The Corner

The Corner

cropped-Logo_round_grey-background.png

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ (၃)

Share မယ်

စောင်းကြိုးချိန်ညှိခြင်းနှင့် လူငယ်ကလောင်ပျိုတို့၏ ဒုက္ခများ 

ကဲ… THE CORNER မဂ္ဂဇင်းကို စောင့်ဖတ်နေကြတဲ့ စာရေးဝါသနာအိုး လူငယ်လေးတို့ရေ…။ ဖုန်းတစ်လုံးနဲ့ ကမ္ဘာပတ်ပြီး ကိုယ့်ရဲ့ Idea တွေကို ချပြမယ့် Content Creator လား… ဒါမှမဟုတ် တစ်ခုခုဆိုတာနဲ့ အောက်ကနေ ‘ဆော်’ ဖို့ပဲ ချောင်းနေတဲ့ Keyboard Fighter ပဲ လုပ်ချင်တာလား။ တကယ်တော့လေ… အဲဒါတွေထက် ပိုပြီး အဆင့်ရှိတာက ကလောင်ပျို ‘Young Writer’ တစ်ယောက် ဖြစ်လာဖို့ပဲ။ ကိုယ့်ရဲ့ အတွေးအခေါ်တွေကို စနစ်တကျ စာအဖြစ်ပုံဖော်ပြီး သတင်းစာတွေ၊ မဂ္ဂဇင်းတွေမှာ Contributor (ဆောင်းပါးရှင်) အဖြစ် ပါဝင်တာက တကယ့်ကို ဂုဏ်ရှိတဲ့အလုပ်ဗျ။ Comment box ထဲမှာ ရန်ဖြစ်နေမယ့်အစား ကိုယ့်ရဲ့ အသိပညာကို လူတွေဆီ တရားဝင် ဖြန့်ဝေပေးနိုင်တဲ့ ဆောင်းပါးရှင် ကလောင်ပျိုတစ်ယောက် ဖြစ်လာရင် မင်းရဲ့ ‘Value’ (တန်ဖိုး) က အများကြီး တက်သွားမှာနော်။ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရားရှင် အရှင်သောဏကို ဟောခဲ့တဲ့ “စောင်းကြိုး” ဥပမာဟာ ဒီနေ့ခေတ်မှာ ဖုန်းတစ်လုံး၊ ကီးဘုတ်တစ်ချပ်နဲ့ လောကကြီးကို ပြောင်းလဲချင်နေတဲ့ လူငယ်တို့အတွက် တကယ့် Life Hack အလန်းစားကြီးဗျ။ (“Life Hack” ဆိုတာ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပိုမိုလွယ်ကူသွားအောင်၊ အချိန်ကုန်သက်သာအောင် ဒါမှမဟုတ် ငွေကုန်သက်သာအောင် လုပ်ဆောင်နိုင်တဲ့ “လက်တွေ့ကျတဲ့ နည်းလမ်းကောင်းလေးတွေ” ကို ပြောတာဖြစ်ပါတယ်။) 

မြတ်စွာဘုရားရှင်က အရှင်သောဏကို ဟောခဲ့တဲ့ “စောင်းကြိုးဥပမာ” တရားတော်ကို ဝိနည်းပိဋကတ် (မဟာဝဂ္ဂပါဠိတော်) နဲ့ သုတ္တန်ပိဋကတ် (အင်္ဂုတ္တရနိကာယ်ထဲက သောဏသုတ်) တို့မှာ အဓိကတွေ့နိုင်ပါတယ်။ အရှင်သောဏက တရားအားထုတ်တဲ့နေရာမှာ အရမ်းကြီး ဇွဲနပဲနဲ့ ကြိုးစားလွန်းလို့ ခြေဖဝါးတွေက သွေးထွက်တဲ့အထိ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ထူးခြားတဲ့တရားလည်း မရသေးဘဲ စိတ်ဓာတ်တွေကျပြီး လူထွက်ချင်စိတ်တောင် ပေါက်နေတဲ့အချိန်မှာ မြတ်စွာဘုရားက ကြွလာပြီး လမ်းညွှန်ပေးခဲ့တာ ဖြစ်ပါတယ်။ 

အရှင်သောဏက လူဝတ်ကြောင်ဘဝတုန်းက စောင်းတီးအရမ်းတော်တဲ့သူဆိုတာကို ဘုရားရှင်က သိနေတော့ သူ့ကို စောင်းတီးတဲ့ပညာနဲ့ နှိုင်းယှဉ်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ “ချစ်သား သောဏ… စောင်းတီးတဲ့အခါ စောင်းကြိုးတွေက အရမ်းတင်းနေရင် အသံကောင်း ထွက်ပါ့မလား” လို့ မေးတော့ အရှင်သောဏက “မထွက်ပါဘူးဘုရား” လို့ ဖြေပါတယ်။ “ဒါဆို အရမ်းလျော့နေရင်ရော အသံထွက်ပါ့မလား” ဆိုတော့လည်း “မထွက်ပါဘူး” လို့ပဲ ပြန်လျှောက်ပါတယ်။ နောက်ဆုံးမှာတော့ စောင်းကြိုးကို မတင်းလွန်း၊ မလျော့လွန်းဘဲ အနေတော်လေး ညှိထားမှသာ သာယာတဲ့အသံထွက်တယ်ဆိုတာကို အရှင်သောဏ သဘောပေါက်သွားခဲ့ပါတယ်။ 

ဒီတရားရဲ့ အနှစ်ချုပ်သင်ခန်းစာကတော့ ကျွန်တော်တို့ တရားအားထုတ်တဲ့အခါမှာရော၊ အလုပ်လုပ်တဲ့အခါမှာပါ ဝီရိယ (Effort) ဆိုတာ အရမ်းများသွားရင် စိတ်က ပြာယာခတ်ပြီး ပူပန်တတ်သလို၊ ဝီရိယ နည်းလွန်းပြန်ရင်လည်း ပျင်းရိထိုင်းမှိုင်းသွားတတ်တာပါပဲ။ ဒါကြောင့် မြတ်စွာဘုရားက “မဇ္ဈိမပဋိပဒါ” ဆိုတဲ့ အလယ်အလတ်လမ်းစဉ်အတိုင်း ဝီရိယနဲ့ သမာဓိကို မျှတအောင် ညှိဖို့ လမ်းညွှန်ခဲ့တာပါ။ ဒီစောင်းကြိုးညှိနည်းအတိုင်း ကျင့်ကြံလိုက်တဲ့အခါမှာတော့ အရှင်သောဏဟာ မကြာခင်မှာပဲ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ 

စောင်းကြိုးဆိုတာ သိတဲ့အတိုင်းပဲလေ… အသံသာချင်လို့ဆိုပြီး အတင်းငင်တင်လိုက်ရင် “တောက်” ခနဲ ပြတ်ရော။ အေး… “ပြတ်မှာကြောက်လို့” ဆိုပြီး လျှော့ထားပြန်ရင်လည်း ဘာသံမှ ထွက်မလာဘူး။ ဒါကို တို့ရဲ့ စာရေးတဲ့ဘဝထဲ ထည့်ကြည့်ရအောင်။ 

Content တင်တာ တင်းလွန်းရင် (Over-productive ဖြစ်လွန်းရင်) စာဖတ်သူအတွက် “တန်ဖိုး” ထက် “အမှိုက်” တွေ ပိုများလာတတ်တယ်။ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေလည်း ခြောက်ကပ်လာပြီး နောက်ဆုံးမှာတော့ စောင်းကြိုးပြတ်သလိုပဲ “Burnout” ဖြစ်ပြီး ဘာမှဆက်မရေးနိုင်တော့တဲ့အထိ စိတ်ဓာတ်တွေ ပြတ်တောက်သွားတတ်ပါတယ်။ 

“မှားမှာကြောက်လို့”၊ “လူမကြိုက်မှာစိုးလို့” ဒါမှမဟုတ် “အပျင်းကြီးလို့” ဆိုပြီး Content တင်တာ လျှော့ထားပြန်ရင်လည်း ကိုယ့်ရဲ့ အရည်အချင်းက ဖုန်တက်သွားလိမ့်မယ်။ ဘယ်လောက်ပဲ ကောင်းတဲ့အတွေးအခေါ်ရှိပါစေ၊ အသံထွက်မလာတဲ့စောင်းလိုပဲ ဘယ်သူကမှ ကိုယ့်ရဲ့ တည်ရှိမှုကို သတိထားမိမှာ မဟုတ်သလို၊ ကိုယ်တိုင်လည်း တိုးတက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့်… Content ရေးသားရာမှာလည်း ပမာဏ (Quantity) ထက် အရည်အသွေး (Quality) ကို ဦးစားပေးပြီး ပုံမှန်လေး (Consistency) သွားနေဖို့ပဲ လိုပါတယ်။ ကိုယ့်ရဲ့ စိတ်ကိုလည်း အနားပေး၊ အလုပ်ကိုလည်း တန်ဖိုးထားတဲ့ အနေအထားမှာ ထားနိုင်မှသာ စာဖတ်သူတွေရဲ့ ရင်ထဲကို စောင်းသံလို သာယာတဲ့ စာသားတွေ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ 

