်း ခေါင်းဆောင်များကတော့ ဥရောပယူနီယံကို မွှေနှောက်ဖို့ ကြံစည်နေပုံရပါတယ်။ သူတို့ကို ထရမ့်နဲ့ သူ့လက်ရုံး အီလွန်မက်စ်တို့က လွန်လွန်ကဲကဲ ထောက်ခံမှုတွေ ပေးထားပါတယ်။ ဒီလို မျိုးချစ် ဥရောပက နိုင်ငံရေးသမား လက်တစ်ဆုပ်စာကို ဝါရှင်တန် သမ္မတ ကျမ်းကျိန်ပွဲကို ဖိတ်ကြားထားတာက သက်သေပါပဲ။ မကြာခင်ကာလတွေကို  ပြန်ကြည့်မယ်ဆိုရင် ခုချိန်ထိ တည်တည်တန့်တန့် ရပ်တည်နေလျက်ရှိတဲ့ ဗဟိုချက်မတစ်ခုဖြစ်တဲ့ ဘရပ်ဆဲလ်က ဥရောပယူနီယံ အီးယူ အဖွဲ့ကြီးကို လက်ညှိုးထိုးပြရပါလိမ့်မယ်။ ဒါပေမဲ့လည်း ထရမ့်က ဒီလို ဥရောပက နိုင်ငံပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးကို သိပ်ကြည့်လို့မရပါဘူး။ ပိုဆိုးတာက ဥရောပ ကော်မရှင်ရဲ့ ခေါင်းဆောင်ဖြစ်သူ အာဆူလာ ဗွန်ဒါ လီယန်တစ်ယောက် အဆုတ်ရောင် ရောဂါဖြစ်ပြီး သိုသိုသိပ်သိပ် လုပ်ထားတဲ့ ဆေးရုံကနေ စီမံအုပ်ချုပ်နေတယ်ဆိုတဲ့ အချက်ပါ။ 

ဒီအချိန်က ဥရောပအတွက် နိုင်ငံခြားရေးရာ အရှုပ်အထွေးတွေကို ကိုင်တွယ်ဖို့ အချိန်ကောင်း တစ်ခုမဟုတ်တာတော့ သေချာပါတယ်။ ခုတောင်မှ ပထဝီနိုင်ငံရေး ကိစ္စ သုံးခုကို တစ်ပြိုင်နက် ရင်ဆိုင်နေရတာပါ။ ခြိမ်းခြောက်မှုအကြီးဆုံးကတော့ ရုရှားအရေးပါ။ ရုရှားအရေး ပတ်သက်တယ်ဆိုတဲ့ နေရာမှာ ယူကရိန်းကိစ္စအပြင် ဘောလ်တစ်ပင်လယ်အတွင်း မကြာသေး ခင်က အင်တာနက် နဲ့ ပါဝါလိုင်းတွေ ဖြတ်တောက်ခံခဲ့ရတဲ့ ကိစ္စ တွေလည်း ပါဝင်ပါတယ်။ တရုတ်နဲ့ ဥရောပကြား အခြေအနေကလည်း ကုန်သွယ်ရေး စစ်ပွဲတစ်ခုဆီရောက်ဖို့ သီသီပဲလိုပါတော့တယ်။  တရုတ်က ရုရှားအပေါ် ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ထောက်ခံနေမှုကိုလဲ ဥရောပကလည်း မကြိုက်ပါဘူး။ ထရမ့်ကတော့ သူ့ဘာသာသူပဲ ကုန်သွယ်ရေး စစ်ပွဲကို စတင်လိုက်ပြီး နေတိုး အတွက် ကာကွယ်ရေးရန်ပုံငွေ ပိုထည့်ကြဖို့ ခြိမ်းခြောက် နေတာပါ။ ဒါ့အပြင် ဂရင်းလန်ကျွန်းကိုပါ မျက်စိကျနေလို့ ဥရောပအတွက် အခက် ဖြစ်နေပါတယ်။ သမ္မတထံ နားပေါက်တဲ့ နည်းပညာ ကုမ္ပဏီကြီးများအနေနဲ့ကလည်း ထရမ့်ကတစ်ဆင့် ဥရောပရဲ့ လူမှုကွန်ရက်နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ဖြေလျှော့ဖို့ လမ်းကြောင်းပေးနေ ပါတယ်။ ခုလောလောဆယ် ဥရောပ တစ်ဝန်း အခြေအနေကတော့ သာသာယာယာ မရှိလှပါဘူး။ ဥရောပ ကောင်စီက ကမကထလုပ်ပြီး ကျွမ်းကျင်သူများ ဦးဆောင်ကာ နိုင်ငံ ၂၄ နိုင်ငံ ပါဝင်တဲ့ စစ်တမ်းတစ်ခု လုပ်ခဲ့ပါတယ်။ ဒီစစ်တမ်း အရ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အိန္ဒိယ၊ ရုရှား အစရှိတဲ့ နိုင်ငံတော်တော်များများက သမ္မတ ထရမ့် ပြန်လာတာ ကောင်းတယ်လို့ မြင်ကြပေမယ့် ဥရောပဘက်ကိုတော့ အထိတ်တလန့် ဖြစ်စေခဲ့တယ် လို့ဆိုပါတယ်။

