The Corner

အေအိုင်အတွက် အကဲဆတ်မယ့် ၂၀၂၅ 

Share မယ်

သည် အီကောနောမစ် စီးပွားရေး ဆိုင်ရာ အယ်ဒီတာ၏ ဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုသည်။ 

၂၀၂၅ဟာ အေအိုင်အတွက် စီးပွားရေးလုပ်ငန်းများအတွက် အကြီးဆုံး အလောင်းအစားတစ်ခု ဖြစ်လာနိုင်ပါလိမ့်မယ်။ ဒီကနေ့ အေအိုင်ခေါ် ဉာဏ်ရည်တု အပေါ် ရူးသွပ်ခြင်းဟာ ၂၀၂၂ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းလောက်က ပေါ်လာတဲ့ ချက်ဂျီဘီတီ က စတင်ခဲ့တာပါ။ အိုးပင်း အေအိုင် (OpenAI) က စလိုက်တဲ့ စကားပြောစက်ရုပ်တု (Chatbot)ဟာ တပတ်အတွင်း အသုံးပြုသူ သန်းတစ်ရာကျော်ထိ ရောက်သွားတဲ့ စံချိန်ဟာ သမိုင်းတလျှောက် ဘယ်ကုန်ပစ္စည်း ကမှ သူ့လောက်စံချိန်တင် သဲသဲလှုပ် မြန်မြန်ဆန်ဆန် ရောင်းရတာမျိုး မရှိခဲ့ပါဘူး။ အဲဒီမှာ ရင်းနှီးမြှုပ်နှံသူတွေ ပုံအောကြပါတော့တယ်။ အေအိုင်အတွက် သတင်းအချက်အလက်တွေ သိုလှောင်ဖို့အတွက်ချည်းပဲ သုံးဖို့ကို ၂၀၂၄ ကနေ ၂၀၂၇ – သုံးနှစ်တာအတွင်း ဒေါ်လာ ၁.၄ ထရီလီယံ သုံးကြမယ်လို့ ခန့်မှန်းကြပါတယ်။ အေအိုင်အတွက် ချစ်ပ်ပြားတွေ ထုတ်လုပ်တဲ့ အန်ဗီးဒီးယား (Nvidia) ဆိုတဲ့ ကုမ္ပဏီကြီးရဲ့ စျေးကွက်ကြီးက ရှစ်ဆ လောက်ကြီးထွားလာပြီး စတော့စျေးကွက်မှာတန်ဖိုးအားဖြင့် ဒေါ်လာ သုံးထရီလီယံ လောက် ဖြစ်နေပါပြီ။ 

သို့သော်လည်း ကုမ္ပဏီ တော်တော်များများကတော့ ဒီနည်းပညာကနေ ဘာတွေလုပ်ပေး နိုင်မလဲ ဘယ်လိုအကျိုးအမြတ်တွေ ရလာနိုင်မလဲ ဆိုတာ စေ့ငုနေကြတုန်းပဲ ရှိနေပါသေးတယ်။ စီးပွားရေးတစ်ခွင် ကြည့်လိုက်မယ်ဆိုရင် ၅ ရာခိုင်နှုန်းသော အမေရိကန်ရဲ့ လုပ်ငန်းများသာပဲ အေအိုင်ကို သူတို့ ထုတ်ကုန် ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေမှာ အသုံးချနိုင်သေးတယ်လို့ ဆိုပါတယ်။ နောက် စွမ်းအင်နဲ့ အချက်အလက် လိုအပ်မှုတွေက အေအိုင် ဆက်လက်ထွန်းကားဖို့ အဟန့်အတားရှိနေတဲ့အတွက် လောလောဆယ်မှာတော့ စိတ်ပျက်ဖွယ်အတိနဲ့ပါ။ ငွေစိုက်ထုတ်မယ့် သူများနဲ့ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု ကွာဟချက်ကတော့ ကြီးမားနေဆဲပါ။ ဒါဟာ ဘာကိုပြလဲဆိုရင် ၂၀၂၅ ဟာ ပိုမိုကျပ်တည်းလာမည့် သဘောဆောင်ပါတယ်။ ငွေစိုက်ထုတ် ရင်းနှီးမြှုပ်နှံမယ့်သူတွေ စိတ်ကုန်မသွားခင် အေအိုင်ဟာ တကယ် ထိရောက်ပြီး အကျိုးပြုနိုင်လာမယ့် နည်းပညာဖြစ်ဖို့ ကြိုးစားနေကြမယ် ဆိုတာတော့ သေချာပါတယ်။ 