တကယ်တော့ စာရေးတယ်ဆိုတာ Balance ညှိရတဲ့ အလုပ်ဗျ။ အရမ်းကြီးလည်း စိတ်မလောနဲ့ဦး (ကြိုးပြတ်သွားမယ်)။ အရမ်းကြီးလည်း ပျင်းမနေနဲ့ဦး (အသံမထွက်ဘူး)။ စာရေးတဲ့အခါ တစ်ဖက်လူကို ဆဲချင်တာထက် ကိုယ့်စာကနေ တစ်ခုခုကျန်သွားဖို့က ပိုအရေးကြီးတယ်မဟုတ်လား။ အဲဒါကြောင့် စာတစ်ပုဒ် မတင်ခင် ကိုယ့်စောင်းကြိုးကိုယ် ပြန်စစ်ကြည့်ပါဦး။ ငါ့ကြိုးက အရမ်းတင်းနေလို့ စာဖတ်သူကို ရန်လိုက်တွေ့နေတာလား? ဒါမှမဟုတ် အရမ်းလျော့နေလို့ အနှစ်မပါတဲ့ စာတွေ ရေးနေမိတာလား? ဆိုတာပေါ့။ 

အကြံပေးချင်တာကတော့ မင်းရဲ့ လက်ချောင်းလေးတွေ စောင်းကောက်ပေါ် မတင်ခင်မှာ စိတ်ကို အေးအေးထားပြီး စောင်းကြိုးလေးကို အသာအယာ ချိန်ညှိလိုက်စမ်းပါ။ အဲဒီအခါမှ မင်းဆီကနေ လူတွေ နားထောင်လို့ကောင်းမယ့်၊ ဖတ်လို့ကောင်းမယ့် “သံစဉ်” တွေ ထွက်လာမှာပါ။ ကဲ… မင်းရဲ့ စောင်းကြိုးကိုကော အခု ဘယ်လိုချိန်ထားလဲ? တင်းနေလား? လျော့နေလား? 

Genius စာရေးဆရာဆိုတာ တကယ်တော့ Genius မဟုတ်ရင် စာရေးသူဟာ ကမာကောင်နဲ့ တူပါတယ်။ Genius စာရေးဆရာဆိုတာ နည်းစနစ် (Technique) ထက် ပင်ကိုယ်သိစိတ် (Intuition) က ပိုပြီး အားကောင်းနေသူတွေ ဖြစ်ပါတယ်။ တကယ်တော့… Genius လို့ အသတ်မှတ်ခံရတဲ့ စာရေးဆရာတွေဆိုတာ စာရေးနည်းစနစ် (Technique) တွေ၊ Grammar စည်းကမ်းတွေကို ထိုင်ကျက်နေတဲ့သူတွေ မဟုတ်ဘူး။ သူတို့ဆီမှာက ပင်ကိုယ်သိစိတ် (Intuition) က ပိုပြီး အားကောင်းနေတာ။ 

ဥပမာကြည့်မလား – Ernest Hemingway ဆိုရင် စာကြောင်းတိုတိုလေးတွေနဲ့ လူ့နှလုံးသားကို ထိအောင် ရေးနိုင်တာ။ ဒါက သင်တန်းတက်ပြီး တတ်လာတာမျိုး မဟုတ်ဘဲ သူ့ရဲ့ Intuition က ဘယ်စကားလုံးက လူကို ထိမလဲဆိုတာ သိနေတာ။ Gabriel García Márquez ရဲ့ ‘Magical Realism’ (မှော်ဆန်သော အရှိတရား) ဆိုတာ ဘယ်လို နည်းစနစ်နဲ့မှ လိုက်တုလို့ မရဘူး။ သူ့စိတ်ထဲမှာ မြင်နေတဲ့ ကမ္ဘာကြီးကို ပုံဖော်လိုက်ရုံပဲ။ Haruki Murakami ဆိုရင်လည်း စာရေးတာဟာ ‘အိပ်မက်ထဲက ဂူတစ်ခုထဲကို ဆင်းသွားသလိုပဲ’ လို့ ပြောလေ့ရှိတယ်။ ဒါဟာ Technique မဟုတ်ဘူး… Innate Genius (မွေးရာပါ ပါရမီ) နဲ့ စိတ်အာရုံနောက်ကို လိုက်သွားတာ။ Leo Tolstoy ဆိုတာ ‘War and Peace’ လို ဧရာမစာအုပ်ကြီးကို ရေးခဲ့တဲ့သူ။ သူဟာ လူသားတွေရဲ့ စိတ်နေစိတ်ထားကို ဘယ်သူမှ မမြင်နိုင်တဲ့ အနက်ရှိုင်းဆုံးအထိ မြင်နိုင်တဲ့ Intuition အား အကောင်းဆုံးသူပဲ။ 

ကမာကောင်၏ “ပုလဲ” နှင့် ကလောင်ရှင်၏ “ရသစာ” 

ကဲ… “ပုလဲလုံး” တစ်လုံး ဖြစ်လာပုံနဲ့ “ရသစာတစ်ပုဒ်” ရေးတာ ဘယ်လောက်တူသလဲဆိုတာ ကြည့်ရအောင်။ ကမာကောင်၏ “ပုလဲ” နှင့် ကလောင်ရှင်၏ “ရသစာ” ဟာ ညှစ်ထုတ်ရပုံချင်း တူတယ်။ တကယ်တော့ ပုလဲဆိုတာ ကမာကောင်လေးခမျာ “စပ်ဖျဉ်းဖျဉ်း” ဖြစ်ရာကနေ စတာဗျ။ 

မဖိတ်ခေါ်ဘဲ ဝင်လာသည့် “အမှိုက်” (The Irritant) ဟာ အစတည်မှုပဲ။ ကမာကောင်ဗိုက်ထဲကို သဲပွင့်လေးပဲဖြစ်ဖြစ်၊ အကောင်သေးသေးလေးပဲဖြစ်ဖြစ် ဝင်လာတဲ့အခါ သူ တော်တော် နေမသာထိုင်မသာ ဖြစ်ရှာတာ။ အဲဒါ စာရေးဆရာတစ်ယောက်ရဲ့ ရင်ထဲကို “အတွေး” တစ်ခုခု (သို့မဟုတ်) “ခံစားချက်” တစ်ခုခု ဝင်လာတာနဲ့ အတူတူပဲ။ ဥပမာ – လမ်းဘေးက ခွေးလေးတစ်ကောင်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်တာမျိုး၊ ဒါမှမဟုတ် ချစ်သူက အသည်းခွဲသွားလို့ ရင်ထဲမှာ စူးစူးဝါးဝါး ခံစားရတာမျိုးပေါ့။ အဲဒီ “စူး” နေတဲ့ ခံစားချက်က ပုလဲဖြစ်ဖို့ ပထမဆုံးအဆင့်ပဲ။ 

ကမာကောင်က စပ်ဖျဉ်းဖျဉ်း ဖြစ်လာတော့ “မဖြစ်တော့ဘူး၊ ငါ့ကိုယ်ငါ ကာကွယ်မှ” ဆိုပြီး သူ့ဆီက Nacre (ပုလဲရည်) တွေ ထုတ်ပြီး အဲဒီအမှိုက်ကို ဝိုင်းပတ်လိုက်တာ။ စာရေးဆရာလည်း ဒီအတိုင်းပဲ။ ရင်ထဲမှာ စူးနေတဲ့ ခံစားချက်ကို ဒီအတိုင်းထားရင် ရူးသွားနိုင်တယ်။ အဲဒါကြောင့် “စာသား” တွေနဲ့ အဲဒီခံစားချက်ကို ဝိုင်းပတ်ပြီး ချရေးလိုက်တာ။ စာရေးတာဟာ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ကုသနေတာ (Self-Healing) ပဲဗျ။ 

