The Corner

ကမ္ဘာကြီးအတွက် ၂၀၂၅

Detailed close-up of a globe showcasing parts of Europe and Asia for world exploration concepts.
Share မယ်

ကမ္ဘာကြီးအတွက် ၂၀၂၅

သည် အီကောနောမစ် မဂ္ဂဇင်းပါ အယ်ဒီတာ တွမ် စတန်းဒေ့ချ် ရဲ့  ‘’၂၀၂၅ ကမ္ဘာကို မျှော်ကြည့်ခြင်း’’ ဆောင်းပါးကို  မောင်လူထွန်း မြန်မာဘာသာပြန်ဆိုသည်။

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီး က ၂၀၂၅ ခုနှစ်ကို ကွမ်တမ် သိပ္ပံနဲ့ နည်းပညာ နှစ် အဖြစ် သတ်မှတ်ထားတာ သဘာ၀ကျပါတယ်။ စကရိုဒင်ဂါးရဲ့ကြောင်လို့ လူတွေသိကြတဲ့ ကွမ်တမ်ဆိုင်ရာ လေ့လာ တွေးခေါ်ချက်တစ်ခု အရ သေခြင်းနဲ့ ရှင်သန်ခြင်းတွေဟာ အလုံပိတ်ဘူးတစ်ခုအတွင်း တပြိုင်တည်း ဖြစ်နိုင်သလို ၂၀၂၅ ခုနှစ်ဟာလဲ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲ ရလဒ်ကြောင့် ထူးခြားပြီး မတူကွဲပြား ခြားနားတဲ့ အခြေအနေ နှစ်မျိုးအောက်မှာ ဘာမဆို ဖြစ်လာနိုင်ပါလိမ့်မယ်။ ခုဆိုရင် မဲရလဒ် ကိုလဲ သိနေကြပြီး ဒေါ်နယ်ထရမ့် အိမ်ဖြူတော်ကို ပြန်‌ရောက်လာမှာ သေချာသွားပါပြီ။ ဒါကြောင့်မို့ ၂၀၂၅မှာ စောင့်ကြည့်ရမယ့် ဖြစ်စဥ် ၁၀ ခုကို တင်ပြလိုက်ရပါတယ်။

၁။ အမေရိကန်တွေရဲ့ ရွေးချယ်မှု

ထရန့်ရဲ့ တကျော့ပြန် အနိုင်ရမှုဟာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကနေ စလို့ ကာကွယ်ရေး၊ စီးပွားရေး နဲ့ ကုန်သွယ်ရေး မူဝါဒတွေအထိကို ရိုက်ခတ်နိုင်ပါလိမ့်မယ်။ သူရဲ့ ‘’အမေရိကန်သာ ပထမ’’ ပေါ်လစီကြောင့်  မိတ်ဆွေရော ရန်သူတွေကပါ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေအကြား ခိုင်မြဲမှုကို မေးခွန်း ထုတ်စရာတွေ ပေါ်လာနိုင်ခြေရှိပါတယ်။ ဒါတွေကပဲ ပထဝီနိုင်ငံရေး ချိန်ခွင်လျှာညှိမှုတွေ၊ တင်းမာမှုတွေနဲ့ နျူကလီယား ပြိင်ဆိုင်မှုတွေဆီအထိ ဦးတည်သွားနိုင်ပါတယ်။