ဥရောပ ခေါင်းဆောင်များ အနေနဲ့ အားလုံး ဘုံသဘောတူ လမ်းသစ်တစ်ခုဖောက်ဖို့ လိုမယ်ဆိုတာ နားလည်ကြပေမယ့် ဒီဘုံသဘောတူညီချက်က ဘာလဲ ဆိုတာတော့ ခုချိန်ထိ မသိကြသေးပါဘူး။ မာခရွန်အဆိုကတော့ ဥရောပဟာ အမေရိကန် အထောက်အပံ့မပါဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ ကိုယ်ပိုင် နည်းဗျူဟာ ချမှတ်နိုင်ရေးဟာ အရေးတကြီး လုပ်ရမှာလို့ ဆိုပါတယ်။  ဥပမာ ဥရောပနိုင်ငံများ အတွက်ကိုယ်ပိုင် စစ်ယန္တရားတစ်ခု တည်ထောင်တာမျိုး ကို ဆိုလိုတာပါ။ ဥရောပအလယ်ပိုင်းဘက်ကတော့ ဒီကိစ္စဟာ စိတ်ကူးယဉ်သတ်သတ်ပဲလို့ ယူဆပါတယ်။ သူတို့အမြင်က ရှေ့မြင်နိုင်တဲ့ ကာလတစ်ခုအထိ အာမခံနိုင်တဲ့ ဥရောပကို ကာကွယ်နိုင်ရေးဟာ အမေရိကန်ရဲ့ အကူအညီမပါဘဲ မရနိုင်ဘူးလို့ ခံယူထားသူများပါ။ မာဂါ (MAGA – Make American great again) လို့လူသိများတဲ့ အမေရိကန် အုပ်စုကို ကျေနပ်အောင် အမေရိကန်လုပ် ဂျက်လေယာဉ်တွေ၊ ဒုံးကျည်တွေ ဝယ်ယူအားပေး လိုက်ခြင်းအားဖြင့် ထရမ့်ကို ဥရောပဟာ အမေရိကန်အတွက် မဟာမိတ်ကောင်းတစ်ယောက် ဆိုတာ သက်သေပြဖို့ လိုပါလိမ့်မယ်။  

ရှေ့ကိုကြည့်လိုက်ရင်တော့ မှုန်ဝါးဝါးပါပဲ။ ဒါဆို မျှော်လင့်ချက်ရှိပါသေးလား။ ရွေးကောက်ပွဲ ကာလတုန်းက အထပ်ထပ် ကတိပေးခဲ့သလို ယူကရိန်းစစ်ပွဲကို ၂၄နာရီအတွင်း ရပ်သွားအောင် ထရမ့်နဲ့ သူ့လူများ လုပ်နိုင်မလား။ ဒါမှမဟုတ် လက်လျှော့ထားလိုက်ပြီလား။ (အခုနောက်ဆုံးတော့ မရပ်ရပ်အောင် ကြိုးစာနေပါတယ် – ဘာသာပြန်သူ) တတ်သုတ်ရိုက်ပြီး စစ်ပွဲကို မရပ်ရပ်အောင် လုပ်မယ်ဆိုရင်လည်း ရုရှားကို အလေးသာစေပြီး စစ်ရေးအရ အလေးသာသွားစေမှာ ဖြစ်ပါတယ်။ ထရမ့်အနေနဲ့ကတော့ နှစ်ဖက်စလုံးကို ဖိအားပေးပြီး စစ်ပြေငြိမ်းဖို့ မြန်မြန် တိုက်တွန်းမှာပါ။ ဒါပေမဲ့ ရက် ၁၀၀ ဒါမှမဟုတ် ခြောက် လအတွင်း ဘယ်သူရှုံးသွားမလဲဆိုတာ ပေါ်လာမှာပါ။ ဥရောပ မိတ်ဆွေများအနေနဲ့ ထရမ့်ကို ယူကရိန်းအား  မြန်မြန်ဆန်ဆန်လက် မလွှတ်လိုက်ဖို့ အာဖဂန်နီစ္စတန် ဥပမာပေးပြီး တိုက်တွန်းလိမ့်မယ်လို့ ထင်ရပါတယ်။ ဂျိုးဘိုင်ဒင်လက်ထက်မှာ အာဖဂန်နီစ္စတန်ကနေ ကသုတ်ကရက် ဆုတ်ခွာခဲ့လို့ ကမ္ဘာမှာ အမေရိကန်ရဲ့ အရေးပါမှု အခွင့်အရေး တစ်ခု ဆုံးရှုံးခဲ့ဖူးပါတယ်။ 

ထရမ့်အခုတစ်ကြိမ်ပြန်ရောက်လာခြင်းဟာ ဥရောပအတွက် လမ်းဟောင်းကို ပြန်သွားရ ကိန်းမြင်ပါတယ်။  ဖေဖော်ဝါရီလထဲမှာ ဥရောပ ခေါင်းဆောင် ၂၇ ယောက်တို့ ကာကွယ်ရေး ခေါင်းစဥ်ကို အလွတ်သဘော ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီအုပ်စုဟာ ဥရောပအတွက် နောက်ကျနေပြီဖြစ်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်တယ်ဆိုတာ သဘောတူထားကြတာပါ။ ဒီအုပ်စုကို ထရမ့်နေဒိုးက အနည်းနဲ့အများ သက်ရောက်စေဦးမှာပါ။ ပိုနေမြဲ ကျားနေမြဲလား ခြိမ်းခြောက်မှု သက်သက်ပဲလား။ ဘယ်လိုပဲဖြစ်ဖြစ် ဥရောပမှာ ရွေးချယ်စရာ သိပ်မရှိပါဘူး… လက်လျော့လိုက်မလား – ဆက်လွတ်မြောက်ဖို့ ကူးသွားမလား။

မူရင်း Lost at sea, The Economist

Click to rate this post!
[Total: 0 Average: 0]