တစ်လွှာချင်း ထပ်ခြင်း (The Layering Process) လုပ်ငန်းစဉ်ကို ဖြတ်သန်းရတယ်။ ပုလဲက တစ်ရက်တည်းနဲ့ မဝိုင်းဘူးနော်။ ကမာကောင်က ပုလဲရည်လေးတွေကို တစ်လွှာပြီးတစ်လွှာ ထောင်ချီပြီး ထပ်ပေးရတာ။ စာရေးတာလည်း အဲဒီလိုပဲ။ ပထမဆုံး ရေးလိုက်တဲ့ First Draft ကတော့ “နု” သေးတာပေါ့။ အဲဒါကိုမှ အနုပညာ အသုံးအနှုန်းတွေ၊ တင်စားချက်တွေ၊ ရသမြောက်တဲ့ စကားလုံးတွေနဲ့ တစ်လွှာချင်း ပြန်ဖုံး၊ ပြန်ပြင် (Edit) လုပ်ရတာ။ အဲဒီလို အထပ်ထပ် ခြယ်သပြီးမှ စာဖတ်သူကို ဆွဲဆောင်နိုင်တဲ့ “အရောင်အဝါ” ထွက်လာတာ။ 

ပုလဲဆိုတာ ကမာကောင်အတွက်တော့ “နာကျင်မှုရဲ့ ရလဒ်” ပဲ။ ဒါပေမဲ့ လူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ ရတနာ။ ကျွန်တော်တို့ ရေးလိုက်တဲ့ “ရသစာ” ဆိုတာလည်း အတူတူပဲ။ ကိုယ်ကိုယ်တိုင် ရင်ကွဲမတတ် ခံစားခဲ့ရတာတွေ၊ ခေါင်းခြောက်အောင် စဉ်းစားခဲ့ရတာတွေကို စာဖတ်သူက ဖတ်ကြည့်ပြီး “ဟာ… ကောင်းလိုက်တာ၊ ငါ့ရင်ထဲ ထိသွားတာပဲ” လို့ ပြောလိုက်တဲ့အခါ… အဲဒါ မင်းရဲ့ နာကျင်မှုကနေ “ပုလဲလုံး” ဖြစ်သွားတာပဲ။ ရင်ထဲမှာ တစ်ခုခု စူးနေလား? အဲဒီ “စူး” နေတာကို အနုပညာ (စာသား) တွေနဲ့ အထပ်ထပ် ဝိုင်းပတ်လိုက်စမ်းပါ။ မကြာခင်မှာ THE CORNER အွန်လိုင်းမဂ္ဂဇင်းထဲမှာ အားလုံးက ငေးကြည့်ရမယ့် “ပုလဲလုံး” လို ရသစာတစ်ပုဒ် ထွက်လာမှာ သေချာတယ်။ 

ကျွန်တော်နှင့် ရသစာတစ်ပုဒ် ဇာတ်လမ်းထုပ်ကြီး 

စာရေးဆရာဆိုတာ အပြင်ပန်းကြည့်ရင်တော့ ကော်ဖီလေးသောက်၊ အတွေးလေးနဲ့ သာယာသလိုလိုရှိပေမယ့် တကယ်တမ်းကျတော့ ကိုယ့်ဦးနှောက်ထဲက ဇာတ်ကောင်တွေကို ပြန်ချော့နေရတဲ့ မူလတန်းပြဆရာလိုပါပဲ။ ရသစာပေတစ်ခုဖြစ်ဖို့ အစိတ်အပိုင်း ၄ ခု လိုတယ်ဆိုလို့ ကျွန်တော်လည်း စုလိုက်တာ ဇာတ်လမ်းတော့ ထွက်လာပါပြီ။ ဒါပေမဲ့ အဲဒီဇာတ်လမ်းက ကျွန်တော်ဖြစ်စေချင်သလို ဖြစ်မလာတာကပဲ ပြဿနာ။ 

နိဒါန်းပျိုးခြင်း (Exposition) 

နိဒါန်းပျိုးတယ် (Exposition) ဆိုတာက တကယ်တော့ ဇာတ်လမ်းတစ်ပုဒ်ရဲ့ ‘ဧည့်ကြို’ အပိုင်းပေါ့။ ဆိုပါစို့… ဝတ္ထုပဲဖတ်ဖတ်၊ ရုပ်ရှင်ပဲကြည့်ကြည့် အစပိုင်းမှာ ‘ဒါက ဘယ်သူ၊ ဘယ်နေရာမှာ ဖြစ်တာလဲ၊ ဘာတွေက အခြေခံလဲ’ ဆိုတာကို မသိရင် ရှေ့ဆက်ဖို့ ခက်တယ်မဟုတ်လား။ အဲဒီမှာ နိဒါန်းက ဝင်လာတာပဲ။ သူက ဇာတ်ကောင်တွေကို မိတ်ဆက်ပေးတယ်၊ ဘယ်ခေတ် ဘယ်အခါကလဲဆိုတာ ပြောပြတယ်၊ ပြီးတော့ နောက်ခံ အကြောင်းအရာတွေကို ခင်းကျင်းပြလိုက်တာ။ ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပဲ… စာဖတ်သူကို ဇာတ်လမ်းထဲ အတင်းဆွဲမသွင်းခင် ‘ဘာတွေဖြစ်နေလဲ’ ဆိုတာကို အရင်နားလည်အောင် လမ်းခင်းပေးတဲ့သဘော ပေါ့။ 

ကျွန်တော့်ဇာတ်လမ်းကို အေးအေးဆေးဆေးလေး စလိုက်ပါတယ်။ ဇာတ်ကောင် (Character) ကတော့ “ကိုအေး” တဲ့။ နာမည်နဲ့လိုက်အောင် အေးဆေးလွန်းလို့ ထမင်းစားဖို့တောင် ပျင်းတဲ့သူပေါ့။ သူ့ရဲ့ လှုပ်ရှားမှု (Action) ကတော့ ကုတင်ပေါ်မှာ ပက်လက်လှန်ပြီး မျက်နှာကြက်က ပင့်ကူအိမ်ကို ငေးကြည့်နေတာပါပဲ။ “ဒီနေ့တော့ ငါ တစ်ခုခုထူးခြားအောင် လုပ်မယ်” လို့ သူက အပြောအဆို (Dialogue) နဲ့ ကြုံးဝါးလိုက်ချိန်မှာ ကျွန်တော့်ဇာတ်လမ်းလေး အစပျိုးသွားတာပေါ့။ 

ရှုပ်ထွေးလာခြင်း (Complication) 

ဒါပေမဲ့ ဇာတ်လမ်းဆိုတာ ချောမွေ့နေရင် ဘယ်သူက ဖတ်မှာလဲ။ ဒါနဲ့ပဲ ကိုအေးကို အိမ်ရှေ့က ခွေးဟောင်သံကြားလို့ ထကြည့်ခိုင်းလိုက်တယ်။ အဲဒီမှာတင် ပြဿနာ စတာပဲ။ ခွေးဟောင်တာက ရိုးရိုးမဟုတ်ဘူး၊ အိမ်ရှေ့မှာ သူကြွေးတင်နေတဲ့ ခဝါသည် (အဝတ်လျှော်သမား) ဒေါ်ဖွားစိန် ရောက်နေတာဗျ။ ကိုအေးတစ်ယောက် ကုတင်အောက် ဝင်ပုန်းရမလား၊ ပြတင်းပေါက်က ခုန်ချရမလားနဲ့ စိတ်လှုပ်ရှားမှုတွေ မြင့်တက်လာပါလေရော။ 

အထွတ်အထိပ်သို့ ရောက်ခြင်း (Climax) 

ဒါကတော့ ဇာတ်လမ်းရဲ့ အမြင့်ဆုံး အပြောင်းအလဲ ပါပဲ။ ကိုအေး ကုတင်အောက် ဝင်ပုန်းနေတုန်း ဒေါ်ဖွားစိန်က အိမ်ထဲအထိ ဝင်လာတယ်။ ပြီးတော့… ကိုအေး ပုန်းနေတဲ့ ကုတင်ပေါ်မှာ ထိုင်ချလိုက်ပြီး “အေးရေ… မင်းရှိတာ ငါသိတယ်၊ ထွက်ခဲ့စမ်း” လို့ အော်လိုက်တဲ့အချိန်မှာ နှလုံးခုန်သံဟာ ဒုန်းဒုန်းဒုန်းနဲ့ ဗုံတီးနေသလိုပါပဲ။ စာဖတ်သူတွေလည်း ချွေးပြန်လောက်ပြီလို့ ထင်တာပဲ။ 

ပြေလျော့လာခြင်း (Falling Action) 

တကယ်တော့ ဒေါ်ဖွားစိန်က အကြွေးတောင်းဖို့ လာတာမဟုတ်ပါဘူး။ ကိုအေးရဲ့ လျှော်ပြီးသား အင်္ကျီအိတ်ထဲမှာ ငွေတစ်သောင်းတန် တစ်ရွက် ကျန်ခဲ့လို့ ပြန်ပေးဖို့ လာတာတဲ့ဗျာ။ အဲဒီမှာတင် တင်းမာနေတဲ့ အခြေအနေကြီးက ပြေလျော့သွားပါတယ်။ ကိုအေးလည်း ကုတင်အောက်က ဖုန်တလူးလူးနဲ့ ထွက်လာပြီး “အားနာလိုက်တာ ဒေါ်လေးရယ်” လို့ ပြောရင်း မျက်နှာချို သွေးရတော့တာပေါ့။ 