၂။ မဲပေးသူတွေရဲ့ အပြောင်းအလဲအ‌ပေါ် မျှော်လင့်ချက်များ

ယေဘုယျအားဖြင့် အာဏာရ ပါတီများရဲ့ ညံ့ဖျင်းတဲ့ လုပ်ဆောင်ချက်တွေကြောင့် ၂၀၂၄ ခုနှစ်အတွင်း ရွေးကောက်ပွဲများဟာ မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ တချို့တွေက အပြတ်အသတ် ရှုံးနိမ့်သွားကြတယ် (ဥပမာ အမေရိကန်နဲ့ ဗြိတိန်) တချို့ကတော့ ပေါင်းစည်းကြဖို့ ဖြစ်လာကြတယ် (ဥပမာ အိန္ဒိယ နဲ့ တောင်အာဖရိက) နဲ့ တချို့ကတော့ မတည့်အတူနေ နည်းလမ်းတွေ နောက်ဆုံးမှာ ရွေးခဲ့ကြရတယ် (ဥပမာထိုင်ဝမ် နဲ့ ပြင်သစ်)။ ဒါတွေကြောင့် ၂၀၂၅ဟာ မျှော်လင့်ချက်တွေ များမယ့် နှစ်တစ်နှစ် ဖြစ်လာဖို့ ရှိပါတယ်။ ခေါင်းဆောင်အသစ်တွေက ကတိတွေ ပေးထားတဲ့အတိုင်း ဖော်ဆောင်နိုင်ပါ့မလား။ အပြောင်းအလဲတွေကို လုပ်မှာလား။  မဖြစ်လာရင်တော့ မတည်ငြိမ်မှု ဆိုးကျိုးတွေ ဖြစ်လာစရာ ရှိပါတယ်။

၃) ပရမ်းပတာတွေ ပိုများလာနိုင်မလား

ထရမ့်ဟာ ယူကရိန်းကို ရုရှားနဲ့ သဘောတူဖို့ တွန်းနိုင်သလို အစ္စရေးကိုတော့ ဂါဇာနဲ့ လက်ဘနွန် ပဋိပက္ခတွေ အတွက် စိတ်ကြိုက်လုပ်ခွင့် ပေးနိုင်ပါတယ်။ တရုပ်၊ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယား (လေးယောက်‌ပေါင်း လောင်းကျော်) တို့ဆီက ပေးလာမယ့် အရှုပ်အထွေးတွေဟာ အမေရိကန်ရဲ့အပေးအယူ ဆန်ဆန် ဆက်ဆံရေးနဲ့ ပြည်ပကို အယုံအကြည် ကင်းမဲ့ မှုတွေကြောင့် ပိုဆိုးလာနိုင်စရာ ရှိပါတယ်။ တောင်တရုတ်ပင်လယ်အရေးကိစ္စနဲ့ ထိုင်ဝမ် ပြဿနာတွေမှာ အမေရိကန်ဟာ တရုတ်အပေါ် ဘယ်လိုဆက်ဆံလာမလဲဆိုတာ သဲသဲကွဲကွဲ မရှိသေးပါဘူး။

၄) သွင်းကုန် အခွန်အကောက် အလားအလာ

လက်ရှိအခြေအနေမှာတော့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ပြိုင်ဆိုင်မှုဟာ ကုန်သွယ်ရေး စစ်ပွဲအသွင် ဆောင်နေပါတယ်။ ဒါကလည်း ထရမ့် နဲ့ သူ့ရဲ့မဟာမိတ်တွေရဲ့ တရုတ်သွင်းကုန်တွေအပေါ် တင်းကျပ်တဲ့ မူဝါဒတွေနဲ့ အခွန်တိုးမြှင့်တာတွေကြောင့်ပါ။ ဒါတွေ ဆက်လက်ပြင်းထန်လာတာနဲ့အမျှ တရုတ်လုပ်ငန်းတွေဟာ နိုင်ငံရပ်ခြားကို ခြေဆန့်လာနိုင်ကြပြီး ကုန်သွယ်ရေး အတားအဆီးတွေကို ကျော်လွှားဖို့ လုပ်ဆောင်လာနိုင်သလိုစျေးကွက် အသစ်တွေ ချဲ့ထွင် လာနိုင်ပါတယ်။ ပိုကွာဟလာခြင်းက တရုတ်ပိုင် လုပ်ငန်းတွေကို မက္ကဆီကိုလို၊ ဟန်‌ဂေရီလိုနေရာတွေဆီ ကျယ်ပြန့်လာနိုင်ပြီး အခြား အစီအစဥ်တွေပါ လုပ်ဆောင်လာနိုင်ပါတယ်။