၂၀၂၅မှာ (AI) အေအိုင်ပြိုင်ပွဲဟာ ပုံစံအမျိုးမျိုးနဲ့ မြင်ကြရဦးမယ်။

တီထွင်ထားတဲ့ နည်းပညာအသစ်က စတင်ရုံပဲ ရှိပါသေးတယ်။ လိုအပ်ချက်မျိုးစုံက ထိုးထွက်လာတဲ့ နည်းပညာအသစ်ကို ရှေ့မဆက်နိုင်အောင် ပိတ်ထားသလိုပါပဲ။ စကားပြော စက်ရုပ်တုကို နယ်ပယ်စုံ အတွက် မေးလာတာတွေပြန်ပြောနိုင်ဖို့ လေ့ကျင့် သင်ကြားဖို့အတွက် စွမ်းအင်အများကြီး ကုန်ပါတယ်။ ဂျီဘီတီကို အဆင့် ၄ အထိ မြှင့်တင်ဖို့ စွမ်းအင်လိုအပ်ချက်ဟာ အမေရိကန်က အိမ်ခြေပေါင်း ၅ထောင်လောက် တစ်နှစ် လောက်မီးပေးနိုင်ပါတယ်။ သူ့အရင် အဆင့် ၃ အတွက်ဆိုရင် အိမ်ခြေပေါင်း ၁၀၀လောက်ကို မီးအားပေးနိုင်မယ့် စွမ်းအင်လောက်ပဲ သုံးခဲ့ရတယ်။ ပိုမို အင်အားကောင်းကောင်း စွမ်းဆောင်ရည်ကောင်းလာမယ့် အသစ်အသစ် မော်ဒယ်တွေလုပ်လာနိုင်ဖို့ ငွေကြေး တောင့်တင်းဖို့ လိုလာပါမယ်။ တချို့ မှန်းဆချက်တွေအရဆိုရင် နောက်အဆင့်တစ်ခုကို တက်ဖို့ဆိုရင် ဒေါ်လာ တစ် ဘီလီယံ လောက် သုံးစွဲဖို့ လိုပါလိမ့်မယ်။ ပိုမိုအင်အားကောင်းတဲ့ မော်ဒယ်အသစ်တွေအတွက် ငွေကြေးအကုန်အကျ ပိုများလာမယ်။ တစ်ချိန်တည်းမှာပဲ လေ့ကျင့်သင်ကြားဖို့အတွက် အချက်အလက်တွေ ရှားပါးလာနိုင်မယ့် အရေးကလည်း ရှိနေပါသေးတယ်။ လေ့လာချက် တခုအရဆိုရင် နောင်လာမယ့် ၂၀၂၈မှာ အင်တာနက်ကနေ ရနိုင်မယ့် အဆင့်မြင့် အချက်အလက်တွေ ကုန်သွားနိုင်တယ်လို့ ဆိုပါတယ်။ 

ကမ္ဘာ့ပေါ်က ကုမ္ပဏီ တော်တော်များများဟာ ဒီပြဿနာကို ဖြေရှင်းဖို့ ကသုတ်ကရက် ကြိုးစားကြနေဆဲပါ။ စွမ်းအင်လိုအပ်ချက် နည်းမယ့်၊ သက်သာမယ့် အထူးပြုလုပ်ထားတဲ့ ချစ်ပ်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေသလို တချို့ကတွေကလည်း အဆင့်မြင့် အချက်အလက် အသစ်တွေကို ကျောင်းသုံးစာအုပ်တွေ အပြင် ဖန်တီးယူထားတဲ့ အချက်အလက်တွေ (Synthetic Data) ကတစ်ဆင့် ရယူ သင်ကြားဖို့ ကြိုးစားနေကြပါတယ်။ နည်းပညာပိုင်းမှာ အနည်းငယ်တိုးတက်မှုတွေကနေ ဒါမှမဟုတ် နောက်ထပ် ပေါချောင်ကောင်း နည်းလမ်းအသစ်တခု ရှာဖွေတွေ့ရှိနိုင်မှာလားဆိုတာကတော့ သဲသဲကွဲကွဲ မမြင်နိုင်သေးပါဘူး။ ငွေကြေး ရင်းနှီးမြှုတ်နှံမယ့် သူတွေကတော့ အိုးပင်းအေအိုင်လို ထိပ်တန်းကုမ္ပဏီကြီးကို ပုံအောနေကြပါတယ်။ တကယ်တော့ အိုးပင်းအေအိုင်ရဲ့ အကောင်းဆုံး မော်ဒယ်တွေရဲ့ စွမ်းဆောင်ချက်တွေ လုပ်ဆောင်ချက်တွေဟာ ဂူဂဲလ် (Google) တို့ အင်သရောပစ် (Anthropic) တို့ထက် ထူးခြားကောင်းမွန်တာမျိုးတော့ မရှိလှပါဘူး။ သူ့တို့နောက်နားမှာ ကပ်လိုက်နေတာက ဖေ့စ်ဘုတ်ရဲ့ မက်တာ (Meta)၊ မစ်စထရယ် (Mistral) နဲ့ အိက်စ်အေအိုင် (xAI) တို့ပဲ ဖြစ်ကြပါတယ်။