ဇာတ်သိမ်းခြင်း (Resolution) 

နောက်ဆုံးမှာတော့ အားလုံး ပျော်ရွှင်စွာ ပြီးဆုံးသွားပါတယ်။ ကိုအေးက အဲဒီ တစ်သောင်းတန်လေးနဲ့ ဒေါ်ဖွားစိန်ကို မုန့်ဝယ်ကျွေးလိုက်ပြီး အကြွေးဟောင်းတွေကိုလည်း နောက်လကျရင် အကြေဆပ်ပါ့မယ်လို့ ကတိပေးလိုက်တယ်။ ကျွန်တော်လည်း ကလောင်တံလေးချပြီး သက်ပြင်းချနိုင်သွားပြီ… ဇာတ်လမ်းတစ်ပုဒ် တည်ဆောက်ရတာ ခွဲစိတ်ဆရာဝန်တစ်ယောက်ထက်တောင် ပိုပင်ပန်းသလိုပါပဲဗျာ… 

IMAGE: WIKIMEDIA COMMONS

REFERENCE: အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ သောဏသုတ် 
suttacentral.net 

တိုတိုထွာထွာ မှတ်စရာ (၁၀) 

ညောင်ပင်အောက်က “သင်္ကရန္တိ” နှီးနှောဖလှယ်ပွဲ 

နေဝင်ရိုးရီ လေပြည်လေး တိုက်ခတ်လာတာနဲ့အမျှ ရွာဦးက ညောင်ပင်ကြီးအောက်မှာတော့ လူစုံတက်စုံ ဖြစ်နေကြပါပြီ။ သူတို့ဟာ ဒီနှစ်ကျရောက်မယ့် ၂၀၂၆ ခုနှစ် သင်္ကြန်အတွက် စိတ်လှုပ်ရှားစွာနဲ့ စုဝေးတိုင်ပင်နေကြပါ။ အမြဲတမ်းလိုလို နောက်ပြောင်တတ်တဲ့ နတ်ရဲလှတစ်ယောက် ဒီနေ့တော့ ထူးထူးခြားခြား စာအုပ်ကြီးတကားကားနဲ့ ရောက်လာပါတယ်။ သူက ရွာသားတွေကို “ဟေ့… နားထောင်ကြဦး” ဆိုပြီး အသံပြဲကြီးနဲ့ စာဖတ်ပြနေတာပါ။ 

သင်္ကြန်ဆိုတာ “သက္ကတဘာသာ သင်္ကရန္တိ” က ဆင်းသက်လာတာ ဖြစ်ကြောင်း… အဓိပ္ပာယ်ကတော့ “Going from one place to another” ခေါ်တဲ့ “ကူးပြောင်းခြင်း” ဖြစ်ကြောင်းကို ဆရာကြီးစတိုင်နဲ့ ရှင်းပြနေတာပေါ့။ ဒါကို နားထောင်နေတဲ့ ရွာလူကြီး ဘကြီးကျော်ကတော့ မျက်မှောင်ကြီးကြုတ်ပြီး…. “ဟေ့ကောင်… ငါသိတာကတော့ ရေပုံးထဲကရေတွေ တစ်ဖက်လူကိုယ်ပေါ် ကူးပြောင်းတာပဲ ရှိတယ်” လို့ ခပ်ပြတ်ပြတ် မှတ်ချက်ချလိုက်တော့ ဘေးကလူတွေ တဝါးဝါးနဲ့ ရယ်ကြပါလေရော။ 

မုန့်လုပ်ရာမှာ နာမည်ကြီးတဲ့ ဒေါ်လှကလည်း မနေနိုင်ပါဘူး။ နတ်ရဲလှရဲ့ အင်္ဂလိပ်စကားလုံးတွေကို “Going တွေ Coming တွေ လုပ်မနေနဲ့” လို့ ပိတ်ဟောက်လိုက်ပြီး၊ အခုထိ အိမ်ကို ရောက်မလာသေးတဲ့ ထန်းလျက်ခဲတွေကိုသာ အမြန်ကူးပြောင်းလာအောင် လုပ်ဖို့နဲ့ ဗိုက်ထဲကို မုန့်လုံးရေပေါ်တွေ မြန်မြန်ကူးပြောင်းဖို့က ပိုအရေးကြီးကြောင်း ပြန်ပက်လိုက်ပါတယ်။ “မင်းနှယ်… သောက်တလွဲတွေပဲ” လို့ ဆူပူရင်းနဲ့ပဲ၊ ရွာထဲဝင်လာတဲ့ ကားမှန်သမျှကို မုန့်လက်ဆောင်းအေးအေးလေးတွေနဲ့ ရပ်တားပြီး ကျွေးပစ်ဦးမယ်လို့ စေတနာရှေ့ထားကာ ကြုံးဝါးနေပြန်ပါတယ်။ 

နတ်ရဲလှကတော့ အလျှော့မပေးပါဘူး။ သင်္ကြန်မှာ “နှစ်မျိုးနှစ်စား” ရှိသေးတယ်ဆိုပြီး ဗဟုသုတတွေ ဆက်ဖြန့်ဖို့ ကြိုးစားနေတုန်း၊ ဘေးက ကာလသားတစ်ဦးက “မင်း ‘သင်္ကရန္တိ’ လုပ်နေတုန်း ဟိုဘက်ရွာက ကောင်မလေးတွေက မင်းကို ရေပူပေါင်းနဲ့ လှမ်းထုတော့မယ်၊ မင်းပဲ ရေမြောင်းထဲ ‘Going’ ဖြစ်သွားဦးမယ်” လို့ နောက်လိုက်မှပဲ နတ်ရဲလှတစ်ယောက် စာအုပ်ပိတ်ပြီး ထပြေးပါတော့တယ်။ 

နောက်ဆုံးမှာတော့ ဘကြီးကျော်က… “ဘာပဲဖြစ်ဖြစ်… ငါတို့ ရိုးရာရဲ့ အနှစ်သာရကို သိထားတော့လည်း ကောင်းတာပေါ့” ဆိုပြီး ကျေနပ်အားရစွာနဲ့ပဲ ညောင်ပင်အောက်က စကားဝိုင်းလေးဟာ ပိတောက်နံ့သင်းသင်းလေးနဲ့အတူ သင်္ကြန်အကြို ပျော်ရွှင်စရာ မြင်ကွင်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ 

ထိုအခိုက် ကျောင်းဆရာကြီး ဦးဘက… “ဟေ့… ဟေ့… ဟိုကောင်တွေ!” ဆိုပြီး အသံဩဇာနဲ့ စတင်သတိပေးလိုက်ပါတယ်။ မနှစ်က ငလျင်ဒဏ်ကြောင့် မဏ္ဍပ်တိုင်တောင် မထောင်လိုက်ရဘဲ အလကားဖြစ်သွားတဲ့ သင်္ကြန်အိုးလေးတွေကို နှမြောတသဖြစ်ရင်း၊ ဒီနှစ်တော့ မဏ္ဍပ်တိုင်ကို ကျကျနနစိုက်ဖို့ သူက တိုက်တွန်းလိုက်ပါတယ်။ လူကြီးမိဘတွေကို ခေါင်းလျှော်ပေးဖို့နဲ့ ရိုးရာယဉ်ကျေးမှုကို မမေ့ကြဖို့ သွန်သင်ပေးလိုက်ပါတယ်။ ကျော်ကျော်ကလည်း အဘတို့ခေါင်းကို အရင်လျှော်ပေးပြီးမှ လမ်းသွားလမ်းလာတွေကို ရေခဲရေတွေနဲ့ “ဝုန်း” တော့မယ့်အကြောင်း၊ မဏ္ဍပ်ရှေ့ရောက်ရင် ဘယ်သူမှ မလွတ်စေရဘူးလို့ နောက်ပြောင်ရင်းနဲ့ပဲ ညောင်ပင်အောက်က စကားဝိုင်းလေးဟာ ပိတောက်ဖူးလေးတွေရဲ့ အလှနဲ့အတူ အားရပါးရ ဖြစ်ခဲ့ရပါတယ်။ ဒီစကားဝိုင်းလေးဟာ ရိုးရိုးလေးနဲ့ ယဉ်ကျေးလှတဲ့ မြန်မာ့ကျေးလက်ဓလေ့ကို ပေါ်လွင်စေပါတယ်။ 