၅) အကျိုးပြု နည်းပညာသစ်တွေ ဖြစ်ထွန်းမှု

တရုတ် အစိုးရဟာ ချည့်နဲ့လာတဲ့ ပြည်တွင်းစီးပွားရေးကို ကျားကန်နိုင်အောင် ဆိုလာပြားတွေ၊ ဘက်ထရီတွေနဲ့ လျှပ်စစ်ကားတွေကို ပို့ကုန် အဖြစ်တိုးမြှင့်ဖို့ အားပေးနေပါတယ်။ အဲဒါရဲ့ အကျိုးဆက်ကတော့ နည်းပညာသစ် ဖွံ့ဖြိုးလာမှုကို တရုတ်က ဦးဆောင်လာနိုင်ပြီး သူ့ရဲ့ ဆိုလာပြား နဲ့လျှပ်စစ် သိုလှောင်နိုင်စွမ်း နည်းပညာတွေမှာ မျှော်မှန်းထားတာထက် သာလွန် ကျော်တက်သွားနိုင်ပါတယ်။ တစ်ချိန်တည်းမှာ ကမ္ဘာကြီးကလည်းဖန်လုံအိမ်ဓာတ်ငွေ့ ပျံ့နှံ့မှုဟာ အထွတ်အထိပ်ကို ရောက်ပြီလားဆိုတာ သိရတော့မှာ ဖြစ်ပါတယ်။

၆) ငွေကြေး ဖောင်းပွမှု အလွန်

ချမ်းသာတဲ့ နိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေဟာ ငွေကြေးဖောင်းပွမှုကို အန်တုနိုင်မှုအတွက် အောင်ပွဲ ခံခဲ့ကြပါတယ်။ ခုတော့ အနောက်နိုင်ငံတွေရဲ့စီးပွားရေးဟာ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်နေရပါပီ။ အဲဒါတွေကတော့ အခွန်တိုးကောက်ပြီး လိုငွေပြမှုကို လျှော့ဖို့နဲ့ အသုံးစရိတ်လျှော့ချမလားစီးပွားရေး တိုးတက်အောင် လုပ်မှာလား အစရှိသဖြင့်ပါ။ အမေရိကန်မှာတော့ ထရမ့်ရဲ့ ‌‌ပေါ်လစီက ဒီထက် ပိုဆိုးစေပါတယ်။ သွင်းကုန် အခွန်ကိုမြှင့်လိုက်ခြင်းကြောင့် စီးပွားရေး ဆုတ်ယုတ်နိုင်မှုနဲ့ ငွေကြေးဖောင်းပွမှု အန္တရာယ်တွေ ရှိနေပါတယ်။

၇) အသက်အရွယ်ရင့်လာတဲ့ ခေါင်းဆောင်တွေအတွက် ဆန်းစစ်ချက်

အမေရိကန်ဟာ သူရဲ့သက်တမ်းတစ်လျှောက် အသက်အကြီးဆုံး သမ္မတကို ရွေးချယ်ခဲ့ပါပြီ။ ကမ္ဘာ့ခေါင်းဆောင်တွေ အိုမင်းလာတာနဲ့ အမျှသက်တမ်းရင့် နိုင်ငံသားတွေလည်း များလာပါပီ။ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အသက်ကန့်သတ်မှုတွေအပေါ် ဝေဖန်မှုတွေ များလာပါလိမ့်မယ်။တစ်ဖက်မှာတော့ တရုပ်ပြည်ဟာ သက်တမ်းရင့် ကမ္ဘာမှာ စီးပွားရေး အခွင့်အလမ်းသစ်တွေ ရှာဖွေပါလိမ့်မယ်။ ဒါတွေနဲ့ ပြောင်းပြန် အရှေ့အလယ်ပိုင်း တချို့နေရာတွေမှာတော့ လူငယ်တွေ များလာတာနဲ့အမျှ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မတည်မငြိမ် ဖြစ်လာဖို့ ရှိနေပါတယ်။