အေအိုင်ကို အသုံးပြုနေကြတဲ့ လူတွေအတွက်ကျတော့ရော… တစ်ဦးချင်း အသုံးပြုနေသူတွေအတွက်ရော လုပ်ငန်းရှင်တွေအတွက်ပါ အေအိုင်ကို ကောင်းကောင်း အသုံးချနိုင်ဖို့ ကြိုးပမ်း နေရတုန်းပါပဲ။ ဒီအတွက် အချိန်လိုပါလိမ့်မယ်၊ ငွေကြေး တချို့ ရင်းနှီးမြှပ်နှံရမယ်၊ လုပ်ငန်းစဥ် လုပ်ထုံးလုပ်နည်းတွေကို အေအိုင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြန်ဆွဲရမယ်၊ ပြီးရင်တော့ အသုံးချဖို့ သင်တန်းတွေ ပြန်ပေးရမှာပေ့ါ။ တချို့ လုပ်ငန်းတွေက တချို့တွေထက် အေအိုင်မှာ ရှေ့ရောက်နေကြပြီ သတင်းအချက်အလက်ဆိုင်ရာ လုပ်ငန်းများရဲ့ ငါးပုံတစ်ပုံက အေအိုင်ကို စပြီး သုံးနေကြပီလို့ ဆိုပါတယ်။ အေအိုင်နည်းပညာက စွမ်းဆောင်ရည်ပိုမြင့်လာပြီး ၂၀၂၅ ခုနှစ်မှာ ဖြစ်လာနိုင်မယ်လို့ ထင်ကြေးပေးထားသလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချပေးနိုင်၊ ပိုရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းလာနိုင်မယ့် စနစ်တစ်ခုကို ဖန်တီးပေးနိုင်မယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် အသုံးချ နိုင်လာမှာပါ။ 

နောက်တစ်ခုက အလေ့အကျင့် နဲ့ဆိုင်ပါတယ်။ တချို့ လုပ်ငန်းတွေက အေအိုင်ကို တကယ်တမ်း လုပ်ငန်းခွင်တွေမှာ အသုံးပြုနေကြပြီလို့ စာရင်းဇယားတွေမှာ ပြောနေကြပေမယ့် အမေရိကန်က ဝန်ထမ်း သုံးပုံတစ်ပုံရဲ့ အဆိုအရကတော့ အေအိုင်ကို တစ်ပတ်ကို တခါလောက်သာ သုံးဖြစ်ကြောင်းပြောကြပါတယ်။ တချို့ လုပ်ငန်းဆောင်တာတွေမှာ တော့ ဒီထက်များနိုင်ပါတယ်။ စစ်တမ်းတစ်ခုအရ အမေရိကန်က ဆော့ဖ်ဝဲ အင်ဂျင်နီယာ ၇၈ ရာခိုင်နှုန်းက သီတင်းပတ်တိုင်း အေအိုင်ကို သုံးဖြစ်ကြပါတယ်။ ဒါဟာ ၂၀၂၃ မှာရှိခဲ့တဲ့ ၄၀ ရာခိုင်နှုန်းထက်စာရင် ပိုများလာတာပါ။ ဝန်ထမ်းရေးရာ အပိုင်းမှာတော့ ၇၅ ရာခိုင်နှုန်းထိ တိုးသုံးလာကြပြီး ၂၀၂၃ ခုနှစ်မှာ ၃၅ ရာခိုင်နှုန်းပဲ ရှိခဲ့တာပါ။ အိုးပင်းအေအိုင်က သူတို့ရဲ့ ရောင်းရငွေ ၇၅ ရာခိုင်နှုန်းက တစ်ဦးချင်း ဝယ်ယူသုံးစွဲသူတွေဆီကို ရောင်းရတာ ဖြစ်ပြီး ကျန်ငွေတွေက ကော်ပိုရိတ် လုပ်ငန်းကြီးတွေ ဆီက လာတာလို့ ဆိုပါတယ်။   