ဘေးနားက လူပျိုသိုးကြီး ဖိုးထောင်ကလည်း မနေနိုင်ပါဘူး။ မနှစ်က သင်္ကြန်ပွဲပျက်လို့ သေတ္တာထဲ ပြန်ထည့်ပြီး ငိုခဲ့ရတဲ့ အင်္ကျီအသစ်စက်စက်ကြီးကို ဒီနှစ်တော့ ထုတ်ဝတ်ပြီး ရွာထိပ်မဏ္ဍပ်မှာ “အမုန်းကျဲ” ပြဦးမယ့်အကြောင်းကို ဖွင့်ဟလာပြီး ဒီနှစ်မှာတော့ သူ့ကို ကောင်မလေးတွေ စွဲသွားရမယ်ဆိုပြီး ကြုံးဝါးနေပါတယ်။ ဒါကိုကြားတော့ ဈေးသည် ဒေါ်မြက “အမုန်းကျဲတာတော့ ကျဲပေါ့ အဖိုးတန်ရဲ့” ဆိုပြီး ခပ်ရွဲ့ရွဲ့လေး ဝင်ပြောပါတယ်။ မနှစ်က ဝမ်းနည်းစရာတွေကို သင်ခန်းစာယူပြီး ရေပက်ရင် သတိနဲ့ပက်ဖို့၊ ရိုးရာကို မဖျက်ဘဲ ရေခဲတုံးတွေ၊ ရေပိုက်ကြီးတွေနဲ့ မပက်ကြဖို့ကိုလည်း အဒေါ်ကြီးပီပီ သွန်သင်ဆုံးမနေပါသေးတယ်။ 

တစ်ဖက်မှာလည်း အပျိုချောလေး မေလေးကတော့ စိတ်ကူးယဉ်လို့ ကောင်းနေတုန်းပါ။ မနှစ်က ရပ်ကွက်ထဲမှာ ကလေးတွေ ရေဆော့တာကိုပဲ ထိုင်ကြည့်ခဲ့ရပေမဲ့၊ ဒီနှစ်မှာတော့ မြို့ပေါ်က မဏ္ဍပ်ကြီးဆီသွားပြီး “မနုစာရီ” သီချင်းလေးနဲ့ အားရပါးရ ကပြဖို့ ပြင်ဆင်နေတာပါ။ ဒါကို နားထောင်နေတဲ့ ကိုလူအေးကတော့ သူ့နာမည်အတိုင်းပဲ ခပ်အေးအေးနဲ့ ဖိုးထောင်ကို သတိပေးရှာပါတယ်။ ကားပေါ်မှာ ကခုန်ရင်း ခြေချော်လက်ချော်ဖြစ်ပြီး ရေမြောင်းထဲ ကျမသွားဖို့နဲ့၊ ရေဒဏ်ကြောင့် လွင့်ထွက်သွားတတ်တဲ့ ဖိုးထောင်ရဲ့ မျက်မှန်ကို ကြိုးနဲ့သေချာချည်ထားဖို့ “လက်တွေ့ဆန်ဆန်” အကြံပေးလိုက်ပါတယ်။ 

“အခုလက်ရှိ အရှေ့အလယ်ပိုင်းမှာ အီရန်နဲ့ဖြစ်နေတဲ့ စစ်ရိပ်စစ်ငွေ့တွေကြောင့် လောင်စာဆီဈေးနှုန်းတွေကလည်း “ကောင်းကင်ဘုံ” ကို တက်လှမ်းနေကြပြီပေါ့ဗျာ။ အီရန်ကသာ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်မယ်ဆိုရင် ကမ္ဘာ့ရေနံတင်ပို့မှု ၂၀ ရာခိုင်နှုန်းလောက်က “ဂိမ်း” သွားမှာမို့ အစိုးရတွေရော၊ ပြည်သူတွေပါ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေရတာပါ“… လို့ ကိုလူအေးက သတိပေးလိုက်ပါသေးတယ်။ 

“ဒီတော့ လာမယ့် လမ်းလျှောက်သင်္ကြန်မှာ ပြည်သူတွေ “လှည်းနေလှေအောင်း မြင်းဇောင်းမကျန်” ပျော်ပျော်ပါးပါး ဆင်နွှဲဖို့ ပြင်ဆင်နေကြပေမဲ့၊ ဆီဈေးနှုန်းကြောင့် နည်းနည်းတော့ “တွန့်” သွားနိုင်ပါတယ်။ မြို့ကြီးတွေကနေ ကျေးရွာအထိ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွေ အပြိုင်အဆိုင် ဆောက်ကြမှာဆိုတော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ပတ်မယ့်အစား “တကယ်ပဲ လမ်းလျှောက်ပြီး” ကကြရမယ့် ပုံစံမျိုး ဖြစ်လာနိုင်တယ်ဗျ… “ အီရန်စစ်ပွဲကြောင့် မီးကလည်း ခဏခဏပျက်၊ ဆီဈေးကလည်း အဆမတန်တက်နေတော့ သင်္ကြန်မှာ ရေပက်ဖို့ “ရေမော်တာ” နှိုးရမှာတောင် လက်တွန့်နေရတဲ့ အခြေအနေပေါ့။ ဒါပေမဲ့ မြန်မာပီပီ ဘယ်လိုအခက်အခဲပဲရှိရှိ ရပ်ကွက်ထဲမှာ မဏ္ဍပ်လေးထိုး၊ ရေလေးပက်ပြီးတော့ “ပျော်အောင်တော့ ရှာကြံပျော်ကြဦးမှာပါ” လို့ တွေးမိပါတယ်။ 

“ငါတို့ကတော့ အေးအေးလူလူ နွားလှည်းနဲ့ပဲ ရေပက်ခံထွက်မယ်ကွ” လို့ ကိုလူအေးက ပြောရင်း သူနဲ့လိုက်ပါချင်သူတွေ လက်ညှိုးထောင်ကြလို့ပြောလိုက်တဲ့အခါ ကာလသားအများစုက နွားလှည်းနဲ့ ရေပက်ခံထွက်ကြဖို့ သဘောထား ထုတ်ဖော်ကြပါတယ်။ “လူတွေ ပျော်ရွှင်ချင်ကြသလို နွားကြီးတွေလည်း တစ်နှစ်တစ်ခါတော့ ပျော်ရွှင်ချင်ကြရှာမှာပေါ့”… လို့ သူက ပြောတဲ့အခါ အားလုံးက အပြုံးကိုယ်စီနဲ့ ထောက်ခံကြလေရဲ့။ မနှစ်က ငလျင်ဒဏ်ကြောင့် ဝမ်းနည်းခဲ့ရတဲ့ အတိတ်တွေကို ဒီနှစ်မှာတော့ “မုန့်လုံးရေပေါ်” ချိုချိုလေးတွေ၊ “စတုဒိသာ” အလှူအတန်းတွေနဲ့ အစားထိုးပြီး အားသစ်လောင်းဖို့ ပြင်ဆင်နေကြတာပါ။ ပိတောက်ဖူးလေးတွေ ဝေဝေဆာဆာနဲ့ ပွင့်ဖို့ တာစူနေသလိုပဲ၊ ရွာသားတွေရဲ့ ရင်ထဲမှာလည်း နှစ်သစ်ကူး အပျော်တွေက အပြည့်အနှက် ရှိနေကြပြီလေ။ 

နောက်ဆုံးမှာတော့ “ရေစိုရင် လှတယ်” ဆိုတဲ့ စကားအတိုင်း ရွာသားအားလုံးဟာ ဒီနှစ်သင်္ကြန်မှာ အလှချင်းပြိုင်၊ အပျော်ချင်းပြိုင်ကြဖို့ သဘောတူညီမှုနဲ့အတူ ညောင်ပင်အောက်က စကားဝိုင်းလေးဟာ လပြည့်ဝန်းလေး စပြူထွက်လာချိန်မှာ ပျော်ရွှင်စွာ ပြီးဆုံးသွားပါတော့တယ်။ ၂၀၂၆ ခုနှစ်ရဲ့ သင်္ကြန်ပွဲတော်ကြီးကို ရွာဦးညောင်ပင်အောက်ကနေ သိုက်သိုက်ဝန်းဝန်းနဲ့ ကြိုဆိုလိုက်ကြပါတော့တယ်ခင်ဗျာ။ 

Graphic by author

တိုတိုထွာထွာ မှတ်စရာ (၁၁) 

ဖင်လန် – ကမ္ဘာ့အပျော်ဆုံးနိုင်ငံ (ဒါမှမဟုတ်) ကမ္ဘာ့အအေးဆုံး အကျဉ်းထောင်လား? 

ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာ (World Happiness Report) က ၂၀၂၆ အတွက် ထပ်ထုတ်ပြန်လိုက်ပြန်ပြီ။ အံ့ဩစရာမရှိစွာပဲ ဖင်လန်နိုင်ငံက ကိုးနှစ်ဆက်တိုက် “နံပါတ် (၁)” နေရာကို ဆွဲယူသွားပါတယ်။ အောက်က အချက်တွေကို ကြည့်ရင် သူတို့ ဘာလို့ ပျော်နေလဲ သိရပါလိမ့်မယ် – 

ဖင်လန်လူမျိုးတွေကို လမ်းမှာတွေ့ရင် “ကမ္ဘာ့အပျော်ဆုံးလူသားတွေ” လို့ သင်ဘယ်တော့မှ ထင်မှာမဟုတ်ဘူး။ သူတို့က မပြုံးကြဘူး၊ စကားသိပ်မပြောကြဘူး၊ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် (၅) ပေလောက် ခွာရပ်ကြတယ်။ သူတို့ဆီမှာ “ပျော်တယ်” ဆိုတာက အားရပါးရ ရယ်မောနေတာမဟုတ်ဘဲ “ဘယ်သူမှ ငါ့ကိုလာမရှုပ်လို့ ကျေးဇူးတင်တယ်” ဆိုတဲ့ အဓိပ္ပာယ်ပါ။ 

အပူချိန်က အနုတ် ၃၀ ကျော်နေတော့ အပြင်ထွက်ရင် နှာခေါင်းထဲက အမွှေးတွေတောင် ခဲသွားနိုင်တယ်။ အဲဒီတော့ အိမ်ထဲမှာပဲ ကော်ဖီသောက်၊ ဆော်နာ (Sauna) ထဲဝင်ပြီး အပူပေးနေရင်း “အပြင်မှာ အေးအေးလေး သေမယ့်အစား ဒီထဲမှာ ပူပူလေး ပျော်နေတာက ပိုကောင်းပါတယ်” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရင်း ပျော်နေကြတာပါ။ 

ဖင်လန်မှာ ‘Kalsarikännit’ ဆိုတဲ့ စကားလုံးရှိတယ်။ အဓိပ္ပာယ်က “အပြင်ထွက်ဖို့ အစီအစဉ်မရှိဘဲ အိမ်မှာ အောက်ခံဘောင်းဘီတစ်ထည်တည်းနဲ့ အရက်သောက်ပြီး အနားယူတာ” တဲ့။ ဒီလိုမျိုး ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘဲ လွတ်လပ်နေတဲ့ဘဝကို ပိုင်ဆိုင်ထားမှတော့ ပျော်မှာပေါ့လေ။ 

ကိုးနှစ်ဆက်တိုက် နံပါတ် ၁ ရနေတော့ ဖင်လန်သားတွေအတွက် ဒါက ဂုဏ်ယူစရာထက် “တာဝန်” တစ်ခုလို ဖြစ်နေပြီ။ တကယ်လို့ တစ်ယောက်ယောက်က “ငါ ဒီနေ့ သိပ်မပျော်ဘူး” လို့ ပြောလိုက်ရင် ကျန်တဲ့သူတွေက “မင်းကြောင့် ငါတို့ Ranking ကျသွားလိမ့်မယ်… အခုချက်ချင်း ပျော်စမ်း!” လို့ ဝိုင်းပြောကြမလားပဲ။ 

သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ တခြားနိုင်ငံတွေကို ကြည့်လိုက်ပါ – ရုရှားကလည်း စစ်ဖြစ်နေတယ်၊ ကျန်တဲ့နိုင်ငံတွေကလည်း စီးပွားရေးတွေ ကျပ်တည်းနေတယ်။ ဖင်လန်သားတွေကတော့ ဆီးနှင်းတွေကြားမှာ ငါးမျှားလိုက်၊ ကော်ဖီသောက်လိုက်နဲ့ “အင်း… တခြားသူတွေ ဒုက္ခရောက်နေတာကြည့်ရတာ ငါတို့ဘဝက ပျော်စရာကြီးပါလား” လို့ တွေးမိနေပုံရပါတယ်။ 

ဖင်လန်နိုင်ငံမှာ ပျော်ချင်ရင်တော့ သင်ဟာ အေးစက်စက် ရာသီဥတုကို ချစ်မြတ်နိုးရမယ်၊ တစ်ယောက်တည်းနေရတာကို ဝါသနာပါရမယ်၊ ပြီးတော့ အောက်ခံဘောင်းဘီနဲ့ အရက်သောက်တာကို အနုပညာတစ်ခုလို သဘောထားနိုင်ရပါမယ်။ 

ကဲ… ဖင်လန်ပြီးရင် ဒုတိယနဲ့ တတိယနေရာမှာ ကပ်လိုက်နေတာ ဒိန်းမတ်နဲ့ အိုက်စလန်ပါ။ 

ဒိန်းမတ် – “စက်ဘီးစီးရင်း ပျော်နေတဲ့ နိုင်ငံ” 

ဖင်လန်က နံပါတ် ၁ ဆိုတော့ ဒိန်းမတ်က “ငါတို့လည်း ပျော်ပါတယ်ဟ” ဆိုပြီး ဒုတိယနေရာမှာ အမြဲရှိနေတာ။ သူတို့ဆီမှာ “ဟူဂါ” ဆိုတဲ့ ယဉ်ကျေးမှုရှိတယ်။ အဓိပ္ပာယ်ကတော့ “အေးအေးဆေးဆေးနဲ့ သက်သောင့်သက်သာရှိမှု” ပေါ့။ ဖယောင်းတိုင်လေးထွန်း၊ ခြေအိတ်အထူကြီးစွပ်၊ ကော်ဖီလေးသောက်ရင်း “ငါတို့ဘဝက သိပ်သာယာတာပဲ” လို့ တွေးပြီး ပျော်နေကြတာ။ (ငါတို့ဆီမှာတော့ မီးပျက်လို့ ဖယောင်းတိုင်ထွန်းရင် အဲဒီလို စိတ်ကူးယဉ်ဖို့ မလွယ်ဘူးလေ… ဟီး။) ဒိန်းမတ်သားတွေက ကားထက် စက်ဘီးကို ပိုချစ်ကြတယ်။ မိုရွာရွာ၊ နှင်းကျကျ စက်ဘီးစီးပြီး အလုပ်သွားကြတာ။ လေ့ကျင့်ခန်းလည်းဖြစ်၊ ပိုက်ဆံလည်းကုန်သက်သာတော့ “ငါတို့မှာ ပိုက်ဆံတွေ အများကြီးပိုနေတယ်” ဆိုပြီး ပျော်နေကြတာနေမှာ။ သူတို့က အစိုးရကို အခွန်အများကြီး ဆောင်ရတာကို ဂုဏ်ယူနေကြတာဗျ။ ဘာလို့လဲဆိုတော့ ဆေးရုံတက်ရင် အလကား၊ ကျောင်းတက်ရင် အလကားဆိုတော့ “နေမကောင်းဖြစ်လည်း အေးဆေးပဲ” ဆိုတဲ့ စိတ်နဲ့ ပျော်နေကြတာ။ 

အိုက်စလန် – “ကျွန်းကလေးပေါ်မှာ အေးဆေးနေသူများ” 

ဒီနိုင်ငံကတော့ လူဦးရေက နည်းနည်းလေးရယ်။ တစ်နိုင်ငံလုံးမှ လူ ၄ သိန်းတောင် မပြည့်ချင်ဘူး။ လူနည်းတော့ လမ်းမှာတွေ့ရင် “ဟေ့… မင်းက ငါ့ဝမ်းကွဲရဲ့ သူငယ်ချင်းမလား” ဆိုပြီး အကုန်လုံးက ဆွေမျိုးတွေလို ဖြစ်နေတာ။ တစ်ယောက်ယောက် ဒုက္ခရောက်ရင် ဝိုင်းကူကြတော့ “ငါ့မှာ အဖော်ရှိတယ်” ဆိုတဲ့ စိတ်နဲ့ ပျော်နေကြတာပေါ့။ အိုက်စလန်သားတွေက စာဖတ်ရတာ အရမ်းဝါသနာပါတယ်။ ခရစ္စမတ်ညဆိုရင် တစ်ယောက်ကိုတစ်ယောက် စာအုပ်လက်ဆောင်ပေးပြီး တစ်ညလုံး စာဖတ်ကြတာ။ ဖုန်းပွတ်မယ့်အစား စာဖတ်နေကြတော့ စိတ်ညစ်စရာသတင်းတွေလည်း မတွေ့ရတော့ဘဲ ပျော်နေကြတာလားမသိဘူး။ မီးတောင်တွေလည်း ရှိတယ်၊ အေးလည်း အေးတယ်။ ဒါပေမဲ့ သူတို့က “သဘာဝတရားက ငါတို့ကို ဘယ်အချိန် သတ်မလဲမသိဘူး… အဲဒီတော့ ရှိတုန်းလေး ပျော်ပျော်နေရအောင်” ဆိုတဲ့ စိတ်နဲ့ အဆင့် ၃ ကို ရောက်နေတာပါ။ 