၈) အေအိုင်အတွက် အချိန်ရှိသေးလား

စီးပွားရေးသမိုင်းမှာ အလောင်းအစားအကြီးကြီး တစ်ခုဖြစ်လာတဲ့ အေအိုင်နည်းပညာအတွက် ကုမ္ပဏီတွေဟာ ဒေါ်လာ တစ် ထရီလီယံ လောက်သုံးခဲ့ကြပါပီ။ ဒီငွေတွေကို ဉာဏ်ရည်တု နည်းပညာတွေကို အသုံးပြုကြဖို့ အချက်အလက် စုဆောင်းဖို့ လုပ်ဆောင်ချက်တွေမှာ သုံးခဲ့ကြတာပါ။ဒါပေမဲ့ ခုချိန်ထိ ကုမ္ပဏီတွေဟာ ဘယ်လိုသုံးရမယ် (သို့) အသုံးချနိုင်စွမ်း မသိ မရှိကြသေးပါ။  (ခုထိတော့ ပညာရှင်တွေက ရိုးရှင်းစွာနဲ့ လျှို့ဝှက်ချက်အတခုအဖြစ် စွဲကိုင်ထားဆဲပါ)။ ဆိုတော့ ဘာဖြစ်လာကြမလဲ။ အေအိုင်ဆိုတာ တကယ်ပဲ အကျိုးရှိမှာလား အေအိုင်ကတီထွင်ပေးတဲ့ဆေးဝါးအသစ်တွေ ပေါ်လာတော့မှာလား…။

၉) ခရီးသွားလာမှုတွေဟာ အခက်အခဲလား

ကမ္ဘာကြီးမှာ ကုန်ပစ္စည်းတွေ တင်ပို့တာတင်မဟုတ်ဘဲ လူတွေဟာလည်း တနေရာကနေ တနေရာကို ရွှေ့ပြောင်းနေကြတာ တွေ ပိုများလာလို့ စိမ်ခေါ်ချက်တခု ဖြစ်လာပါလိမ့်မယ်။ မတည်ငြိမ်မှုတွေဟာ ကမ္ဘာတစ်လွှား လေကြောင်းသွားလာမှုကို အနှောင့်အယှက်တစ်ခု ဖြစ်လာစေပါမယ်။ ဥရောပဟာ သူ့ရဲ့ နယ်စပ်ဖြတ်စရာမလိုတဲ့ ရှန်ဂန် စနစ် ချည့်နဲ့အားနည်းလာတဲ့အတွက် နယ်စပ် စစ်ဆေးရေးဂိတ်တွေ အသစ်ထပ်လုပ်ရတာ ဖြစ်လာနိုင်ပါတယ်။ အလွန်အကျွံ ခရီးသွားလုပ်ငန်းတွေ ဖြစ်ထွန်းလာတာ မကောင်းဘူး ဆိုတဲ့ အယူအဆတွေ ၂၀၂၅မှာ ပျောက်သွားနိုင်ပေမယ့် အမ်စတာဒန်လို၊ ဗင်းနစ်လို မြို့ကြီးတွေ တော်တော်များများမှာ တင်းကျပ်မှုတွေ ဆက်ရှိနေပါဦးမယ်။

၁၀) အံ့အားသင့်စရာတွေ ထပ်တွေ့ရနိုင်မလား

လုပ်ကြံမှုကြီးတွေ၊ စကားပြောစက်တွေ ပေါက်ကွဲတာမျိုးတွေ၊ ဒုံးပျံကြီးကို တူနှစ်ချောင်းနဲ့ ဖမ်းဖို့ ကြိုးစားချက်တွေ အစရှိသဖြင့် ကြုံလာခဲ့၂၀၂၄ ခုနှစ်ကပေးတဲ့ သင်ခန်းစာတစ်ခုကတော့ မမျှော်လင့်တာတွေ ထပ်ဖြစ်လာနိုင်သေးတယ် ဆိုတာပါ။  ၂၀၂၅မှာရော ဘာတွေဖြစ်လာဦးမှာလဲ။ ဆိုးဝါးတဲ့ နေပေါက်ကွဲမှုကြီးတွေ၊ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းစာတွေ တွေ့ရှိမှုတွေ အပြင် နောက်ထပ် ကမ္ဘာ့ ကပ်ရောဂါတစ်မျိုး ဖြစ်လာနိုင်သလား။

ရှေ့မှာ ဘာတွေဖြစ်လာမယ်ဆိုတာ၊ မထင်တာတွေ ဖြစ်လာနိုင်မလားဆိုတာ ၂၀၂၅မှာ ဖြစ်လာနိုင်စရာ သုံးသပ်ချက် အသေးစိတ်ဆောင်းပါးတွေကို ဆက်လက် လေ့လာရင်း စောင့်ကြည့်ပါစို့။