ဒါတွေဟာ ဘာကိုပြနေသလဲဆိုတော့ အေအိုင်အသုံးပြုမှုဟာ ခုချိန်ထိ လျှို့လျှို့ဝှက်ဝှက် ရှိနေဆဲပါ။ ဒါတောင်မှ ဝန်ထမ်းတွေဟာ စာတွေကို ချောအောင်ပြန်ရေးသားခိုင်းတာ သို့မဟုတ် အစီရင်ခံစာတွေ ထုတ်ခိုင်းတာမျိုးလောက်မှာပဲ ရှိနေသေးတာပါ။ ဝန်ထမ်းတွေဘက်ကလည်း အေအိုင်သုံးပြီး အလုပ်တွေ ပိုမြန်မြန်ဆန်ဆန် လုပ်နိုင်လာမယ်ဆိုရင် အထက်လူကြီးတွေက အလုပ်တွေပိုခိုင်းလာမှာ လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းလို့ရတယ်ဆိုတယ့် အမြင်တွေ ရသွားပြီး ဝန်ထမ်းတွေ လျှေ့ာပစ်မှာကို စိုးရိမ်နေကြပါတယ်။ ဒါဟာ အေအိုင်ကို ထိထိရောက်ရောက် အသုံးပြုဖို့ နည်းပညာအခက်အခဲ တစ်ခုထက် အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှု တစ်ရပ် ဖြစ်လာလို့ပါပဲ။ တကယ်တမ်း နည်းပညာတစ်ရပ်အဖြစ် အေအိုင်ကို ဖော်ထုတ်သုံးစွဲမယ်ဆိုရင် မန်နေဂျာများ အနေနဲ့ လျှို့လျှို့ဝှက်ဝှက် လုပ်နေမယ့်အစား ပွင့်ပွင့်လင်းလင်း ရှင်းပြပြီး စမ်းသပ်လုပ်ဆောင်မှုတွေ လုပ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ 

တကယ်တော့ အေအိုင် နည်းပညာသစ်ဟာ ရုံးတွေအတွက် သမားရိုးကျ လုပ်ကိုင်နေပုံများထက် ပိုပါတယ်။ ၂၀၂၅မှာ အေအိုင်ဟာ အရေးကြီးတဲ့ ကဏ္ဍကနေ ပါလာတာ မြင်ရပါပီ။ ဥပမာ ကျန်းမာရေးဆက်မှာ ပထမဆုံး အေအိုင် ထုတ်လုပ်ထားတဲ့ ဆေးအသစ်မျိုးဟာ အခုဆို အဆင့် ၃ စမ်းသပ်မှုဆီ ရောက်နေပြီး စစ်ရေးဖက်မှာဆိုရင် ဒရုန်းတွေမှာ ထောက်လှမ်းရေးပါ တခါတည်း လုပ်နိုင်အောင် (နောင်ဆိုရင် အဆင့်မြင့် လက်နက်တွေ ထုတ်လုပ်ဖို့ထိ ရည်ရွယ်ထားတဲ့) စမ်းသပ်မှုတွေ အစရှိသဖြင့်ပေါ့။ တကယ်တော့ အနောက်အုပ်စုအနေနဲ့ စိုးရိမ်နေတာက တရုပ်ဟာ စစ်ရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာ အေအိုင်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချပီး သူ့တို့ထက်သာသွားမှာကိုပါ။ အမှန်မတော့လဲ တရုပ် အင်ဂျင်နီယာတွေဟာ တကယ့်ကောင်းပေ့ဆိုတဲ့ နောက်ဆုံးပေါ် ချစ်ပ်ပြားတွေ သူတို့ဆီ မရောက်နိုင်အောင် အမေရိကန်က ပိတ်ဆို့ထားတဲ့ ကြားထဲကနေ ရှိတာလေးတွေနဲ့ တီထွင်ကြံဆနေကြရတာပါ။ 

ဒါတွေကြောင့်မို့လို့ ၂၀၂၅မှာ အေအိုင်ပြိုင်ပွဲဟာ ပုံစံအမျိုးမျိုးနဲ့ မြင်ကြရဦးမယ်။ အေအိုင်အပေါ် ငွေကြေး ပုံအောမယ့်သူတွေ စိတ်မပျက်ခင်လေး နည်းပညာပိုင်းက တိတ်တဆိတ်လေး အောင်မြင်လာနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဆိုတော့ အိပ်မက်တွေ ပျက်ပြယ်သွားမှာလား၊ အသုံးကျမယ့် နည်းပညာသစ် စတင်ပေါ်ထွန်းလာမှာလား။ ၂၀၂၅ခုနှစ်အတွက် အဖြေကတော့…. နှစ်မျိုးစလုံး နည်းနည်းစီ ဖြစ်နိုင်မယ် ထင်ပါတယ်။