ဒီနိုင်ငံတွေက လူတွေက “နည်းလေ ပျော်လေ” ဆိုတဲ့ ပုံစံမျိုးတွေပါ။ လူနည်းတယ်၊ စိတ်ပုပ်တဲ့သူ နည်းတယ်၊ ပြီးတော့ အစိုးရကလည်း ကောင်းတော့ သူတို့မှာ ပူစရာမရှိဘဲ ပျော်နေကြတာပေါ့။ 

စင်ကာပူ – “စည်းကမ်းရှိမှ ပျော်ရတာပါဆိုတဲ့ လူချမ်းသာလေး” 

အရှေ့တောင်အာရှမှာ အဆင့် ၂၉ နဲ့ ထိပ်ဆုံးက ပြေးနေတာ။ သူတို့ ဘာလို့ ပျော်နေလဲဆိုတော့… စင်ကာပူသားတွေက “Happiness is Money” လို့ မပြောပေမဲ့ သူတို့ဆီမှာ အလုပ်အကိုင်တွေက ပေါမှပေါ။ လစာကလည်း ကောင်းတော့ Weekend ဆိုရင် “ဒီအပတ် ဘယ်နိုင်ငံကို ခဏသွားလည်ရမလဲ” ဆိုပြီး Shopping ထွက်ရင်း ပျော်နေကြတာ။ (ငါတို့ဆီမှာတော့ Weekend ဆိုရင် “ဒီနေ့ မီးဘယ်အချိန် လာမလဲ” ဆိုပြီး ထိုင်စောင့်ရင်း ပျော်ရတာပေါ့… ဟီး။) စင်ကာပူမှာက ဘယ်အချိန်ပဲဖြစ်ဖြစ် Grab မှာ မှာစားလို့ရတယ်။ အစားအသောက်ကလည်း ကမ္ဘာစုံနေတော့ “ဘာစားရမလဲ” ဆိုတာကပဲ သူတို့အတွက် အကြီးမားဆုံး စိတ်ညစ်စရာ။ ကျန်တာ အကုန်အဆင်ပြေနေတော့ ပျော်တာပေါ့။ လမ်းမှာ အမှိုက်ပစ်ရင် ဒဏ်ရိုက်တယ်၊ ပီကယ်ဝါးရင် ဒဏ်ရိုက်တယ်။ အကုန်လုံးက စည်းကမ်းတကျဖြစ်နေတော့ “ငါတို့နိုင်ငံက သန့်ရှင်းလိုက်တာ” ဆိုပြီး ဂုဏ်ယူရင်း ပျော်နေကြတာ။ စည်းကမ်းရှိလွန်းလို့ ရန်ဖြစ်မယ့်သူတောင် ရှာမရဘူး။ သူတို့ဆီမှာ လေဆိပ်က ပန်းခြံလိုလို၊ ရေတံခွန်လိုလိုနဲ့ အရမ်းလှတော့ လေယာဉ်မစီးဘဲ လေဆိပ်ထဲ သွားထိုင်နေရင်တောင် ပျော်စရာကြီးဗျ။ အဲဒါကြောင့် စင်ကာပူသားတွေက “ငါတို့က ကမ္ဘာ့အဆင့်မီတယ်ဟေ့” ဆိုပြီး ရင်ဘတ်ကော့ပြီး ပျော်နေကြတာ။ 

စင်ကာပူမှာ ပျော်ချင်ရင်တော့ စည်းကမ်းရှိရမယ်၊ အလုပ်ကြိုးစားရမယ်၊ ပြီးတော့ ဈေးဝယ်ထွက်ရတာ ဝါသနာပါရမယ်။ ပိုက်ဆံအိတ်လေး ဖောင်းနေရင်ကို သူတို့အတွက်က “ကမ္ဘာ့အပျော်ဆုံး” ပဲလေ။ 

“ကိုယ့်ဘာသာကိုယ် ပျော်ပျော်ကြီး နေထိုင်နည်း” 

ကဲ… Ranking တွေ၊ အဆင့်သတ်မှတ်ချက်တွေကို ခေါင်းထဲထည့်မနေဘဲ “ကိုယ့်ဘာသာကိုယ် ပျော်ပျော်ကြီး နေထိုင်နည်း” (လက်တွေ့ “မြန်မာဆန်ဆန်” ပျော်နည်းတွေ) ပြောကြည့်ပါမယ်။ 

၁။ လူတွေက ကိုယ့်အိမ်က ထမင်းဝိုင်းထက် Facebook ပေါ်က သူများအိမ်က Steak ဝိုင်းကို ကြည့်ပြီး စိတ်ညစ်နေကြတာ။ Ranking ဆိုတာ သူများသတ်မှတ်တာလေ။ ကိုယ့်အတွက်ကတော့ “မနက်ဖြန် မနက်စာ ဘာစားရမလဲ” ဆိုတာကမှ တကယ့် Ranking အစစ်! … ကိုယ့်အိမ်မှာ ငါးပိရည်နဲ့ တို့စရာရှိရင် “နတ်ပြည်” ရောက်နေတာပဲ။ 

၂။ ဖင်လန်က လူတွေ Ranking ၁ ရနေတာ… သူတို့ အိပ်ရေးမဝရင်လည်း မျက်နှာသေနဲ့ပဲ။ ကိုယ်က Ranking ၁၀၀ ကျော်လည်း ဂရုမစိုက်နဲ့။ နေ့လယ်ဘက် တစ်ရေးလောက် အဝအိပ်လိုက်ရင်ကို စိတ်ထဲမှာ “ငါက ကမ္ဘာ့အချမ်းသာဆုံးလူသား” လို့ ခံစားရမှာ။ အိပ်မက်ထဲမှာဆို Ranking တွေက ကိုယ့်ခြေဖဝါးအောက်မှာပါ။ 

၃။ Ranking တွေ မြင်နေရတာ ဖုန်းထဲကနေလေ။ ဖုန်းကို ခဏလေးဘေးချ၊ အပြင်က သစ်ပင်လေးကြည့်၊ လမ်းဘေးက ခွေးလေးနဲ့ စကားပြော (ဟုတ်တယ်… တကယ်ပြောကြည့်ပါ)၊ အဲဒါဆိုရင် “ငါ့ဘဝက အေးချမ်းလိုက်တာ” ဆိုတာ သိလာလိမ့်မယ်။ Social Media က Likes တွေထက် ကိုယ့်အမေ ချက်ကျွေးတဲ့ ဟင်းတစ်ခွက်က ပိုပြီး ပျော်ဖို့ကောင်းပါတယ်။ 

၄။ သူများတွေ ဘယ်သွားသွား၊ ဘာလုပ်လုပ်… သူများတွေ Ranking လုနေချိန်မှာ ကိုယ်ကတော့ “ဘေးကနေ ထိုင်ကြည့်ပြီး ရယ်နေတဲ့လူ” အဆင့် (The Observer) နဲ့ နေလိုက်တာက ပိုပြီး အဆင့်မြင့်ပါတယ်။ 

၅။ ကမ္ဘာကြီးက ပျက်တော့မလို ဖြစ်နေလည်း မြန်မာ Meme လေးတွေ ကြည့်ပြီး ရယ်လိုက်ပါ။ Ranking တွေက စာရွက်ပေါ်မှာပဲ ရှိတာ။ ကိုယ့်နှလုံးသားထဲမှာ “ရယ်သံ” ရှိနေသရွေ့ သင်က အမြဲတမ်း နံပါတ် (၁) ပါပဲ။ 

သူများသတ်မှတ်တဲ့ အဆင့် (Rank) ကို လိုက်မကြည့်ဘဲ ကိုယ့်ရဲ့ “ဒီနေ့ ဘယ်လောက် ရယ်ရလဲ” ဆိုတဲ့ အဆင့်ကိုပဲ ကြည့်ပါ။ အဲဒါဆိုရင် ဖင်လန်ကိုတောင် ကျော်တက်သွားနိုင်တယ်နော်!

Graphic by author

Ref: Finland ranks as the world’s happiest country for the ninth straight year. By CNBC 

တိုတိုထွာထွာ မှတ်စရာ (၁၂) 

“ဆီအိုးကြီး” ဘဝကနေ “နှင်းဆီခိုင်” ဖြစ်ဖို့ မျက်စိမှိတ်ပြနေတဲ့ အိန္ဒိယ နတ်ဆေး 

အမလေး… ကျုပ်ဖြင့် ဒီသတင်းကြားရတာ ထီပေါက်သလိုပဲအေ့။ အသက် ၄၀ ကျော်လို့ “ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်” ဖြစ်ရမယ့်အစား “ရွာတိုင်းကြိုက်တဲ့ ဆီအိုးကြီး” ဖြစ်နေရတဲ့ ကျွန်မ ဒေါ်ပုရဲ့ ဘဝမှာ အလင်းရောင်လေး မြင်လိုက်ရသလိုပဲ။ ကဲ… နားထောင်ကြဦး။ ကျုပ်ပြောပြမယ်။ ရွာထဲက ကောင်လေးတွေကလည်း အရိုးပေါ် အရေတင် စတိုင်တွေနဲ့၊ ကျုပ်ကလည်း သူတို့ကို မြင်ရင် ရင်တွေခုန်၊ “မင်းနဲ့ငါနဲ့ဆို မိုးနဲ့မြေပဲ” ဆိုတဲ့ စကားကို “မင်းနဲ့ငါနဲ့ဆို ဆင်နဲ့ခြင်္သေ့ပဲ” လို့ ပြောင်းပြောချင်လောက်အောင်ကို ကျုပ်က ဝနေတာ။ အပျိုကြီးဆိုတာလည်း ဂုဏ်ပုဒ်မဟုတ်ပါဘူးအေ့၊ ချစ်သူမရှိလို့သာ နေနေရတာ။ အခု အိန္ဒိယက ကျုပ်လိုလူတွေအတွက် “နတ်ဆေး” ထုတ်ပေးတော့မယ်တဲ့။ သတင်းကတော့ ဒီလို… 

ဒေါ်ပုရဲ့ အချစ်အိပ်မက်နဲ့ အိန္ဒိယက နတ်ဆေး 

ဈေးနှုန်းက “ဟင်းသီးဟင်းရွက်” ဈေးပဲ ရှိတော့မယ်။ အရင်ကတော့ Wegovy တို့ Ozempic တို့ဆိုတာ ချမ်းသာတဲ့သူတွေမှ ဝယ်နိုင်တာ။ အခု အိန္ဒိယက Generic (မျိုးတူဆေး) တွေ ထုတ်တော့မယ်ဆိုတော့ ကျုပ်လို ရွာကလူတွေတောင် ဝယ်စားနိုင်တော့မယ်။ ဈေးက ၅၀% ကနေ ၇၀% ထိ သက်သာသွားမှာဆိုတော့ ကျုပ် စုထားတဲ့ ကြက်ဥရောင်းရငွေလေးနဲ့တင် လောက်ပြီပေါ့။ ဆေးမူပိုင်ခွင့်က ၂၀၂၆ မတ်လ ၂၀ မှာ ကုန်မှာတဲ့။ ၂၁ ရက်နေ့ကျရင် ဆေးဆိုင်ကို အပြေးသွားရုံပဲ။ အဲဒီအချိန်ကျရင် ကျုပ်က ပိန်ပိန်ပါးပါးနဲ့ ရွာထဲက ချောချောလှလှ ကောင်လေးတွေကို ပြန်ငေးပြဦးမှာ။ “အမေကြီး” လို့ ခေါ်တဲ့ကောင်တွေကို “အစ်ကို” လို့ ခေါ်ခိုင်းပစ်မယ်။ 

ဘေးထွက်ဆိုးကျိုးကတော့ နည်းနည်းရှိတာပေါ့။ ဒီဆေးသောက်ရင် ဗိုက်အောင့်တာ၊ ပျို့အန်တာ၊ ဝမ်းချုပ်တာတွေ ဖြစ်တတ်တယ်တဲ့။ ကျုပ်ကတော့ ပြောလိုက်ချင်ပါတယ်… “ချောဖို့ဆိုရင် အန်ရတာလောက်ကတော့ အပျော်ပဲ” လို့။ ဒါပေမဲ့ ကြွက်သားတွေ လျော့မသွားအောင်တော့ လေ့ကျင့်ခန်းလေး လုပ်ရဦးမယ်တဲ့။ ဝက်ခြံနား ထင်းခွေတာကိုပဲ လေ့ကျင့်ခန်းလို့ သဘောထားရမလားမသိဘူး။ ဆရာဝန်နဲ့တော့ တိုင်ပင်ဦးမှ… ဒါက အရေးကြီးတယ်အေ့။ အွန်လိုင်းက လျှောက်ဝယ်လို့မရဘူး၊ အတုတွေ ပါတတ်တယ်တဲ့။ ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်ရမှာ။ မဟုတ်ရင် ပိန်ချင်တာနဲ့ ဗိုက်နာတာနဲ့တင် တစ်လွဲတွေ ဖြစ်ကုန်ဦးမယ်။ 

“အိုဇင်းပစ် မျက်နှာ” (Ozempic Face) 

အမလေး… အေ့… ဒါကတော့ အပျိုကြီးတို့အတွက် အရေးအကြီးဆုံးပဲ။ ကိုယ်လုံးလေး ပိန်သွားလို့ တော်ပါပြီဆိုမှ မျက်နှာကြီးက အရေတွန့်ပြီး အဘွားကြီးရုပ် ပေါက်သွားရင် “မောင်ချော” က ကျုပ်ကို ခါးခါးသီးသီး ငြင်းလွှတ်နေဦးမယ်။ ဒီမှာ နားထောင်ကြဦး… ဒီဆေးတွေကြောင့် ဖြစ်တတ်တဲ့ “အိုဇင်းပစ် မျက်နှာ” (Ozempic Face) ဆိုတာ ဘာလဲဆိုတော့… ကျုပ်တို့က ဝနေတော့ ပါးဖောင်းဖောင်းလေးတွေနဲ့ ကြည့်ကောင်းနေတာပေါ့အေ့။ ဒါပေမဲ့ ဒီဆေးသောက်ပြီး ကိုယ်အလေးချိန်က “ဝုန်းခနဲ” ကျသွားတဲ့အခါ မျက်နှာက အဆီတွေက အရင်ဆုံး ပျောက်သွားတာ။ အဲဒီအခါကျတော့ ပါးတွေ ချောင်ကျသွားပြီး မျက်တွင်းတွေ ဟောက်ပက် ဖြစ်ကုန်ရော။ ကိုယ်အလေးချိန်က မြန်မြန်ကျတော့ အရေပြားက ကျုံ့ဖို့ အချိန်မရတော့ဘူး။ အဲဒီတော့ မျက်နှာမှာ အရေပြားတွေက တွဲလောင်းကျပြီး အသက် ၄၀ ကနေ ၆၀ လောက် ရုပ်ပေါက်သွားတာပေါ့။ အမလေး… ကျုပ်ဖြင့် တွေးကြည့်ရုံနဲ့တင် ကြောက်လိုက်တာ။ 

ဒါကို ကျွမ်းကျင်တဲ့သူတွေက အကြံပေးထားတယ်- 

၁။ ဆေးကို အလောတကြီး အများကြီး မသုံးဘဲ ကိုယ်အလေးချိန်ကို တဖြည်းဖြည်းချင်း ကျအောင် လုပ်ရမယ်။ 

၂။ ရေများများသောက်၊ အသားဓာတ် (Protein) စား … ကြွက်သားတွေ မလျော့အောင်နဲ့ အရေပြား တင်းရင်းအောင် ကြက်ဥတို့၊ ပဲတို့ များများစားပေးရမယ်တဲ့။ 

၃။ အစိုဓာတ်ထိန်းခရင်မ် (Moisturizer) လေးတွေ လိမ်းပေးရင်တော့ နည်းနည်း သက်သာတာပေါ့။ 

ဒေါ်ပုရဲ့ နောက်ဆုံး ဆုံးဖြတ်ချက် 

“ကဲ… အခုဆိုရင် ဒီနေ့က ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက် ဆိုတော့ အိန္ဒိယက ဆေးတွေ ဈေးကွက်ထဲ စဝင်နေပြီပေါ့။ ကျုပ်လည်း ရွာဦးက ဆေးခန်းကို သွားပြီး ဆရာဝန်နဲ့ သေချာတိုင်ပင်တော့မယ်။ မျက်နှာလေး နည်းနည်း တွန့်သွားလည်း နေပါစေတော့အေ့… ဗိုက်ခေါက်ကြီးနဲ့ လေးလံနေတာထက်စာရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ မော်ဒယ်လျှောက်လှမ်း လျှောက်နိုင်တာက ပိုကောင်းပါတယ်။” 

ကဲ… ကျုပ်တော့ မျှော်နေပြီ။ ကျုပ်က လှလှပပ၊ ပါးပါးလျလျနဲ့ အိမ်ထောင်ပြုဖို့ အဆင်သင့်ပဲ။ ရွာထဲက လူပျိုလေးတွေ… သတိသာထားကြပေတော့! 

Graphic by author

Click to rate this post!
[Total: 2 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *